Thursday, December 3, 2009

ပုံပြင်မဟုတ်တဲ့ သမိုင်း

ပုံပြင်မဟုတ်တဲ့ သမိုင်း
ပုံပြင်မဟုတ်သော အဖြစ်အပျက်သမိုင်းတွေက ကျွန်မတို့ အပေါ်ဘယ်လောက်
လွှမ်းမိုးနေတာလဲကို ကျွန်မကိုယ့်ဘာသာ အဖြေရှာနေမိပါတယ်။

ကျွန်မ ကျောင်းသူဘ၀က သမိုင်းတွေသင်ခဲ့ရစဉ်က ကမ္ဘာ့ သမိုင်းနဲ့ မြန်မာ့သမိုင်းတွေ သင်ယူခဲ့ရပါတယ်။သမိုင်းဆိုင်ရာဖြစ်ရပ်တွေက အရမ်းစိတ်ဝင်စားဖို့ ကောင်းပေမယ့် တခါတလေ မှတ်ရတဲ့ခုနှစ်တွေကြောင့် စိတ်ရှုပ်ပြီး အလွတ်ကျက်ခဲ့ရတဲ့ ကျွန်မတို့သင်ကြားစနစ် ပုံစံတွေကြောင့် သမိုင်းဆိုတာကို ဖတ်ရမှာ ကျွန်မငြီးငွေ့ မိတက်ပါတယ်။
အယူအဆမတူမှုများကြောင့် ဖြစ်ပေါ်လာရသော ဘာသာရေးစစ်ပွဲများ၊ နိုင်ငံရေးစစ်ပွဲများကြား အကြောင်းအရာပေါင်းများစွာကို သမိုင်းက သက်သေခံနေပါတယ်။ ပြဠာန်းထားတဲ့ သမိုင်းစာအုပ်တွေထဲမှာ မသင်ရတဲ့ မှတ်သားဖို့ ကောင်းတဲ့ သမိုင်းတစ်ပုဒ်ကို ကျွန်မဖတ်လိုက်ရပါတယ်။
မတူတဲ့နိုင်ငံနှစ်နိုင်ငံကြား၊ ဘာသာမတူတဲ့သူတွေကြားမှာ ရှိတဲ့ အတော်လေး အားကျနှစ်လိုဖွယ်သဘောဆောင်တဲ့ မိတ်ဆွေတွေရဲ့ သဘောထားကြီးမှုတွေက့  အတုယူအားကျဖွယ်ဖြစ်တာကြောင့် အောက်ပါအဖြစ်အပျက်လေးကို ရေးပြီး တင်ပေးလိုက်ပါတယ်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်လောက်က ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ သြရိသပြည်နယ်မှ ပြည်နယ်ဝန်ကြီးချုပ် ဘီဂျူးပတ်နိတ်သည် ကလင်ကာလေကြောင်းမှ လေယာဉ်တစ်စီးနှင့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာသို့ ဦးတည်ပျံသန်းလျှက်ရှိသည်။ မအားလပ်သော အလုပ်တာဝန်များကြးမှ ဤခရီးကို မဖြစ်မနေလာခဲ့ခြင်းဖြစ်သည်။
မလာလို့ မဖြစ်။ သူ၏မိတ်ဆွေကြီး စူကာနိုက သူ့ ကို တခုတ်တရဖိတ်ထားသည်။ ထိုစဉ်က အင်ဒိုနီးရှား သမ္မတကြီး စူကာနိုမှာ သမီးဦးမွေးကာစ ၊ ဖခင်ဘ၀အစ ဖြစ်သည်။
စံအိမ်ထဲသို့ သူဝင်လိုက်သည်နှင့် စူကာနိုက သူ့ ကို ဆီးကြို ပြီး၊ ရင်းရင်းနှီးနှီး အကူအညီတောင်းတော့သည်။
”ဟေ့လူ.......ကျုပ်သမီးကို နာမည်လှလှလေးရွေးပေးဗျ ”
ပုခတ်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ကလေးငယ်ကို သူကြည့်လိုက်သည်။ ခရီးလမ်းတွင်ကြုံခဲ့ရသော တိမ်ဆုပ်တိမ်ဆိုင်တွေကို ဖျတ်ခနဲ အမှတ်ရသည်။ ဟုတ်ပြီ......”မမိုးတိမ်”ပေါ့။
မိုးတိမ် ဟု အဓိပ္ပာယ်ရသော သင်္သကရိုက်စကားလုံးကို ရွေးလိုက်သည်။
”မေဃ၀တီ.......ဘယ့်နှယ့်လဲ”
”ကောင်းတယ်ဗျို့ ၊ ကြိုက်တယ်”
သည်လိုနှင့် ကမ္ဘာတွင် မွတ်စလင်လူဦးရေ အများဆုံးနိုင်ငံမှ ခေါင်းဆောင်ကြီး၏ သမီးငယ်မှာ ဟိန္ဒူနာမည်ရသွားတော့သည်။ နောင်တွင် မေဃ၀တီ သည် အင်ဒိုနီးရှားသမ္မတကြီးဖြစ်လာသည်။
ဤဖြစ်ရပ်လေးအပေါ် အဗ္ဗဒူကလမ်က ဤသို့ မှတ်ချက်ချလိုက်သည်။

”ကြီးမြတ်သော ပုဂ္ဂိုလ်တို့ သည် ဘာသာရေးကို မိတ်ဆွေပြုရာ၌ အသုံးချ၏။
သေးသိမ်သောသူတို့ မူကား ဘာသာရေးကို ခိုက်ရန်ပွားစရာအဖြစ် ခံယူကြပေ၏ ”

ကျွန်မတို့ တတွေ ရော၊ ကိုယ့်သမိုင်း ကိုယ်ရေးကြမည်ဆိုလျှင် အယူအဆတွေမတူသည့်ကြား ကွဲလွဲချက်တွေအကြား ဘယ်ဟာယူမလဲဆိုလျှင်............???

ဆရာကျော်ဝင်းရဲ့ စာအုပ်များနှင့် နှစ်ပေါင်းများစွာ စာအုပ်မှ စာမျက်နှာ ၁၄၄ မှ ကူးယူဖော်ပြလိုက်ပါသည်။

0 comments:

Post a Comment