Sunday, December 20, 2009

ဆယ်စုနှစ်တစ်ခုကို နောက်ပြန်လှည့်ကြည့်ခြင်း

ဘာလိုလိုနဲ့ နှစ်တစ်နှစ်တောင် ကုန်တော့မှာပဲနော်။ ကျွန်တော်လည်း နှစ်သစ်ရောက်တော့မယ်ဆိုတော့ အရင်နှစ်တွေတုန်းကလိုပဲ နှစ်တစ်နှစ်လုံးစာက အဖြစ်အပျက်တွေကို review ပုံစံနဲ့ ပြန်ရေးဖို့ အချက်အလက်တွေစုနေတုန်း ဒီအပတ် (ဒီဇင်ဘာ ၇ ရက်) ထုတ်တိုင်းမ်မဂ္ဂဇင်းကို ဖတ်လိုက်ရတယ်ဗျ။ မျက်နှာဖုံးဆောင်းပါးရဲ့ ခေါင်းစဉ်က The decade from hell တဲ့။ ငရဲခန်းထဲက ဆယ်စုနှစ်ပေါ့ဗျာ။

ဒီခေါင်းစဉ်လေးတွေ့မှပဲ ၂၀၀၉ ခုနှစ်ဟာ နှစ်တစ်နှစ်ကုန်ဆုံးရုံတင်မကပဲ ၂၁ ရာစုရဲ့ ပထမဆယ်စုနှစ်တစ်ခု ကုန်ဆုံးတာပါလား ဆိုတာကိုလည်း သတိပြုမိတယ်။ ပြီးတော့ ဆောင်းပါးရှင်ရေးပြထားတဲ့ ဆယ်စုနှစ်တစ်ခုစာ အချက်အလက်တွေကို တွေ့လိုက်ရတော့မှ ကမ္ဘာကြီးပေါ်မှာ ဒီဆယ်စုနှစ်ဟာ အဆိုးရွားဆုံးအဖြစ်အပျက်တွေနဲ့လွှမ်းမိုးခဲ့တယ်ဆိုတာကို ပြန်ပြီးတွေးမိတယ်ဗျ။

လတ်တလောဖြစ်နေတဲ့ ကမ္ဘာ့စီးပွားပျက်ကပ်အပါအ၀င် သမိုင်းမှာရှိခဲ့ဘူးတဲ့ အဆိုးရွားဆုံးစံချိန်တွေကို ရိုက်ချိုးနိုင်လောက်တဲ့ လူလူချင်းလုပ်ကြံမှုတွေ၊ သဘာဝဘေးဒဏ်တွေ၊ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်ခဲ့တဲ့ရောဂါဆန်းတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဆယ်စုနှစ်တစ်ခုလည်း ဖြစ်ခဲ့တယ်လို့ ဆိုတယ်ဗျ။ ဒါကြောင့်လည်း ဒိဆောင်းပါးရဲ့ ဒုတိယခေါင်းစဉ်ကို ဆောင်းပါးရှင်က အဆိုးရွားဆုံးဆယ်စုနှစ်လို့ တပ်ခဲ့ဟန်တူပါတယ်။

ဆယ်စုနှစ်ရဲ့ပထမဆုံးနှစ်ဖြစ်တဲ့ ၂၀၀၀ ပြည့်နှစ်ကို ရောက်ပြီဆိုတာနဲ့ ပထမဆုံး ဇန်န၀ါရီလ (၁)ရက်နေ့မှာပဲ Y2K ဗိုင်းရပ်ပြဿနာနဲ့ စပြီးရင်ဆိုင်ရတော့တာပဲ မဟုတ်လား။ အဲဒီအချိန်တုန်းကတော့ ကွန်ပျုတာပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေအတွက်ကတော့ တစ်ကယ့်ကို ခေါင်းခဲစေခဲ့ ပြဿနာတစ်ခုပါပဲ။

အဲ ပြီးတော့ နောက်တစ်နှစ် ၂၀၀၁ ခုနှစ်ထဲရောက်တော့လည်း ကျွန်တော်တို့တွေ တစ်ခါမှ စိတ်ကူးတောင်ယဉ်မကြည့်ဘူးခဲ့တဲ့ 9/11 ဖြစ်ရပ်ဆိုးကြီးဖြစ်ခဲ့ပြန်တယ်။ အမေရိကန်တွေအတွက်ရော တစ်ကမ္ဘာလုံးအတွက်ပါ ဘယ်လိုမှမေ့ပျောက်မရနိုင်တဲ့ စစ်ဖြစ်ပွားခြင်းကြောင့်မဟုတ်ပဲ အဆိုးရွားဆုံးလူလူခြင်းသေစေမှုကြီးလည်း ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့်ပဲ အပြစ်မဲ့ပြည်သူ ၃၀၀၀ ကျော်သေဆုံးခဲ့ရတယ် မဟုတ်လား။

၂၀၀၂ ခုနှစ်ရောက်တော့ ဘာလီကျွန်းဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ရပြန်တယ်။

၂၀၀၃ ခုနှစ်မှာတော့ တရုတ်တိုင်ပေဟာ သူတို့နိုင်ငံမှာ လူလူချင်းကူးစက်လွယ်တဲ့ SARS ရောဂါဗိုင်းရပ်ပိုး တစ်မျိုးကိုတွေ့ရှိကြောင်း တရားဝင်ကြေငြာတယ်။ ပြီးတော့ အာရှတိုက်ရဲ့ ခရီးသွားလုပ်ငန်းတွေ အဆိုးရွားဆုံး ထိခိုက်ခဲ့ရပြန်တယ်။

၂၀၀၄ ခုနှစ် နှစ်ကုန်ခါနီးအချိန်ရောက်တော့ ကမ္ဘာကိုတုန်လှုပ်သွားစေမယ့် သဘာဝဘေးအန္တရာယ်ဆိုး တစ်ခုနဲ့ ရင်ဆိုင်ရပြန်တယ်။ အန္ဒိယသမုဒ္ဒရာ အတွင်းမှာ ဗဟိုပြုခဲ့တဲ့ ဆူနာမီငလျင်လှိုင်းတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို အာရှတိုက်နဲ့ အာဖရိကတိုက် နှစ်ခုမှာရှိတဲ့ နိုင်ငံပေါင်း တစ်ဒါဇင်လောက်က ပြည်သူတွေ ခံစားခဲ့ရပြန်တယ်။ ဒီဆူနာမီလှိုင်းရဲ့ ရိုက်ခတ်မှုကြောင့် လူဦးရေ နှစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ရပြန်ပါတယ်။

၂၀၀၅ ခုနှစ်အရောက်မှာတော့ မြောက်ကိုရီးယားနိုင်ငံက သူ့မှာဖျက်အားပြင်း နူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်တယ်။ ဒါနဲ့ မရှေးမနှောင်းမှာပဲ အင်ဒိုနီရှားနိုင်ငံက လူကိုပါကူးစက်နိုင်တဲ့ ကြက်တုပ်ကွေးရောဂါပိုး(H5 N1) တွေ့ရှိကြောင်း ကြေငြာတယ်။

၂၀၀၆ ရောက်တော့ စံချိန်တင်လောင်စာဆီဈေးမြင့်တက်မှုက ကမ္ဘာကိုချိမ်းခြောက်လာတယ်။ ပြီးတော့ Israel နဲ့ Hizballah တို့ကြား လက်ဘနွန်မှာ စစ်ပွဲဖြစ်ပွားတယ်။

၂၀၀၈ မှာတော့ မြန်မာနိုင်ငံသမိုင်းမှာတစ်ခါမှာ မကြုံဘူးခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း နာဂစ်တိုက်ခတ်မှုကို ခံရတယ်။ နာဂစ်မုန်တိုင်းအပြီး သိပ်မကြာခင်မှာပဲ တရုတ်နိုင်ငံ စီချွမ်ငလျင်ကလည်း ပြည်သူတွေရဲ့ အသက်အိုးအိမ်စီးစည်တွေကို ချွေခဲ့ပြန်တယ်။ ပြီးတော့ အန္ဒိယနိုင်ငံ မူဘိုင်းမြို့ လုပ်ကြံမှုကြီးကလည်း ပြည်သူ ၁၇၀ ကျော်ကို အသက်ဆုံးရှုံးစေခဲ့ပြန်တယ်။ နှစ်ကုန်ခါနီးရောက်တော့ နှစ်အစပိုင်းကတည်းက အစပြုလာတဲ့ အမေရိကန်နိုင်ငံရဲ့ စတော့ရှယ်ရာမာကက် လဲပြိုစပြူလာတယ်။

၂၀၀၉ အရောက်မှာတော့ ၂၀၀၈ ခုနှစ်နှောင်ပိုင်းမှာ အားကောင်းလာတဲ့ အမေရိကန်နိုင်ငံက အစပြုခဲ့တဲ့ စီးပွားရေးဆုတ်ယုတ်မှုဟာ စီးပွားပျက်ကပ်အသွင်ပြောင်းလည်းပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စီးပွားရေးလုပ်ငန်းတွေကို အမောက်ကမဖြစ်စေခဲ့တယ်။ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (WHO) က ကမ္ဘာလူတုပ်ကွေးရောဂါ (A H1N1) ကို တစ်ကမ္ဘာလုံးကို ကပ်ရောဂါအသွင်နဲ့ခြိမ်းခြောက်လာနိုင်တဲ့အတွက် အဆင့်သတ်မှတ်ချက်တွေနဲ့ ထုတ်ပြန်ကြေငြာတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုအဆိုးဆုံးဖြစ်ရပ်တွေနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုမကြာခင် ကုန်ဆုံးတော့မယ်။ ဒါကိုပဲ ဆောင်းပါးရှင်က ငရဲခန်းထဲက ဆယ်စုနှစ်ဆိုပြီးထောက်ပြခဲ့တာပါ။ ဘာပဲပြောပြောပါ အဆိုးဆုံးဆိုတဲ့ အရာတွေထဲကနေ အကောင်းဆုံးဆိုတဲ့ ပြန်လည်တည်ထောင်မှုတွေ၊ အားယူမှုတွေကပဲ လူသားတွေအတွက် ရှေ့ဆက်သွားရမယ့် အကောင်းဆုံးလမ်းတွေပဲမဟုတ်လား။

မကြာခင်နှစ်သစ်ကူးတော့မယ်။ နှစ်ဟောင်းမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဆိုးတွေဆီကနေ သမိုင်းသင်ခန်းစာယူရင်း ရှေ့လာမယ့်နှစ်သစ်မှာ အားသစ်တွေနဲ့ ကမ္ဘာကြီးမှာ အကောင်းဆုံးဆိုတဲ့ အရာတွေကိုလုပ်ပြနိုင်ဖို့ကသာ ကျွန်တော်တို့လူသားတွေရဲ့ တာဝန်မဟုတ်လား။ ပြီးတော့ ကမ္ဘာကြီးမှာ မလိုအပ်တဲ့ အငြိုးအတေးတွေနဲ့ စစ်ပွဲတွေ၊ လူလူချင်း သတ်ဖြတ်မှုတွေအပြင် သဘာဝဘေးဆိုးတွေ၊ ကပ်ရောဂါဆိုးတွေ ဘေးကနေ နည်းနိုင်သမျှနည်းနိုင်ပါစေကြောင်း ဆုတောင်းလိုက်ကြရအောင်။

မျိုးဇော်(၁၄.၁၂.၀၉)
မှတ်ချက်။ ။ ဒီဇင်ဘာလ(၇)ရက်ထုတ် တိုင်းမ်မဂ္ဂဇင်းပါ Andy Serwer ၏ The Decade from Hell ကို မှီငြမ်းပါသည်။

0 comments:

Post a Comment