Tuesday, January 12, 2010

သေဒဏ်ကျ နိုင်ငံ့ဝန်ထမ်း (၂) ဦးကို လွှတ်ပေးရန် သံဃာ့တပ်ပေါင်းစု တောင်းဆို

ဝီရ / ၁၂ ဇန်န၀ါရီ ၂၀၁၀ ခေတ်ပြိုင်
နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် ပြီးခဲ့သည့် ဇန်န၀ါရီ (၇) ရက်တွင် မြန်မာစစ်အစိုးရ၏ သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည့် အဆင့်မြင့် နိုင်ငံ့ဝန်ထမ်း(၂) ဦးကို နှစ်သစ်အခါသမယ၌ အမြန်ဆုံးပြန်လွှတ်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက ယနေ့ တောင်းဆိုလိုက်သည်။

“မြန်မာနိုင်ငံက အစိုးရခေါင်းဆောင်တွေဆိုတာလည်း ဗုဒ္ဓဘာသာ ခံယူထားသူတွေ ဖြစ်တဲ့အတွက် အခု သူတို့ကျူးလွန်တယ် ဆိုတာလည်း အတိအလင်းမသိဘဲ အခုလိုမျိုး ရက်ရက်စက်စက် သေဒဏ်အားဖြင့် မလုပ်သင့်ဘူး။ အခုလို သေဒဏ်ပေးလိုက် ခြင်းဟာ စစ်တပ်တခုလုံးကို စော်ကားရာလည်း ကျနေတယ်။ အကုန်လုံးကို ခြိမ်းခြောက်ရာလည်း ဖြစ်နေတယ်။ ဒါကြောင့် အဲဒီဒကာကြီး (၂) ယောက် အပါအဝင် မင်္ဂလာရှိတဲ့ အချိန်သမယမှာ နိုင်ငံရေးအကျဉ်းသား ရဟန်း၊ လူပုဂ္ဂိုလ် အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးခြင်းဖြင့်သာ မင်္ဂလာနှစ်သစ်ကို ဆောင်ကြဉ်းသင့်တာကြောင့် အခုလို တောင်းဆိုလိုက်တာ ဖြစ်တယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ပြောခွင့်ရ အရှင် ဣဿရိက မိန့်ကြားသည်။

သေဒဏ်အပြစ်ပေးခံရသူများမှာ အငြိမ်းစားဗိုလ်မှူး ဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းစာရေး ဦးသူရကျော်တို့ ဖြစ်ကြပြီး စစ်အစိုးရ၏ ထိပ်တန်းလျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်လုပ်ရေး စီမံကိန်း၊ မြေအောက် လှိုဏ်ခေါင်းများ စီမံကိန်း၊ နိုင်ငံခြားတိုင်းပြည်များမှ စစ်လက်နက်ပစ္စည်း တင်သွင်းမှုဆိုင်ရာ မှတ်တမ်းများ ပြည်ပမီဒီယာများသို့ ပေါက်ကြားခဲ့ပြီးနောက် အစွပ်စွဲခံရပြီး သေဒဏ်အပြစ်ပေးခံရခြင်း ဖြစ်သည်။

သေဒဏ်ကျ ဗိုလ်မှူး ဝင်းနိုင်ကျော်သည် ၂၀၀၁ ခုနှစ်က ရဟတ်ယာဉ် ပျက်ကျ၍ ကွယ်လွန်သွားသူ နဝတ အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိတဦးဖြစ်၍ ထိုစဉ်က ထိပ်ပိုင်းခေါင်းဆောင်အချင်းချင်း လုပ်ကြံခဲ့မှုကို နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖျောက်ဖျက်နိုင်ရန် ယခုကဲ့သို့ သေဒဏ်ပေးလိုက်ခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး သုံးသပ်သူတို့က ပြောဆိုနေကြသည်။

ယင်းကဲ့သို့ အပြစ်ပေးလိုက်ခြင်းသည် စစ်တပ်အတွင်း မကျေနပ်မှုများ ဖန်တီးရာရောက်စေပြီး တိုင်းပြည် မငြိမ်မသက်မှုများ ဖြစ်ပွားလာစရာ အကြောင်းရှိကြောင်း၊ အာဏာပေါ်တွင် အာဏာဆင့်နေခြင်းသာ ဖြစ်နေကြောင်းလည်း အရှင်ဣဿရိက ထောက်ပြသည်။

အရှင်ဣဿရိက “စစ်ခေါင်းဆောင်တို့က ကိုယ့်အကျိုးစီးပွားအတွက်ဆိုရင် ဇာတ်တူသားကိုတောင် စားဖို့ဝန်မလေးကြသူတွေ ဖြစ်တယ်ဆိုတာ ဒီလုပ်ရပ်က အထင်အရှား ပြသလိုက်တာပဲ။ နိုင်ငံရေးအကြောင်းရင်းခံနဲ့ သေဒဏ်ပေးတာပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ အရင်းခံပြဿနာတွေကို ဖြေရှင်းခြင်း လုံးဝ မမည်ဘူး” ဟု ဆက်လက်မိန့်ကြားသည်။

ထိုနိုင်ငံ့ဝန်ထမ်းများသည် နအဖစစ်ခေါင်းဆောင်ကြီးများ၏ အကျိုးစီးပွားအတွက် ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်ခဲ့ကြသည်ဟု သိရှိနားလည်ပါသည်။ ထိုသို့သော ပုဂ္ဂိုလ်များကိုပင်လျှင် စစ်ခေါင်းဆောင်ကြီးများက သူတို့၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြလိုက်မှုကြောင့် ယခုကဲ့သို့ ရက်ရက်စက်စက် သေဒဏ်ချမှတ်လိုက်ပြီး စစ်တပ်ကြီးတခုလုံးမှ ကျန်အရာရှိအရာခံ၊ အကြပ်၊ တပ်သားမှန်သမျှကိုလည်း နှစ်သစ်အခါသမယတွင် ခြိမ်းခြောက်ပြလိုက်ခြင်း ဖြစ်ပါသည်ဟူ၍ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

0 comments:

Post a Comment