Thursday, August 4, 2011

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနှင့်တစ်ဦးချင်းအခွင့်အရေး


မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် နိုဘယ်ဆုရ စီးပွားရေးပညာရှင် အမာတရာဆင်း ရဲ့ ဆင်းရဲမွဲတေမှုနဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ သဘောထား အမြင်အချို့ကို တင်ပြချင်ပါသည်။
နှယ်နှယ်ရရ အမြင်မဟုတ်။ ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေး နယ်ပယ်တို့မှာ ကျယ်ကျယ်ပြန့်ပြန့် လေးစားအသိအမှတ်ပြုထားရတဲ့ အမြင် ဖြစ်သည်။ လတ်တလော မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု အမှန်တကယ် တိုက်ဖျက်ရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ အမြင်လည်း ဖြစ်သည်။
မစ္စတာဆင်း က ဆင်းရဲမွဲတေမှုကို ၀င်ငွေနိမ့်ကျမှုထက် 'လူတွေရဲ့ အခြေခံ စွမ်းဆောင်ရည်များ ချို့တဲ့မှု' (deprivation of basic capabilities) ဟု ရှုမြင်သည်။ ၀င်ငွေမရှိလို့ စာမတတ်ဘူး၊ ကျန်းမာရေး မကောင်းဘူး၊ အဟာရချို့တဲ့တယ်၊ ဆာလောင်နေတယ် ဆိုသည်မှာ လက်ငင်းအခြေအနေ ဖြစ်သည်။ သို့သော် ထိုဆင်းရဲမွဲတေမှု ပြဿနာများရဲ့ ပင်မအကြောင်းရင်းအမှန်က 'လူတွေရဲ့ လုပ်နိုင်စွမ်းတွေ ချို့တဲ့နေခြင်း' ကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။

 လူတိုင်းမှာ လုပ်နိုင်စွမ်းအားတွေ ကိုယ်စီရှိကြသည်။ ထိုလုပ်နိုင်စွမ်းအားနဲ့ စွမ်းဆောင်ရည်တွေကို အုပ်ချုပ်သူတွေ၊ အခွင့်ထူးခံတွေနဲ့ ရှေးရိုးစွဲအစဉ်လာအချို့က ပိတ်ဆို့ဟန့်တားထားတတ်သည်။
လူတွေရဲ့ လုပ်နိုင်စွမ်းအားတွေ မြင့်တက်လာဖို့ကို ပြည်သူ့ရေးရာ မူဝါဒ (public policy) များဖြင့် အကောင်အထည် ဖော်နိုင်သည်။ လူထုကိုယ်တိုင်က သူတို့ရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးမှာ ထိထိရောက်ရောက် ပူးပေါင်းပါဝင်မှုဖြင့်သာ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မည်။ တစ်နည်းပြောရရင် ပြည်သူတစ်ဦးချင်းကို အခြေခံအခွင့်အရေး၊ ရွေးချယ်ပိုင်ခွင့်၊ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာတန်ဖိုးတွေ များများပေးခြင်းဖြင့်သာ ဆင်းရဲမွဲတေမှု တိုက်ဖျက်နိုင်မှာ ဖြစ်သည်။
အရွယ်မတိုင်မီ သေဆုံးမှု၊ အဟာရ မပြည့်ဝမှု၊ စာမတတ်မှု၊ အလုပ်အကိုင်မရရှိမှုနှင့် အခြားချို့ယွင်းနေတဲ့ အချက်တွေကို ကြည့်လိုက်ရင် နိုင်ငံသားတွေမှာ အခြေခံ လုပ်နိုင်ကိုင်နိုင်စွမ်းတွေ ချို့ငဲ့နေခြင်း၊ အခွင့်အရေး တန်းတူမရရှိခြင်းတို့က အကြောင်းရင်းခံ ဖြစ်နေတာကို တွေ့ကြရမည်။
ဥပမာ၊ တောင်အာရှ၊ အနောက်အာရှ၊ မြောက်အာဖရိကနဲ့ တရုတ်တို့မှာ အမျိုးသမီးတွေ ကြောက်မက်ဖွယ်ကောင်းအောင် ပျောက်ကွယ်ဆုံးရှုံးနေရသည်။ အဓိက အကြောင်းက ၀င်ငွေနည်းပါးမှု ဆိုတာထက်၊ ကျားမ တန်းတူညီမျှမှု မရှိခြင်းကြောင့် ဖြစ်သည်။ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် စာတာတွေမှာ လူမှု့အင်ဖော်မေးရှင်းတွေ (social information) အညီအမျှ မရှိဘဲ အမျိုးသမီးတွေ ပိတ်ပင်ခံနေရတာကြောင့် ဖြစ်သည်။
နောက် အလုပ်လက်မဲ့ ပြဿနာများရဲ့ အဓိကအကြောင်းကလည်း တစ်ဦးချင်းလွတ်လပ်စွာ ရွေးချယ်နိုင်မှုနှင့်် တစ်ဦးချင်းအတွက် သင်ယူတတ်မြောက်ထားရမယ့် ကျွမ်းကျင်မှုတွေ (skills) တူတူညီညီ မရရှိသောကြောင့် ဖြစ်သည်။ ဒါက အာရပ်ကမ္ဘာအတွက် မှန်ကန်သလို၊ ဖွံ့ဖြိုးပြီး ဥရောပနိုင်ငံတွေက အလုပ်လက်မဲ့များ အတွက်လည်း မှန်ကန်နေတဲ့ အချက်ဖြစ်သည်။
မြန်မာနိုင်ငံမှာ နိုင်ငံသားတစ်ဝက်ကျော်က လူမှုအသိုင်းအ၀ိုင်းကနေ ဖယ်ရှားချန်လှပ်ခြင်း (social exclusion) ခံထားရသည်။ ဒီအချက်က ဗမာ နဲ့ ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေမှာ အလုပ်အကိုင်သာမက အခြားလူမှုရေး နိုင်ငံရေး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နယ်ပယ်တိုင်းမှာ ဘေးချန် ပလပ်ခံနေကြရသည်။ လူမှုအသိုင်းဝိုင်းကနေ ချန်ထားခံရခြင်းရဲ့ တိုက်ရိုက်အကျိုးဆက်က နိုင်ငံသားတစ်ဦးချင်းမှာ မိမိကိုယ်ကိုယ် အားကိုးလိုစိတ်၊ မိမိကိုယ်ကိုယ် ယုံကြည်စိတ်နဲ့ စိတ်ပိုင်း ရုပ်ပိုင်း ကျန်းမာသန်စွမ်းမှုတွေ အားလုံး ဆုံးရှုံးသွားရခြင်း ဖြစ်သည်။ မျိုးဆက်ချီ ပရမ်းပတာ ဖြစ်သွားကြရသည်။
ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမှာ ဖွံ့ဖြိုးရေးလုပ်ငန်းရဲ့ အစိတ်ပိုင်းဖြစ်သည်။ ဒါဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းရဲ့ အန္တိမပန်းတိုင် (primary end) နဲ့ အခြေခံနည်းလမ်းတွေ (primary means) က ဘာတွေလဲ။ အမာတရာဆင်း ရဲ့ အလိုအရ ဖွံ့ဖြိုးရေးပန်းတိုင်နဲ့ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ရမယ့် အခြေခံနည်းလမ်းတွေဟာ တစ်ဦးချင်း လွတ်လပ်မှုတွေ တိုးချဲ့ပေးမှု (expansion of freedom) သာ ဖြစ်သင့်သည်ဟု ဆိုသည်။
တစ်ဦးချင်းရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းရည်တွေနဲ့ ပြောဆိုပိုင်ခွင့်တွေကို တုတ်နှောင်ထိန်းချုပ်မထားဘဲ ဖွင့်ပေးခြင်းဖြင့်သာ ငတ်မွတ်ခေါင်းပါးမှု၊ အဟာရမပြည့်ဝမှု၊ စာမတတ်မှု၊ အရွယ်မတိုင်မီ သေဆုံးမှု စတဲ့ ဆင်းရဲမွဲတေမှု ပြဿနာတွေကို ဖြေရှင်းနိုင်မည်။ ဖွံ့ဖြိုးရေးရဲ့ အန္တိမပန်းတိုင်က လူသားတွေရဲ့ လွတ်လပ်ပျော်ရွှင်မှု ရရှိရေး ဖြစ်သလို၊ ဖွံ့ဖြိုးရေးလုပ်ငန်းရဲ့ ဖြစ်စဉ်တိုင်းမှာ တစ်ဦးချင်းလွတ်လပ်မှု ချဲ့ကားဆောင်ရွက်ပေးမှုတွေ ရှိနေရမှာသာ ဖြစ်သည်။
လူထုရဲ့ စီးပွားရေး၊ လူမှုရေး မလုံခြုံမှုက တစ်ဦးချင်းအခွင့်အရေးတွေ (liberties) ကင်းမဲ့ဆိတ်သုဉ်းမှုနှင့် လုံးဝ ဆက်စပ်နေသည်ဟု ဆိုသည်။ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေ တိုးချဲ့ဆောင်ရွက်ခြင်းဖြင့်သာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ဖွံ့ဖြိုးမှုနောက်ကျမှု ကပ်ဘေးဆိုးတွေကို ကြိုတင် ရှောင်ရှားနိုင်လိမ့်မည်။
ဒုဗ္ဘိက္ခန္တရ ကပ်ဘေးဆိုးတွေက အာဏာရှင်နိုင်ငံတွေမှာသာ ဖြစ်ကြသည်။ ဒီမိုကရေစီ နိုင်ငံတွေမှာ ကမ္ဘာ့သမိုင်းတလျှောက် ငတ်မွတ်ခေါင်းပါးမှု ဘယ်တုန်းကမှ မဖြစ်ဖူးခဲ့။ အာဏာရှင်တွေက ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုကို အချိန်မှီ အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
တစ်ဘက်က အောင်မြင်တဲ့ ဒီမိုကရေစီ အစိုးရများကတော့ အစစ်အမှန် ရွေးကောက်ပွဲနဲ့ တက်လာရတာမို့ ပြည်သူ့ဝေဖန်မှုကို ရဲရဲရင်ဆိုင်ရသည်။ ဒါကြောင့် ငတ်မွတ်ခေါင်းပါးမှုနဲ့ အခြားကပ်ဘေးဆိုးတွေကို ရှောင်လွဲဖို့ တင်ကြိုဆောင်ရွက်မှုတွေ မဖြစ်မနေ စီမံကြရသည်။
ဒီမိုကရေစီစနစ် အသက်ဝင်နေပြီ (functioning democracy) ဆိုရင် ချမ်းသာတဲ့ အနောက်ဥရောပနဲ့ မြောက်အမေရိက မှာဖြစ်ဖြစ်၊ ဆင်းရဲတဲ့ အိန္ဒိယနဲ့ ဘော့တ်စ၀နာ မှာဖြစ်ဖြစ် ငတ်မွတ်ခေါင်းပါးမှု မရှိဟု ဆိုသည်။
တစ်ပါတီ ကွန်မြူနစ်နိုင်ငံများဖြစ်တဲ့ ယူကရိန်း (၁၉၃၀ ပြည့်နှစ်များ)၊ တရုတ် (၁၉၅၈-၆၁ ခုနှစ်)၊ ကမ္ဘောဒီယား (၁၉၇၀ ပြည့်နှစ်များ)တို့မှာ ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်ခဲ့ပြီး၊ လက်ရှိ မြောက်ကိုရီးယားမှာ ကြုံနေရသည်။ စစ်အာဏာရှင် နိုင်ငံများဖြစ်တဲ့ အီသီယိုပီယား၊ ဆိုမာလီယာ၊ ဆူဒန် စတဲ့ နိုင်ငံတွေမှာ အငတ်ဘေး ရင်ဆိုင်နေကြရသည်။
ဒါကြောင့် နိုင်ငံသားတွေရဲ့ လူမှုရေး နိုင်ငံရေး လွတ်လပ်ခွင့်တွေ ချုပ်နှောင်ထားမှုက ဆင်းရဲမွဲတေမှုရဲ့ အရင်းခံအကြောင်းတရား ဖြစ်သည်။ အရပ်ဖက်အခွင့်အရေးနဲ့ တစ်ဦးချင်းရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းတွေကို ပိတ်ပင်ထားမှုက နိုင်ငံသားတွေကို ချိနည့်အားယုတ် အရွယ်မတိုင်မီ တဖြုတ်ဖြုတ်ကြွေလွင့်ကုန်စေသည်။
ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမူဝါဒကို အကောင်အထည်ဖော်ဆောင်သူများဟာ လူထုကို ဆန်၊ ဆီ၊ စား၊ ပါရာစီတမော့နဲ့ ကွန်ဒုံး ဝေမျှရုံလောက် မစဉ်းစားဘဲ၊ တစ်ဦးချင်းလွတ်လပ်ခွင့်တွေ ဘယ်လို တိုးချဲ့သွားကြမလဲ ဆိုတာ စဉ်းစားရမည်။ ဒါမှ လူကြားကောင်းအောင်၊ နိုင်ငံတကာချေးငွေရအောင် အော်ဟစ်တဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမဟုတ်ဘဲ၊ တကယ့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး အစစ်အမှန်ဖြစ်လိမ့်မည်။
နောက် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် လက်ငင်းအကျဆုံး လုပ်ငန်းက လူထုအတွက် စီးပွားရေး အခွင့်အလမ်းတွေ များများ ဖန်တီးပေးဖို့ ဖြစ်သည်။ ကပ်ဖားယပ်ဖား ခေတ်ပျက်သူဌေးများ အတွက် အခွင့်အလမ်းများ မဟုတ်ဘဲ၊ နိုင်ငံသားများအတွက် လုပ်ငန်းခွင် ကျွမ်းကျင်သင်တန်းများနှင့်အတူ လုပ်ကိုင်ခွင့်တွေ လုပ်နိုင်စွမ်းတွေ ဖန်တီးပေးဖို့ ဖြစ်သည်။ ဂျပန်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ စင်္ကာပူ၊ ထိုင်းနဲ့ အခြား အရှေ့အာရှနိုင်ငံတို့ရဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းတွင် သင်ခန်းစာများစွာ ယူစရာရှိသည်။
မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် နှစ်ပေါင်း ၅၀ မှာ ဖွံ့ဖြိုးမှုနောက်ကျမှု ဆိုးကျိုးကို နိုင်ငံသားတိုင်း ဒုက္ခအ၀၀ ခံနေကြရသည်။ သို့သော် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုနောက်ကျမှုက နိုင်ငံရဲ့ ရာစု ဆယ်စုချီ အထီးကျန်မှုနှင့်လည်း သက်ဆိုင်နေသည်။ ပြင်ပနှင့် အဆက်ပြတ်မှုက မြန်မာနိုင်ငံအတွက် လူမှုရေး နိုင်ငံရေး စီးပွားရေး ပညာရေး အဖက်ဖက် အင်ဖော်မေးရှင်း နောက်ကျမှုနဲ့ မညီမျှမှုကို ဖြစ်စေခဲ့သည်။
အကျိုးဆက်အဖြစ် ၀င်လာတဲ့ အင်ဖော်မေးရှင်းကို ဦးဦးဖျားဖျားကိုင်နိုင်သူ တစ်ဦး၊ အုပ်စုတစ်စုကသာ အခွင့်အရေးတွေကို ရရှိထားသည်။ လူထုကြား အင်ဖော်မေးရှင်း အချိုးညီမျှမှု ဘယ်တော့မှ မရှိခဲ့။ ကြီးပွားလိုသူက အင်ဖော်မေးရှင်း ဦးအောင် ကိုင်ဖို့ ဖွက်ဖို့၊ အာဏာရှိသူနှင့် ပေါင်းဖို့၊ နိုင်ငံတကာ အလှုရှင်နှင့် နီးစပ်ဖို့ စတာတွေ လုပ်ကြရသည်။ ဘယ်သူကဖြင့် ဘယ်သူ့ကို ဘယ်အရာကို ကိုင်ထားတာ ဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်နေတတ်သည်။
ဥပမာ၊ စီးပွားရေးလုပ်ငန်းတွေကို ဦးပိုင်လီမိတက်ကသာ ကိုင်ထားသည်။ အုပ်ချုပ်သူနဲ့ နီးစပ်သူ လူတစ်စုကသာ သစ်၊ စွမ်းအင်၊ ကျောက်မျက်၊ နည်းပညာ၊ သွင်းကုန် ထုတ်ကုန်၊ တံတားဆောက် လမ်းဖောက်၊ စတဲ့ မိုက်ခရို မက်ခရို လုပ်ငန်းကဏ္ဍအားလုံး ကိုင်ထားသည်။ အခွင့်အလမ်း ပါးရှားသည့် နိုင်ငံမှာ ဦးဦးဖျားဖျား အခွင့်အလမ်းနဲ့ အင်ဖော်မေးရှင်း ကိုင်ထားနိုင်သူတွေက ဗိုလ်ကျမြဲဖြစ်သည်။
စာပေလောကမှာတောင် ပြင်ပစာအုပ်တစ်အုပ်ကို ဦးအောင် ဖတ်နိုင် ပြန်နိုင်သူက ဆရာကြီးဖြစ်တတ်သော လူ့အဖွဲ့အစည်း ဖြစ်သည်။ (စကားချပ်၊ အလံနီ စာရေးဆရာကြီး တစ်ဦးက ပန်ဆိုးတန်း စာအုပ်တန်းမှ နိုင်ငံခြား စာအုပ် သုံးအုပ်ဝယ်၊ နှစ်အုပ် မီးရှို့၊ တစ်အုပ်ကိုင်ပြီး ဆရာကြီး လုပ်ခဲ့ဖူးသည်ဟု မှတ်သားဖူးသည်။)
ဒါကြောင့် ရှားပါးတဲ့ အခွင့်အလမ်းကို နည်းအမျိုးမျိုးနဲ့ ဦးအောင်ကိုင်နိုင်ဖို့အတွက် အချင်းချင်း ခုတ်ကြထစ်ကြ ညစ်ပတ်ကြ တို့ထောင်ကြသည်။ အစိုးရဌာများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ပညာရေးဌာနများ၊ NGO များအထိ နေရာတိုင်းမှာ အခွင့်အလမ်းနှင့် ရပ်တည်ရေးအတွက် ကွဲပြဲနေကြခြင်း ဖြစ်သည်။ သမိုင်းနှင့်ချီ နာတာရှည် မြန်မာ့အကွဲဇာတ်လမ်းများ ဖြစ်သည်။
ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အဓိက လုပ်ငန်းက မြန်မာပြည်သူတွေကြားမှာ၊ အထူးသဖြင့် လူငယ်တွေကြားမှာ အခွင့်အလမ်းတွေ လုပ်နိုင်ကိုင်နိုင်စွမ်းတွေ များများ ဖန်တီးပေးဖို့ ဖြစ်သည်။ တစ်နည်း အာဏာရှင်စနစ်ရဲ့ ဗဟိုချုပ်ကိုင်မှုပုံစံတွေ အပြုအမူတွေ လျော့ပါးအောင် လုပ်ခြင်းကသာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် ခရီးရောက်နိုင်မယ့် နည်းလမ်းအမှန်သာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် မိမိအုပ်စု တစ်စုထဲ ကိုင်ချင်စိတ်တွေ၊ 'အကိုင်' ရောဂါတွေ လျှော့ချနိုင်ရင်ဖြင့် ဆင်းရဲမွဲတေမှု တစ်ဝက်လျှော့ကျသွားမည် ဖြစ်သည်။ ဒါထက် တစ်ဦးချင်းလွတ်လပ်ခွင့်တွေ ပိုမိုပေးလာလျှင် ဆင်းရဲမွဲတေမှု အလုံးစုံ ပပျောက်သွားနိုင်မည် ဖြစ်ပါကြောင်း ဂုရုကြီး အမတရာဆင်း ကို ကိုးကားရင်း တင်ပြလိုက်ရပါသည်။
ဝင့်ထန်း
ရည်ညွှန်း။ Development as Freedom by Amartya Sen

0 comments:

Post a Comment