Thursday, November 24, 2011

ဓမ္မစကား (ခေတ်လူများ၏မှတ်စု ဂျာနယ် အမှတ်စဉ် ၃ )


ယော  သဟဿံ သဟေဿန၊ သင်္ဂါမေ မာနုသေ ဇိနေ။
ဧကဉ္စ ဇေယျမတ္တာနံ၊ သဝေ သင်္ဂါမဇုတ္တမော။
(ဓမ္မပဒဂါထာ ၁၀၃)
        စစ်မြေပြင်၌ ရန်သူထောင်ပေါင်းများစွာကို အောင်နိုင်သော သူရဲကောင်းသည်ရှိ၏။ ထိုသူရဲကောင်း သည် အမြတ်ဆုံးသူရဲကောင်းမဟုတ်။ တစ်ယောက်တည်းသော မိမိကိုယ်ကိုမိမိက အောင်နိုင်သူသည် သာလျှင် အမြတ်ဆုံးသူရဲကောင်းဖြစ်၏။
          မြတ်စွာဘုရားဟောကြားခဲ့သော ဤဓမ္မပဒဂါထာတော်ကို သေချာစွာနားလည်ဖို့လိုပါသည်။ မြတ်စွာဘုရားရှင်သည် ရန်သူထောင်သောင်းပေါင်းများစွာကို အောင်နိုင်ခြင်းသည် တကယ့်အောင်နိုင်ခြင်း မဟုတ်ပေဘူး။ မိမိကိုယ်ကို အောင်နိုင်မှသာလျှင် တကယ့်အောင်နိုင်တဲ့သူ၊ အမြတ်ဆုံးလူလို့ ဆိုထားပါ တယ်။ အပြင်မှာတိုက်တဲ့စစ်ပွဲနဲ့ မိမိရင်တွင်း အဇ္ဈတ္တတိုက်ပွဲကို နှိုင်းယှဉ်ဆိုထားခြင်းဖြစ်ပါသည်။ လောကမှာ လူအများတိုက်နေကြသည်မှာ အပြင်တိုက်ပွဲတွေသာများကြပါသည်။ ကိုယ့်ရဲ့အတွင်းအဇ္ဈတ္တတိုက်ပွဲကိုနိုင်အောင်တိုက်ဖို့မေ့နေကြပါသည်။ စာရေးသူတို့နိုင်ငံမှာပဲကြည့်လျှင် သိနိုင်ပါသည်။ ဦးနေဝင်းသည် အပြင်တိုက်ပွဲ အရ စစ်ပွဲတွေနိုင်ခဲ့ပါသည်။ သို့သော် သူ့ရင်ထဲက အဓမ္မတရားကိုကား နိုင်အောင်မတိုက်နိုင်ခဲ့တဲ့အတွက် နိုင်ငံ တော်ရဲ့ တကယ့်အာဇာနည်သူရဲကောင်းဖြစ်ရမည့်အစား တိုင်းပြည်ရဲ့တကယ့်တရားခံ စစ်အာဏာရှင်ကြီး ဖြစ်ခဲ့ပါသည်။ တနိုင်ငံလုံးကို ဒုက္ခတွေပေးခဲ့ပါသည်။ ဒါကြောင့် တနိုင်ငံလုံးရဲ့ အမုန်းကိုခံရကာ သေတော့ ခွေးသေ၊ဝက်သေ လူမသိသူမသိ ပုန်းလျှိုး ခွက်ဆိုးနဲ့သေခဲ့ရပါသည်။ ဒါဟာ သူ့ရင်ထဲက အနိုင်တိုက်ရမည့် အဓမ္မကို မနိုင်လို့ဘဲဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ရင်ထဲက အဓမ္မတရားတွေကို နိုင်အောင် တိုက်နိုင်ခဲ့သည့်အတွက်ကြောင့် သူ့ကို တစ်တိုင်းပြည်လုံးက ချစ်ခင်ကြသည်။ တိုင်းပြည်ရဲ့လွတ်လပ်ရေး ဖခင်အဖြစ်အသိအမှတ်ဂုဏ်ပြုခဲ့ကြသည်။ ယနေ့ထက်ထိ ပြည်သူတွေရဲ့ရင်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်မှုအပြည့်ရှိနေကြသည်မှာ ဗိုလ်ချုပ်အောင်ဆန်းသည် ဗုဒ္ဓဘုရားပြောခဲ့သည့် ဓမ္မစကားအတိုင်း အတွင်းအဓမ္မတရားကို နိုင်အောင်တိုက်နိုင်သောကြောင့်ဖြစ်ပါသည်။ ယနေ့မြန်မာနိုင်ငံသား အများစုသည် မိမိတို့ရဲ့ရင်ထဲကအဓမ္မတရားများကို အနိုင်တိုက်ကာ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် ကြိုးစားကြ မည်ဆိုလျှင် ကမ္ဘာမှာမြန်မာဟေ့လို့ ပြန်လည်ဦးမော့လာမည်ဖြစ်ပါကြောင်းကို ဓမ္မစကား လက်ဆောင်ပါးရင်း . . . .
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment