Saturday, February 8, 2014

မျိုးချစ်စိတ်ဓာတ်နှင့် ဆင်ခြင်တုံတရား



ဦးသန့်
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်
ကိုယ်တိုင်ရေးပြ၊ပြောပြခဲ့သော
မျိုးချစ်စိတ်ဓာတ်နှင့် ဆင်ခြင်တုံတရား
          မျိုးချစ်စိတ်သည် လူတိုင်းလူတိုင်း၌ ရှိအပ်သော ပစ္စည်းတစ်ရပ်ဖြစ်သည်။မျိုးချစ်စိတ်မရှိသောသူသည် ကိုယ်လက်အင်္ဂါ မစုံသောသူကဲ့သို့ အသက်ရှင်နေခြင်းငှာပင် မလျောက်ပတ်ပေ။  ထို့ကြောင့်ပင် မဟုတ်ပါလော။  အမျိုးသားပညာရေးသည် ကျောင်းသူကျောင်းသားများအား မျိုးချစ်စိတ်ဓာတ်သွင်းပေးသော ပညရေးသာလျှင် ဖြစ်သင့်လှပေသည်။ဂျပန်နိုင်ငံ၏ တိုးတက် မှုသည် ထိုမျိုးချစ်စိတ်ဓာတ် အားကြီးလွန်း၍သာဖြစ်ပေသည်။ မျိုးချစ်စိတ်ဓာတ်ခေါင်းပါးသောလူမျိုးသည် မည်သည့်ခေတ်၊ မည် သည့်ရာဇ၀င်မှာမျှ မတိုးတက်မကောင်းစားခဲ့ပေ။
           ကောင်းပါပြီ။အဘယ်ကိုမျိုးချစ်စိတ်ဓာတ်ဟုခေါ်ပါသနည်း။မိမိ၏တိုင်းပြည်နှင့်မိမိလူမျိုး ကောင်းစားသည် ကိုမြင်လိုသောစိတ်သည် မျိုးချစ်စိတ်ဖြစ်ပါသည်။ မိမိချစ်လှစွာသူတစ်ဦးဒုက္ခရောက်လျှင် စိတ်မချမ်းမြေ့ သကဲ့သို့ မိမိလူမျိုးများ ဒုက္ခရောက် သည်ကို မကြည့်ရက်သောစိတ်၊ မိမိ၏ ချစ်လှစွာသော သူတစ်ဦးချမ်း သာလျှင် ၀မ်းမြောက်သကဲ့သို့ မိမိလူမျိုးများ ချမ်းသာလျှင် လွန်မင်းစွာ ပီတိဖြစ်သော စိတ်ကို မျိုးချစ်စိတ်ဟု ခေါ်ရပေမည်။
          သို့ရာတွင်ဆေးကျမ်းများကိုသာဖတ်၍ကိုယ်ပိုင်ဥာဏ်ကိုမသုံးသောဆေးသမားသည် သမားကောင်း မဖြစ်နိုင်သကဲ့သို့ မျိုးချစ်စိတ်ဓာတ်သာရှိ၍ အသိဥာဏ်ကင်းမဲ့သောတိုင်းသူပြည်သားသည် တိုင်းသူပြည်သားကောင်း မဖြစ်နိုင်ပေ(၀ါ) လွန်မင်းစွာ မျိုးချစ်စိတ်ထက်သန်၍ ဆင်ခြင်တုံတရား မရှိသောသူသည် အ၇ာမရောက် ကိစ္စမပြီးနိုင်ပေ။ ထို့ကြောင့် မျိုးချစ်စိတ်ဓာတ်နှင့်ယှဉ် တွဲ၍ အသိဥာဏ်ဆင်ခြင်တုံတရားရှိရပေမည်။ လောက၌ ထိုဆင်ခြင်တုံတရားထက် မြတ်သော စိတ်ဓာတ်သည် မရှိခဲ့။ ထိုတရား နှင့်ပင် သစ္စာလေးပါးကို မြင်နိုင်သည်။ ထိုတရားနှင့်ပင် နိဗ္ဗာန်ကိုရောက်နိုင်ပေသည်ဟု  သုံးလူ့ထွတ်ထား သဗ္ဗညုတမြတ်စွာဘု ရားသည် ဟောကြားတော်မူခဲ့ ပေသည်။ ထို့ကြောင့် ဆင်ခြင်တုံတရားကို လက်လွှတ်၍ မဖြစ်နိုင်ပေ။

          မြန်မာနိုင်ငံကို အင်္ဂလိပ်မင်း သိမ်းယူသည့် နေ့ကစ၍ မြန်မာလူမျိုးတို့သည် ယခုခေတ်ကဲ့သို့ မျိုးချစ်စိတ်ဓာတ်ရင့်သန် ခဲ့ဖူးသည်ဟု မ၇ှိခဲ့ပေ။ မည်သည့်မြို့၊ မည်သည့်ရွာ၊ မည်သည့် အရပ်ဒေသတို့၌မဆို အကြောင်းအမျိုးမျိုးတို့ကြောင့် အမျိုးကို ချစ်သော စိတ်ဓာတ်တို့သည် တဖွားဖွားပေါ်ပေါက်လျက်ရှိကြပေသည်။ သို့ရာတွင် အချို့ကား ဆင်ခြင်တုံတရားကို အသုံးမပြု ဘဲ အရမ်းကာရော စိတ်ဓာတ်ကို အသုံးပြုကြလေသည်။ မျိုးချစ်စိတ်သည် လှေသမားနှင့်တူ၏။ ဆင်ခြင်တုံတရားသည် တက်မ (ပဲ့တန်)နှင့်တူပေသည်။ တက်မ မကိုင်ဘဲ မျိုးချစ်စိတ်ဓာတ်ထက်သန်သလောက် လှေကိုလှော်ခတ်သွားပါမူ မြန်မာနိုင်ငံ လှေကြီး သည် ရည်ရွယ်သောပန်းတိုင်ကို ရောက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အမျိုးကောင်း သားသမီးတို့သည် မျိုးချစ်စိတ် တစ်ခု တည်းဖြင့် မတင်းတိမ်ကြဘဲ အသိဥာဏ်နှင့် ဆင်ခြင်တုံတရားတို့ကိုလည်း တစ်နေ့ထက်တစ်နေ့ ပွားများနိုင်ကြပါစေကုန် သတည်း။
                                                                             ဦးသန့်
                                         ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်
                                                   (၁၉၀၉- ၁၉၇၄)
မှတ်ချက်။  ။ဦးသန့် လက်ရွေးစင်စာများ စာအုပ်မှကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment