Wednesday, September 9, 2015

အရှင်နာဂသေနရှင်းလင်းပြောပြသော မဘသ အကြောင်းတစေ့တစောင်း


ပြီးခဲ့တဲ့အပတ်က ရန်ကုန်ပြန်ရောက်စဉ် သူငယ်ချင်းဖြစ်သူ အရှင်နာဂသေနနဲ့ တွေ့ချင်တာနဲ့ ဖုန်းဆက်ပြီးချိန်းလိုက်တော့ သူငယ်ချင်းလည်းရန်ကုန်ရောက်နေတာနဲ့ ရွှေတိဂုံဘုရားနားက
သူငယ်ချင်းဖြစ်သူ အရှင်တေဇောသာရရဲ့ကျောင်းမှာတွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ ဒါနဲ့စာရေးသူက သူငယ် ချင်းဖြစ်သူ အရှင်နာဂသေန ကို အရှင်ဘုရားရေ ပြီးခဲ့တဲ့ ၀ိဘဇ္ဖပဲ့တင်သံ စာအုပ်မှာ
အရှင်ဘုရားနဲ့ မန္တလေးမှာ တွေ့ဆုံစဉ်က အရှင်ဘုရား မဘသ နဲ့ပတ်သတ်ပြီး ဆွေးနွေးပြတာလေးကို တပည့်တော်ကြိုက်လို့ ထည့်ပြီးဖေါ်ပြတာ တော်တော် များများက ကြိုက်လို့ဆိုပြီး လာပြောကြတယ်ဘုရား။
ဖေ့ဘုတ်ပေါ်မှာလည်း တင်လိုက်တာ တော်တော် လေးကြိုက်ကြတယ်။ ၀ိုင်းပြီးလည်း ရှယ်ကြတယ်ဖြန့်ဝေ
ကြတယ်ဘုရား။အခုလည်း ဒုတိယအုပ်မှာ အရှင်ဘုရားရဲ့ အမြင်လေးကို
ဆက်ပြီးထည့်ချင်လို့ဘုရားဆွေးနွေးပြပါအုံးဘုရားလို့ဆိုလိုက်တော့ သူငယ် ချင်းဖြစ်သူက “ အရှင်ဘုရားရေ တပည့်တော်လည်း မပြောချင်ဘူးဘုရား ကိုယ့်သံဃာတွေ အကြောင်း ဆိုတော့
တပည့်တော်က အကောင်းပဲပြောချင်တာဘုရား ဒါပေမဲ့ ကောင်းတာတွေပြောချင်လို့ လိုက်ကြည့်တယ် အရှင်ဘုရား အဆိုးတွေကခပ်များများဖြစ်နေတယ်ဘုရား။
ဟိုနေ့ကတော့ မဘသတွေလှုပ်ရှားမှုတွေလိုက်ကြည့်ရင်း မန္တလေး မဘသ နှစ်ပတ်လည်ပွဲမှာ မဘသ အဖွဲ့ဝင်တစ်ပါးဖြစ်တဲ့ ရန်ကင်း၊ဥယျဉ်ကျောင်းဆရာတော် ဦးဇောတိက
တင်ပြဆွေးနွေးတဲ့အချက်တွေတော်တော် ကောင်းတယ်ဘုရား။ဆရာတော်တင်ပြဆွေးနွေးပြတာကြည့်ပါအုံးဘုရား……….
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ ဖွဲ့စည်းတည်ထောင်သည့် (၂)နှစ်ပြည့် အထိမ်း အမှတ် နိုင်ငံလုံးဆိုင်ရာ မဘသညီလာခံကြီးသို့ ကြွရောက်တော်မူလာကြကုန်သော
သံဃာတော်အရှင်မြတ်တို့ဘုရား . .. ။မန္တလေး ဥယျာဉ်စာသင်တိုက်မှ တပည့်တော် ဇောတိကအား သံဃာတော်အရှင်မြတ်တို့ထံ လျှောက်ထားခွင့်
ပြုတော်မူပါဘုရား။မဘသအဖွဲ့သည်သာမညအဖွဲ့ မဟုတ်ပါ။ လူနတ်ဗြဟ္မာတိရစ္ဆာန် များပါမကျန်သတ္တ လောက ကြီးတစ်ခုလုံးကိုလောဘ၊ ဒေါသ၊ မောဟစသော ကိလေသာ အညစ်အကြေးများ ကင်းဝေးစေပြီး
ငြိမ်းချမ်းသည့် လောကကြီးကို တည်ထောင်ပေးသွားသည့် မြတ်ဗုဒ္ဓ၏ တပည့်သံဃာတော်များဖြင့် ဖွဲ့စည်းထား သောအဖွဲ့အစည်းဖြစ်ပါသည်ဘုရား။ သို့ဖြစ်၍ တပည့်တော်တို့၏ ရည်မှန်းချက်ပန်းတိုင်သည်လည်း
မြန်မာပြည် အမျိုးသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်ရေးဟု ဖြစ်ရပါမည်။မဘသအဖွဲ့သည် ဗုဒ္ဓဘာသာ လူမျိုးများ၏သာအားကိုးရာမဖြစ်သင့်ပါ။ မြန်မာပြည်ဖွား ၊ နိုင်ငံတော်မှ နိုင်ငံသားဟု အသိအမှတ်ပြုပြီးသား
ခရစ်ယာန်ဖြစ်စေ၊ အစ္စလာမ်ဖြစ်စေ၊ ဟိန္ဒူဖြစ်စေ၊ နတ်ကိုး ကွယ်သူဖြစ်စေလူသားအားလုံး၏ ကိုးကွယ်ရာ အားထားရာဖြစ်သင့်ပါသည်။


ဟုတ်တယ်လေ သူငယ်ချင်း ဒို့ဗုဒ္ဓမြတ်စွာဘုရား ပွင့်ထွန်းပေါ်ပေါက်လာတာ ဗုဒ္ဓေါလောကေ သမုပ္ဗန္နော ဟိတာယ သဗ္ဗပါဏိနံ ။အလုံးစုံသော လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးအတွက်လို့ဆိုထားလေကွာ
အခုဆရာတော် တင်ပြတာတွေနဲ့က အားလုံးကွက်တိပေါ့သူငယ်ချင်းရာ။
ပြီးတော့ဆက်ပြီးတင်ပြထားတာကြည့်အုံး သူငယ်ချင်း “မြတ်စွာဘုရားသည် လောကဓာတ်တစ်ခုလုံး သတ္တ၀ါအားလုံး၏ ကိုးကွယ်ရာ အားထားရာဖြစ်ခဲ့သည်ကား ကိုးကွယ်သူ သတ္တ၀ါများအပေါ် မူမတည်ပါ။
ဘုရား ရှင်အပေါ်မှာသာမူတည်ခဲ့ပါသည်။မြတ်စွာဘုရားရှင်၏မေတ္တာကရုဏာတော်ပြန့်နှံ့သည့်အတိုင်း သတ္တ၀ါအားလုံး၏ ကိုးကွယ်ရာဖြစ်ခဲ့ပါသည်။ ထို့အတူပင် တပည့်တော်တို့ မဘသ အဖွဲ့ကြီးကလည်း
လူသားမှန်သမျှ အားလုံး အပေါ်မှာ ကောင်းကျိုးလိုလားမှု မေတ္တာထားလိုက်လျှင် မြန်မာပြည်ဖွားလူသားအားလုံး၏ ငြိမ်းချမ်းစွာ နေထိုင်ကြရေးအတွက် တကယ့်အားကိုးရာအစစ်
ဖြစ်ပါမည်ဘုရားလို့လျှောက်ထားပါတယ်။
ဒီအချက်တွေကို မဘသ အဖွဲ့ကြီးက ကျင့်သုံးမယ်ဆိုရင် မြတ်စွာဘုရားရှင်ရဲ့ လမ်းစဉ်နဲ့ညီတဲ့အတွက် တိုင်းပြည်အတွက် သာသနာတော်အတွက် တကယ်အကျိုးရှိတာမို့
ဘယ်သူကလာပြီးအပြစ် ပြောနိုင်မှာလဲ သူငယ်ချင်းရာ။
ဆရာတော်ဖွင့်တဲ့ မဘသ ရဲ့အဓိပ္ဗါယ်က “အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို ဤကဲ့သို့အဓိပ္ပါယ်ဖွင့်ဆိုချင်ပါသည်ဘုရား။
အမျိုး-မြန်မာပြည်ဖွား(၅၁)သန်းကျော်သောလူသားအားလုံး။
ဘာသာ- ၄င်းတို့ကိုးကွယ်သော ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်ဘာသာစသည်။
သာသနာ-၄င်းတို့ဘာသာ၏လူသားများငြိမ်းချမ်းစေသောအဆုံးအမများ။
စောင့်ရှောက်ရေးအဖွဲ့- တစ်ဘာသာ၏ ယဉ်ကျေးမှုကို တစ်ဘာသာက နှောင့်ယှက်ခြင်းမှ ကင်းဝေးအောင် စောင့်ရှောက်ပေးသောအဖွဲ့။
ဤသို့ဆိုလျှင် မဘသအဖွဲ့အစည်းသည် ဘာသာပေါင်းစုံ၊ နိုင်ငံသားအားလုံး၏ အားထားရာဖြစ်လာမည်မှာ
သေချာသည့်အပြင်တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကိုလည်းဖြစ်စေပါသည်။
ဒါကတော့ မဘသ အဖွဲ့ဝင်ထဲက ဆရာတော်ဦးဇောတိကပြောပြတဲ့ သမာသမတ်ကျတဲ့ သင့်သင့်မျှတတဲ့ အဓိပ္ဗါယ် ဖွင့်ဆိုချက်တွေပဲဖြစ်ပါတယ်။ဆရာတော်ဦးဇောတိက ဖွင့်ပြသလို အနက်အဓိပ္ဗါယ်ဖွင့်ဆိုပြီး
လုပ်ကြမည်ဆိုလျှင် မဘသ အဖွဲ့အစည်းသည် ကြာလေပိုမိုစည်းရုံးလာလေ ညီညွတ်လာလေ ဘာသာအားလုံးက လေးစားတန်ဖိုးထားလေ ဖြစ်လာမှာမလွဲပါပဲ။အခုလိုကောင်းမွန်သောလမ်းစဉ်များကို
လျှောက်လှမ်းနေခြင်းသည် ပင် အမျိုးဘာသာ သာသနာကို စောင့်ရှောက်နေခြင်းပဲဖြစ်ပါတယ်သူငယ်ချင်းရာ။
အခုအောက်မှာဖေါ်ပြပေးမှာကတော့ မဘသ ဗဟိုလ်ရဲ့ ဖွင့်ဆိုချက်ပဲဖြစ်ပါတယ်။မဘသ ရဲ့ဖွင့်ဆိုချက်ကတော့…

(က) အမျိုး ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ဗုဒ္ဓဘာသာမရောက်မီကပင် တည်ရှိ ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော(၁၃၅)မျိုးသော
မူလမျိုးနွယ်စုများ ပါဝင် သည့် လူမျိုးများကိုဆိုလိုသည်။
(ခ)ဘာသာ ဆိုသည်မှာယင်းလူမျိုးများကိုးကွယ်သည့်ဘာသာများကိုဆိုလိုသည်။
(ဂ)သာသနာ ဆိုသည်မှာဗုဒ္ဓမြတ်စွာဘုရား၏အဆုံးအမတော်များကိုဆိုလိုသည်။
(ဃ) စောင့်ရှောက် ဆိုသည်မှာ မိမိအမျိုး ဘာသာ သာသနာ အတွက် ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်း ၊စောင့်ရှောက်ခြင်းတို့ကို ဆိုလိုသည်။



ဆရာတော်ဦးဇောတိက ဖွင့်ဆိုပြတာနဲ့ မဘသ ဗဟိုလ်ကဖွင့်ဆိုတာကို နှိုင်းယှဉ်ပြီးတော့ ကြည့်စေချင်တယ်သူငယ်ချင်း။ မဘသ ဗဟိုလ်က ဖွင့်ဆိုချက်မှာ အမျိုး ဘာသာ အထိအတူတူပါပဲ။ဒါပေမဲ့ သာသနာကျမှ
ဗုဒ္ဓမြတ်စွာဘု၇ား ၏ အဆုံးအမတော်များကိုဆိုလိုသည်ဆိုတော့ အပေါ်မှာကတော့ ၁၃၅ မျိုးသော လူမျိုးများ၏ကိုးကွယ်သည့်ဘာသာများလို့ ပြောပြီးမှ သာသနာကျမှဗုဒ္ဓမြတ်စွာဘုရား၏အဆုံးအမတော်များဆို တော့
အထက်နှင့်အောက် ဖွင့်ဆို ချက်တွေက တလွဲဆီဖြစ်နေတယ်သူငယ်ချင်း။
ဆရာတော်ဦးဇောတိက ပြောပြထားတာကတော့ အထက်နှင့်အောက် အားလုံးညီညွတ်တဲ့အတွက် သမာသမတ်ကျတယ် သူငယ်ချင်း။
ဆရာတော်ဦးဇောတိက ဆက်ပြီးလျှောက်ထားတာကြည့်ပါအုံးသူငယ်ချင်း ဘယ်လောက်ကောင်း သလဲဆိုတာ ………
ဒုတိယ-အမျိုးသားရေးနှင့်ပတ်သက်၍လျှောက်ထားလိုပါသည်ဘုရား။ဘာသာရေးနှင့် အမျိုးသားရေးသည် မတူပါ။ ကျယ်ပြန့်တာခြင်းမတူညီသလို၊ရည်ရွယ်ချက်ခြင်းလည်းမတူညီပါ။ဘာသာရေးသည် လူသားအားလုံး (သို့မဟုတ်) သတ္တ၀ါအားလုံးနှင့်သက်ဆိုင်ပါသည်။အမျိုးသားရေးသည် သက်ဆိုင်ရာ အမျိုးသားနှင့်သာ သက်ဆိုင်ပါသည်။
အမျိုးသားရေးတာဝန်ကို ဘုန်းတော်ကြီးများ ယူ၍မရပါ။ နိုင်ငံရေးသမားများနှင့် အစိုးရတို့ကသာ တာဝန်ယူရ ပါမည်။ မြတ်ဗုဒ္ဓ၏ တပည့်သားတော်အဖြစ် သင်္ကန်းတော်ဝတ်ထားသ၍ လူသားအားလုံး ငြိမ်းချမ်းရေးတာဝန်
ပင် ယူသင့်ပါသည်ဘုရား။
တတိယ- ဗုဒ္ဓဘာသာအမျိုးသမီးဆိုင်ရာ စောင့်ရှောက်ရေးဥပဒေနှင့် ပတ်သက်၍ လျှောက်ထားပါရစေဘုရား။
ယနေ့ လွှတ်တော်တွင် အငြင်းပွားနေဆဲ မပြီးပြတ်သေးသော ဥပဒေဖြစ်နေပါသည်။ နည်းနည်း စဉ်းစား
 စေချင်ပါသည်။ နိုင်ငံတော်အစိုးရသည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာလူမျိုးကိုသာ အုပ်ချုပ်နေသည် မဟုတ်ပါ။
ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူစသည်ဖြင့် ဘာသာအားလုံးကို အုပ်ချုပ်နေပါသည်။ ထို့ကြောင့်
ဗုဒ္ဓဘာသာအမျိုးသမီးများနှင့်သာ သက်ဆိုင်သည့် ဥပဒေမဖြစ်သင့်ပါ။ ဘာသာပေါင်းစုံ အမျိုးသမီးတိုင်း နှင့် သက်ဆိုင်သည့် ဥပဒေဖြစ်သင့်သည်။ ဤဥပဒေသည် ဗုဒ္ဓဘာသာဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ၊ အစ္စလာမ်ဖြစ်စေ
ဟိန္ဒူဖြစ်စေ အမျိုးသမီးအားလုံးအပေါ်မှာ သက်ရောက်စေရမည်။
ဤဥပဒေကို သက်ဆိုင်ရာ ဘာသာရေးဥပဒေများ မလွှမ်းမိုးရဟု ထည့်လိုက်ခြင်း၊ ဗုဒ္ဓဘာသာဆိုသည့် စကားလုံးကို ဖြုတ်လိုက်ခြင်းဖြင့် ဤဥပဒေသည် အငြင်းပွားစရာမရှိ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုလည်း
မထိခိုက်နိုင်တော့ပါ။
တကယ်တမ်းအားဖြင့် ဥပဒေပေါ်ပေါက်ရေးထက် ဥပဒေစိုးမိုးရေးက ပဓာနကျပါသည်။ ဥပဒေကောင်းများ မည်မျှပေါ်ပေါက်စေကာမူ တိုင်းပြည်တွင် ဥပဒေမစိုးမိုးက ဆင်းရဲသည့်ပြည်သူများ ဆင်းရဲမြဲ ဆင်းရဲ နေပါမည်ဘုရား။ထို့ကြောင့် တပည့်တော်များသည် ပထမ-ဥပဒေစိုးမိုးရေးကို တောင်းဆိုရပါမည်ဘုရား။ ဒုတိယ- နောက်ထပ်တရားမ၀င်လူများတိုးမလာနိုင်အောင်တောင်းဆိုရပါမည်။ အချုပ်အားဖြင့် လျှောက်ထားရသော် တပည့်တော်တို့
မဘသအဖွဲ့သည် မြန်မာပြည်ဖွား နိုင်ငံသားအားလုံး ညီညီညွတ်ညွတ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကိုသာ ဦးစားပေးရည်မှန်းချက် ပန်းတိုင်ထား ကြပါစို့ဟု လျှောက်ထားအပ်ပါသည်ဘုရား
ဒါတွေဟာ မန္တလေးမြို့၊ရန်ကင်းတောင်ခြေ ဥယျာဉ်ပရိယတ္တိစာသင်တိုက်မှ ဆရာတော်ဦးဇောတိကရဲ့ လျှောက် ထားချက်များဖြစ်တယ်သူငယ်ချင်း။ ဒီအကြံပြုချက်တွေအားလုံးကို မဘသ အဖွဲ့ကြီးက
လက်ခံဆွေးနွေးပြီးတော့ ဆရာတော်တင်ပြသည့်လမ်းစဉ်အတိုင်း လျှောက်လမ်းကြမယ်ဆိုရင် သူငယ်ချင်းဘယ်လိုသဘောရသလဲဟု စာရေးသူကိုအရှင်နာဂသေနကမေးပါတယ်။စာရေးသူက ဒီအချက်တွေအားလုံး
တကယ် ကောင်းမွန်တဲ့အချက်တွေပဲ သူငယ်ချင်း။ဒီအချက်တွေကိုသာ တကယ်လိုက်နာကျင့်သုံးမယ်ဆိုရင် သံဃာတော် တွေ တော်တော်များများ ပူးပေါင်းပါဝင်လာကြမှာပဲသူငယ်ချင်း။ ဒါနဲ့သူငယ်ချင်း
ဆရာတော်အကြံပြုတင်ပြတဲ့ အချက်တွေကို မဘသ အဖွဲ့က ပြန်လည်ပြီး ဆွေးနွေးတာ ကျင့်သုံးတာတွေလုပ်ကြသလား၊ ပြီးတော့ မဘသ အဖွဲ့က ထုတ်နေတဲ့ အတုမရှိ၊ အောင်ဇေယျတု၊သာကီသွေး
ဂျာနယ်တွေမှာ ပြန်လည်ဖေါ်ပြတာလုပ်ကြသလား အရှင်ဘုရားလို့ ပြန်မေးတော့ အရှင်နာဂသေနက “တပည့်တော် လိုက်ကြည့်တယ်ဘုရား တနေရာရာမှာတော့ ဖေါ်ပြမယ်ထင်နေတာ
တစ်နေရာမှာမှမတွေ့သေးဘူးဘုရား”။တွေ့မိတာကတော့ အရှင်ဘုရားတို့ ထုတ်တဲ့ ၀ိဘဇ္ဖပဲ့တင်သံစာအုပ်ထဲမှာ ရေးကြတဲ့သံဃာတော်တွေကိုတော့ အဝေးကနေခွေးလိုလှမ်းဟောင်မနေနဲ့
၊ခွေးဟောင်တိုင်းထမကြည့်နိုင်ဘူး စသည့်ဖြင့် ခွေးနဲ့နှိုင်းတာ တိရစ္ဆာန်တွေနဲ့နှိုင်းပြီးစော်ကားတာတွေကို တွေ့ နေရတယ်ဘုရားလို့ စိတ်မကောင်းစွာနဲ့ လျှောက်ပြနေပါတယ်။
သူငယ်ချင်းက ဆက်ပြောပြတာက ဒါကြောင့်ထင်ပါတယ်သူငယ်ချင်းရာ မဘသ ထဲကို ပထမက သံဃာတော်တွေ တော်တော် များများဝင်ကြတယ်။ သူတို့ရဲ့ကောင်းမွန်တဲ့ အကြံဥာဏ်တွေကို တင်ပြကြ
ဆွေးနွေးကြတယ်။ဒါပေမဲ့ သူတို့က လက်မခံပဲ ဦးဝီရသူတို့လိုမြတ်စွာဘုရားရှင်ရဲ့လမ်းစဉ်နဲ့မညီတဲ့ ဆဲရေးတိုင်းထွာ ၀စီဒုစရိုက် တွေကျူး လွန်တာ သူတစ်ပါးကို ပုတ်ခတ်ပြောဆိုချောက်တွန်းတာ၊ပြီးတော့
ဒီလောက် ပြည်သူပြည်သားတွေ ရဟန်းသံဃာတော်တွေကို ယနေ့ထိအောင်ခေတ်အဆက်ဆက် ရက်ရက်စက်စက်နှိပ်စက်သတ်ဖြတ်ကာညှင်းပန်း ခဲ့တဲ့ အစိုးရကိုပဲ ဆက်ပြီးအုပ်ချုပ်စေချင်တယ်ဆိုပြီးပြောတာ
စသည့်သူတို့သွားချင်တဲ့ လမ်းကို သာဇွတ် မှိတ်ပြီး သွားကြတာဆိုတော့ တချို့လဲ အားမလိုအားမရနဲ့ စိတ်မကောင်းဖြစ်ကြပြီးတော့ ပြန်ထွက်သွားကြတာကို သူငယ်ချင်းလည်းတွေ့ မိမှာပေါ့လို့
စိတ်မကောင်းစွာနဲ့ဆွေးနွေးပြခဲ့ပါတယ်။
သူငယ်ချင်းဖြစ်သူ အရှင်နာဂသေ မဘသ အကြောင်းအရာများနှင့်ပက်သတ်ပြီးတော့ ဆွေးနွေးပြတာသည် တကယ်သူချစ်မြတ်နိုးသော သံဃာတော်တွေကို လမ်းမှားမေ၇ာက်စေချင်သည့်အတွက်
အကြောင်းအကျိုး အကောင်းအဆိုးတွေကို သူလေ့လာတွေ့ရှိခဲ့သည်အတို်င်း ခွဲခြားစိတ်ဖြာ၍
 ဆွေးနွေးပြနေခြင်းသာဖြစ်ပါကြောင်းကို သူငယ်ချင်းဖြစ်သူ အရှင်နာဂသေနကိုယ်စား
ပြန်လည်တင်ပြဆွေးနွေးပြလိုက်ပါတယ်။မိတ်ဆွေများအားလုံး လမ်းမှန်လမ်းမှာ ခွဲခြားစိတ်ဖြာနိုင်သော
ဥာဏ်ပညာနှင့်ပြည့်စုံ၍ အမှန်တရားလမ်းပေါ်လျှောက်လှမ်း နိုင်ကြ
ပါစေဟုဆုမွန် ကောင်းတောင်းရင်း…………………………….


မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment