အောင်ဆန်းစုကြည် Aungsan Sukyi - ကြောက့်ရွံခြင်းမှလွတ်ကင်းရေး Freedom from Fear
Sunday, February 28, 2010
Thursday, February 25, 2010
ပြိုင်ပွဲ
ပြိုင်ပွဲ
အမှည့် . . . ကြွေ
. . . ခြွေခြင်း။
အချိန်တန်လို့ ကြွေ
အချိန် မတန်ဘဲ ခြွေ
စသည်ဖြင့် နိဒါန်းပျိုးလိုက်၍ “ပြိုင်ပွဲ” ဟူသောခေါင်းစည်းနှင့် လားလားမှ မဆိုင်ဟု ဆိုပါလိမ့်မည်။
အမှည့်ကြွေ ။ ။ လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းကုန် ဆီလည်းခမ်း ဖြစ်ခြင်းပျက်ခြင်း တို့သည် သဘာဝတရားပင်ဖြစ်တော့သည်။
အမှည့်ခြွေ ။ ။ လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းမကုန်၊ ဆီလည်း မခမ်းဘဲနှင့် ဖြစ်ခြင်း၊ ဖျက်ခြင်း တို့သည် သဘာဝတရားကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။
ကြွေချိန်မတန်ဘဲနှင့် ကြွေ
အမှည့်မလွန်ဘဲနှင့် အခြွေခံရခြင်းပင် ဖြစ်တော့သည်။
မှည့်၍ကြွေသော “အမှည့်ကြွေ” ကို မပြောလိုပါ။
ယင်းသည် တရားသဘောတရားနှင့်အညီ ဖြစ်ခြင်းပျက်ခြင်းပင် ဖြစ်တော့သည်။
မမှည့်ဘဲနှင့် အခြွေခံရသော . . . အမှည့်မလွန်သေးဘဲနှင့် အခြွေခံရသော “အမှည့်ခြွေ” ကိစ္စကိုသာ တွေးတောမိတော့သည်။
အခြွေခံချင်၍ ခြွေခြင်းခံရသည်လား . . . . . ?
အခြွေမခံချင်ဘဲနှင့် ခြွေခြင်းကို ခံရသည်လား . . . . . ?
ခြွေသင့်ခြွေထိုက်၍ ခြွေခြင်းကို ခံရသည်လား . . . . . ?
မခြွေသင့်မခြွေထိုက်ဘဲနှင့် ခြွေခြင်းကို ခံရသည်လား . . . . . ?
ဤတွင် . . . . . မခြွေသင့် မခြွေထိုက်ဘဲနှင့် အခြွေခံရသူတို့ ကိုယ်စား ကျွန်တော် ပြောပါတော့မည်။ ကမ္ဘာမြေပြင်ကို ရောက်ရှိပြီး ဘဝဘဝတွေ လှော်ခတ်ကြရာဝယ် . . . . . မိမိအတ္တအတွက် လှုပ်ရှားကြသော . . . . . အတ္တဟိတ။ အများအတွက် လှုပ်ရှားကြသော . . . ပရဟိတ စသည်ဖြင့် (နှစ်) မျိုးခွဲထုတ်နိုင်တော့သည်။
အတ္တဟိတ . . . အများအတွက် တစ်ချက်ကလေးမှ လှည့်မကြည့်သော အတ္တလူသား ။ မိမိကောင်းကျိုးတစ်ခုတည်းကိုသာ ရည်ရွယ်လှုပ်ရှား ရုန်းကန်နေသော လောဘလူသား ။ မိမိသည်သာ မိမိ၏ ကိုးကွယ်ရာဖြစ်သည်ဟူသော ဗုဒ္ဓ၏ဆုံးမသြဝါဒကို တလွဲဆံပင်ကောင်း၍ မိမိအတွက်မှ လွဲ၍ ကျန်လူများကို ရန်လုပ်၊ ဂုံးချော၊ မြှောက်ထိုးပင့်ကော်လုပ်သော ဒေါသလူသား။ မိမိအကျိုးရှိမည့် အလုပ်၊ မိမိစီးပွားဖြစ်မည့် လုပ်ရပ်များကိုသာ မည်သူ့ကိုမျှ မငဲ့ဘဲ အရိုးကြေကြေ၊ အရည်ခမ်းခမ်း လှုပ်ရှားနေသော မောဟလူသား။
ထို . . . ထိုသော အတ္တသမား၊ အတ္တလူသားများသည် မှည့်ရုံတင်မက ပုတ်ချင်ပုတ်ပါလေ့စေတော့ . . . ဥပက္ခာပြုသင့်သည် မဟုတ်ပါလား။ ယင်းတို့သည် . . . ဆန်ကုန်မြေလေး ပင်ဖြစ်တော့သည်။ ထိုသူ . . . ထိုလူသားတို့ ကြွေလွင့်သွားခြင်း၊ အခြွေခံရခြင်းအတွက် ပူဆွေးဝမ်းနည်းစရာ မလိုပေ။
မိမိတို့၏ မျက်ရည်များကိုပင် အားနာစရာဖြစ်တော့သည်။
ပရဟိတ ။ ။ အများအတွက် . . . ဘဝဘဝတွေကို လှော်ခတ်ရုန်းကန်နေသော ပရဟိတလူသား။
ပြည်သူအတွက် . . . ဘဝဘဝတွေကို နှစ်မြုပ်ရုန်းကန်နေသော ပရဟိတလူသား။
တိုင်းပြည်အတွက် . . . ဘဝဘဝတွေကို အဆုံးခံ၍ ကြံ့ကြံ့ခိုင်နေသော ပရဟိတလူသား။
ကမ္ဘာကြီးအတွက် . . . ဘဝဘဝတွေကို ပေးဆက်၍ ရဲရင့်ပြတ်သားစွာ ရင်စည်းခံ၍ စွန့်လွှတ်အနစ်နာခံနေသော ပရဟိတလူသား . . . စသည်ဖြင့် နည်းလမ်းပေါင်းစုံနှင့် အများအတွက် အဖက်ဖက်မှ ပေးဆပ်နေသော ပရဟိတလူသားများ . . . များစွာရှိနေဆဲ . . . ရှိနေဦးမည် ဖြစ်သည်။
ထို . . . ထိုသော . . . ပရဟိတစစ်စစ်လူသားများသည် စွန့်လွှတ်ခြင်းများစွာ၊ ပေးဆပ်ခြင်းများစွာတို့ဖြင့် လုပ်ဆောင်ပေးနေသော လူသားများ (အဖြူထည်လူသားများ) ဖြစ်သည့်အတွက် “မကူညီချင်နေပါ၊ မနှောက်ယှက်ပါနှင့်” ဟူသော စကားနှင့်အညီ အဖြူထည်ကို အရောင်မဆိုးမိရန် အညစ်အထေးမပေရန်၊ အပွန်းအပဲ့ အထိအခိုက်မဖြစ်ရန် အထူးအရေးကြီးလှသည်။
မမှည့်ခင် . . . မကြွေစေလိုပါ။
မမှည့်ခင် . . . အခြွေမခံလိုပါ။
မှည့်သော်ငြားလည်း . . . အခြွမခံလိုပါ။
သဘာဝအရ . . . မှည့်ပြီးမှကြွေ
ကြွေလျှင်မှည့်လို့သာ ဖြစ်သင့်သည်။
မနာလို ဝန်တိုစိတ်မွေးခြင်း၊ မစ္ဆိယစိတ်ပွားများခြင်း၊ အပျက်သဘောဆောင်ခြင်း၊ ဂုံးချောခြင်း၊ သပ်ရှိုခြင်း၊ သိမ်းသွင်းခြင်း၊ မှိုင်းတိုက်ခြင်း၊ ခုတုံးလုပ်ခြင်း၊ အငြိုးအတေးကြီးခြင်း စသည့်ဓမ္မလမ်းကြောင်းကို ဖီဆန်၍ ဘုရားမကြိုက်သော လူမဖြစ်ရန် သတိရှိဖို့ သတိထားဖို့၊ အထူးလိုအပ်နေပြီ ဖြစ်သည်။ ဆုတ်ကပ်အချိန်ကာလကြီးသို့ ရောက်ရှိနေသောကြောင့် အဓမ္မဝါဒီကို ရှောင်ကြရန် ထပ်ခါ ထပ်ခါ သတိပေးခြင်းသာဖြစ်သည်။
မိမိကိုယ်ကိုလည်း ထပ်ခါထပ်ခါ ဆင်ခြင်ပွားများနေရဆဲပင် ဖြစ်သည်။ ကိုယ်ပြုသောကံ . . . ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဖြစ်သည်။ ပရဟိတလူသားများ အနေနှင့်လည်း အတ္တဟိတလူသားများ၏ ထောင်ချောက်ထဲ၊ သတ်ကွင်းထဲ မဝင်မိဖို့ အထူးသတိထားရမည်။ အတ္တဟိတ သမားများအနေနှင့်လည်း မိမိ၏အတ္တကိစ္စရပ်ကိုသာ စိတ်ထက်သန်ပါက ကိုယ့်လမ်းကြောင်း ကိုယ်လျှောက်ရုံပင် ဖြစ်သည်။
သို့သော် . . . ပရဟိတသမားများ၏ ပေးဆပ်မှုလမ်းကြောင်းများကို ဖျက်ဆီးခြင်း၊ ဟန့်တားခြင်း၊ နှောက်ယှက်ခြင်း စသည့် အဓမ္မဝါဒီလမ်းစဉ်ကို မလုပ်သင့်ပေ။
မိမိတို့၏ သမိုင်းကြောင်းလှပအောင် မိမိတို့၏ လုပ်ရပ်များကသာ ဖော်ကျူးပေးမည်ဖြစ်သည်။
ငှက်တစ်သောင်း . . . တစ်သိန်း . . . တစ်သန်း စသည်ဖြင့် နားနေနိုင်သော ပရဟိသစ်ပင်ကြီးမှ အကိုင်း၊ အခက်၊ အသီးတို့ကို ဘာကြောင့်များ ခုတ်ထွင်၊ ရှင်းလင်း၊ ဆွတ်ခူးချင်ပါသနည်း . . . ?
မိမိတို့ကိုယ်တိုင် ဖြူစင်သန့်ရှင်းသော သီလနှင့်နေထိုင်သွားမည်ဆိုပါက မိမိတို့တွင်လည်း ငှက်တစ်သိန်း၊ တစ်သန်းမက ငှက်ပေါင်းကုဋေ နားနေနိုင်မည့်၊ လူ့လောကကြီးကို အလှဆင်နိုင်မည့် လူသားအားလုံး အားကိုးရာ မြတ်နိုးရာ . . . အထွဋ်အထိပ်နေရာ တစ်နေရာသို့ ရောက်ရှိမည် ဖြစ်တော့သည်။
ဒါကြောင့် . . . ပြိုင်ကြပါ
ကိုယ်ကျင့်တရား . . . ပြိုင်ကြပါ
သီလလုံခြုံရေး . . . ပြိုင်ကြပါ
အကြင်နာရှိရေး . . . ပြိုင်ကြပါ
မေတ္တာထားရေး . . . ပြိုင်ကြပါ
ကရုဏာထားရေး . . . ပြိုင်ကြပါ
မုဒိတာထားရေး . . . ပြိုင်ကြပါ
သစ္စာတရား . . . ပြိုင်ကြပါ
ဒီပြိုင်ပွဲဟာ . . . ဓမ္မပြိုင်ပွဲ . . .
အရှုံးမရှိ။ ပြိုင်ပြီဆိုကတည်းက နိုင်နေပြီဖြစ်သည်။
သို့တည်းမဟုတ် . . .
တရားမဲ့ရေး . . . ပြိုင်မလား။
အာဃာတထားရေး . . . ပြိုင်မလား။
မစ္ဆိယစိတ်ထားရေး . . . ပြိုင်မလား။
ယုတ်မာရက်စက်ရေး . . . ပြိုင်မလား။
ထိုပြိုင်ပွဲသည်ကား . . . အဓမ္မဝါဒီပြိုင်ပွဲပင် ဖြစ်တော့သည်။
ပြိုင်ပြီဆိုကတည်းက ရှုံးနေပြီဖြစ်သည်။
ဒါတွေကြောင့် . . . ဓမ္မဝါဒီ ပရဟိတလူသားများ အချိန်မတန်ဘဲနှင့် ကြွေလွင့်သွားမှုသည် လူသားတိုင်းအတွက် အကြီးကျယ်ဆုံးသော ဆုံးရှုံးမှု၊ နစ်နာမှုပင် ဖြစ်သည်။ အဓမ္မဝါဒီ အတ္တလူသားများ အချိန်အတန်၍ဖြစ်စေ၊ အချိန်မတန်ဘဲနှင့် ဖြစ်စေ လွင့်စင်သွားမှုသည်ကား ဖြစ်ပျက်သဘောသာ ဆောင်တော့သည်ဟု မှတ်ယူလိုက်တော့သည်။
သူတို့အတွက် . . . ကမ္ဘာမြေကြီးကတောင် ကျေးဇူးတင်မည် ဖြစ်သည်။ “အဓိပ္ပာယ်မဲ့သော လူတစ်ယောက်ကို ထမ်းပိုးထားရသည့် ဝဋ်ကြွေးမှ လွတ်ပြီ” ဟုပင် သတ်မှတ်ပေလိမ့်မည်။ ထို ထိုသော အကြောင်းအချက်များကို သုံးသပ်လိုက်သော် . . . မိမိရေးခဲ့သော (ဟိတ်!) ကို ပြန်မြင်ယောင်မိတော့သည်။
ဟိတ်!
ကိုယ့်လမ်း . . . ကိုယ်သွား
ကိုယ့်အလုပ် . . . ကိုယ်လုပ်
ကိုယ့်တာဝန် . . . ကိုယ်ကြေ
ကိုယ့်သီလ . . . ကိုယ်လုံ
ကိုယ့်သမိုင်း . . . ကိုယ်ရေး
ဒါပဲ . . . ကျော်သူ
မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ သောကကင်းဝေး ငြိမ်းချမ်းသာယာရေးကို ရှေ့ရှုလျက် . . . ဓမ္မပြိုင်ပွဲ ဆင်နွှဲကြရန် . . . ဦးတည်လျှက် . . .
အချိန်မတန်ဘဲ အခြွေခံခဲ့ရသော သက်ရှိထင်ရှား ပရဟိတ သူရဲကောင်း လူစွမ်းကောင်း အာဇာနည်ပုဂ္ဂိုလ်များအား အစဉ်လေးစားဦးညွတ်လျက် . . . ။
ကျော်သူ
Saturday, February 13, 2010
Thursday, February 11, 2010
ခေါင်းဆောင်ကောင်းတို.ဆိုသည်မှာ
ခေါင်းဆောင်ဆိုသည်မှာ ကျွန်တော်တို. လူ.အဖွဲ.အစည်းတွင် အလွန်အရေးကြီးသော ။ အဓိက ကျသော အကြောင်းအရာ တစ်ခုဖြစ်သည်။ မိသားစု လုပ်ငန်းသေးသေးလေးမှစပီး စီးပွားရေးလုပ်ငန်း ကြီးများ ၊နောက်ဆုံး တစ်မျိုးသားလုံး ၊ တကမ္ဘာလုံးအတွက်အရေးပါသော နှိင်ငံ အုပ်ချူပ်ရေးများ အထီပင် ဖြစ်သည်။ လူတိုင်းသည် မွေးလာ ကတည်းးက ခေါင်းဆောင် ဖြစ်လာလိမ်. မည်ဟု သိနေကြခြင်းမဟုတ်ပါ။ အချိန်တန် အရွယ်ရောက်လာ သော အခါမှ သူ၏ ကြီုးစား အားထုတ်မှု ၊ သူ၏ ဥာဏ်စွမ်း ၊ သူ၏ ခံယူချက်များ ၊ သူ၏ ပင်ကို ဗီဇ တို.ပေါ်တွင် မှူတည်ပီးလူုအများ၏ အားကိုးယုံကြည်ခြင်းကို ရခြင်းဖြစ်သည်။
လူတိုင်းတွင် သူတို.နှင်. ထိုက်တန်သော အရည်အချင်းများ ရှိသောလည်း ခေါင်းဆောင်ကောင်း တစ်ယောက်၏ အရည်အချင်း နှင်. ပြည်. စုံသူမှာ အလွန် ရှားပါးပါသည်။ မိသားစု တစ်စုတွင် လူ ၁၀ ယောက်ရှိသော်လည် မီသားစုကိုခေါင်းဆောင်နှိင်သူမှာ ၁ ယောက် ၂ ယောက်သာ ပါနှိင်သည်။ ထို. အတူ စီးပွားရေးလုပ်ငန်း တစ်ခုတွင် အလုပ်သမား ၁၀၀ ရှိသော်လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ရရန်မှာ မလွယ်ကူပါ။ ထို.ထက်ပိုပီး နှီုင်ငံ တစ်နှီင်ငံတွင် တစ်မျိုးသားလုံးကို ခေါင်းဆောင်နှိင်သော ခေါင်းဆောင်ကောင်းမှာ ပို.ပီး ရှားပါးပါသေးသည်။ ခေါင်းဆောင်ကောင်း တို. ဆိုသည်မှာလဲ ငယ်ရာကနေ ကြီးလာသူများ ဖြစ်သောကြောင်. ကျွန်တော်တို.လို လူငယ်များကို ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည်အချင်းများကို တင်ပြလိုပေးပါသည်။
အဓိကအားဖြင်. ခေါင်းဆောင်မှု နှစ်မျိုးရှိ.ပါသည်။
( ၁ ) ဥဒ္ဒိသ သဘော ခေါင်းဆောင်မှူ
လူတစ်ဦး၏ ထူးခြားသော အရည်အသွေးကြောင်. ပတ်ဝန်း ကျင်က စံတင်ကာ အရေးထား လေးစားပီး ခေါင်းဆောင်မှု နေရာထား ခြင်း။ ဥပမာ ။ ။ ဒီမို ကရေစီ နှိင်ငံများမှ သမ္မတ၊ ၀န်ကြီး ချူပ်နှင်. စီးပွားရေး လုပ်ငန်းများမှ ခေါင်းဆောင်များ
(၂ ) လုပ်ငန်းသဘော ခေါင်းဆောင်မှူ
အဖွဲ.အစည်း၏ လုပ်ငန်းသဘော အရ အဖွဲ.အစည်းကို စီနေရာ အလိုက် တာဝန်ယူ အုပ်ချူပ်ရသော ခေါင်းဆောင်များ။ ဥပမာ ။ ။ စစ်တပ် ၊ အစိုးရ ၀န်ထမ်းများ ။
ခေါင်းဆောင်မှူပေးနည်း ( ၃ )မျိုးရှိပါသည်။
- ကိုယ်တိုင်လက်တွေ. ခေါင်းဆောင်မှူပေးနည်း
- နည်းစနစ် အရ ခေါင်းဆောင်မှူပေးနည်း
- ရင်းရင်းနှီးနှီးခေါင်းဆောင်မှူပေးနည်းတို. ဖြစ်ပါသည်။
ပထမ ဦးစွာ ခေါင်းဆောင်ကောင်းတို. ၏ အရည်အသွေးကို ဖော်ပြပါ.မည်။ ၄င်းတို.မှာ-
( ၁) သတ္တိဗျတ္တိ
( ၂) ကြီုးစားမှူ
( ၃) လုပ်ငန်းဆိုင်ရာ အတတ်ပညာ
( ၄) ကိုယ်ဟန် အမှူအရာကောင်းခြင်း
( ၅) ကိုကျိုးမဖက်ခြင်း
( ၆) အများက ယုံကြည်ခြင်း
( ရ) သစ္စာ ရှိခြင်း
( ၈) ထထကြွကြွ ရှီခြင်း
( ၉) စိတ်အားထက်သန်ခြင်း
(၁၀) သနားကြင်နာတတ်ခြင်း
(၁၁) သီးခံတတ်ခြင်း
(၁၂) ဆင်ခြင်တုံတရားရှိခြင်း
(၁၃) ဆက်ဆံရေးပြေပြစ်ခြင်း
(၁၄) အလိုက်သိတတ်ခြင်း
(၁၅) အကျင်.သီလ သမာဓီ သက္ခာနှင်.ပြည်. စုံခြင်း
(၁၆) ပြတ်သားစွာ ဆုံးဖြတ်တတ်ခြင်း
(၁၇) စိတ်သဘောထား နှူးညံ သိမ်မွေ.ခြင်း
(၁၉) တရားမျှတမှူရှိခြင်း
(၂၀) ဟာသ ဥာဏ်နှင်. ပြည်.စုံခြင်း တို. ဖြစ်သည်။
ကဲ အဒီအချက် (၂၀) ထဲ က သင်နှင်. ဘယ်နှစ်ချက် ကိုက်ညီပါသလဲ။အကုန်လုံး နှင်.ကိုက်ညီရင်တော. သင်ဟာခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မှာ အမှန်ပင်ဖြစ်ပါသည်။ မပြည်. စုံသေး လျှင်လဲ ပြည်.စုံအောင်ကြီူးစားကြတာပေါ.။
ခေါင်းဆောင်မှူပေးရာတွင်လည်း နည်းဗျူဟာ အမျိုးမျိုး ရှိပါသည်။
၎င်းတို.မှာ- ခေါင်းဆောင်မှူ ဂုဏ်ကို မြင်. တင်ပေးခြင်း
- သတင်းများ ဖြန်.ချီ လှူံဆော်ပေးခြင်း
- အကျိုးကြောင်းပြ ပီး ခေါင်းဆောင်မှူပေးခြင်း
- အမိန်.ပေးရ်ျ ခေါင်းဆောင်မှူပေးခြင်း
- ဂုဏ်ပြူ ချီးကျူး သော်နည်းဖြင်.ခေါင်းဆောင်မှူပေးခြင်း
- ပြစ်တင်ဆုံးမရ်ျ ခေါင်းဆောင်မှူပေးခြင်း
- အမှူအရာ အရ ခေါင်းဆောင်မှူပေးခြင်း
- နှီးနှော် တိုင်ပင်ရ်ျ ခေါင်းဆောင်မှူပေးခြင်း
- အဖွဲ.စိတ်ဓါတ် သွတ်သွင်.ရ်ျခေါင်းဆောင်မှူပေးခြင်း တို. ဖြစ်သည်။
ခေါင်းဆောင် ဖြစ်လာပီးဆိုတာနဲ. မီမီနှင်. ပတ်သတ်သော လိုက်နာရမည်. အရေးကြီးသော အချက်များကို သထားသင်.ပေသည်။ ၄င်းတို.မှာ -
- မီမီအလုပ်ကို သေချာစွာ နားလည်ထားရေး
- စံပြ ခေါင်းဆောင်တစ်ဦးဖြစ်ရေး
- မီမီအကြောင်းကို မီမီကောင်း စွာသိရေး
- တိကျ ပြတ်သားစွာ ညွန်.ကြားတတ်ရေး
- မှန်ကန်သော ဆုံးဖြတ်ချက်များကို အချိန်မှီပေးနှိင်ရေး နှင်.
- တာဝန်ယူတတ်ရေးတို. ဖြစ်သည်။
မီမီနှင်. ပတ်သတ်သော အရေးကြီးသော အချက်များကို သိပြီးလျှင် မီမီ ငယ်သားများကို မည်သို. ကိုင်တွယ်ရမည်ကိုလည်း သိထားသင်. ပေသည်။ ၄င်းတို.မှာ-
-ငယ်သားများ၏ အစွမ်းအစကို အသုံးချရေး
- ။ စရိုက်ကို နားလည်ရေး
-ငယ်သားများအား လုပ်ငန်း ကိစ္စများကို အသိပေးရေး
- ။ အဖွဲ.စိတ်ဓါတ် သွတ်သွင်းပေးရး
- ။ လုပ်ငန်းအပေါ် စေတနာ ထားစေရေး
- ။ တာဝန်ယူတတ်စေရး တို.ဖြစ်သည်။
ဖော်ပြပါ အထက်ပါ အချက်များသည် ခေါင်းဆောင်တစ်ယောက်ဖြစ်ရန်လိုအပ်သော အရည်အချင်းများ ၊ ဗျူဟာများ နှင်. မီမီ ကိုယ်ကို နှင်. ငယ်သားများအား မည်.သို. ကိုင်တွယ်ရမည်ဟူသော အခြေခံ အချက်များဖြစ်သည်။
ခေါင်းဆောင်တစ်ယောက်ဖြစ်ရန် ဆောင်ရန် အချက်များအပြင် ရှောင်ရန် အချက်များလည်း ရှိသေးသည်။ ၄င်းတို.ကို ခေါင်းဆောင်ကျနည်း ဟုလည်း ခေါ်နှီင်သည်။ ထို အချက်များမှာ-
( ၁) မိမိ အလုပ်ကိုနားမလည်ခြင်း
( ၂) အလုပ်တွင် စိတ်မ၀င်စားခြင်း
( ၃) တာဝန် ရှောင်တတ်ခြင်း
( ၄) ရှေ.နောက်မညီညွတ်ခြင်း
( ၅) အပြောနှင်. အလုပ်မညီ ခြင်း
( ၆) အဂတိတရားလိုက်စားခြင်း
( ၇) မောက်မာခြင်း
( ၈) သည်းခံမှူမရှိခြင်း
( ၉) ကိုယ်ကို ကို အထင်ကြီးတတ်ခြင်းတို. ဖြစ်သည်။
(၁၀)စိတ်တိုခြင်း၊ ထောင်.မကျိုးခြင်း
ထို. အပြင် ငယ်သားများနှင်. ဆက်ဆံရာတွင်လည်း
(၁၁) စည်းကမ်း ထိမ်းသိမ်းမှူလျှော.ရဲခြင်း
(၁၂) ငယ်သားများ၏ အရေးစိတ်မ၀င်စားခြင်း
(၁၃) ငယ်သားများအား ညှာတာမှူကင်းမဲ.ခြင်း
(၁၄) ငယ်သားများ၏ လုပ်အားကို မတားရား ရယူခြင်း
(၁၅) ငယ်သားများ၏ အမှားကို ချောင်းဖမ်းတတ်ခြင်း
(၁၆) ငယ်သားများနှင်. ရင်းနှိးလွန်းခြင်း
(၁၇) ငယ်သားများ၏ ယုံကြည်မှူကို မရ ရှိခြင်း
(၁၈) ငယ်သားများက မကြီူက်ခြင်း
(၁၉) ငယ်သားမျာကို ကောင်းစွာ မသင်ကြားတတ်ခြင်း
(၂၀) ငယ်သားများကို အပြစ်အမြဲ ရှာရ်ျ မည်တွန်တောက်တီးတတ်ခြင်း တို.ဖြစ်သည်။
အထက်ပါ အချက်များသည် စီးပွားရေးလုပ်ငန်းများ ၊ အရာရှိများ နှင်. အဖွဲ. အစည်း အသီးသီးတွင်.ရှိသော ခေါင်းဆောင်များ ၊ ခေါင်းဆောင်ဖြစ်လိုသော သူများ လိုက်နာသင်.သော ဆောင်ရန် ရှောင်ရန် အချက်များပင် ဖြစ်သည်။
ထို. အပြင် နှိင်ငံတစ်နှိင်ငံတွင် အရေးကြီးဆုံးဖြစ်သော နှိင်ငံ ခေါင်ဆောင်များလိုက်နာသင်.သော အခြေခံ အချက်များကို လည်း တပါတည်း ဖော်ပြပေးပါ.မည်။
နှိင်.ငံ ခေါင်းဆောင်မှူ (၄) မျိုးရှို.ပါသည်။ ၄င်း တို.မှာ - အာဏာရှင်စနစ်
- မျက်နှာလွဲ စနစ်
- ဗျူရိုကရေစီ
- ဒီမီုကရစီ တို. ဖြစ်ပါသည်။
နှိင်ငံ ခေါင်းဆောင် တစ်ယောက်တွင် အခြေခံအားဖြင်.
- မျိုးချစ်စိတ်ဓါတ် ရှိရမည်
- ရိုးသားဖြောင်.မှန်ရမည်
- မတရားမှူကို လုံးဝမလိုလားသူ ဖြစ်ရမည်
- စုပေါင်း လုပ်ကိုင်လို စိတ်ရှိရမည်
- မီမိ အတွက် အနစ်နာ ခံကာ အများအကျိုး အတွက်ဆောင်ရွက်နှိင်ရမည် တို.ဖြစ်ပါသည်။
နှီ်င်ငံ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ရန် လိုအပ်သော အရည်အချင်းများမှာ -
( ၁) မီမိ အင်္ဖဲ. အစည်း၏ ရည်မှန်းချက်ကို သိရှိနားလည်ရေး
( ၂) အခြေခံ အရည်အချင်းများ ပြည်.၀စေရေး
( ၃) အဖွဲ. အစည်း ဆိုင်ရာ ဗဟုသုတ လေ.လာတိုးပွားစေရေး
( ၄) အဖွဲ. ၏ စည်းကမ်း ရိုသေရေး
( ၅) လောကဓံ တရားကို သတ္တိရှိရှိ ခံနှိင်စေရေး
( ၆) လူကောင်းလူတော် ဖြစ်စေရေး
( ၇) အကျင်.သိက္ခာစောင်. ထိမ်းရေး
( ၈) ပြည်သူတို.နှင်. အမြဲတစေ ချဉ်းကပ်နေရေး
( ၉) ခေါင်းဆောင်ဆိုး ခေါင်းဆောင်ညံ မဖြစ်စေရေး
(၁၀) အမြင်မှန်ကို ယထာဘူတကျကျ မြင်တတ်ရေးတို. ဖြစ်ပါသည်။
နှိင်.ငံခေါင်းဆောင်များသည် အခြားသော ခေါင်းဆောင်များထက် ပိုရ်ျ တာဝန်ကြီးလွန်းပြီး ပိုရ်ျ အရည်အချင်းပြည်.၀ရန် လိုအပ်ပေသည်။
အထက်ဖော်ပြပါ ခေါင်ဆောင်ကောင်းတို. ၏ အရည်အချင်းများတွင်မီမိသည် ဘာတွေလိုအပ်ရ်ျ ဘာတွေပြည်.စုံနေသည်ကို ဝေဖန်ဆန်းစစ်သင်.ပေသည်။ အာလုံးမပြည်. စုံလျှင်တောင်မှ တတ်နှိင်သလောက် ပြည်.စုံအောင် ကြိုးစားသင်.ပါတယ်။
ဒါမှသာ ကျွန်တော်တို.တိုင်းပြည် အတွက် ဘက်စုံထောင်.စုံမှ တော်သော် ထက်မြတ်သော ခေါင်းဆောင်ကောင်းများပေါ်ထွက် လာ ပါလိမ်.မည်.။ ပေါ်ထွက်လာပါစေလို.လဲ ဆန္နပြူလိုက်ပါတယ် ခင်ဗျာ။ ။
( မှတ်ချက် ။ ။ ယခု စာလေးကို ဖေဖ၀ါရီ လ ၁၃ ရက်နေ.မှာ ကျရောက်မယ်. ကျွန်တော်တို. ရဲ . ကျေးဇူးရှင် ဖြစ်တဲ. ဗိုလ်ချူပ်အောင်ဆန်း၏ မွေးနေ. အား ဂါရ၀ ပြူရ်ျ သူငယ်ချင်းများ အလုံး အတွက် စေတနာ ရှေ.ထားရ်ျတင်ပြလိုက်ပါသည်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ ။ )
အောင်အောင်
Wednesday, February 3, 2010
လမ်းသူရဲခေါင်းဆောင် တစ်ယောက်အကြောင်း
သူတို့ အဖွဲ့ကို ဒီခေတ် ဒီအခါနဲ့ ခေါ်ရမယ်ဆိုရင် လမ်းသူရဲတွေလို့ ခေါ်ရမှာပါ။ အုပ်စုဖွဲ့ပြီး အပျော်အပါး လိုက်စားကြတယ်။ အုပ်စုဖွဲ့ပြီး စကြနောက်ကြတယ်။ အုပ်စုဖွဲ့ပြီး သွားလာနေထိုင်ကြတယ်။ ဒီတော့ ခေတ်အခေါ်နဲ့ ခေါ်ရမယ်ဆိုရင် သူတို့ အဖွဲ့ဟာ တကယ့် လမ်းသူရဲတွေပါပဲ။ အဲဒီအဖွဲ့ကို ခေါင်းဆောင်တဲ့သူက “ဂဝေသီ” တဲ့။ လမ်းသူရဲခေါင်းဆောင် “ဂဝေသီ” ရဲ့ အကြောင်းက ဒီလိုဗျ။
ဒီအဖြစ်အပျက်က ကျွန်တော်တို့ ဂေါတမဘုရားရှင်လက်ထက်က အဖြစ်အပျက်မဟုတ်ပါဘူး။ ဟိုး ကဿပဘုရားရှင် လက်ထက်က ဖြစ်တာပါ။ ဒီအဖြစ်အပျက်ကို ပြန်ဖော်ထုတ်ပေးခဲ့သူကတော့ ကျွန်တော်တို့ ယခုကိုးကွယ်နေတဲ့ ဂေါတမဘုရားရှင်ပါ။ ဘယ်လိုလဲဆိုတော့ တစ်နေ့မှာ ကောသလတိုင်းထဲမှာပဲ နောက်လိုက်သံဃာတွေနဲ့ ဒေသစာရီကြွချီရင်း အင်ကြင်းတောတစ်နေရာမှာ အနားယူတယ်။ အနားယူရင်း ဘုရားရှင်က ပြုံးတော်မူတယ်။ ဘုရားရှင်တို့ မည်သည် အကြောင်းမရှိဘဲ ပြုံးတော်မမူတဲ့အတွက် ဘာကြောင့်ပြုံးရပါသလဲလို့ အရှင်အာနန္ဒာက မေးလျှောက်ပါတယ်။
“ချစ်သား အာနန္ဒာ၊ တစ်ချိန်က ဒီနေရာမှာ အလွန့်အလွန်ကြီးမားပြီး စည်ကားသိုက်မြိုက်တဲ့ မြို့ကြီးတစ်မြို့ တည်ခဲ့ဖူးတယ်။ မြို့ကကြီးသလို လူတွေကလည်းစုံတယ်။ အဲဒီလူတွေထဲမှာ ဂဝေသီဆိုတဲ့ လူတစ်ယောက်လည်း ပါဝင်ခဲ့တယ်။ သူအဲဒီမြို့မှာ ဘယ်လိုနေထိုင်ခဲ့လည်းဆိုတော့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ နေထိုင်ခဲ့တယ်။ ဘယ်သူရဲ့ ခေါင်းဆောင်လည်းဆိုတော့ ကောင်းမှုကုသိုလ်မပြုတဲ့ အပျော်အပါးလိုက်စားတဲ့ ရွှတ်နောက်တဲ့ (ဥပမာ “…စားသောက်ဆိုင်” ဆိုတဲ့ ဆိုင်းဘုတ်ကို ဘုံအိမ်သာမှာ သွားရိုက်ကပ်ထားတာမျိုး စတဲ့ ပျော်ရွှင်မှု၊ နောက်ပြောင်မှုမျိုး) အဖွဲ့တစ်ဖွဲ့ရဲ့ ခေါင်းဆောင် အနေနဲ့ဖြစ်ပါတယ်။
ခေါင်းဆောင်ဆိုတော့ သူက အများထက် ခေါင်းတစ်လုံးသာရမယ်ပေါ့။ ဒါပေမယ့် သူကလည်း အားလုံးနဲ့ တန်းတူပဲ။ ခေါင်းဆောင်ဖြစ်လို့သာ ခေါင်းဆောင်ဖြစ်နေတာ သူ့မှာ တခြားသူထက် ပိုတဲ့ အရည်အချင်းတစ်ခုမှ သူ့မှာ မရှိဘူး။ ဒီတော့ သူစဉ်းစားရပါပြီ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါ ဘယ်လိုလုပ်သင့်သလဲ။ ငါ ဘယ်လိုနေထိုင်သင့်သလဲ။ စဉ်းစားတယ်။ အဖြေရတယ်။ အဖြေက “ငါ့အဖွဲ့ထဲမှာ တစ်ယောက်မှ သီလမရှိဘူး၊ ငါသီလဆောက်တည်လိုက်ရင် ငါသူတို့ထက်တော့ သီလရှိတယ်ဆိုတဲ့ ဂုဏ်လေးသာသွားပြီ” တဲ့။ ခေါင်းဆောင်ဆိုတော့ တစ်ခုခုလုပ်ရင် တပည့်တွေကို အသိပေးရတယ်။ ဒါနဲ့ သူ့အဖွဲ့သားတွေကို ခေါ်လိုက်တယ်။ အဖွဲ့သားစုံတော့ “ငါ ဒီနေ့ ဒီအချိန်က စပြီး ငါသီလဆောက်တည်တော့မယ်” လို့ ကြေငြာလိုက်တယ်။ “အစည်းအဝေးခေါ်ရခြင်းက ဒါပဲလား ခေါင်းဆောင်ကြီး” တဲ့။ မေးပြီလေ။ သူ့တပည့်တွေက နည်းနည်းနှောနှောမှ မဟုတ်ဘဲ။ ငါးရာကြီးများတောင် ရောက်လာတာ။ ရောက်လာတော့ ခေါင်းဆောင်ကြီး လုပ်တဲ့သူပြောတဲ့ စကားက ဒီတစ်ခွန်းတည်း။ “အေး ဒါပဲ” တဲ့။ ခေါင်းဆောင်ဖြစ်တဲ့ ဂဝေသီရဲ့ စကားကြောင့် အဖွဲ့သားတွေ ကိုယ်စီပြန်သွားကြတယ်။
နောက်တစ်နေ့ အဖွဲ့သားတွေ ဂဝေသီဆီရောက်လာကြတယ်။
“ခေါင်းဆောင်ကြီး၊ ဒီနေ့ ကျွန်တော်တို့ တောတစ်ခုခုဆီသွားပြီး သားကောင်ပစ်ရအောင်”
လာခေါ်ကြတယ်။
ဂဝေသီက
“မနေ့က မင်းတို့ကို ငါဘာပြောထားလဲ”
“သီလဆောက်တည်မယ်လို့ ပြောထားတာပဲ ခေါင်းဆောင်ကြီး”
“အေး ငါသီလဆောက်တည်ထားပြီ၊ သီလဆောက်တည်ထားတဲ့သူဟာ သူတပါးအသက်ကို မသတ်ရဘူးကွ၊ ဒီတော့ မင်းတို့နဲ့ ငါမလိုက်နိုင်ဘူး”
အဖွဲ့ဝင်တွေက စဉ်းစားကြတယ်။ “ငါတို့ ခေါင်းဆောင်ကြီးက လုပ်တာဆိုရင် ကောင်းတာပဲဖြစ်မှာပဲ” တဲ့။ ဒီမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ရော နောက်လိုက်အနေနဲ့ စဉ်းစားချင်စရာလေး။ ခေါင်းဆောင်လုပ်တဲ့ လူကများ “ဒီတိုင်း ပျော်ပါးရတာ အားမရဘူး၊ သောက်စားမယ်၊ ရမ်းကားမယ် ဟေ့” လို့ ထလုပ်တဲ့ ခေါင်းဆောင်ဆိုရင် သွားပြီ။ အဲ နောက်တစ်ခု ကျွန်တော်တို့ ခေါင်းဆောင်လုပ်တဲ့ လူက လုပ်တာဆိုတော့ ကောင်းမှာပဲ လို့တွေးပြီး ကုသိုလ်လား အကုသိုလ်လား မဆင်ခြင်ဘဲ လိုက်လုပ်တတ်တဲ့ နောက်လိုက်တွေ ဖြစ်နေရင်လည်း သွားပြီ။
“သီလဆောက်တည်တယ်ဆိုတာ ဘာလုပ်ရလဲ၊ သီလဆောက်တည်ရင် ဘာဖြစ်လဲ”
“သီလဆောက်တည်ရင် သူ့အသက်ကို မသတ်ရဘူးကွ”
“မသတ်ရင် ဘာဖြစ်လဲ ခေါင်းဆောင်ကြီး”
“သူ့အသက် မသတ်ရင် ဘ၀ဆက်တိုင်း ဆက်တိုင်း အဆင်းလှတယ်၊ အနာရောဂါကင်းတယ်၊ အသက်ရှည်တယ်ကွ”
“နောက်တော့ကော ခေါင်းဆောင်ကြီး”
“ပိုင်ရှင်က မပေးတဲ့ ပစ္စည်းဥစ္စာတွေ မယူရဘူးကွ၊ အဲလို မယူလို့ ရတဲ့ အကျိုးတရားကတော့ကွာ ဖြစ်လေရာ ဘ၀တိုင်းမှာ စည်းစိမ်ဥစ္စာပေါများမယ်၊ ကိုယ်ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာကို မင်း၊ မီး၊ ရေ၊ ခိုးသူ၊ အမွေခံသားဆိုး သမီးဆိုးတွေကြောင့် မပျက်စီးဘူး၊ ကိုယ်လိုချင်တာ အလွယ်တကူရနိုင်တယ်ကွ”
“ကောင်းလိုက်တာ ခေါင်းဆောင်ကြီး”
“ပြီးတော့ကွ၊ သူတပါးသားမယားကို မပြစ်မှား မစော်ကားရဘူးကွ၊ အဲဒါလေးရှောင်လိုက်ရင် ဘ၀ဆက်တိုင်း ဆက်တိုင်း ဘေးရန်တွေ ငြိမ်းတယ်ကွ”
“ဆက်ပြောပါ ခေါင်းဆောင်ကြီး”
“နောက်တစ်ချက်က လိမ်မပြောရဘူး၊ အကျိုးကတော့ လှပညီညာတဲ့ သွားတွေပိုင်ဆိုင်မယ်၊ ခံတွင်းကစလို့ တစ်ကိုယ်လုံး မွှေးကြိုင်နေတဲ့ အကျိုးတရားရမယ်ကွ”
ခေါင်းဆောင်ဖြစ်သူက အားကြိုးမာန်တက် ဆက်ပြောပါတယ်။
“နောက်ဆုံး တစ်ချက်ကတော့ကွာ သေရည်အရက်ကို မသောက်ရဘူးကွ၊ သေရည်အရက် သောက်တာကို ရှောင်ကြဉ်ခြင်းအားဖြင့် ဒီဘ၀မှာလည်း ဉာဏ်ကောင်းတယ်။ နောက်ဘ၀ဆက်ဆက်လည်း ဉာဏ်ကောင်းတဲ့ အကျိုးတရားတွေ ရတယ်ပေါ့ကွာ၊ ဒီ ငါးချက်ကို စောင့်ထိန်းရင် သီလစောင့်ထိန်းတယ်လို့ ခေါ်တာပဲကွ”
“ကောင်းပါပြီ ခေါင်းဆောင်ကြီး၊ ကျွန်တော်တို့ ခုချိန်က စပြီး ခေါင်းဆောင်ကြီးလိုပဲ သီလဆောက်တည်တယ်လို့ မှတ်လိုက်ပါ”
နောက်လိုက်တပည့်သားတွေ ပြန်သွားတော့ ခေါင်းဆောင်ကြီး ဂဝေသီက စဉ်းစားတယ်။ သူတို့က ငါးပါးသီလရိုးရိုးပဲ ဆောက်တည်တာ။ ငါက ထူးပြီးတော့ ငါးပါးသီလထဲက ကာမေသုအစား အဗြဟ္မစရိယကို ဆောက်တည်မှ ဖြစ်မယ်ဆိုပြီး ဆောက်တည်ပါတယ်။ ပြီးတော့ သူက ရိုးရိုးငါးပါးသီလအစား ဗြဟ္မစရိယသီလကို ဆောက်တည်ကြောင်းလည်း ကြေငြာပါတယ်။ တပည့်တွေကလည်း
“ဟာ ခေါင်းဆောင်ကြီးက အဗြဟ္မစရိယငါးပါးသီလဆိုရင် ကျွန်တော်တို့လည်း အဗြဟ္မစရိယ ငါးပါးသီလ ဆောက်တည်မယ်” တဲ့။ နောက်လိုက် တပည့်တွေက အတူကျင့်ကြံပြန်တယ်။
ခေါင်းဆောင်ကြီး ဂဝေသီက ဆက်လက်စဉ်းစားတယ်။ ခေါင်းဆောင်ဆိုတာ တပည့်တွေထက်တော့ ဂုဏ်တစ်ခု သာနေသင့်တယ်။ ဒါနဲ့ ခေါင်းဆောင်ကြီးဟာ ခြောက်ပါးသီလ ဆောက်တည်ပြန်တယ်။ ပျောက်ကွယ်သွားပြီ ဖြစ်တဲ့ ခြောက်ပါးသီပေါ့ခင်ဗျာ။ ခုခေတ်မှာ ခြောက်ပါးသီလ ဆောက်တည်သူတွေ မရှိတော့ပါဘူး။ အသင်းသားတွေကလည်း တို့ခေါင်းဆောင်ကြီးက နေ့လွှဲညစာ စားခြင်းဖြစ်တဲ့ သီလကနေ ရှောင်ကြဉ်သတဲ့။ ဒီတော့ တို့လည်း နေ့လွှဲညစာ စားခြင်းမှ ရှောင်ကြဉ်ပြီး ခေါင်းဆောင်ကြီးနဲ့အတူ ခြောက်ပါး သီလဆောက်တည် ကြရအောင်ဟေ့” ဆိုပြီး ခြောက်ပါးသီလ လိုက်ဆောက်တည်ပါတယ်။ (နစ္စ ဂီတ ၀ါဒိတ နှင့် မာလဂန္ဓ ၀ိလေပန စသည့် သီလများကို မဆောက်တည်နိုင်လျှင် အထက်ပါ ခြောက်ပါးသီလကို ဆောက်တည် နိုင်ပါသည်။)
တပည့်တွေက ခြောက်ပါးသီလ ဆောက်တည်ပြီဆိုတော့ ခေါင်းဆောင်ဖြစ်သူက စဉ်းစားရပြီ။ သူတို့ထက် သာတဲ့ ဂုဏ်တစ်ခု ငါ့မှာ မရှိရင် ငါခေါင်းဆောင် မပီသဘဲ ဖြစ်သွားမယ်။ ဒီတော့ ငါဘာလုပ်ရမလဲပေါ့။ တစ်ခုခုကို ချက်ချင်း ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ပြီးတာနဲ့ ကဿပဘုရားရှင်ဆီ သွားပြီး အကြောင်းစုံ လျှောက်ထား ရဟန်းပြုခွင့်တောင်းတယ်။ ဘုရားရှင်က ခွင့်ပြုတော်မူပါတယ်။ နောက်လိုက် တပည့်တွေကလည်း ဘယ်ရမလဲ။ ခေါင်းဆောင်ကြီးက ရဟန်းဝတ်တော့ သူတို့လည်း ရဟန်းလိုက်ဝတ်တာပဲ။
ဂဝေသီရဟန်းသစ်ကလေးကတော့ဖြင့် ဒီမှာ ဘုရားရှင်ဆီက ၀ိပဿနာတရားတောင်းပြီးတော့ ဆိတ်ငြိမ်ရာမှာ တရားသွားကျင့်ပါတယ်။ သူသွားနေတဲ့ နေရာလေးက စမ်းချောင်းလေးနဲ့ လေပြေလေညင်းနဲ့ ကျေးငှက်တေးသံလေးတွေနဲ့ အလွန်သာယာတဲ့ လူသူ ကင်းဆိတ်တဲ့ နေရာလေးမှာပေါ့။ အဲဒီမှာပဲ ၀ါဆိုတယ်။ ကျင့်ရင်း တစ်နှစ်ကြာလာတယ်။ ကျင့်နေစဉ်မှာ တောထဲမှာ နေတာဆိုတော့ သစ်ရွက်ကလေးကို ကြည့်မိတယ်။ သစ်ရွက်လေးတွေက ဖြစ်တည်ပြီး ၀ါကျင် ရင့်ရော်ကြွေကျသွားတာကို တွေ့ရတယ်။ အဲဒီမှာ မတည်မြဲခြင်းကို တွေ့ပြီး ရဟန္တာဖြစ်သွားပါတယ်။ ဂဝေသီက အကြံတစ်ခုရတယ်။ ငါအရဟတ္ထဖိုလ်ကို ရသလို ငါ့တပည့်တွေလည်း အရဟတ္ထဖိုလ်ကို ရရင် ကောင်းမှာပဲလို့။ သိပ်ပြီး မွန်မြတ်တဲ့ ခေါင်းဆောင်ရဲ့ စိတ်ထားပါ။ အကြံရပြီးနောက် တပည့်ရဟန်းတွေကို အဲဒီ ဆိတ်ငြိမ်ရာ တောထဲခေါ်တယ်။ ပြီးတော့ ဆုံးမတယ်။
“အချင်းချင်း ရန်မဖြစ်ကြနဲ့”
“မြင်ရတဲ့ သတ္တ၀ါ၊ မမြင်ရတဲ့ သတ္တ၀ါတွေကို မေတ္တာပို့ကြ”
“မိမိကြောင့် သူတပါး စီးပွားမဲ့ မဖြစ်စေနဲ့”
“တစ်ပါးနဲ့ တစ်ပါး စိတ်ဆိုး ဒေါသထွက်ခြင်း မဖြစ်ကြနဲ့”
“တစ်ပါးနဲ့ တစ်ပါး အချင်းချင်း အထင်မသေးကြနဲ့”
“တစ်ပါးနဲ့ တစ်ပါး မညဉ်းဆဲကြနဲ့၊ မနှိပ်စက်ကြနဲ့”
အဲလိုဆုံးမပြီး သူသိခဲ့တဲ့ သစ်ရွက်တို့က ပြတဲ့ အနိစ္စ ဒုက္ခ အနတ္တတရားကို ဟောပြတော်မူခဲ့တယ်။ သိပ်မကြာခင်မှာပဲ တပည့်ရဟန်းတွေကလည်း အရဟတ္ထဖိုလ်ဆိုက်ရောက်လို့ ရဟန္တာတွေ ဖြစ်ကုန်ကြပါတယ်။
ဒီနေရာမှာ ဂဝေသီကလည်း ခေါင်းဆောင်ကောင်း ပီသခဲ့လို့။ တပည့်တွေကလည်း ခေါင်းဆောင်ကောင်း ရွေးတတ်ခဲ့လို့။ ဂဝေသီတို့ ဖွဲ့ခဲ့တဲ့ အဖွဲ့အစည်းဆိုတာ ခုခေတ်အနေနဲ့ ပြောရမယ်ဆိုရင် လမ်းသရဲ ခေါင်းဆောင် ဆန်ဆန်ပါ။ ခိုးဆိုးလုယက် တိုက်ခိုက်တာ မပါပေမယ့် သူတို့အဖွဲ့က တောင့်တယ်။ ဟိုနေရာ ကျယ်ကျယ်။ ဒီနေရာ ကျယ်ကျယ်။ လုပ်ချင်ရာ လုပ်တယ်။ သွားချင်ရာ သွားတယ်။ ပြောချင်ရာ ပြောတယ်။ ဘယ်သူ့ကိုမှ ဘာမှ ဂရုမစိုက်တဲ့ အထာတွေနဲ့ နေထိုင်ကြတယ်။ သူတို့အဖွဲ့က လူငါးရာတောင်မှပဲ။ သူတို့ ခေါင်းဆောင်ကောင်း ရွေးတဲ့ အချိန်မှာ ခေါင်းဆောင်ကောင်းကို ရွေးနိုင်ခဲ့ကြလို့ပေါ့။ အခြားတစ်ယောက်ကိုများ ခေါင်းဆောင်ရွေးမှားခဲ့ရင် သူတို့ အနေနဲ့ ဒုက္ခရောက်ပြီဘဲ။ အဇာတသတ်လို ခေါင်းဆောင် ရွေးမှားခဲ့ရင် ကြောက်စရာပဲ။ ခေါင်းဆောင် မကောင်းဘူးဆိုရင် ရှင်မောဂ္ဂလာန်တို့ ရှင်သာရိပုတ္တရာတို့ သူတို့ခေါင်းဆောင် သိဉ္စည်းဆရာကြီးကို စွန့်သလို စွန့်ပစ်ရဲရမယ်။ သေချာ စဉ်းစားရမယ်။ ဒီခေါင်းဆောင်ရဲ့ ပန်းတိုင်က ဘာလဲ။ ပန်းတိုင်က အဆိုးဘက်ကို ဦးတည်နေရင် အားနာစရာ မလိုဘူး။ ကြောက်နေစရာ မလိုပါဘူး။ ခေါင်းဆောင် မကောင်းရင် စွန့်ပစ်ရဲရပါမယ်။
Monday, February 1, 2010
ဘုရားသာရှိ တရားမရှိ”
ဆီလုံရပ် ဆွစ္စလော့ဂ်ျမှ
အသော့မြန်စွာ ထွက်ခွာသိမ်း
စန့်ဂျိမ်းဟိုတယ်ပြောင်းခဲ့တယ်။
ဆုခုမ်ဗစ်လမ်းတဲ့
ယောက်လမ်းနဲ့ခပ်ဆင်ဆင်
အာရှအသွင်ဆိုင်တန်းကလေးတွေ
လမ်းနံဘေးမှာခင်း
ထမင်းအ၀စား
တက္ကဆီကားတွေ ဆိုင်ကယ်တွေနဲ့
မြိုင်လယ်ဗွေမှာ သစ်ပင်ပန်းမာလ်
ဝေဆာဆာ
ပျော်စရာစခန်းပါပဲ။
ကောင်းကင်လမ်းမှာ ရထားပြေး
အများငေးရတဲ့ အင်ပိုရီယမ်
ဆူညံညံ ကားသံတွေကြားထဲ
သမီးလက်တွဲ မြေးလက်ဆွဲလို့
မရဲတရဲနဲ့ လမ်းဖြတ်ကူး
မရောက်ဖူးတဲ့ဒေသမို့
ဆွေပြ မျိုးပြ အလည်ထွက်သလိုပါ။
အရှေ့တောင်အာရှမှာ
မြန်မာက နောက်ကျန်
ရန်ကုန်က သေးနုပ်
သိဂုင်္တ္တရ ကုန်းမြေပေါ်က
ရွှေတိဂုံစေတီတော်သာ မရှိခဲ့ရင်
ဇာတိပျောက် မာန်ပျောက်
ခေါက်ရိုးကျေ ကျပ်တန်နွမ်းလို
မျက်နှာပန်းလှနိုင်မှာမဟုတ်။
ရွှေတိဂုံနဲ့ ပုဂံ
မြန်မာမှာ ကျန်သေးလို့
ဇာတိမာန်မစို့တစို့
နှစ်ချို့ကလေးတွေ့နိုင်သေးတယ်
ခေတ်အရေးမှာတော့
တစ်မပြေးနိုင်တော့ပါတကား။
အလျှံတောက်နေတဲ့
ဘန်ကောက်ဆိုတဲ့မြို့ကြီး
စစ်မီးလဲမလောင်ဖူး
စစ်ရူးတွေလဲ မလွှမ်းမိုး
ရှေးရိုးပဒေသရာဇ်
ဘုရင်စနစ်ပင်ဖြစ်သော်လဲ
ဒီခေတ်မှာအမှီလိုက်
အကြည်ဆိုက်နေနိုင်မှုကြောင့်
သာဓုခေါ်ခဲ့ရပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံချင်းတော့ တူပါရဲ့
ကံကြမ္မာမတူတော့
မြန်မာဟူသမျှ မှေးမှိန်
ဂုဏ်သိက္ခာ သေးသိမ်ပြီး
ခွေးအိမ်မှာ စံရတဲ့အဆင့်ပါကလား။
ငါတို့မြန်မာနိုင်ငံ
သယံဇာတ ပေါကြွယ်ဝ
ဥတုရာသီကလဲမျှတ
စိတ်နေလဲ လှပါရဲ့။
ဘ၀ပေး ကုသိုလ်
ဘာတွေများလိုနေလို့
မပုတိုက နသိုးမွေး
အကုသိုလ်ကအကျိုးပေးနေရပါလိမ့်။
ဘုရားသာရှိပေမဲ့
အမှားအတိနဲ့
တရားမရှိတဲ့နိုင်ငံရယ်လို့
အမှန်အတိုင်း မှတ်ချက်ချကြလျှင်
ဒေါသအမျက်
ခံနိုင်ခက်ကြလေမလား မသိ။ ။
တင်မိုး
၃၁၊ ၁၊ ၂၀၀၁
“တရားမရ များစွာ သတ္တ၀ါထဲမှာ ငါလဲပါတယ်”
ဘယ်လ်ဂျီယံမှာ ဘီယာပေါပေမယ့်
အညာထန်းတောက ထန်းရည်တမြူလောက်
ငါ့နှလုံးကို မချူနိုင်ဘူး။
နီလာစိမ်းရောင်၊ ငှက်ခါးတောင်တဲ့
အရောင်ကလှလှ
အတောင်ကြွနေသလို
ပင်ကျရည်ပလုံစီကလေးနဲ့
ရနံ့မွှေးတဲ့ပတတ်ကင်
ပါးစပ်တပြင်ပြင်နဲ့ ခွက်လှည့်မော့
လှည်းယာဉ်ကြော့နဲ့ အိမ်ကိုပြန်
စည်းစိမ်ခံခဲ့ရတဲ့ကာလများကို
ဘယ်သင်းကမှ အစားမထိုးနိုင်ခဲ့။
ငယ်သူငယ်ချင်း မိတ်ရင်းဆွေဖော်တွေနဲ့
ပျော်ချင်တိုင်းပျော်ခဲ့ရတဲ့
ငယ်ဘ၀တလွမ်းလွမ်း
မျက်ရည်ကလေးတစမ်းစမ်းနဲ့
ဘဂျမ်းကဘင်ဂျို
ဗိုလ်သွန်းကဟွန်းတယော
ပါးစပ်တောနဲ့စည်းဝါး
ကိုခွေးတောင်ပါသေးဗျား
တယောပြားကအကိုကျော်
အဆိုတော်က မောင်တင်ရွှေနဲ့ မခင်ညို
ဘင်ဂျိုတလက်က ကိုဗိုလ်ကေ
ဒိုးမွှေတာက ကိုပြူး
ကိုဗေဒါကလည်းကလဲ မြူးသကိုးဗျ
လှည်းဦးကနှဲဆရာ၊ ကိုထွန်းစိန်ခမျာလဲ
လည်ချောင်းသာကွဲရော့၊ နှဲသံကတဂိဂိ
ဆုတောင်းပြည့်နဲ့သိမ်တော်ပွဲ
ပျော်စရာနွှဲခဲ့ကြတယ်၊ တကထဲသည်လိုဘဝ
ဥရောပမှာ ဘယ်မှာရနိုင်ပါ့မလဲဗျာ။
အသက်ကလဲငယ်သေးလို့
ရမ္မကလဲ မပြယ်သေးခင်
ပြည်အဆွေးပြည်အလွမ်း
ဒီလောက်တောင် သန်စွမ်းချင်မှသန်စွမ်းမယ်။
တကယ်တမ်းဆိုတော့
အစွမ်းအစတွေအရည်ပျော် လွမ်းစတွေပေါ်နေတဲ့
ခြောက်ဆယ်ကျော်မှပြည်ပြေးဖြစ်
ခွင့်သာခိုက်မို့လစ်ခဲ့ရ
ပြည်ချစ်သူတို့ရဲ့ တစစ်စစ်ဝေဒနာ
နာတရာအထပ်ထပ်
အာဏာငတ်သူတွေကိုလဲဒေါသဖြစ်
မောဟမြစ်ထဲလက်ပစ်ကူးရတော့တယ်။
ပြည်သူလူထုတန်ခိုးထပြီး
အစိုးရဖြစ်လာမယ့်အချိန်ကို
တပိန်ပိန်တလိမ်လိမ်အောင့်ပြီး
နွားပိန်ကန်ချိန်စောင့်နေရတော့တာပဲဗျို့။
နေညိုချိန် ‘လေ’ ထတော့
ပင်ကျရည်စိမ်းဖျော့ဖျော့ကို
ထန်းပင်ဆီတမော့မော့နဲ့
စိတ်ဆော့တဲ့ဖြစ်ရပ် လွမ်းလွမ်းနဲ့ငတ်မိရဲ့
တို့ဇာတ်တွေဘယ်လိုသိမ်းလို့
တို့ရွှေရင်ဘယ်လိုသိမ်းရပါ့။
ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ ဒီဗွီဘီ
ရေဒီယိုအသံလှိုင်းရှိသမျှ နေ့တိုင်းကလိ နေ့တိုင်းရှာ
မျှော်လင့်ချက်ရောင်ခြည်ဖြာမယ့်
အခါတော်စောင့်စား
ကိုယ့်စိတ်ကိုတောင့်ထားရ အလွမ်းဖျားတက်
ဘဂျမ်းသားရဲ့ အခက်ပါလားဟရို့။
လက်ဖက်ကလေးတမြုံ့မြုံ့
ပါးရေကလေးတရှုံ့ရှုံ့နဲ့
ခေါင်းငုံ့ခါးမတ်ပြီး တရားမှတ်ပေမယ့်
တရားကပ်မယ်မထင်ပေါင်
‘တို့အရေး … တို့အရေး’ တဲ့
ကြွေးကြော်သံတွေ ကြားယောင်ယောင်။ ။
တင်မိုး
တော်လှန်ရေးနေ့ (၂၇-၃-၂၀၀၁)
ရွှေဇီးကွက် အင်္ဂလန်
ကျွန်းပင်ငယ်သော်လဲ
အ၀န်းကျယ်တဲ့ အင်္ဂလန်။
ကမ္ဘာအရပ်ရပ်က
ရတတ်သမျှ ပညာယူ
သူတို့လူ သူတို့အမျိုး
တန်ခိုးကြီးအောင် ပညာပေး
သူတို့အတွေး သူတို့အခေါ်
ကမ္ဘာမှာ ကျော်ပါပေ့
မော်ကြည့်ရတဲ့ အင်္ဂလန်။
နိုင်ငံတကာ သူနယ်ချဲ့
နေမ၀င်တဲ့ ဒီနိုင်ငံ
ပြိုင်စံရှားပါတဲ့ အင်္ဂလန်။
စက်မှု သိပ္ပံ ၀ိဇ္ဇာ မှန်သမျှ
မကျန်ရအောင် သူဆည်းပူး
ဆည်းပူးသမျှ သူဖြန့်ဖြူး
အညွန့်ခူးလို့ တံခွန်ထူ
လူသားဆန်တဲ့ အင်္ဂလန်။
ဒီလို ကျွန်းနိုင်ငံ ဂျင်ဂလယ်က
အမြင်ကျယ်ကျယ်နဲ့ ကမ္ဘာလျှမ်းတာ
ဘာဆန်းသလဲ။
တွေးကြည့် … တွေးကြည့် …
အရေးရှိရင် သတိနဲ့ပြည့်စုံ
ပညာဂုဏ်ကိုလဲ အလေးမြတ်ထား
ကြိုးစားလုံ့လ ဥဿဟလဲကောင်း
ဦးခေါင်း၊ ခြေလက် မကျန်ရ
သီလ သမာဓိ ဆောက်တည်တော့
သူတို့ပြည်ထွန်းကား
ကြီးပွားတာဘာဆန်းသလဲ။
မျက်ကန်းတွေမကြီးစိုး
အရိုးကိုအရွက်မဖုံး
မျက်လုံးကျယ်တဲ့ ရွှေဇီးကွက်
လက်မထောင်တဲ့ အင်္ဂလန်။
ဤအင်္ဂလန် အနှီအင်္ဂလန်ဟာ
စံနမူနာ ယူဖို့ကောင်းတဲ့
တက္ကသိုလ်ကျောင်း အင်္ဂလန်ပေပ။
ဒီလိုအင်္ဂလန်အဖွဲ့ကို ချီးကျူးရေးမိလို့ နယ်ချဲ့ဘုန်းတော်ဘွဲ့ ရေးရကောင်းလားလို့ တလွဲ ချော်မတွေးလိုက်ပါနဲ့။ ပညာမျက်စိကျယ်တဲ့ အင်္ဂလန်ကို ချီးကျူးတာပါ။ ကိုယ့်နိုင်ငံသားတွေ ကျဉ်းမြောင်းတဲ့စိတ်နဲ့ ချောင်ပိတ်နေတာကို သတိရစေချင်လို့ပါ။ ပညာတံခါးတွေပွင့်ပြီး နိုင်ငံ့ဂုဏ်ကျက်သရေ မြှင့်တင်နိုင်ကြ ပါစေ။ ။
တင်မိုး
ကိုယ့်ကိုယ်ကိုလဲ အားမရ။ ကိုယ့်ကဗျာအပိုင်းအစတွေကလဲ မလှမပနဲ့မို့ ရသမပြည့်စုံတဲ့ ကဗျာ့ဘုံဖြစ်နေရပါတယ်။ ဒီတော့ ခုလိုညည်းချင်းကဗျာ သံဝေဂစာများကို ရေးမိတော့တာပေါ့ဗျာ။
ခေတ်ရဲ့သဒ္ဒါလင်္ကာရ
စာလုံးတွေမလှ နှလုံးကြေမွ
အမုန်းတွေ ပြနေရော့ထင့်။
ဟန်တွေ မာန်တွေ နုသစ်အောင်
သဏ္ဌာန်တွေ သံပြေထုဆစ်ကြည့်တော့
အဖုအထစ်တွေဗြုတ်ထ
ဒုက္ခပါကလား ကွယ်ရို့။
ဆိုလိုက်တိုင်း အသံမလှ ဌာန်မကျ
အိုဘယ့် သဒ္ဒါလင်္ကာရ။
ကာရန်က ကျည်ဆန်ဖြစ်တော့
အချစ်က အမုန်းပြောင်း
နှလုံးကောင်းနိုင်ပါဦးတော့မလားကွယ်။
ငါဆိုချင်တဲ့တေးက
စနစ်ပျိုပျို အချစ်ချိုချိုနဲ့
အသစ်ဆိုတဲ့ ခေတ်ကြိုတေး။ ။
တင်မိုး
ရေးမိတဲ့ကဗျာကတော့ …“သရဲစီးနေတဲ့ ကမ္ဘာ” တဲ့။
သရဲစီးနေတဲ့ ကမ္ဘာ
လိုဂန်လေဆိပ်က
တရိပ်ရိပ်ပျံသန်း
အယ်လ်အေ စခန်းရောက်လာ
ကဗျာခရီးစဉ် တထောက်နား
အနောက်ဖျားသို့ ရောက်ပြန်ပြီ။
ကဗျာရွတ်စမ်းမယ်လို့
အဟမ်းလို့ ချောင်းအဟန့်
အလန့်တကြား
အသံကြီးကြားလိုက်ရ
အလို … ဘာများဖြစ်ပါလိမ့်ဟရို့။
အို .. ဖြစ်ရလေခြင်း၊ အမယ်မင်း …
အခင်းမလှ၊ သတင်းတွေရခဲ့ပေါ့ …
ကမ္ဘာ့ငိုချင်း တပုဒ်ပါလား။
နယူးယော့ခ် မျှော်စင်ညီနောင်
ဘယ်အကောင် ဘယ်သူစေလို့
ဘယ်နည်းနဲ့ ဂြိုဟ်မွှေပါလိမ့်
လေယာဉ်ကြီးနှစ်စင်း
အရှိန်ကြီးပြင်းပြင်းနဲ့
ဖောက်ထွင်း တိုက်ခဲ့ပါသတဲ့။
ပင်တဂွန် စစ်ဌာနချုပ်ကိုလဲ
ထိုးသုတ်တဲ့ စွန်မိုက်လို
လေယာဉ်နဲ့တိုက်ခဲ့ပါသတဲ့။
ပစ်တ်စ်ဘတ် လေဆိပ်မှာထိုးကျ
အပိုင်းပိုင်းအစစ ဖြစ်သွားတဲ့
ခရီးသွားလေယာဉ်ကလည်း
တစင်း … တဲ့။
အထပ်တရာကျော် မျှော်စင်ကြီးတွေလဲ
မီးဟုန်းဟုန်းထတောက်
အစပျောက် ဘ၀ပျောက်
နယူးယော့ခ် ငိုကြွေးသံ
ဘ၀ဂ်က ညံပါရော။
စစ်သွေးကြွ အကြမ်းဖက်သမားတို့
လူသားကို မစာနာ
ညှာတာမှုကင်းကင်းနဲ့
ရက်စက်ခြင်းကမ်းကုန်
ကမ္ဘာကြီးတုန်လောက်ကဲ့
ငါ့အာရုံ နောက်ကျိ
ဇောက်တိ ဇောက်ထိုး
ကိုယ်ကျိုးနဲပါပေါ့ကလား။
ဒီကမ္ဘာရဲ့
မသတီစရာ အကြမ်းဖက်မှု
လူထုရဲ့ ငရဲခန်း
သူရဲဖမ်းတဲ့လက်နဲ့
အသကို နုတ်လိုက်တာ
ပြုတ်ပြုတ်ပြုန်းရချေပေါ့။
မာနတွေ အာဃာတတွေနဲ့
ကမ္ဘာဒမြတွေကို
ဘယ်လိုမသာချရပါ့
ယုတ်မာသူက ခေါင်းထောင်
အနိုင်ကျင့်သူက အောင်သမျှ
မီးလောင်တဲ့ ဒီကမ္ဘာ
ရေသီတာ ဘယ့်နှယ်လောင်းရပါ့
ခေါင်းခဲလိုက်ပါဘိကွယ်။
ကျောင်းသားဘ၀တုန်းက ကျွန်တော်တို့ကျေးလက်တောရွာမှာ လောက်စပီကာ တညံညံနဲ့။ အလှူပွဲ မင်္ဂလာပွဲမှာ တွံတေးသိန်းတန်ရဲ့ “ထွေးညို” က မပါမပြီး။ ထွေးညိုဇာတ်လမ်းထဲက “သာဒင်ကို ဘာထင်သလဲ” ဆိုတဲ့အသံ နားထဲမှာ ကြားယောင်ယောင်။ ခုလဲ ကမ္ဘာတခွင်မှာ လူမိုက်ဘုရင်တွေ တွင်ကျယ်နေပါရောလား။ “လာဒင်ကို ဘာထင်သလဲ”ဆိုတဲ့ ကြိမ်းဝါးသံ။ သင်းတို့အသံကို ကမ္ဘာ့လူထုက လက်ခံပါ့မလား။ ကမ္ဘာ့လူထုရဲ့ဆန္ဒကို ဆန့်ကျင်လို့ရမတဲ့လား။ ကဗျာရေးချင်စိတ်ပေါ်လာတာနဲ့ ကောက်ကာငင်ကာ ရေးလိုက်မိပြန်ပါပြီ။ “သွေးကြွတဲ့အရိုင်းစိတ်” တဲ့။
သွေးကြွတဲ့အရိုင်းစိတ်
ဗိုလ်တကာနဲ့ယှဉ်ပြီး စွာချင်တဲ့
အိုစမာ ဘင်လာဒင် …တဲ့။
မြန်မာအသွင်နဲ့ ဆိုရရင်။
“လာဒင်ကို ဘာထင်သလဲ” ဆိုတဲ့လူစား
အကြမ်းဖက်လူရမ်းကားပေါ့။
ဆော်ဒီနိုင်ငံသား အာရေဗျဖွားပေမယ့်
တပါးနိုင်ငံ
အာဖဂန်နစ္စတန်မှာ
ပိုက်ဆံတွေပေး လူတွေမွေး
စစ်သွေးကြွ နှိုးဆွ
တန်ခိုးတပြပြနဲ့
အစိုးတရ မင်းမူနေသတဲ့။
ရှေးဟောင်းအမွေအနှစ်
ကျောက်ဆစ်ထားတဲ့
ဗုဒ္ဓရုပ်ပွားတွေကိုလဲ
မလိုမလား ဖျက်ဆီး
ရန်မီးကို ဟုန်းဟုန်းတောက်အောင်
အားပေးအားမြှောက်ပြုပြီး
ငြိမ်းချမ်းမှုကိုတော့ လက်မခံ
တာလီဘန်တွေကို မိုက်ဇာတ်သွင်း
သေမင်းတမန် ပုံစံလောင်း
မကောင်းမှုကို ခုံမင်
သေရဲတာ သတ္တိထင်အောင်
လမ်းစဉ်မှားတွေ ညွှန်ခဲ့တယ်။
သတင်းမှောင်ချလို့
အလင်းရောင်မရတဲ့ တို့နိုင်ငံ
တာလီဘန်သွေး
ဘင်လာဒင်ကလေးတွေ
မွေးကုန်ရင်အခက်
တွေးမိတိုင်း သွေးပျက်မိတယ်။
ရက်စက်မှုကို အရသာခံတာ
လူသားမဆန်တဲ့ လုပ်ရပ်မို့
စစ်စိတ်ဓာတ် စစ်ဝါဒီမှန်သမျှ
ခေါင်းထောင် မထစေနဲ့
မောဟရဲ့ စေတမန်ကို
တောလှန်ရေး မထင်မှတ်ကြနဲ့
လူမိုက်ဇာတ် လက်စတုံးအောင်
ဥာဏ်သုံးပြီး ဖြိုခွင်း
သန့်ရှင်းတဲ့ မေတ္တာဓာတ်နဲ့
ကမ္ဘာကိုထွေးပတ်ပြီး
အေးရပ်ဌာနေပို့ကြစေ။
အပြစ်မဲ့ ပြည်သူတွေကို
သေစေတဲ့လုပ်ရပ်ဟာ
မြင့်မြတ်မှုမဟုတ်
ယုတ်မာမှုဖြစ်ကြောင်း
ကဗျာခေါင်းလောင်း
ထိုးလိုက်ပါရစေ။ ။
တင်မိုး
၉၊ ၂၁၊ ၂၀၀၁