Monday, May 31, 2010

Untitled Album


အာဏာရှင်စနစ်နှင့် တနှစ်တည်း လူဖြစ်သူ
(OR)
ကျွန်တော်ရဲ့ ဖွားဖက်တော်အာဏာရှင်စနစ်
ကျွန်တော်ရဲ့ မွေးသက္ကရာဇ်က 1962
ကျွန်တော်တို့နိုင်ငံရဲ့ အာဏာရှင်မွေးဖွားနှစ်နဲ့ဆို
တစ်ထပ်တည်း ဖြစ်တဲ့နှစ်ပေါ့
ကျွန်တော်က လူ့လောကကြီးထဲရောက်စ
အူဝဲအူဝဲလို့ သံကုန်ဟဲပြီးအော်ဟစ်ချိန်
ဗိုလ်နေ၀င်းအစိုးရက
"သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်တာမဟုတ်
တဲ့တဲ့ပစ်တာ သေနတ်ဆိုပြီး"
ပြည်သူကိုပစ်သတ်လို့ အာဏာသိမ်းချိန်ဟာ
တစ်ချိန်ထဲပဲ ဖြစ်ခဲ့တယ်လေ။
ဒါကြောင့် ကျွန်တော်ရဲ့ ဖွားဖက်တော်အဖြစ်ဟာ
အာ၊ဗော၊ကာ၊ယ၊ဆံ၊ရွှေ၊ကဏ်-မဟုတ်
သူယုတ်မာစနစ် အာဏာရှင်စစ်သာဖြစ်ခဲ့တယ်
အာဏာရှင်စနစ်နဲ့ဘက်ပြိုင်မွေး
ကျွန်တော့ကိုလည်း အာဏာရှင်လေးဖြစ်အောင်
ဒီစနစ်ဆိုးကြီးက ပို့ဆောင်ပေးခဲ့တယ်
ကျွန်တော်ရဲ့ မသိနားမလည် အသိမကြွယ်သေးတဲ့
ပကတိဖြူစင်တဲ့ နှလုံးသားဟာ
ဒီစနစ်ဆိုးရဲ့အရောင်ဆိုးပေးမှုကြောင့်


နီမြန်းညှိမှိုင်းခဲ့ရတယ်
ရတာမလို လိုတာမရရင်
သံကုန်ဟစ်ဆို အော်ဟစ်ငိုပြီး
ဆဲဆိုကြိမ်းမောင်းခဲ့တယ်။
အာဏာရှင်စနစ်ကိုဖက်တွယ်ရစ်
ကိုယ့်ကိုယ်ကို ဟုတ်ပြီအထင်နဲ့ပေါ့
ငါမှငါ ငါသာလျှင်ပဓာန
ငါ့အောက်ငယ်သူ ငါ့ရွယ်တူနှင့်
ဂုဏ်ဝါကြီးသူဆိုတာ
ဗလာနတ္ထိ ငါမသိဘူး
ငါခေါ်ရင်လာ ခိုင်းတာလုပ်
ခံမပြောနဲ့ ခွေးဖြစ်သွားမယ်
အကြောင်းနဲ့အကျိုး အကောင်းနဲ့အဆိုး
ဝေဖန်ချက်တွေ ငါနားမလည်
ငါနားလည်တာငါကောင်းစားဖို့
ငါကလွဲရင် တစ်ခြားသူပင် လူမထင်ခဲ့ဘူး
ဒီလိုနဲ့ တဖြည်းဖြည်းကြီးပြင်းရစ်လို့
မျက်စိကိုဖွင့် နားကိုစွင့်ရစ်
စာတွေကို ဖတ်မှတ်ပစ်ကာ
ကိုယ့်ကိုယ်ကိုစမ်းစစ်ဝေဖန်လှစ်တော့
ငါဟာ-လူမှဟုတ်ပါ၏လော
ရလာတာကလူ့အဖြစ်
လုပ်နေတာတွေကလူမဆန်အာဏာရှင်ဆန် ပြီးဘီလူးတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းနဲ့
ရိုင်းချင်တိုင်းရိုင်းလာတဲ့နှစ်ကို
လက်ချိုးလို့ တွတ်ရေစစ်တော့
တိုင်းပြည်အုပ်ချုပ် အာဏာရှင်မျိုးယုတ်တွေဆိုတဲ့
အာဏာရှင် ဘိုးအေဂျပိုးကြီး ဗိုလ်နေ၀င်း
လူတွေကို သန်းချီသတ်တဲ့ ဗိုလ်စိန်လွင်
ရူးကြောင် မှုးကြောင် ဒေါက်တာမောင်မောင်နဲ့
စောမောင် စန္ဒာဝင်းရဲ့ ကြိုးဆွဲရာကရတဲ့
ဗိုလ်သန်းရွှေ မောင်အေး ခင်ညွှန့်တို့ရဲ့ ဘ၀ဆိုပြီး
ပြောင်းလွှဲလာလိုက်တာ
ငါနဲ့ငါ့နိုင်ငံရဲ့ အာဏာရှင်သက်တမ်းဟာ
လေးဆယ်ကျော်လို့တစ်နှစ်တောင်စွန်းခဲ့ပြီပဲ
တိုင်းပြည်အုပ်ချုပ်မျိုးယုတ်အာဏာရှင်တွေက
ထင်ရာစိုင်း
တိုင်းပြည်အစေခံဝန်ထမ်းတွေက ထင်ရာနှံ့လို့
ငါတို့ တိုင်းပြည်မှာလည်း
နိုင်ငံရေး၊ ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးဟွးရေး အစရှိတဲ့အရေးတွေနဲ့
တိုင်းပြည်ရဲ့ ယဉ်ကျေးမှု ဂုဏ်ဟန်တွေလည်း
ဘာတစ်ခုမှ မကျန်တော့ပါလား
ဒီလိုသာဆက်ပြီး အာဏာရှင်ဆန်ကြရင်
မြန်မာဆိုတာ ဘယ်လိုဟာကို
မြန်မာလို့ခေါ်တာလဲလို့
မေးရမလိုဖြစ်တော့မည်။
မြန်မာဆိုတာ ကမ္ဘာမှာ
ချာတိချာတာနဲ့ရပ်တည်လာခဲ့တာမဟုတ်
ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ တင့်တင့်တယ်တယ်နေခဲ့တဲ့လူမျိုး
ဒါကို-ပုဂံကရှေးဟောင်းစေတီပုထိုးနဲ့
ယဉ်ကျေးမှု အမွေအနှစ် လက်မှုပညာအစစ်တွေက
သမိုင်းအဖြစ် သက်သေပြရစ်ခဲ့တယ်မဟုတ်လား
ရှေးခေတ်က မြန်မာတွေရဲ့ လက်ရာဟာ
ကမ္ဘာက လူတွေကို အံ့သြလောက်အောင်
အဆန်းတကြယ်အဖြစ်နဲ့ ကျန်ရစ်အောင် လုပ်နိုင်ခဲ့တယ်
ငါတို့နိုင်ငံ တိုင်းတစ်ပါးသူထံ
ချုပ်ချယ်ခံရပေမယ့်
တို့နိုင်ငံရဲ့ ရှေးခေါင်းဆောင်ကောင်းတွေကြောင့်
မြန်မာရဲ့ ယဉ်ကျေးမှုဂုဏ်ဟန်တွေဟာ ဘာတစ်ခုမှ မချွတ်ယွင်းခဲ့ပါဘူး
ကိုယ့်တိုင်းပြည်ကို
ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် လွတ်လပ်ရေးရအောင်
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်တွေက
အသက်သွေးချွေးခန္ဓာကိုယ်စတေးပြီး
လွတ်လပ်ရေးကို ရယူပေးခဲ့တယ်လေ။
အခုတော့ အာဇာနည်ခေါင်းဆောင်တွေ
ယူပေးခဲ့တဲ့ လွတ်လပ်ရေး
ဘယ်ဆီထွက်ပြေးလို့ သွားခဲ့ပြီလဲ
အင်္ဂလိပ်ရဲ့ အုပ်ချုပ်ရေးအောက်မှာ
ကျောင်းသားသမဂ္ဂအသင်း
ဝိုင် အမ် ဘီ အေ အသင်း
ဂျီ စီ ဘီ အေ အသင်း
အမျိုးသမီး ကုမ္မာရီအသင်း
စသည့် နိုင်ငံရေးအသင်းတွေ
အစာငတ်ခံ ဆန္ဒပြမှုတွေဟာ
လွတ်လပ်ရေးမရခင်မှာ
လွတ်လပ်စွာ ရပ်တည်နိုင်ခဲ့ပေမယ့်
အခုလွတ်လပ်ရေးရလို့
အာဏာရှင် အုပ်ချုပ်ရေးအောက်မှာ
ကျောင်းသားသမဂ္ဂအသင်း
ရဟန်းပျို သမဂ္ဂအသင်း
စသည့်နိုင်ငံရေးအသင်းတွေနဲ့
အစာငတ်ခံ ဆန္ဒပြခွင့်ဆိုတဲ့
လွတ်လပ်ရေးဟာ ဘယ်ကိုထွက်ပြေးရစ်ခဲ့ပြီလဲ။
အင်္ဂလိပ်ရဲ့ အုပ်ချုပ်ရေးအောက်မှာ
မြန်မာနိုင်ငံရဲ့ ပညာရေးကို
ကမ္ဘာက အထင်မသေးဝံ့ခဲ့ဘူး
ကမ္ဘာရဲ့ အုပ်ချုပ်ရေး ကုလသမဂ္ဂရေးဌာနမှာ
အတွင်းရေးမှုး မြန်မာဦးသန့်ပါဆိုပြီး
ခေါင်းဆောင်ကောင်း မွေးထုတ်လို့
ကမ္ဘာကတောင်မြန်မာကို လက်ဖျားခါခဲ့ရတယ်ဟုတ်လား
လွတ်လပ်ရေးရစ အချိန်ခါ သမယမှာ
အာရှမှာ မြန်မာက အစစအရာရာသာခဲ့လို့
အာရှရဲ့ စံပြနိုင်ငံဖြစ်ခဲ့တာကို
နောင်နှစ်ပေါင်းနှစ်ဆယ်ကြာရင်
မြန်မာကိုမီရမယ်ဆိုတဲ့ စင်္ကာပူဝန်ကြီးချုပ်ရဲ့စကား
စင်္ကာပူမှာရှိတဲ့ Rangoon Road
Burmese house ဆိုတဲ့ မြန်မာနာမည်တွေက
သမိုင်းအဖြစ်သက်သေ ကျန်ရစ်နေခဲ့တယ်ဟုတ်လား
ဒီလို ကမ္ဘာမှာ မြန်မာဟေ့လို့
မော်မော်ကြွားကြွားတင့်တင့်တယ်တယ် နေနိုင်ခဲ့တာကို
အာဏာရှင် ဗိုလ်နေ၀င်းနဲ့ နောက်ပါလူတစ်စုရဲ့
ယုတ်မာကောက်ကျစ် ချိုးဖျက်ပစ်ခဲ့တာကြောင့်
အခုတော့ ဘာတစ်ခုမှ မကျန်ရစ်တော့ဘူး
အားလုံးပျက်စီး ရစ်ခဲ့ပြီ
အာဏာရှင် စနစ်ဆိုးဟာ
နိုင်ငံအတွက် ကောင်းကျိုးမပေး
ဆိုးကြိုးတွေကိုသာ ဆက်တိုက်ပေးနေခဲ့တယ်
မြန်မာအချင်းချင်း သွေးစည်းရမှန်းမသိ
ဘာမသိ ညာမသိနဲ့ အချင်းချင်းပြန်ချပစ်ခဲ့လို့
အားလုံးလဲ သွေးချောင်းစီးရစ်ခဲ့ရပြီလေ။
ရှုးတိုက်တိုင်း မကိုက်ကြပါနဲ့
ရှုးတိုက်လို့ ကိုက်တာလူမဟုတ်
ခွေးတွေရဲ့ အလုပ်ပါ။
သင်ဟာ လူလား ခွေးလား
လူဆိုရင် လူအလုပ်ကိုလုပ်ပါ
ခွေးအလုပ် မလုပ်ပါနဲ့
မေလ (၃၀) ရက်နေ့မှာ ငြိမ်းချမ်းရေးအတွက်
ဒီပဲယင်းကို ခရီးထွက်ခဲ့စဉ်က
နိုဘယ်(လ်) ဆုရှင် အောင်ဆန်းစုကြည်သခင်နှင့်
ဒီမိုကရေစီလိုလား ပြည်သူများကို
ဇွတ်အတင်း အဓမ္မမုဒိန်းကျင့်ကာ
ရက်စက်စွာ သက်ဖြတ်ပစ်ကြ
ပြီးတော့မှ မလုပ်ရပါဘူးလို့ ကမ္ဘာကိုညာ
သင်တို့ရဲ့ မသမာတဲ့မာယာတွေကို
ရပ်တမ်းက ရပ်ပစ်ကြပါတော့
အို ... ပြည်သူအပေါင်းတို့
ဒို့နိုင်ငံအတွက် ကောင်းကျိုးမပေး
ဆိုးကျိုးတွေဆက်တိုက်ပေးနေတဲ့
စစ်အာဏာရှင်စနစ်ဆိုးကြီးကို
သင်ဟာလူပီသလို့ လူစင်စစ်ဖြစ်တယ်ဆိုရင်
ဆရာတော် သံဃာတော်များ
ဆရာ/ဆရာမ ကျောင်းသား ၀န်ထမ်းများနှင့်
ပြည်သူလူထုအားလုံးပေါင်းစုပြီး
အာဏာရှင် ဒီစနစ်ဆိုးကြီးကို
ကျူပင်ကိုနုတ် ကျူငုတ်မကျန်
တွန်းလှန်ပစ်ကြပါလို့ တိုက်တွန်းရင်း . . .
မင်းသုည ကွမ်းခြံကုန်း
မှတ်ချက်။ ။၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းပြီး ပြည်တွင်းမှာနေစဉ်ရေးသားဖြန့်ဝေခဲ့သောကဗျာဖြစ်ပါသည်။

Monday, May 10, 2010

လူမှန်ရင်စာနာစိတ်ထားပါ

Written by လူထုစိန်ဝင်း
အမေရိကန်သုံး ဘန်းစကားတွေထဲမှာ မကြာခဏတွေ့ရတတ်တဲ့ Manimal (Man+animal) ဆိုတဲ့ စကားလုံးကို လူတိရစ္ဆာန်လို့ ဘာသာပြန်ပြီး မကြာခဏရေးခဲ့ဖူးတယ်။ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နေလို့ လူလို့ခေါ်နေကြရပေမယ့် စိတ်ဓာတ် နဲ့အကျင့်စရိုက်က တိရစ္ဆာန်အရိုင်းအစိုင်းနဲ့ ချွတ်စွပ်တူနေတဲ့ လူမျိုးတွေကို လူလို့မခေါ်ထိုက်ကြောင်း ရေးတာဖြစ်ပါတယ်။

နဖူးလက်တင်စဉ်းစားဖို့မလို
တချို့က လူပဲဒါလောက်တော့ မဆိုးနိုင်ပါဘူးလို့ ပြောတတ်တယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ သိပ်ထွန်းကားတဲ့ အဆင့်မျိုးကိုမရောက်သေးတာတစ်ကြောင်း၊ ဗြဟ္မစိုရ်တရားလေးပါးကို အလေးထားတဲ့ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းမှာ နေထိုင်ခြင်းပြုရတာက တစ်ကြောင်းကြောင့် သူ့ပတ်ဝန်းကျင်မှာ တိရစ္ဆာန်အကျင့်စရိုက်နဲ့ ပြုမူကျင့်ကြံတာတွေရှိသိပ်ပြီး မမြင်မတွေ့ရလို့ လူပဲဒါလောက်တော့ မဆိုးနိုင်ပါဘူးလို့ ပြောတာဖြစ်တယ်။ နဖူးပေါ်လက်တင်ပြီး စဉ်းစားစရာတောင် မလိုပါဘူး။ သတင်းစာတစ် စောင် ကောက်လှန်ကြည့်လိုက်တာနဲ့တင် ကမ္ဘာတစ်ခုလုံးမှာ လူသားတွေ ဘယ်လောက်ထိ ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်ကုန်ကြပြီလဲ ဆိုတာတွေ မမြင်ချင်အဆုံးတွေ့ရမှာ ဖြစ်ပါတယ်။


ကလောင်ရှက်လို့ မရေးဝံ့ခရီးသည်အပြည့်ပါတဲ့ လေယာဉ်ကြီးတွေ အပိုင်စီးပြီး လူတွေသောင်းချီရှိနေတဲ့ မိုးမျှော်တိုက်ကြီးနှစ်လုံးကို ၀င်ဆောင့်တဲ့ ရက်စက်ကြမ်းကြုတ်မှုမျိုး ဘယ်တုန်းက ကြားဖူးခဲ့လို့လဲ။ လူမပါတဲ့ လေယာဉ်ပေါ်ကနေပြီး မူလတန်းကျောင်းလေးပေါ်ကျကျ၊ ဆေးရုံပေါ်ကျကျ၊ ကျချင်တဲ့နေရာကျ၊ မကောင်းသူထိပ် ကောင်းသူထိပ်ပဲဆိုပြီး ဗုံးကြဲချတာမျိုးရော ဘယ်အခါကမှ ကြုံဖူးလို့လဲ။ လူတစ်ယောက်က စိတ်ရူးထပြီး မောင်းပြန်သေနတ်ကြီးနဲ့ မူကြိုကျောင်းကလေးထဲဝင်ပြီး ဒလကြမ်းမွှေ့ယမ်းတာမျိုးကော ဘယ်ခေတ်ကကြားဖူးလို့လဲ။ ကလောင်ရှက်လို့ မရေးဝံ့တဲ့ ယုတ်မာမှုတွေ အများကြီးရှိသေးတယ်။ အားလုံးတွေ့နေ ဖတ်နေကြမှာပါ။
ကိုယ့်အနီးနားပတ်ဝန်းကျင်က လူတွေကြားမှာ စာနာစိတ်ဆိုတာလေးကို မမေ့မလျော့ ရှိနေစေဖို့တော့ အခါခပ်သိမ်း ဟောနေပြောနေရမှာပဲ . . .

ပိန်မသာ လိန်မသာ
အနောက်နိုင်ငံတွေမှာသာ လူတွေရိုင်းကုန်ကြတာမထင်နဲ့ ကိုယ့်အနားပတ်ဝန်းကျင်မှာလည်း ရိုင်းကုန်တာပါပဲ။ စိတ်ဓာတ်နဲ့ စာရိတ္တပိုင်းမှာတော့ ပိန်မသာလိန်မသာလို့ ပြောရင်တောင် ရနိုင်လောက်တယ် ထင်မိတယ်။ ကြည့်လေ။ အလှူ မင်္ဂလာပွဲနေပွဲထိုင်လို လူတောကြီးထဲကို ရင်ဗလာကျောဗလာနဲ့ ရင်ရှားဂါဝန်ကြီးဝတ်လာတာမျိုး ဘယ်အခါက မြန်မာမိန်းကလေးတွေ လုပ်ရဲကြလို့လဲ။ ကျွန်တော်တို့ ကောလိပ်ကျောင်းသားခေတ် ကျောင်းသူတွေဟာ ထမီကို နှစ်ထပ်ဝတ်ကြတာပါ။ အောက်က ပိတ်လုံချည်ရဲ့ ဇာနားကလေးကို အပေါ်လုံချည်ရဲ့အနားမှာ ညီညီညာညာပေါ်နေအောင် ဂရုစိုက်ဝတ်ကြပါတယ်။ အခုခေတ်တော့ နဂိုကပါးနေပြီးသားလုံချည်စကို စကတ်ထမီချုပ်ဝတ်လိုက်တော့ ဖန်ပေါင်းချောင်ထဲ ရွှေငါးလွှတ်ထားသလို ဖြစ်နေပါတော့တယ်။

မြင်ပါများတော့ ရိုးနေပြီ
မြင်မကောင်း ရှုမကောင်းအောင် တိုတိုနေတဲ့ စကတ်တိုဘောင်းဘီတိုတွေနဲ့ လမ်းသလားနေတဲ့ မြင်ကွင်းတွေကတော့ မြင်ပါများလို့ ရိုးသလောက်ဖြစ်နေပါပြီ။ ဇာတ်စင်ပေါ်မှာကနေတဲ့ ဇာတ်မင်းသားကို ပွဲကြည့်ပရိသတ်မိန်းကလေးက စင် ပေါ်တက်ပန်းကုံးစွပ်ရင်းဖက်နမ်းတဲ့ မြင်ကွင်းမျိုးကလည်း အဆန်းမဟုတ်တော့ဘူး။ မြန်မာယဉ်ကျေးမှုက အရွယ်ရောက်နေတဲ့ သမီးကအမေကို ဖက်နမ်းနှုတ်ဆက်တယ်ဆိုတာ မျိုးတောင်လုပ်လေ့ရှိတာမျိုး မဟုတ်ပါဘူး။ အခုတော့ အကယ်ဒမီပွဲတွေ မှာ နမ်းလိုက်ကြတာ မျက်စိကိုနောက်နေတာပါပဲ။ နောက်ပြီးရှိသေးတယ်။ အပျိုအရွယ်မိန်းကလေးတွေက ကျွန်မရည်းစားက ဘယ်သူ ဘယ်ဝါပါဆိုပြီး ဂျာနယ်တွေထဲမှာ ထုတ်ဖော်ပြောကြားတာမျိုး။ နောင်မယူဖြစ်တဲ့အခါကျတော့ နာမည်ဆိုး ကြီးဖြစ်ကျန်ရစ်ရော။

ကမ်းကုန်နေပြီ
အနောက်နိုင်ငံတွေမှာဆိုရင်လည်း လက်မထပ်ဘဲအတူနေပြီး ကလေးမွေးကြတာတွေဟာ လုပ်ရိုးလုပ်စဉ်တစ်ခုလိုလိုဖြစ်နေပြီ။ တချို့ကတော့ ကလေးမွေးပြီး သုံးနှစ်လေးနှစ်ကြာမှာ လက်ထပ်ကြတယ်။ တချို့ကတော့ လေးငါးခြောက်နှစ် အတူနေပြီးမှ နှစ်ဦးသဘောတူ လမ်းခွဲကြတယ်။ အတွဲအသစ်ကိုယ်စီနဲ့ အတူနေကြပြန်တယ်။ စာစောင်တွေကလည်း အတူနေအဖော်လို့ (companion partner)ရေးကြတယ်။ ချုပ်ပြီးပြောရရင် ကမ္ဘာတစ်ခုလုံးမှာ လူသားတွေဟာ ရှက်ခြင်းကြောက်ခြင်းဆိုတဲ့ ဟီရိသြတပ္ပတရား ကင်းမဲ့ကုန်ကြရုံမက ရက်စက်ကြမ်းကြုတ်တဲ့ နေရာမှာလည်း ကမ်းကုန်နေပြီလို့ ပြောရတော့မှာဖြစ်တယ်။ သင်္ကြန်ရေကစားနေတဲ့ လူတွေကြား ဗုံးခွဲတယ်ဆိုတဲ့လုပ်ရပ်ကို သာကြည့်ပါတော့။

ငွေကခြယ်လှယ်
လူသားတွေ အရှက်အကြောက်ကင်းမဲ့ပြီး ရိုင်းသထက်ရိုင်းလာရတဲ့ အဓိကအကြောင်းအရင်းကတော့ နေရာတကာမှာ ငွေကခြယ်လှယ်တဲ့ နေရာကိုရောက်လာတဲ့အတွက်ကြောင့် ဖြစ်တယ်ထင်ပါတယ်။ ဒီခေတ်မှာ ငွေမရှိရင် လူရာမ၀င်တော့ဘူး။ ငွေရှိရင်တော့ ဘာမဆိုအကုန်ဖြစ်တယ်။ အဲဒီတော့ ဘယ်နည်းနဲ့ရရ ငွေရဖို့အဓိကဖြစ်လာတယ်။ ''ကြောင်ဖြူတာမည်းတာ အရေးမကြီးဘူး။ ကြွက်မိဖို့သာလိုရင်းပဲ'' ဆိုတဲ့ အဘိဓမ္မာက နေရာတိုင်းလွှမ်းမိုးလာတယ်။ ငွေရဖို့အတွက် လူတွေဟာ ဘနဖူးကိုတောင် သိုက်တူးဖို့ ၀န်မလေးကြတော့ဘူး။ မူဝါဒ'Principle' တို့ ဂုဏ်သိက္ခာ 'Dignity'၊ 'Honour' တို့ဆိုတာတွေကို ထည့်စဉ်းစားမနေတော့ဘူး။ စဉ်းစားတဲ့ လူဆိုရင်လူမိုက်ပဲ။ လူ့တန်ဖိုးဆိုတာငွေပဲ ဂုဏ်သိက္ခာမဟုတ်ဘူး။

ဘာကြောင့်အကျင့်ပျက်တာလဲ
ငွေကြောင့်သာမဟုတ်ရင် လူတွေဒီလောက်ပျက်စီးစရာအကြောင်း မရှိပါဘူး။ ယိုးဒယားကသက်ဆင် အာဏာကို ခုထိတန်းတန်းစွဲဖြစ်နေတာ ငွေကြောင့်ပဲ။ ချမ်းသာသထက် ပိုချမ်းသာချင်တဲ့ လောဘကြောင့်ပဲ။ လောကမှာ ဘယ်သူမှ အကျင့်ပျက် ခြစားသူလို့ အခေါ်ခံချင်မယ် မထင်ပါဘူး။ ငွေကြောင့်သာ သိသိကြီးနဲ့ကျူးလွန်နေကြတာဖြစ်မှာပါ။ ဘယ်မိန်းကလေးမှ မလုံတလုံဝတ်ပြီး ဓာတ်ပုံရိုက်ပိုက်ဆံရှာချင်မယ်လို့ မထင်ပါဘူး။ ငွေရဖို့အတွက် လုပ်ရတာဖြစ်မှာပါ။ ပျော်လို့ အနှိပ်ခန်းမှာ အလုပ်လုပ်တယ်ဆိုတဲ့ မိန်းကလေးမျိုးလည်း ရှိမယ်မဟုတ်ပါဘူး။ ငွေကြောင့်ပါပဲ။

မကောင်းတာလုပ်မှ ကောင်းတာဖြစ်
အနောက်နိုင်ငံတွေမှာလည်း လူတွေရိုင်းသထက်ရိုင်းလာကြတာတွေကို သိပါတယ်။ သမ္မတရေဂန် လက်ထက်ကဆိုရင် ကျောင်းတွေမှာ ဘာသာရေးသင်ခန်းစာတွေ ထည့်သွင်းသင်ကြားဖို့တောင် ကြံစည်ခဲ့ပါသေးတယ်။ ကန့်ကွက်သူများလို့သာ အကောင်အထည် မဖော်ခဲ့တာပါ။ အကောင်အထည်ပေါ်ခဲ့ရင်လည်း အရာရောက်မယ် မထင်ပါဘူး။ ဒီခေတ်လူတွေရဲ့ ပညာတတ်မြောက်မှုနှုန်း မြင့်ပါတယ်။ အဲဒီတော့ မကောင်းမှုကို မကောင်းမှုမှန်းသိပါ တယ်။ မသိလို့ ပြုမူနေကြတာမဟုတ်ပါဘူး။ ကောင်းတာကိုလုပ်ချင်ပေမယ့် ကောင်းတာလုပ်လို့ ကောင်းတာတွေဖြစ်မလာဘဲ။ မကောင်းတာလုပ်မှ ကောင်းတာတွေဖြစ်လာတဲ့ ခေတ်ကြီးကြောင့် ကောင်းတာတွေမလုပ်နိုင်အောင် ဖြစ်နေကြရတာလို့ပဲ စာနာစိတ်နဲ့ တွေးမိပါတယ်။

လက်နက်ကောင်း
လူ့တန်ဖိုးကို ငွေနဲ့တိုင်းတာနေသမျှ ကာလပတ်လုံးတော့ ကမ္ဘာကြီးတစ်ခုလုံး ဒီလိုပဲ ပစ္စန္တရာဇ်အရပ်သဖွယ် ဖြစ်နေဦးမှာပါပဲ။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်လူ့အဖွဲ့အစည်းမှာ ငွေနဲ့ခြယ်လှယ်တဲ့ လုပ်ရပ်မျိုးတွေ များသထက်များမလာအောင် တတ်စွမ်းသလောက် ကာကွယ်တားဆီးတာပဲဖြစ်ပါတယ်။ ကာကွယ်တားဆီးဖို့အတွက် ကျွန်တော်တို့ လက်နက်ကောင်းတစ်ခုရှိပါတယ်။ ငွေရဲ့ အရှိန်အ၀ါတန်ခိုးသြဇာအောက်မှာ မှေးမှန်နေတာကို ပွတ်သပ်အရောင် တင်ပြီး ထုတ်ယူသုံးစွဲနိုင်ပါတယ်။ အဲဒါကတော့ 'စာနာစိတ်'ပါ။ ဘာသာတရားတိုင်းက ကိုယ်ချင်းစာစိတ်ထားဖို့ ဆုံးမကြပါတယ်။ ငွေက ဖျက်ဆီးလို့ ပျက်စီးသွားခဲ့ရတာပါ။ ဒါကို မွမ်းမံပြင်ဆင်ပြီး သုံးကြရမှာ ဖြစ်ပါတယ်။

မိုးကြိုးပစ်တာ ထန်းလက်ကာ
စာနာစိတ်ဆိုတာ ကိုယ်ကစပြီးကျင့်သုံးရမှာပါ။ သူတစ်ပါးကို နိုင်ထက်စီးနင်းပြုဖို့ဖြစ်လာရင် (ဥပမာ) လူတစ်ယောက်ကို ထိုးကြိတ်ရိုက်နှက်ဖို့ ဖြစ်လာရင် သူသာငါ့မိငါ့ဖိ၊ ငါ့ညီအစ်ကိုမောင်နှမ ငါ့သားငါ့သမီးဖြစ်ရင် ဘယ်လိုလုပ်မလဲလို့ တွေးကြည့်ဖို့။ လူတစ်ယောက်ရဲ့ စည်းစိမ်ချမ်းသာကို ပျက်စီးအောင်လုပ်ဖို့ ကြုံကြိုက်လာရင် သူသာ ငါ့ညီ၊ ငါ့ဖ၊ ငါ့ညီအစ်ကိုမောင်နှမ၊ ငါ့သားငါ့သမီးဖြစ်ရင် ဘယ်လိုလုပ်မလဲလို့ တွေးကြည့်ဖို့ပါ။ ဒီလို ကိုယ်ချင်းစာစိတ်နဲ့ အရာရာကို စဉ်းစားမယ်ဆိုရင် အရိုင်းစိတ်တွေ လျော့ပါးတန်သလောက် လျော့ပါးနိုင်ပါတယ်။ မိုးကြိုးပစ်တာ ကိုထန်းလက်နဲ့ကာသလိုတော့ ဖြစ်ပါတယ်။ အရာရာကိုငွေကခြယ်လှယ်တဲ့ စနစ်ကြီးရှိနေသမျှတော့ လူတွေကိုမရိုင်းအောင် လုပ်လို့မရနိုင်ပါဘူး။ ဒါပေမယ့် ဒီအတိုင်းဘာ မှမလုပ်ဘဲလက်ပိုက် ကြည့်နေလို့ လည်းမဖြစ်ပါဘူး။ ကိုယ့်အနီးနားပတ်ဝန်းကျင်က လူတွေကြားမှာ စာနာစိတ်ဆိုတာလေးကို မမေ့မလျော့ ရှိနေစေဖို့တော့ အခါခပ်သိမ်း ဟောနေပြောနေရမှာပဲဖြစ်ပါတယ်

Friday, May 7, 2010

လိုအပ်ချက်၃ခု

တခါက အိမ်ရှင်မတဦးသည် အိမ်ရှေ့တွင် မုတ်ဆိတ်ဖြူနှင့် အဘိုးအိုသုံးဦး
ထိုင်နေသည်ကို တွေ့လိုက်မိသည်။ ထိုအဘိုးအိုများကို သူမသိပေ။
"အဘိုးတို့ကို ကျွန်မ မသိဘူး။ဒါပေမဲ့ အဘိုးတို့ ဆာနေလောက်မယ်ထင်တယ်။
အိမ်ထဲဝင်ပြီး တခုခု သုံးဆောင်ပါဦးလား" ဟု သူမ လောကွတ်ပြုသည်။
"အိမ်ရှင်ယောက်ျားရှိနေလား" အဘိုးအိုက မေးသည်။"မရှိဘူး...အပြင်သွားလိုက်တယ်"
"ဒါဆို အဘိုးတို့ အိမ်ထဲကို ၀င်လို့မရသေးဘူး"
ညနေ လင်ယောက်ျား ပြန်လာသောအခါ အိမ်ရှင်မက အကြောင်းစုံကို ပြောပြလိုက်သည်။
"ကိုယ်အိမ်ရောက်နေပြီပဲ...သူတို့ကို ပြန်သွားဖိတ်လိုက်ပါဦး"
အိမ်ရှင်မက အဘိုးအို သုံးဦးအား အိမ်ထဲဝင်ခဲ့ဖို့ ဖိတ်ခေါ်ပြန်သည်။
"အဘိုးတို့ သုံးယောက်စလုံး အိမ်တအိမ်ထဲကို ပြိုင်တူဝင်လို့ မရဘူး"
"ဘာဖြစ်လို့လဲ...အဘိုး" အိမ်ရှင်မက တအံတသြနှင့် မေးသည်။
"သူ့နာမည်က ဓနဥစ္စာတဲ့" အဘိုးအိုတဦးက အခြားတဦးကို ထိုးပြပြီးပြောသည်။ ဆက်၍
"သူကတော့ အောင်မြင်ခြင်း၊ အဘိုးက ချစ်ခြင်းမေတ္တာ၊ အိမ်ထဲကို ဘယ်သူအရင်
ဝင်ရမလဲဆိုတာ တူမလေးယောက်ျားနဲ့ အရင် သွားတိုင်ပင်ကြည့်လိုက်ဦး"
အိမ်ရှင်မမှာ အိမ်ထဲဝင်ပြီး လင်ယောက်ျားကို အကြောင်းစုံ ပြောပြပြန်သည်။
"အော်.. ဒီလိုကိုး... ဒါဆိုရင် ဓနဥစ္စာကို အရင်ဆုံးဖိတ်လိုက်ရအောင်"
"ဘာဖြစ်လို့ အောင်မြင်ခြင်းကို အရင်မဖိတ်တာလဲ" အိမ်ရှင်မက အတွန့်တက်သည်။
"ချစ်ခြင်းမေတ္တာကို အရင်ဆုံး ဖိတ်လိုက်ရင် မကောင်းဘူးလား"
ထောင့်တနေရာတွင် ထိုင်ပြီး သူတို့ပြောသော စကားကို နားထောင်နေသည့်
ချွေးမဖြစ်သူက အကြံပြုသည်။
"အင်း....ကောင်းတယ်။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်" ချွေးမ၏ အကြံကို
သူတို့ထောက်ခံလိုက်ကြသည်။ "ချစ်ခြင်းမေတ္တာကို အရင်ဖိတ်ပါတယ်။ အိမ်ထဲကို
ကြွပါ" အိမ်ရှင်မက ဖိတ်ခေါ်လိုက်သည်။ ချစ်ခြင်းမေတ္တာဟုသော အဘိုးအိုက
အိမ်ထဲဝင်သည်နှင့် ကျန်အဘိုးအို နှစ်ဦးက လိုက်ဝင်လာသည်။
" သုံးယောက်လုံး ပြိုင်တူဝင်လို့ မရဘူးဆို ကျွန်မက သူ့ကိုပဲ
အရင်ဖိတ်လိုက်တာ။ အဘိုးတို့က ဘာလို့ လိုက်ဝင်လာရသလဲ"
"တကယ်လို့ တူမက ဥစ္စာဓန သို့မဟုတ် အောင်မြင်မူကို အရင်ဖိတ်ရင်
ကျန်တဲ့နှစ်ဦးက လိုက်ဝင်လို့မရဘူး။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်ဆိုရင်
သူဘယ်ကိုသွားသွား ကျန်တဲ့နှစ်ဦးက လိုက်ကိုလိုက်ရတယ်။ ဘယ်နေရာမှာဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာဆိုတာ ရှိရင် ဥစ္စာဓနနဲ့ အောင်မြင်မူ ဆိုတာလည်း ရှိမှာပဲ"
အဘိုးအို တဦးက ရှင်းပြသည်။
(copy from letmakeasulike.ning.com)

Saturday, May 1, 2010

ယဉ်ကျေးလိမ္မာသင်တန်း

Photobucket