Sunday, April 1, 2012

ဗိုလ်မင်းအောင်လှိုင်ရဲ့စကားယုံစားရင် အကုန်မှားလိမ့်မယ်

ရွှေပြည်စိုး

ဧပြီ ၁၊ ၂၀၁၂ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့စကားကိုယုံရင် အကုန်မှားသွားမယ့်အပြင် ငါးပါးမှောက်ရုံမက သံဃာစင်ပါမှောက်သွား ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်မင်းအောင်လှိုင်ရဲ့ ၆၇ နှစ်မြောက်တပ်မတော်နေ့မိန့်ခွန်းမှာ ဒီလိုပြောတဲ့အပြောမျိုးပြောလာတာ နှစ်ပေါင်း ၂၀ ကျော်လာပြီ။ ဒီနေ့ထိ အပြောနဲ့အလုပ် တခါမှညီတာ မတွေ့ခဲ့ရတာကြောင့်ဖြစ်တယ်။ သူ့ရဲ့တပ်မတော်နေ့မိန့်ခွန်းမှာ – မြန်မာ နိုင်ငံမှာ စစ်တပ်ရဲ့အခန်းကဏ္ဍဟာ တိုင်းပြည်တည်ငြိမ်ရေးအတွက်အရေးကြီးကြောင်း၊ မိမိအနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ) မှာ “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စေါင့်ရှောက်ရန် အဓိကတာဝန်ရှိတယ်လို့ အတိအကျ ဖော်ပြတာဝန်ပေးအပ်ထားတာဖြစ်တယ်။ ဒါကြောင့် တို့တပ်မတော်အနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်တည် ဆောက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်ရမှာဖြစ်ကြောင်း၊ တပ်မတော်ဟာ အတိတ် တုန်းကလိုပဲ နိုင်ငံရေးမှာ ဆက်ပါဝင်သွားမှာဖြစ်ကြောင်း” မိန့်ကြားသွားတာတွေ့ရပါတယ်။ (ဗွီအိုအေ၊ ၂၇၊ ၃၊ ၂၀၁၂)

 
အလားတူ သမတသိန်းစိန်ကလည်း ၆၅ နှစ်မြောက်ပြည်ထောင်စုနေ့မိန့်ခွန်းမှာ “စွမ်းအားပြည့်ဝတဲ့ ခေတ်မှီမျိုးချစ်တပ်မတော်ထူထောင် ရေး” ကို ပြောကြားသွားတယ်။ ဒါပေမဲ့ “တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်သွားမယ်” ဆိုတာ ထည့်မပြောဘူး။ ဒါတွေကိုကြည့်ရင် စစ်ဗိုလ်စစ်သားတွေဟာ စစ်စကားတွေပဲပြောတယ်။ သူတို့အာဏာတည်မြဲဖို့ပဲ အမြဲတမ်းကာကွယ်ပြီးပြောနေတယ်ဆိုတာ ထင်ရှားတယ်။
သူတို့ရဲ့မိန်ခွန်းတွေကိုကြည့်ရင် မစားရ၀ခမန်းလိလိ ဖြစ်နေတယ်။
ဗိုလ်မင်းအောင်လှိုင်ရဲ့မိန့်ခွန်းပါအချက်တွေကို တခုချင်းဆန်းစစ်ကြည့်ရင် ….
၁။ မြန်မာနိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍဟာ တိုင်းပြည်တည်ငြိမ်ရေးအတွက် အရေးကြီးတယ်တဲ့။ (၁) သူတို့စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်လာတာ နှစ်ပေါင်း ၂၀ ကျော်လာပြီ။ တိုင်းပြည်ဘယ်တုန်းကမှ မငြိမ်သက်ခဲ့ဘူး။ ခုသူပြောနေတဲ့အချိန်မှာပဲ နယ်စပ်တလျောက်ရှိ တိုင်းရင်းသားတွေနဲ့ စစ်တိုက်နေတုန်း။ တိုင်းရင်သားတွေကို ထိုးစစ်ဆင်နေတုန်းပဲ။ ပါးစပ်ကကြားကောင်းအောင် “ငြိမ်းချမ်းရးဆွေးနွေးပွဲ” လို့ပြောနေတာ လပေါင်းများစွာရှိနေပြီ။ ဘာတခုမှ မငြိမ်းချမ်သေးဘူး။ ခုချိန်ထိတိုက်နေတာ အားလုံးအသိပဲ။ ဒါဟာ သူ့အပြောနဲ့အလုပ် မညီဘူးဆိုတာ သက်သေပြတာဖြစ်တယ်။ သမတသိန်းစိန်က အပစ်ရပ်ဖို့အမိန့်ထုတ်တယ်။ ဒါပေမယ့် ဗိုလ်မင်းအောင်လှိုင်က သမတ အမိန့်ကို မနာခံဘူး။ ကရင်၊ ကချင်၊ ကရင်နီ၊ ရှမ်း …. စတဲ့တိုင်းရင်းသားတွေကိုထိုးစစ်ဆင်နေတာ ခုချိန်ထိပဲ။ အပစ်မရပ်ရုံမက ကချင်ပြည် နယ်မှာ ဓါတုဗေဒလက်နက်သုံးပြီးတိုက်နေတာတွေ့ရတယ်။ (ဒီဗွီဘီ ၊ရွှေဟသာင်္၊ ၂၂-၂၄၊ ၃၊ ၂၀၁၂) အဲဒီတော့ သူပြောတဲ့ “တိုင်းပြည်တည်ငြိမ် ရေးဆိုတာ ” “ကျည်ဆန်မပါ အသံသာပါတဲ့ သင်္ကြန်အမြောက်” မိန့်ခွန်းဖြစ်နေတယ်။ သူ့စကားဟာ ဘာမှအထင်ကြီးစရာမရှိ။
၂။ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ” ဆိုတာ NLD စတဲ့ နိုင်ငံရေးပါတီတွေရဲ့ သဘောတူညီမှုမပါဘဲ စစ်အာဏာရှင်သက်ဆိုးရှည်ဖို့ တ ဘက်သတ်ရေးဆွဲထားတဲ့ဥပဒေဖြစ်ပြီး ကလိန်ကကျစ်နည်းနဲ့ အတည်ပြုယူခဲ့တာဖြစ်တယ်။ အလားတူ ၂၀၁၀ ရွေးကောက်ပွဲဟာလည်း မဲ လိမ်၊ မဲခိုး၊ ကြိုတင်မဲခိုးတဲ့ မသမာနည်းနဲ့ အနိုင်ယူထားတဲ့ ရွေးကောက်ပွဲဖြစ်တယ်။
၃။ “တပ်မတော်အနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်မယ်” ဆိုတဲ့အပြောမျိုးဟာလည်း ၁၉၈၈ က စပြီး နှစ်တိုင်းလိုလို ဒီလိုပဲ စကားလုံးပြောင်းပြောတာကလွဲလို့ ဘာမှ မထူးခြားဘူး။ ခေတ်မမှီ မဖွံ့ဖြိုး၊ မတိုးတက်တဲ့အပြင် တနှစ်ထက် တနှစ်ဆုတ်ယုတ်လာခဲ့တာ ကမ္ဘာ့အောက်ဆုံးအဆင့်ရောက်နေပြီ။ နိုင်ငံတကာကိုပေးဆပ်ရမယ့်ကြွေးတွေကလည်း ခေါင်ခိုက်နေပြီ။ ဒီအ ကြွေးနဲ့ပတ်သက်ပြီး ကဗျာဆရာ တက္ကသိုလ်ဘုန်းကြွယ် ဖေဖေါ်ဝါရီ ၅၊ ၂၀၁၂ ရက်က အီးမေးလ်မှတဆင့်ပေးပို့တဲ့ ကဗျာ တပုဒ်မှာ “အကြွေးသူဌေး မြန်မာနိုင်ငံ”လို့တင်စားထားသလို ၈၈ နောက်ပိုင်းမှာ အကြွေးသန်းပေါင်း ၂၆၁၄.၉၅၀ ဒေါ်လာတင်ရှိနေကြောင်း ဖေါ်ပြ ထားတယ်။
ဖေဖေါ်ဝါရီလ ၂၊ ၂၀၁၂ ထုတ် ဧရာဝတီသတင်းမှာလည်း မြန်မာနိုင်ငံပေးဆပ်ရမယ့်အကြွေးဒေါ်လာ စုစုပေါင်း ၁၁ ဘီလီယံကျော် (ဒေါ်လာ သန်းပေါင်း ၁၁၀၂၃.၂၉၈ ) ရှိကြောင်း၊ ၎င်းအနက် ၁၉၈၈ နောက်ပိုင်း (န၀တ၊ နအဖ ခေတ်) ပေးဆပ်ရမယ့်ကြွေးပေါင်းမျာ ဒေါ်လာသန်းပေါင်း ၂၆၁၄.၉၅၀ သန်းဖြစ်ကြောင်း ဖေါ်ပြထားတယ်။
သမတသိန်းစိန်၊ ဗိုလ်မင်းအောင်လှိုင်ပါဝင်တဲ့ န၀တ၊ နအဖ စစ်အစိုးရခေတ်မှာ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ဓါတ်သတ္ထု၊ ကျောက်မျက်ရတနာ၊ ရေအားလျှပ်စစ်ဓါတ်အားနဲ့ သစ်တောထွက် …. စတဲ့ သယံဇာတတွေ အလျှံပါယ်ထွက်ရှိရောင်းချနေရပါလျက်နဲ့ အကြွေးဒေါ်လာသန်းပေါင်း ၂၆၁၄.၉၅၀ သန်း ကြွေးတင်နေတယ်ဆိုတော့ အံ့သြစရာဖြစ်နေသလို ဒီလောက်ကြွေးတင်နေမှတော့ သမတသိန်းစိန်နဲ့ ဗိုလ်မင်းအောင် လှိုင်တို့ပြောသလို ဘယ်လိုခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ဖြစ်လာမှာလဲ။ သူတို့လို စစ်ဗိုလ်၊ စစ်ဗိုလ်လူထွက်တွေကြီးစိုးချယ်လှယ်နေသမျှကာလပတ်လုံး မြန်မာနိုင်ငံဟာ ဘယ်တော့ဖွံ့ဖြိုးတိုးတက်တဲ့ခေတ်မီနိုင်ငံဖြစ်မလာနိုင်တဲ့အပြင် ဘယ်တော့မှလည်း ဒီမိုကရေစီနိုင်ငံဖြစ် လာမှာမဟုတ်ဘူးလို့ ရဲရဲကြီးပြောရဲတယ်။
ခုလိုသယံဇာတ အလွန်ပေါများကြွယ်ဝစွာထွက်ရှိရောင်းရတဲ့နိုင်ငံဟာ ဆင်းရဲမွဲတေပြီး အကြွေးသူဌေးနိုင်ငံဖြစ်လာရတဲ့အကြောင်းရင်းတွေ ထဲက အထင်ရှားဆုံးသာဓကတခုမှာ – သမတသိန်းစိန်၊ ဗိုလ်မင်းအောင်လှိုင်တို့ပါဝင်တဲ့ န၀တ၊ နအဖစစ်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်တွေနဲ့ ရာ ပေါင်းများစွာသော အပေါင်းပါတို့ဟာထွက်ရှိတဲ့ သယံဇာတပစ္စည်းရောင်းရငွေတွေကို တိုင်းသူပြည်သားတွေမသိအောင် နည်းမျိုးစုံနဲ့ နိုင်ငံ ခြားဘဏ်ပေါင်းများစွာမှာ လျှို့ဝှက်အပ်နှံထားကြခြင်းကြောင့် ဖြစ်တယ်။ န၀တ၊ နအဖ ဥက္ကဌမိသားစုနဲ့တကွ အလိုတူအလိုပါ ရာပေါင်းများ
စွာတို့ဟာ နိုင်ငံတော်ရဲ့ဘဏ္ဍာတော်တွေကို နိုင်ငံခြားဘဏ်ပေါင်းများစွာမှာအပ်နှံထားကြတဲ့ စာရင်းအချို့ကို အောက်ပါ Website တွေမှာ တွေ့ရင် သယံဇာတပေါများကြွယ်ဝတဲ့ မြန်မာနိုင်ငံဟာ ဘာကြာင့် အကြွေးသူဌေးမြန်မာနိုင်ငံဖြစ်ရသလဲဆိုတာ ထင်ထင်ရှားရှားတွေ့ ရပါလိမ့်မယ်။ ကြည့်ကြပါ။
၁။ Reserve Bank of Australia, 2008 -10-22 (ဗိုလ်ချုပ်သန်းရွှေမိသားစုအပါအ၀င် ၄၆၃ ဦး) www.rba.gov.au/media Releases/2008/mr_08_23-_annex.html.
၂။ Bank of England NewEra-2009-3-23. (ဗိုလ်ချုပ်သန်းရွှေမိသားစုအပါအ၀င် ၅၁၅ ဦး)
၃။ European Union Bank, Meomaka, 2009-8-15 (ဗိုလ်ချုပ်သန်းရွှေမိသားစုအပါအ၀င် ၅၂၉ ဦး)
၎။ Bank of Canada, www.Canada Burma.org (ဗိုလ်ချုပ်သန်းရွှေမိသားစုအပါအ၀င် ၄၀ ဦး)
၅။ Overseas Chinese Banking Corporation (OCBC) and DBS Group (RFA,VOA,DVB,Mizzima.Irrawaddy, 2009-Sept-10)
ဒါ့အပြင် မြစ်ဆုံစီမံကိန်းနဲ့ပါတ်သက်လို့ ဗိုလ်သန်းရွှေနဲ့ဗိုလ်တင်အောင်မြင့်ဦးတို့ကို ဒေါ်လာ ၅ ဘီလီယံ (သန်းပေါင်း – ၅၀၀၀) တရုတ်ကုမ္ပဏီ (CPI) မှပေးခဲ့ကြောင်း၊ ထိုငွေထဲမှအချို့ကို နေပြည်တော်ဆောက်လုပ်ရေးလုပ်ငန်းတွင်သုံးပြီး ကျန်ငွေများဘယ်မှာရှိမည်ကို ထိုသူနှစ်ဦးမှ တပါး မည်သူမှမသိရကြောင်း (အောက်တိုဘာ ၆၊ ၂၀၁၁) ထုတ်ဝေသည့် ဧရာဝတီသတင်းမှာတွေ့ရတယ်။ အဲဒီကျန်ငွေအားလုံးမှာ ဗိုလ် သန်းရွှေနဲ့ ဗိုလ်တင်အောင်မြင့်ဦးတို့၏အိတ်ထဲရောက်သွားပြီဆိုတာ ထင်ရှားနေပါတယ်။
ဖော်ပြပါ website စာရင်းဟာ အချို့သာဖြစ်တယ်။ မသိလိုက်တာတွေ ရှိနိုင်ပါသေးတယ်။ အထက်ဖော်ပြပြီးတဲ့ စာရင်းတွေကိုကြည့်ရင် ရာပေါင်းများစွာသော စစ်ဗိုလ်ချုပ်တွေနဲ့အပေါင်းပါတို့ဟာ နည်းမျိုးစုံနဲ့ ခိုးဝှက်နေမှတော့ ဒီနိုင်ငံဟာ ကြွေးမတင်ပဲနေနိုင်ပါတော့မလား။ ဒါ တွေကိုကြည့်ရင် နိုင်ငံမွဲလေ၊ ကြွေးတင်လေ၊ စစ်အစိုးရဗိုလ်ချုပ်တွေ ချမ်းသာကြွယ်ဝလေပါပဲ။
စစ်တပ်ဆိုတာ နိုင်ငံကာကွယ်ရေးအတွက်ပဲဖြစ်ရမယ်။ နိုင်ငံရေးပါတီများက နိုင်ငံကိုအုပ်ချုပ်ရမယ်။ ဘယ်နိုင်ငံမှာကြည့်ကြည့် ဒီအတိုင်းပါပဲ။ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်ပါလာတဲ့တိုင်းပြည်ဟာ အဖတ်ဆယ်မရအောင် ပျက်စီးတာပဲ။ အလားတူမြန်မာနိုင်ငံဟာလဲ ဒီအတိုင်းပါပဲ။
ဒါ့ကြောင့် မြန်မာနိုင်ငံမှာ စစ်ဗိုလ်၊ စစ်ဗိုလ်လူထွက်တွေ (သို့) အာဏာရှင်တွေကြီးစိုးနေသမျှ ကာလပတ်လုံး ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်ပြီး ခေတ်မီနိုင်ငံဖြစ်လာမှာမဟုတ်သလို ဘယ်တော့မှလည်း ခေတ်မှီဒီမိုကရေစီ နိုင်ငံဖြစ်လာမှာမဟုတ်ကြောင်းတင်ပြအပ်ပါတယ်။
http://moemaka.com/2012/04/%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%B9%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%9C%E1%82%88%E1%80%AD%E1%80%84%E1%80%B9%E1%80%9B%E1%80%B2%E1%82%95/

0 comments:

Post a Comment