Saturday, September 7, 2013

ပညာဟူသည်

ပညာရဲ့သဘော၊ ပညာရဲ့သဘာဝ။ အဲဒီအကြောင်း ဆရာ့ဆီက သိပါရစေ ဆရာ။
ဆရာ့ကို လာမေးတဲ့အတွက် ဆရာကိုယ်၌က ဒီအကြောင်း ပြောဖို့ရာ သတိကြီးစွာထားမိတယ်။ ဘာကြောင့်လဲဆိုတော့ ပညာဆိုတာ အရာရာကို ရှုကြည့်တာ။ ပညာအကြာင်းပြောမယ်ဆိုရင် လူက ပြန်ပြီးပညာကို ကြည့်ရမှာဆိုတော့ နည်းနည်းခက်သွားပြီ။ ပြီးတော့ ကိုယ့်ကိုယ်ကို ပညာအကြာင်းအလုံးစုံ သိပါတယ် လို့ မပြောဝံ့ဘူး။
ဒါပေမယ့် ခင်ဗျားတို့က မေတ္တာရပ်ခံလို့ ပြောမိတဲ့အခါ သတိတစ်ခုတော့ရှိတယ်။ အဲဒါက ဘာလဲဆိုရင် ပညာနဲ့ပတ်သက်လာရင်ထားရမယ့် စိတ်သဘောထား။ ဒီစိတ်သဘောထားကို တခြားပုဂ္ဂိုလ်က ပေးတာ မဟုတ်ဘူး။ မြတ်စွာဘုရားက ပေးတာ။ ပညာရှာဖို့ သိဖို့ ကိစ္စက မင်္ဂလာတရားတော်မှာ ပါပြီးသား။ ဓမ္မဿဝန၊ ဓမ္မသာကစ္စာတဲ့။
ဓမ္မဿဝနဆိုတာ ဓမ္မတရားတော်ကို နာယူခြင်း။ ဆွေးနွေးတဲ့အဆင့် မရောက်သေးဘူး။ အဲဒီအခါ ဆီဆိုင်တဲ့ မင်္ဂလာတရားတွေ တွဲပြီးပါလာတာ သတိထားမိတယ်။ ဂါရဝေါစ၊ နိဝါတောစတဲ့။ ဒီမင်္ဂလာတွေနဲ့ အပိုဒ်စတာ။ ပညာအကြောင်းကို နာယူတော့မည်ကြံရင် ဂါရဝေါစ၊ နိဝါတောစရှိပြီး ဖြစ်နေသင့်တယ်။ ဒီလိုပဲ ပညာအကြောင်းပြောမယ့်သူကလည်း ဂါရဝေါစ၊ နိဝါတောစ ရှိနေဖို့ လိုအပ်တယ်။
နောက်တစ်ဆင့်က ကာလေနဓမ္မသာကစ္စာ။ အဲဒါက အထက်တန်းကျသွားတော့ နာယူရုံတင်မကဘဲ မေးမြန်းတယ်။ စုံစမ်းတယ်။ အဲဒီအခါ ဂါရဝေါစ၊ နိဝါတောစ ကင်းလို့ကိုမရဘူး။ ဒီတော့ ခင်ဗျားတို့မေးတဲ့ ပညာအကြောင်း ပြောတဲ့အခါမှာ ဂါရဝေါစ၊ နိဝါတောစကို ဦးထိပ်မှာ ပန်ဆင်ပြီး ပြောချင်တယ်။ ဆိုလိုတာက အခြားသော ပညာရှင်များက ဆရာပြောတာကို ဝေဖန်ကြမယ်ဆိုရင် လက်ခံပါ့မယ်။ အမှားထောက်ပြကြမယ်ဆိုရင် ရိုသေစွာ လိုက်နာပါ့မယ်လို့။ ဒါလေးကို နိဒါန်းခံပြီးပြောချင်တယ်။

 ပညာဆိုတာ ထုထည်သိပ်ကြီးတယ်။ သမုဒ္ဒရာကြီးနဲ့ နှိုင်းကြတာပေါ့။ ကမ်းစပ်မှာ တစ်မျိုးနက်တယ်။ ကမ်းလွန်မှာ တစ်မျိုးနက်တယ်။ ကမ်းလွန်က ဟိုးဗဟိုကြီးသွားရင် ပိုပိုနက်လိမ့်မယ်။ ဒါကြောင့် ပညာသဘောကိုပြောရင် သမုဒ္ဒရာကို ယုန်သူငယ်ထောက်သလို ဖြစ်မှာလည်း ကြောက်တယ်။ ထုထည်ကြီးတာကို ဆရာဆိုချင်တာပါ။
ပြီးတော့မပြောလို့ကလည်း မဖြစ်ဘူး။ ဘယ်ကိစ္စမဆို ‘ပြောကြည့်’ကြတာ ကမ္ဘာဦးအစကတည်းကပဲ။ လူတွေက ပညာဆိုတာ ဘာလဲလို့ပြောကြ၊ ဆွေးနွေးကြ၊ သုံးသပ်ကြတဲ့အတွက် ဒီလောက်ထိ အခြေခံပညာတွေ တိုးတက်လာတာ။ ဒါတွေကို နမူနာယူရမယ်။ အားကျရမယ်။ ဒါကြောင့် ခုနက စကားခံထားသလို ငါပြောသလိုမှ မှန်တယ်လို့ လုပ်လို့မရဘူး။
ဗုဒ္ဓတရားတော်မှာ ပညာက ထိပ်ပဲ။ သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာဆိုပြီးရှိတယ်။ ဒါကြောင့် ပညာဆိုတာ လူ့အရည်အသွေး၊ လူ့ရဲ့စွမ်းအင်တစ်ခုလို့ယူဆလို့ရတယ်။ ပညာရှိတယ်ဆိုတဲ့လူဟာ ပညာဆိုတဲ့စွမ်းအင်ရှိတာပဲ။ ဉာဏ်နဲ့သာ သိနိုင်တယ်။
ဒါကြောင့် ပညာအစစ်သည် သိတယ်။ သိသည့်ခဏ၌ ပယ်ရမှာကိုပယ်တယ်။ ဆိုက်ရောက်ရမယ့်နေရာကို တစ်ခါတည်းရောက်သွားတယ်။ ပြီးတော့ ပွားရမယ့်အရာကို ပွားသွားတယ်။ ပညာတစ်ခုတည်းကနေ ကိစ္စလေးခုလုပ်တယ်။ သိ၊ ပယ်၊ ဆိုက်၊ ပွား ထိုလေးပါးတဲ့။ ဒီကိစ္စဟာ ‘ပညာရဲ့ကိစ္စလေးရပ်’ ဆိုတာ လူတော်တော်များများက သတိလစ်ကြတယ်။
အနောက်နိုင်ငံက ပညာရှိတွေမှာလည်းဗုဒ္ဓလောက် ထင်ထင်ရှားရှားမသိလို့ မပြောပေမယ့် သိခြင်းနဲ့ အကျင့် ဆက်သွယ်နေမှန်း နားလည်ကြတယ်။
Education ကို အခု လူတွေက သာမန်အားဖြင့်တော့ ပညာရေးလို့ ခေါ်နေကြတယ်။ Education ဆိုတာ ပညာရရှိအောင် ပြုလုပ်သော ကြိုးပမ်းအားထုတ်မှု။ ဒါ Education ။ Education ကို The process of developing and training of  knowledge etc., လို့ အင်္ဂလိပ်လို အဓိပ္ပာယ် ဖွင့်ဆိုတယ်။ process ဆိုတာ အစဉ်သဘောကိုပြောတာ။ ဘာအစဉ်လဲ developing ။ ဖွံ့ဖြိုးမှုမရှိသေးတာကို ဖွံ့ဖြိုးအောင်လုပ်တာ။ အဲဒါ Education ။ နောက်တစ်ခါ မရှိသေးတာကို ရှိလာအောင် လေ့ကျင့်ပေးတာ။ developing နဲ့ training သဘောမျိုးကို Education လို့ ခေါ်တယ်။ knowledge အစရှိတဲ့ သိဖွယ်တွေကို စနစ်တကျ သင်ပေးခြင်း၊ သင်ယူခြင်းကို Education လို့ ခေါ်တယ်။
ပညာရေးမှာ သုတေသနသည် အသက်ပဲဗျာ။ သုတေသနမရှိရင် ပညာရေးကရပ်နေမှာပဲ။ ပြောင်းလဲနေသော အခြေအနေအရပ်ရပ်၌ ပြောင်းလဲနေသော သဘောတရားကို အမီလိုက်ဖို့အတွက် အမြဲတမ်း သုတေသနက လိုအပ်တယ်။ ပညာဆိုတဲ့သဘောက သင်္ဘောတစ်စီးလို ကျောက်ချထားလို့ မရဘူး။ သွားနေရတာဗျ။ သွားနေတာက သုတေသန။ သုတေသနမရှိဘဲ နေလို့မရဘူး။ ဒါကြောင့် သုတေသနလုပ်ဖို့ facilities လည်း ပြည့်စုံရမယ်။ ပိုက်ဆံလည်းရှိရမယ်။ နောက်ပြီးတော့ သုတေသနကိုအားပေးသော ပတ်ဝန်းကျင်အခြေအနေလည်း ရှိရမယ်။
သုတေသနကို အားမပေးသော ပတ်ဝန်းကျင်ကြောင့်  ခေတ်နောက်ကျန်ရစ်ခဲ့တဲ့ တိုင်းပြည်တွေ အများကြီးပဲ။ အကောင်းဆုံးနမူနာက ရုရှား။ တရားဝင်သဘောအရတော့ သုတေသနရှိတယ် ပြောတာပဲ။ ဒါပေမယ့် ပညာရှင်တွေက လုပ်ချင်တာလုပ်လို့မရဘူး။ ဆရာပြန်ပြောမယ်နော်။ လုပ်ချင်တာလုပ်လို့ မရဘူး။ လုပ်စေချင်တာကိုသာ လုပ်ကြရတဲ့အတွက် သုတေသနပတ်ဝန်းကျင် ရာခိုင်နှုန်းတစ်ရာမပြည့်တဲ့အတွက် သူ့ခမျာ တိုးတက်သင့်သလောက် မတိုးတက်ဘူး။
လူ့ဘောင်ကြီး ပျက်စီးအောင်တော့ ဘယ်ပညာရှင်မှ မလုပ်ပါဘူး။ သဘာဝအထိန်းအကျောင်းတွေရှိတယ်။ အစဉ်အလာ အထိန်းအကျောင်းတွေရှိတယ်။ အထူးသဖြင့် ပညာရှင်တွေကြားမှာ Renaissance ခေတ်ထဲက ထိန်းသိမ်းလာတဲ့ Humanism ဆိုတဲ့ အစဉ်အလာရှိတယ်။ ဗြဟ္မစိုရ်တရား အစဉ်အလာလို့ ဆီလျော်အောင် ဘာသာပြန်နိုင်တယ်။ ပညာစစ်၊ ပညာမှန်ဆိုတာက Character တို့၊ စိတ်တို့ဆိုတာ ပါလာတဲ့အတွက် ပညာရှင်ကိုယ်၌က သူ့ကိုယ်သူ ထိန်းထားလေ့ရှိတယ်။ ကိုယ့်ကိုယ်ကို မထိန်းနိုင်ရင် သူက ပညာရှင်ကို မဟုတ်ဘူး။ သူ့သဘာဝကိုက ထိန်းကျောင်းမှုဆိုတာရှိတယ်။ ပညာရှင်တို့ရဲ့ အနှစ်သာရက သတိသမ္ပဇဉ်နဲ့ ပြည့်စုံတာကို ပြောတာ။ မှန်ကန်သော ဆုံးဖြတ်နိုင်စွမ်း၊ တော်တော်အရေးကြီးတဲ့ကိစ္စပဲ။ ကျွန်တော်တို့သိရသလောက်ကတော့ မတရားမှု၊ မချမ်းသာမှုကို မနှစ်သက်တဲ့အတွက် လူ့လောကကို အကျိုးမပြုဘူးထင်ရင် မလုပ်ဘူး။ အဲဒါတွေရှိတယ်။ အဲဒါတွေထိန်းသိမ်းရတယ်။
ကမ္ဘာမှာ လူတစ်ဦးတည်းအတွက်ကိုပဲ Life Long Education ဆိုတဲ့စကားကို သုံးတယ်။ တိုင်းပြည်တစ်ပြည်အတွက်လည်း Life Long Education ရှိရမှာပဲ။ ဆိုလိုတာက ပညာရေးဟာ အဆုံးမရှိ။ ပညာရေး ပြုပြင်တီထွင်မှုမှာလည်း အဆုံးမရှိ။ ပညာရေးဟာ တိုင်းပြည်တစ်ပြည်အတွက် အကောင်းဆုံး အရင်းအနှီးပဲ။ ပညာဆိုတာ အသိတွေ၊ အတတ်တွေ၊ ကျွမ်းကျင်မှုတွေအပြင် စိတ်သဘောထားတွေ၊ စာရိတ္တသဘောတွေ၊ ဗြဟ္မစိုရ်တရားတွေပါတယ်ဆိုတဲ့ ဒဿနအမြင် ပညာပေးခြင်းသည် အကြီးမြတ်ဆုံးသော လူ့ကျင့်ဝတ် လူ့တာဝန်ဆိုတဲ့ ခံယူချက်။ အဲဒါတွေကတော့ ဘယ်တိုင်းပြည်အတွက်မဆို ဘယ်ခေတ်မှာဖြစ်ဖြစ် ‘မဖောက်မပြန် မှန်ကန်တဲ့ သစ္စာဓမ္မ’ တွေဖြစ်တယ်။
ပညာသင်ယူသူ၊ ပညာသင်ပေးသူ၊သဒ္ဓါပြဋ္ဌာန်းကူညီကြသူတွေ အားလုံး ‘အညမညံပိယံဟောန္တု’ဖြစ်ကြရင် ‘အညမညံသုခါဟောန္တု’ ဖြစ်ကြမယ်။ ဒီအမှန်တရားကိုလည်း ကမ္ဘာ့ပညာရေးသမိုင်းက ထင်ထင်ရှားရှား ပြပြီးသားပါ။ သတိမူပြီး မြူကိုတောင် မြင်နိုင်စွမ်းဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
တက္ကသိုလ်ဘုန်းနိုင်၏ ‘ပညာရဲ့သဘော’  စာအုပ်မှ…
http://phozaw.wordpress.com/%E1%80%95%E1%80%8A%E1%80%AC%E1%80%9F%E1%80%B0%E1%80%9E%E1%80%8A%E1%80%B9/

0 comments:

Post a Comment