Friday, October 11, 2013

သေမှာကြောက်သောစိတ်



အတွေးအမြင်စာစဉ် အမှတ်(၁၉၂)
                                                သေမှာကြောက်သောစိတ်
          လူသည်သေမှာကြောက်သည်။သေမှာကြောက်ခြင်းသည် လူပီသခြင်းဖြစ်၏၊ဗုဒ္ဓဘာသာ ကျမ်းဂန်များအလိုအ၇ဆိုလျှင် လောက၌ သေမှာမကြောက်သူ လေးဦးသာရှိသည်။ဘုရား၊ ပစ္စေကဗုဒ္ဓာ၊ ရဟန္တာနှင့် ဆင်မြင်းနွားလားဥဿဘ အာဇာနည် တို့ဖြစ်လေသည်။
          သေမှာကြောက်သော လူ့သဘာဝနှင့် စပ်လျဉ်း၍ နပိုလီယံ၏စစ်သူကြီး ဒဗိုးပြောခဲ့သောစကားကို နှောင်းလူတို့ ကိုးကားလေ့ရှိသည်။တစ်ခါသော် စစ်သည်သစ်တစ်ဦးသည် စစ်မြေပြင်တွင် သူရဲဘောကြောင်နေခဲ့၍ တပ်မှူး တစ်ဦးက အသက်သေရမှာ သည်လောက်တောင်ကြောက်နေရသလားဟု ချိုးချိုးနှိမ်နှိမ် ပြစ်တင်ကြိမ်းမောင်းနေသည်ကို စစ်သူကြီးဒဗိုး ကြားသွားသည်။ထိုအခါ ကြိမ်းမောင်းနေသူတပ်မှူးကို ခေါ်ခိုင်းပြီး ဤသို့ပြောသည်ဆို၏။
          “ ဘယ်သူလဲကွ၊ အသက်သေရမှာ မကြောက်ရဘူးလို့ပြောနေတာ၊ အသက်သေရမှာ မကြောက်ဘူးဆိုတဲ့…..ဒီကိုလာ ခဲ့စမ်း’’
          စစ်သူကြီးဒဗိုးက လူတိုင်းသေရမှာကြောက်ကြသည်သာ၊ သို့သော် သေရမှာ ကြောက်သောစိတ်ထက် ပို၍ကြီးမြတ် သော အကြောင်းကို ဖော်ထုတ်ပေးနိုင်လျှင် အသက်ကိုစွန့်ရဲသွားလိမ့်မည်ဟု သွန်သင်ခဲ့သည်။
          ကြောက်လန့်နေသော နောက်လိုက်ငယ်သားများကို ရဲဆေးတင်ပေးဖို့မှာ ခေါင်းဆောင်၏အလုပ်ဖြစ်သည်။ကြောက်နေ သူကို ကြောက်ရကောင်းလာဟု ကြိမ်းမောင်းနေရုံဖြင့် ထိုနောက်လိုက်ဆီမှာ သတ္တိတွေဝင်လာမည်မဟုတ်ချေ။ကြောက်စိတ်ကို လွှမ်းမိုးနိုင်သော၊ ကြောက်စိတ်ကို တဒင်္ဂဘေးချိတ်ထားစေနိုင်သော ၊ ရည်မှန်းချက်ကြီးများ၊ အကြောင်းကြီးများကို ခေါင်းဆောင် ကဖော်ထုတ်ပေးရသည်။စစ်သူကြီးဒဗိုးက ကြောက်စိတ်လမ်းလွှဲပေးရေး ပညာပေးခဲ့ခြင်းဖြစ်သည်။

          မြန်မာနိုင်ငံဗြိတိသျှနယ်ချဲ့တို့လက်အောက်တွင်ရှိစင် မြန်မာစာရေါ်ဆရာကြီး မဟာဆွေသည် နေသူရိန်ဟူသော ကလောင်အမည်ဖြင့် ‘’ မကြောက်တရား ဆောင်းပါးများကို ရေးသာား၍ နယ်ချဲ့တို့ကို မကြောက်ကြရန် မြန်မာလူထုအား တပ်လှန့်နှိုးဆော် ခဲ့သည်။ဆရာကြီးမဟာဆွေ၏ ကလောင်စွမ်းသည် အတိုင်းအတာတစ်ခုအထိ ပေါက်မြောက်ခဲ့သည်။
          မျိုးချစ်စိတ်သည် သေမှာကြောက်သော သဘာဝစိတ်ကို ကောင်းစွာ လွှမ်းမိုးနိုင်သည်။ ‘’ ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့် သုဉ်းရပြန်လစ် ဤသည်ခေတ်ဝယ် လူဖြစ်ရလေ တို့တတွေသည် သေသော်မှတည့် သြော်ကောင်း၏ ‘’ ဟုသောဆီဘန်းနီဆရာတော်၏ လင်္ကာသည် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်ဝံ့အောင် လှုံ့ဆော်နိုင် ခဲ့သည်။
          ရဲဘော်ရဲဘက်စိတ်သည်လည်း သေမှာကြောက်သောစိတ်ကို လွှမ်းမိုးနိုင်စွမ်းရှိသည်။အတူအိမ် အတူစားနထိုင်ခဲ့ကြ သော စစ်သားများသည် တိုက်ပွဲတွင် မိမိချစ်လှစွာသော သူငယ်ချင်းမျက်စိအောက်တွင် ကျဆုံးသွားပါက ဘာကိုမှ မမြင်ဘာကိုမှ မစဉ်းစားတော့ဘဲ မိမိ၏အသက်သေရမည်ကိုလည်း ထည့်မတွက်တော့ဘဲသည်းကြီးမည်းကြီးတိုက်ခိုက်ကြသည့် ဥပမာ များစွာ ရှိခဲ့လေသည်။
          ခံပြင်းစိတ်သည်လည်း သေမှာကြောက်သော ဗီဇစိတ်ကို ပြောင်းလဲပေးနိုင်သည်။ မတရားနှိပ်စက် ညှင်းပန်းခံရဖန်များ လာသောအခါ အခံမရပ်နိုင်တော့ဘဲ ရရာလက်နက်ဖြင့် ပြန်လည်ခုခံခြင်းဖြစ်သည်။ဂျပန်ခေတ်က အင်္ရလိပ်လေတပ်မှ ကျွဲဟု အမည်၇သော လေယဉ်မဲကြီးများသည် မြန်မာတိုင်းရင်သားများ သွားလာရောင်းဝယ်မှုများမလုပ်နိုင်အောင် ရထား၊ ကား၊ လှည်း၊ လှေ သမ္ဗာန်များ အားလုံးကို စက်သေနတ်ဖြင့် တရစပ် လိုက်လံပစ်ခတ်သည်။ခံပြင်းလှသော မြန်မာများသည် နောက်ဆုံးတွင် ကျွဲလေယာဉ်များကို အော်ဟစ်ဆဲဆိုကာ လှေပေါ်မှနေ၍ ငြုတ်ကျည်ပွေ့ဖြင့်ပင် ပဏ်ပေါက်ခုခံခဲ့ကြသည်ဟု မှတ်တမ်းအချို့ တွင်ပါရှိဖူးသည်။ အလားတူပင် ဖက်ဆစ်ဂျပန်များ ဖိနှိပ်ရက်စက်သည်ကို မခံမရပ်နိုင်လွန်း၍ သေနတ်ဖြင့်လာသည်ကို ဓါးဖြင့်ပြေးခုတ်သူများလည်းရှိခဲ့ဖူးသည်။
          ဂုဏ်သိက္ခာအတွက် ရှက်စိတ်သည်လည်း အသက်ကို မငဲ့အောင် လွှမ်းမိုးနိုင်သည်။စစ်ရှုံးသော ဂျပန်စစ်ဗိုလ်များကိုယ့် ကိုယ်ကိုယ် သတ်သေခြင်းသည် အရှက်ကို အသက်နှင့်လဲပြသွားကြခြင်းဖြစ်သည်။ လူသေမှာကို မကြောက်၊ နာမည်သေမှာကို ကြောက်၍  သတ်သေခြင်းဖြစ်သည်ဟူ၏။
          ယံကြည်ချက်ကြောင့် အသက်ကို ဖက်ရွက်ပမာ သဘောထားနိုင်သူများ လည်းရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန် ခါမိခါဇေအသေခံလေသူရဲများသည် ရန်သူသင်္ဘောများကို ဖျက်ဆီးရန် သင်္ဘောခေါင်းတိုင်ထဲသို့ လေယာဉ်ပါထိုးချကာ ဖောက်ခွဲဖျက်ဆီးကြလေသည်။ သူတို့သည် ဂျပန်နိုင်ငံ စစ်အောင်နိုင်ရေးအတွက် အသေခံကြခြင်းဖြစ်၍ မျိုးချစ်စိတ်၏ တွန်းအားကို တွက်ဆနိုင်လေသည်။
          မျက်မှောက်ခေတ်တွင် ခေတ်စားလာသော အသေခံဗုံးခွဲသူများသည်ကား အယူသီးမှုကြောင့် အသက်ကိုစွန့်လွှတ့်ရဲကြ ခြင်းဖြစ်သည်။သူတို့အားအသက်အသေခံ ချင်စိတ်ပေါက်အောင် ပုံသွင်းပေးထားသည့်အတိုင်း အကောင်းအထည်ဖော်ကြခြင်း ဖြစ်၍ စက်ရုပ်များနှင့်မခြားချေ။သူတို့သည် ကမ္ဘာ့လူသားထုတစ်ရပ်လုံး၏ ရန်သူများဖြစ်လာပေသည်။
          လူသည် သဘာဝအတိုင်းသေခြင်းမဟုတ်ဘဲ အကြောင်းကိစ္စ တစ်ရပ်အတွက် အသက်ကို စွန့်ရမည်ဆိုလျှင် မိမိသေရ ခြင်းကြောင့် လူအများဒုက္ခမရောက်ဘဲ လူအများချမ်းသာခြင်းကို ဆောင်ကြဉ်းနိုင်ပါမှ မြတ်သောသေခြင်းဟု ဆိုနိုင်မည်ဖြစ်      ပေသတည်း။
အတွေးအမြင်စာစဉ် အမှတ်(၁၉၂)

0 comments:

Post a Comment