အောင်မြင်မှုအတွက် ဘယ်အရာက အရေးပါဆုံးလဲ?
===========================
တစ်ခါတုန်းကပေါ့ အရမ်းကိုအောင်မြင်နေတဲ့ ရုပ်မြင်သံကြားဌာနတစ်ခုကနေပြီး စီးပွားရေးမှာ ထူးချွန်လို့နာမည်ကြီးနေတဲ့
လူငယ်တစ်ဦးကို အင်တာဗျူးပါတယ် ။
အင်တာဗျုးတွေရဲ့နောက်ဆုံးအဆုံးသတ်စကားအတိုင်း မေးတဲ့သူက လူငယ်ကို “
အောင်မြင်မှုအတွက် ဘယ်အရာကအရေးပါဆုံးလို့ ထင်ပါသလဲ ” လို့မေးခဲ့ပါတယ် ။
လူငယ်က ခဏစဉ်းစားပြီး အဖြေကို တိုက်ရိုက်မပြောပဲ
သူ့ကိုပုံပြင်လေးတစ်ပုဒ်ပြောသွားခဲ့တယ် ။
“ ဟိုးလွန်ခဲ့တဲ့ ၁၂
နှစ်တုန်းကပေါ့ လူငယ်တစ်ဦးက ကျောင်းပြီးတာနဲ့ နိုင်ငံခြားကိုထွက်သွားပြီး
အလုပ်တစ်ဖက် ကျောင်းစာတစ်ဖက်နဲ့ ပညာဆက်လက်သင်နေခဲ့တယ် ။ သူသွားတဲ့နိုင်ငံက
ပြင်သစ်နိုင်ငံတဲ့ ။ အဲဒီပြင်သစ်ကိုရောက်ပြီးမကြာခင်မှာပဲ လူငယ်လေးဟာ
ပြင်သစ်က ကားဂိတ် ၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ
လက်မှတ်ပြရတဲ့နေရာမရှိကြောင်း သတိထားမိသွားတယ် ။ ကားတွေ ရထားတွေပေါ်မှာလဲ
လက်မှတ်စစ်တွေလာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ် ။ တကယ်လို့
လာစစ်ခဲ့မိရင်လဲ အဖမ်းခံရမယ့် အခြေအနေဟာ လူတစ်သောင်းမှာမှ
တစ်ယောက်တောင်မရှိဘူးလို့ သူတွေးမိလိုက်တယ် ။ အဲဒီလိုနဲ့ သူဟာ
ကားစီးတိုင်းမှာ လက်မှတ်မ၀ယ်ပဲစီးခဲ့တယ် ။ ကိုယ်ကိုယ်ကိုယ်လည်း
အလုပ်လုပ်ပြီး ကျောင်းတတ်နေရတာဖြစ်တဲ့အတွက် ငါဟာတတ်နိုင်သမျှ
ချွေတာနိုင်သမျှ ချွေတာမယ်လို့ တွေးလိုက်တယ် ။
အဲဒီလိုနဲ့အချိန်ကာလ ၄ နှစ်ကုန်သွားခဲ့တယ် ။
နာမည်ကြီးတက္ကသိုလ်တစ်ခုရဲ့ကျောင်းသား တစ်ဦးအဖြစ်
အကျင့်စာရိတ္တကောင်းမွန်တဲ့ကျောင်းသားတစ်ဦးအဖြစ် သူဟာဘွဲ့ရခဲ့တယ် ။
ပြီးတဲ့အခါ အဲဒီပြင်သစ်နိုင်ငံပဲရစ်မြို့မှာရှိတဲ့နိုင်ငံခြားကုမ္မဏီတွေမှာ
သူအလုပ်လျှောက်ခဲ့တယ် ။ သူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ပေါ့ ။ ဒါပေမယ့်
အလုပ်တိုင်းလိုလိုမှာ သူဟာ အပယ်ခံထိခဲ့တယ် ။ အလုပ်စလျှောက်တော့ ကုမ္ပဏီတွေက
သူ့ကို ၀မ်းသာအားရကြိုဆိုကြပြီး အင်တာဗျုးတွေမေးကြပေမယ့် နောက်ဆုံးတော့
သူ့ကို ပယ်ပစ်ခဲ့ကြတယ် ။ ဘာအကြောင်းကြောင့် ပယ်တာလဲ
ဆိုတာကိုသူလည်းအတော့်ကို သိချင်နေခဲ့တယ် ။ နောက်ဆုံးကုမ္ပဏီတစ်ခုကိုတော့ သူ
စာပို့ပြီးအပယ်ခံရတဲ့အကြောင်းကိုမေးခဲ့ပါတယ် ။ မကြာခင်မှာ ပဲ
ပြန်စာသူ့ဆီရောက်လာခဲ့တယ် ။
စာထဲမှာရေးထားတာက . . မိတ်ဆွေရဲ့
ပညာအရည်အချင်း ၊ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ထူးချွန်မှုကို ကျွန်တော်တို့
သဘောကျခဲ့တယ် ။ ဒါပေမယ့် ကိုယ်ကျင့်တရားနဲ့ယုံကြည်မှု အတိုင်းအတာကို
ကျွန်တော်တို့ပြန်စစ်ဆေးကြည့်တော မိတ်ဆွေဟာ လက်မှတ်မပါပဲ ကားခိုးစီးမှုအတွက်
ဒါဏ်ငွေ ၃ ကြိမ်ဆောင်ခဲ့ရကြောင်းကို ကျွန်တော်တို့ ၀မ်းနည်းစွာ သိခဲ့ရတယ် ။
ဒီတော့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာက မိတ်ဆွေဟာ
- စည်းကမ်းမလိုက်နာသူ
- ယုံကြည်ဖို့မထိုက်တန်တဲ့သူ ဖြစ်နေတယ်ဆိုတာပါပဲ ။ အဲဒီ ၂ ချက်ကြောင့်
ကျွန်တော်တို့ကုမ္ပဏီကနေ ၀မ်းနည်းစွာ ပယ်ခဲ့ရခြင်းဖြစ်ပါတယ် ။
စာကိုဖတ်ပြီးတဲ့အခါ ဘွဲ့ရလူငယ်ဟာ ရုတ်တရက်အိပ်မက်ဆိုးထဲကနေ လန့်နိုးလာသလို
တုန်လှုပ် ခြောက်ခြားနေခဲ့တယ် ။
စာရဲ့နောက်ဆုံးမှာလည်းအောက်ပါအတိုင်းရေးထားပါသေးတယ် ။
“
စဉ်းစားဆင်ခြင်နိုင်စွမ်းရဲ့အားနည်းချက်ကို ကိုယ်ကျင့်တရားက
အမြဲတမ်းလိုက်ပြီးဖြည့်ဆည်းပေးတယ် ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့အားနည်းချက်
ချို့ယွင်းမှုကိုတော့ စဉ်းစားဆင်ခြင်နိုင်တဲ့အသိက
ဘယ်တော့မှလိုက်မဖြည့်ဆည်းပေးနိုင်ဘူး ”
အဲဒီပြန်စာရပြီး
နောက်ရက်မှာလူငယ်ဟာ သူ့နိုင်ငံသူပြန်သွားခဲ့တယ် ။
ကျွန်တော်ပြောချင်တာကတော့ဒါပါပဲလို့ လူငယ်က
အင်တာဗျုးမေးတဲ့သူကိုဖြေလိုက်တယ် ။
လူငယ်ရဲ့စကားအဆုံးမှာ
အင်တာဗျူးတဲ့သူတွေ ခဏလောက်တိတ်ဆိတ်သွားပါတယ် ။ ပြီးတော့ထပ်မေးတယ် “ ဒါဟာ
အောင်မြင်မှုအတွက်အရေးပါတဲ့အချက်လို့ပြောနိုင်ပါသလား ”
“
ဟုတ်ကဲ့ပြောနိုင်ပါတယ် ဘာလို့လည်းဆိုတော့ အဲဒီပုံပြင်ထဲကလူငယ်က
ကျွန်တော်ဖြစ်နေခဲ့လို့ပါပဲ ကျွန်တော်ဒီနေ့အောင်မြင်လာရခြင်းဟာ မနေ့က
ဖြစ်ခဲ့တဲ့ မနေ့ကပြုလုပ်ခဲ့တဲ့ အမှားတွေ အားနည်းချက်တွေကို ဒီနေ့အတွက်
သင်ခန်းစာယူပြီးအကောင်းဆုံးကြိုးစားနိုင်ခဲ့လို့ပါပဲ ။
----------------------------------------------------
ဘယ်သူမှ မသိဘူး ဆိုပြီးကိုယ့်ရဲ့ကိုယ်ကျင့်တရားကိုဖောက်ဖျက်လိုက်ခြင်းဟာ
တကယ်တော့ ကိုယ့်အတွင်းစိတ်ကိုကိုယ်သတ်ပစ်လိုက်ရခြင်းနဲ့တူပါတယ် ။
မနေ့ကပြုလုပ်ခဲ့တဲ့အမှားတွေနောင်တတွေကို
ဒီနေ့အထိသယ်ဆောင်လာခဲ့ရမှာမဟုတ်ပါဘူး ။ ဖြစ်ခဲ့သမျှကို
အကောင်းဆုံးသင်ခန်းစာယူလို့ ဘ၀အတွက် ကြီးမားတဲ့ အောင်မြင်မှုကို
လက်လှမ်းယူကြရမှာဖြစ်ပါတယ် ။ အသိဥာဏ်ကို မြင့်မားအောင် တည်ဆောက်ပါ
ကိုယ်ကျင့်တရားကို မပျက်ယွင်းပါစေနဲ့ နိမ့်ပါးတဲ့အသိဥာဏ်ကို
ကောင်းမွန်တဲ့ကိုယ်ကျင့်တရားက ကာကွယ်ဖြည့်ဆည်းပေးပါလိမ့်မယ် ။
သက်တန့်ချို
Interview with the success man အား ခံစားဘာသာပြန်သည်
Tuesday, February 11, 2014
အောင်မြင်မှုအတွက် ဘယ်အရာက အရေးပါဆုံးလဲ?
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment