Tuesday, March 30, 2010

ကြောက်စရာကောင်းတယ်ဆိုတဲ့ စနေဂြိုဟ်

ကြောက်စရာကောင်းတယ်ဆိုတဲ့ စနေဂြိုဟ်

စနေဂြိုဟ်သည် နေမှ မိုင်သန်းပေါင်း ၈၈၆-သန်းဝေးသည်။ ကမ္ဘာမှ မိုင်သန်းပေါင်း ၇၅၀-ဝေးသည်။ ကမ္ဘာထက် အဆ ၈၀- ပိုကြီးသည်။ စနေဂြိုဟ်၏အချင်းမိုင်မှာ ၇၃၀၀၀-ခန့်ရှိသည်။ သိပ်သည်းဆမှာ ကမ္ဘာ၏ ရှစ်ပုံတစ်ပုံသာ ရှိသည်။ ထို့ကြောင့် စနေဂြိုဟ်ကို ရေထဲချလိုက်လျှင် ပေါလောပေါ်နိုင်သည်။ အပူချိန်မှာ သုညအောက် ၂၅၀ံဖာရင်ဟိုက်သာရှိသည်။ ထို့ကြောင့် စနေဂြိုဟ်တွင် သက်ရှိတို့ မနေနိုင်ပေ။ စနေဂြိုဟ်သည် နေကို လှည့်ပတ်ရာတွင် တစ်ပတ်ပြည့်ရန်အတွက် နှစ်ဆယ့်ကိုးနှစ်ခွဲ ကြာသည်။ ထို့ကြောင့် စနေဂြိုဟ်၏ တစ်နှစ်သည် ကမ္ဘာမြေ၏အရေအတွက်ဖြင့်၂၉-နှစ် ခြောက်လ ကြာသည်။ သို့သော် စနေဂြိုဟ်တစ်ရက်သည် ၁၀-နာရီ ၁၅-မိနစ်သာ ရှိသည်။ စနေဂြိုဟ်နှင့်ပတ်သက်၍ သိပ္ပံနည်းကျ သိရှိသမျှကား ဤမျှသာဖြစ်သည်။
(မြန်မာ့စွယ်စုံကျမ်း)
ဝေါဟာရလီနတ္ထဒီပနီတွင် -`ထိုစနေကြယ်ဗိမာန်ကား ၁၀င်္ခန့်ကြီးသည်။ အလယ်တွင် ပတ္တမြားလုံးသဏ္ဌာန်ရှိသည်။ အနားမှာ ဖြူစင်လှသော ပိတ်ရစ်သကဲ့သို့ ဖွေးဖွေးပြင်ပြင် မြင်သည်။ အလုံးအ၀န်းမဟုတ်၊ ကြက်ဥသဏ္ထာန် ခပ်လျားလျား ထင်သည်။ ဟု ဆိုထားသည်။
မြန်မာ့အယူအဆတွင် နေ့ခုနစ်နေ့၏ သတ္တမမြောက်နေ့ကို စနေနေ့ဟု သတ်မှတ်သည်။ ထိုစနေနေ့သည် ကဆုန်၊ တော်သလင်း၊ ပြာသိုလတို့တွင် ရက်ရာဇာဖြစ်၍ တန်ခူး၊ ၀ါခေါင်၊ နတ်တော်လများတွင် ပြဿဒါးဖြစ်သည်။ စနေဂြိုဟ်မင်း စီးသော ယာဉ်မှာ နဂါးဖြစ်သည်။ ထိုဂြိုဟ်၏ သက်တမ်းမှာ ၁၀-နှစ် ဖြစ်သည်။ ထိုဂြိုဟ်၏ တည်ရာအရပ်မှာ အနောက်တောင်အရပ်ဟု ဆိုသည်။ ကိုယ်စားပြုအက္ခရာမှာ တ၊ ထ၊ ဒ၊ ဓ၊ န ဖြစ်သည်။
မြန်မာလူမျိုးတို့သည် စနေကို အလွန်ကြောက်ကြသည်။ မိမိတို့နှင့်မိုင်သန်းပေါင်း ၇၅၀-ဝေးသည့်နေရာမှ ဂြိုဟ်တစ်လုံးက သန်းပေါင်းထောင်ချီနေသည့် လူသားထုကြီးကို စိုးမိုးချုပ်ကိုင်နိုင်သည်ဟု ယုံကြည်နေခြင်းမှာ ယုတ္တိမတန်လှပေ။ စကြ၀ဠာကြီးနှင့် နှိုင်းယှဉ်လျှင် ဖုန်မှုန့်ကလေးလောက်ပင် ပမာဏမရှိသော နေရာတစ်ခုမှ ပြုလုပ်သော ယတြာတစ်ခုက မိုင်ပေါင်း သန်း ၇၅၀ ကွာဝေးသော စနေဂြိုဟ်ကြီးကို ပြုပြင်ပေးနိုင်သည်ဆိုခြင်းမှာလည်း ယုတ္တိမရှိလှပေ။
သားသမီးမွေးသည့်အခါ အကြီးဆုံးကလေးသည် စနေဖြစ်ခဲ့လျှင် သားဦးစနေ မီးလိုမွှေသည်ဟု အပြစ်မဲ့သော ကလေးကို ပုဒ်မကြီးကြီးတပ်ကာ ဖခင်ဖြစ်သူက ဓားထမ်း၍ ကလေးကို ကျော်သည်။ အဖကို ပြန်သတ်သော အဇာတသတ်အပေါ် ထားသည့် ဗိမ္ဗိသာရမင်းကြီး၏ မေတ္တာကို စံနမူနာ ယူဖို့ မေ့နေကြပုံရသည်။ အမည်ပေးလျှင်လည်း စနေနံနှစ်ထပ်ဖြင့် အမည်ပေးလျှင် ခိုက်တတ်သည်ဟု ပြောကြသည်။ သို့ဖြစ်လျှင် ဘုရားရှင်၏ညီတော် နန္ဒက ဘာကြောင့်မခိုက်သနည်း။
လတစ်လကို စနေဖြင့် စလျှင် မီးဘေးအန္တရာယ်ရှိသည်။ ထိုလတွင် မင်္ဂလာကိစ္စများကို ရှောင်ရှားကြသည်။ ဘုရားရှင်သည် သာသနာတော်၏အစ ဓမ္မစကြာတရားတော်ကို စနေနေ့တွင် ဟောတော်မူခဲ့ပါသည်။ ထိုတရားဦးဟောသော မဟာသက္ကရာဇ် ၁၀၃-ခု ၀ါဆိုလသည် စနေဆန်းသောလပင် ဖြစ်ပါသည်။ ထိုတရားမှာ ယနေ့တိုင် ထင်ရှားလျက် ရှိပါသည်။
စနေဂြိုဟ်မင်း စီးနင်းသောယာဉ်မှာ နဂါးဟု ဆိုကြသည်။ သုညအောက် ၂၅၀ံဖာရင်ဟိုက်တွင် ထိုနဂါး အသက်ရှင်နိုင်ပါရဲ့လား၊ စဉ်းစားစရာပင်ဖြစ်ပါသည်။ နဂါးဟုဆိုလျှင် အာခံတွင်းမှ မီးဝင်းဝင်းတောက်လျှက် အခိုးအလျှံနှင့်အစွမ်းပြတတ်သော သတ္တ၀ါဟု ယုံကြည်ထားကြရာ သူ့အခိုးအငွေ့များဖြင့် သူ့ကိုယ်ကိုနွေးထွေးအောင် စွမ်းဆောင်ဖို့ပင် လုံလောက်ပါရဲ့လား။
စနေဂြိုဟ်၏ တည်ရာအရပ်သည် အနောက်တောင်အရပ်ဟု ဆိုကြသည်။ ထိုအနောက်တောင်သည် မည်သည့်နေရာကို ဗဟိုပြု၍တိုင်းတာသည့် အနောက်တောင်နည်း။ ယင်းအချက်ကို အစွဲပြု၍ ရန်ကုန်တွင် နေသောစနေသား၏ အနောက်တောင်သည် ဧရာဝတီတိုင်းဟုဆိုလျှင် ဧရာဝတီတိုင်းသား၏ အနောက်တောင်သည် ပင်လယ်ပြင်သာ ဖြစ်တော့မည်။ စနေအရပ်မတည့်ဟု ဆိုသဖြင့် ရှောင်ရမည်ဆိုလျှင် စနေသားချင်းအတူတူ ရန်ကုန်မွေးစနေသားက ဧရာဝတီတိုင်းသို့ မသွားကောင်းဘူးလား။ ကမ္ဘာမြေကို ဗဟိုပြု၍တိုင်းတာသော အနောက်တောင်လား။ စဉ်းစားစရာပင်။ ယင်းသို့မစဉ်းစားပါက အသွားကြပ်အလာကြပ် ဖြစ်တတ်ပါသည်။
ဘုရားအလောင်းတော်သည် တနင်္လာနေ့တွင် တောထွက်ခဲ့ပါသည်။ လုံးဝနှစ်ခါမပြန်ခဲ့ပါ။ ပြဿဒါးဖြစ်သည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်ခဲ့ပါသည်။ စနေဆန်းသော ၀ါဆိုလ၏ စနေနေ့တွင် တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူခဲ့ပါသည်။ ပုတိဖွားဘုရားရှင်သည် ယနေ့တိုင် ထင်ရှားကျော်စောလျက် ရှိပါသည်။ သူတော်ကောင်းတို့ သတိချပ်သင့်ပါသည်။
ကောင်းသည့်အလုပ်ကိုလုပ်လျှင် ကောင်းသည့်အကျိုးကို ခံစားရမည်။ မကောင်းသည့်အလုပ်ကိုလုပ်လျှင် မကောင်းသည့်အကျိုးကို ခံစားရမည်၊ လောကအတွင်းနေလျှင် လောကဓံကို ခံစားရပါမည်။
အ၀ိဇ္ဖာနှင့်၊ တဏှာရင်းခံ၊ ဥပါဒါန်၊ ကံကြောင့်ရုပ်နာမ်ပေါ်၊
အပင်မှမျိုး၊ မျိုးမှအပင် အမျှင်မပြတ် ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ အတန်တန် ဖြစ်ပြန်နည်းအလျော်။
ဗြဟ္မာသိကြား၊ စသည်များက ထင်ရှားပြုပြင် စီရင်ဖန်ဆင်း အကြောင်းရင်းကြောင့် လူနတ်များစွာ သတ္တ၀ါတို့ ဖြစ်လာရမှု မဟုတ်ဟု ဉာဏ်ဖြင့်ရှု၍မျှော်။ (မိုးကုတ်ဆရာတော်ဘုရားကြီူး)
http://forverfriends.ning.com/profiles/blog/list?user=1kcoyo5ja1d66

0 comments:

Post a Comment