Tuesday, January 19, 2016

ကျားငစဉ်းလဲကိုဘယ်သူတွေအားပေးနေသလဲ


ငါးရာငါးဆယ်ဇာတ်နိပတ်တွေထဲမှာ ၀ဍ္ဎကီသူကရဇာတ်ဆိုတာရှိပါတယ်။
လက်သမားတစ်ယောက်ကောက်ယူမွေးစားထားတဲ့ဝက်ကလေးတစ်
ကောင်အကြောင်းဖြစ်ပါတယ်။ဝက်ကလေးက အလွန်လိမ္မာပါတယ်။
လက်သမားခိုင်းတာတွေကို ၀ိုင်းဝန်းလုပ်ဆောင်ပေးပါတယ်။
ဒီလိုနဲ့ဝက်ကလေးဟာ တဖြည်းဖြည်းသန်မာထွားကြိုင်းလာပါတယ်။
သူ့ဝက်ကလေးသန်မာထွားကြိုင်းဆူဖြိုးလာတာကိုကြည့်ပြီး
လက်သမားကစဉ်းစားတယ်။ မသမာသူတွေ ခိုးယူသတ်ဖြတ်စားသောက်ရင်မလွယ်ဘူး
ဆိုပြီး သူ့အဖေါ်ဝက်မျိုးတွေရှိရာ တောထဲကိုသွားပို့ပေးလိုက်ပါတယ်။
တောထဲရောက်လို့ သူ့အမျိုးပေါက်ဖေါ်တွေကို ကြည့်တဲ့အခါမှာ
ပိန်းချုံးနေကြပြီး မပျော်မရွှင်ဖြစ်နေကြတာကိုတွေ့ရပါတယ်။
အဲဒီမှာ ၀က်ကလေးကမေးကြည့်တဲ့အခါ သူတို့ကို ကျားငစဉ်းလဲ
ကြီးတစ်ကောက်က အမြဲလာပြီးဖမ်းယူစားသောက်နေကြောင်းကိုရှင်းပြကြပါတယ်။


အဲဒီမှာဝက်ကလေးက ဒီလောက်ဝက်တွေအများကြီးပဲ ပြန်မချဘူးလားဆိုတော့
သူတို့လာတာနဲ့ပြေးကြတာပဲတဲ့။အဲဒီမှာ ၀က်ကလေးက ဘာမှမကြောက်ကြနဲ့
ငါတို့အားလုံးစည်းလုံးညီညွတ်စွာနဲ့ပြန်ချရင်ဒီးကျားဘယ်လိုမှမခံနိုင်ဘူးသေပွဲ
ဝင်ရမှာပဲ။ငါတို့အဲဒီကျမှ အောင်သေအောင်သားစားမယ်ဆိုပြီး ကျားကိုတော်လှန်ဖို့
အစီအစဉ်တွေစွဲကြပါတယ်။
ဝက်တွေအားလုံးရဲ့ ပတ်ချာလည်မှာ ကျင်းကြီးတွေ အနစ်ကြီးတူးကြပါတယ်။
ကျင်းရဲ့အလည်မှာ ၀က်ပေါက်ကလေးတွေ သက်ကြီးရွယ်အိုအားမရှိတာတွေကို
ထားကြပါတယ်။
တွင်းရဲ့ဘေးနားမှာတော့ သန်မာထွားကြိုင်းတဲ့ ၀က်ပျိုတွေကိုကင်းချထားပါတယ်။
ကျားလာရင်လုံးဝမပြေးဖို့ အားလုံးတက်ညီလက်ညီနဲ့ဝိုင်းဝန်းချဖို့ကိုပြောထားပါတယ်။
အဲဒီမှာ လာနေကြကျားငစဉ်းလဲက သူ့အစာကုန်တဲ့အချိန်မှာလာပါတယ်။
ခါတိုင်းသူလာရင်ပြေးနေကြ၀က်တွေဟာ လုံးဝမပြေးကြတာကိုမြင်တော့
သူနည်းနည်းလန့်သွားပါတယ်။ဒါနဲ့သူခြိမ်းချောက်ဟိန်းဟောက်ကြည့်သေးတယ်။
လုံးဝမပြေးကြဘူး။ဝက်တွေကလည်းပြန်အော်ကြတယ်။အသံပေးကြတယ်။
အဲဒီမှာကျားငစဉ်းလဲက အခြေအနေမဟန်ဘူးဆိုပြီးပြန်သွားပါတယ်။
         သူပြန်လာရင်တော့ ၀က်သားဟင်းစားရမှာပဲဆိုပြီးစောင့်နေတဲ့ ကျားဆရာ
ငစဉ်းလဲရသေ့က ဟာအမောင်ကျား ဒီနေ့ဘာမှလဲမပါလာပါလား။ဘယ်လိုဖြစ်တာလဲ
ဆိုတော့ ကျားက ဒီနေ့ဝက်တွေဟာလုံးဝမပြေးကြဘူး။သူခြိမ်းခြောက်တာလည်းမကြောက်ကြဘူး
အားလုံးဝိုင်းပြီးပြန်အော်ကြတယ်။အခြေအနေမဟန်လို့ပြန်လာတာဆိုတော့။ ငစဉ်းလဲရသေ့က
ပြန်သွားစမ်းပါ။ ၀က်တွေကကျားကိုမကြောက်ဘူးဆိုတာ ထုံးစံမရှိဘူး။ တကယ်ဝင်မကိုက်သေးလို့
သူတို့သတ္တိရှိပြနေကြတာ။တကယ်ဝင်ကိုက်ရင် သူတို့ပြေးကိုပြေးမှာ ပြန်သွားစမ်းပါဆိုပြီးမြှောက်ပေးပါတယ်။
ဒါနဲ့ကျားလဲ သူ့ဆရာမြှောက်ပေးတာနဲ့ ၀က်တွေဆီပြန်သွားပါတယ်။
ဝက်တွေကလည်း ပိုပြီးတောင်သတ္တိတွေရှိနေကြပါပြီ။ သူုတို့ဘ၀မှာ ကျားပြန်ပြေးသွားတယ်ဆိုတာ
တခါမှမကြုံဘူးလေတော့ ပြန်လှည့်ပြေးသွားတာကိုမြင်ရတော့ သူတို့ခေါင်းဆောင်ဝက်ကလေးပြောသာ
မှန်တယ်။ညီညွတ်ရင်ဘာမှမခံနိုင်ဘူးဆိုတာဟုတ်တယ်။ ငါတို့ကြောက်လို့ပြေးလို့ခံနေကြရတာဆိုတာကို
ကောင်းကောင်းကြီးသဘောပေါက်နေကြပါတယ်။
အဲဒီမှာ ကျားငစဉ်းလဲ သူ့ဆရာငစဉ်းလဲရသေ့မြှောက်ပေးတဲ့အရှိန်နဲ့လာပြီး ခြိမ်းလိုက်ခြောက်လိုက်
ဟောက်လိုက်လုပ်ပေမဲ့ဘယ်လိုမှမပြေး ကြာလေဒေါသဖြစ်လေဖြစ်လာကာ ၀က်တွေဆီကိုခုန်အုပ်လိုက်ပါတယ်။
သူခုန်အုပ်လိုက်တာ ၀က်တွေတူးထားတဲ့ ကျင်းကြီးထဲမှာ ကွက်တိကျနေပါတယ်။
အဲဒီမှာဘာပြောကောင်းမလဲ ၀က်တွေအစွယ်နဲ့ဝိုင်းပတ်ဝိုင်းထိုးလိုက်ကြတာ ကျားငစဉ်းလဲကြီးလဲသေပွဲဝင်ပါလေရော။အဲဒီမှာအောင်သေအောင်သားဝိုင်းစားကြတာပေါ့။
အဲဒီမှာ ၀က်တွေကကဲလာကြ။ဒီကျားငစဉ်းလဲကြီးကိုမြောက်ပေးပြီး တို့အသားတွေကိုစားနေတဲ့
သူ့ဆရာငစဉ်းလဲရသေ့လဲရှိသေးတယ်သွားကြမယ်ဆိုပြီးသွားကြပါတယ်။
ဟိုမှာ စောင့်နေတဲ့ငစဉ်းလဲရသေ့က ကျားကြီးပြန်လာရင်ဝက်သားပါမှာပဲဆိုပြီးစောင့်နေတာ
အခုတော့ ကျားမလာပဲ ၀က်အုပ်လိုက်ချီတက်လာတာကိုမြင်တော့ အခြေအနေမဟန်ဘူးဆိုပြီး
ရေသဖန်းပင်ပေါ်ကိုတက်ပြေးပါတယ်။
အဲဒီမှာဝက်ခေါင်းဆောင်းက ဒီလိုပြေးလို့ဘယ်ရမလဲ မြောက်ပေးတုန်းကမြောက်ပေးပြီး အခုမှဘာ
ကြောက်တာလဲဆိုကာ ကဲဝက်အပေါင်းတို့ ရေတွေကို ပါးစပ်နဲ့ငုံလာပြီး ဒီသစ်ပင်ခြေရင်းမှာလာထွေးကြ
တူးတဲ့ဝက်တွေကတူးကြ ဆိုကာ ၀ိုင်းတူးလိုက်ကြတာ သစ်ပင်လဲလဲကျရော ၀က်တွေဝိုင်းသမလိုက်ကြတာ
ငစဉ်းလဲရသေ့လဲ သေပွဲဝင်လိုက်ရပါတယ်။
စစ်အာဏာရှင်အစိုးရအဆက်ဆက်ကိုကြည့်လိုက်တဲ့အခါမှာ သူတို့ကို အခါတော်ပေးနေတဲ့ ဘိုးတော်တွေနဲ့
မြှောက်ပေးနေတဲ့ဘုန်းကြီးတွေ ရှိနေတယ်။အရင်မဟနမှာ အတွင်းရေးမှုးတာဝန်ထမ်းဆောင်သွားတဲ့ သန်လျင်က
ဦးဝဏ္ဏသီရိဆိုရင် သံဃာတော်တွေအားလုံးသိပါတယ်။ အာဏာရှင်အစိုးရတွေခိုင်းတဲ့အတိုင်း အကုန်လုပ်
အမိန့်တွေထုတ် သံဃာတော်တွေကို ဖမ်းထောင်ချခိုင်း၊အကုန်လုပ်သွားတာအားလုံးသိပါတယ်။
၂၀၀၇ ရွှေဝါရောင်ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကြီးကိုလဲ သံဃာတော်တွေဘက်မှာ မရပ်တည်ပဲ
စစ်အစိုးရကိုထောက်ခံအားပေးသော အမိန့်ထုတ်ပေးသော မင်းဆိုးမင်းညစ်ရဲ့ဆရာဘုန်းကြီးတွေရှိနေပါတယ်။
သံဃာတော်တွေက မြတ်စွာဘုရားရှင်၏၀ိနည်းအဆုံးအမအတိုင်း သပိတ်မှောက်ထားတာကို
မြတ်စွာဘုရားနှင့်သံဃာတော်တွေရဲ့မျက်နှာကိုမကြည့်ပဲ အရှက်မရှိ ကိုယ့်ရဖို့တစ်ခုပဲကြည့်တဲ့ မင်းဆိုးမင်းညစ်
မင်းဆရာတွေရှိနေပါတယ်။
သန္တိသုခကျောင်းတော်ကြီးကို ၀င်ရောက်ဖမ်းဆီးတဲ့ မင်းဆိုးမင်းညစ်ဆရာ သံဃာ့နာယက ဦးဣဒ္ဓိဗာလ ကိုလည်း ကြည့်ပါ သူတို့ခိုင်းတာ မှန်သမျှလိုက်လုပ်နေကြတဲ့ဘုန်းကြီးတွေဖြစ်ပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်ကလည်းကြည့်ပါ ဒေါ်အောင်ဆန်းစုကြည်နဲ့အင်အယ်ဒီပါတီကို တချိန်လုံးတိုက်ခိုက်ပြီး
သူတို့ရဲ့ဆရာကြီးများ ကြံ့ခိုင်ရေးပါတီကို မဲထည့်ဖို့ဆိုပြီး အရှက်မရှိ မဲဆွယ်စည်းရုံးကာ ပြည်သူ့မျက်နှာကိုမကြည့်ပဲ အာဏာရှင်တွေကို မြောက်
ပေးနေကြတဲ့ဘုန်းကြီးတွေရှိနေပါတယ်။
အခုလည်းကြည့်ပါ အရှင်နာယက ကသူ့ရဲ့ဆရာကြီးဦးသိန်းစိန်ကို မနှိုင်းသင့်မနှိုင်းအပ်သော ပြည်သူအားလုံးချစ်ခင်လေး
စားတန်ဖိုးထားရသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းထက်တော်သော သမ္မတကြီးဆိုပြီး သူ့ရဲ့ဝေါပေါ်မှာ ရေးထားတာကိုတွေ့လိုက်ရတော့ ကျားငစဉ်းလဲတွေ ကောက်ကျစ်ယုတ်မာနေကြရဲတာဟာ
ကျားငစဉ်းလဲကို မြှောက်ပင့်ပေးနေသော အချောင်စားငစဉ်းလဲဘုန်းကြီးတစ်စုရှိနေလို့သာဖြစ်ပါတယ်။သူတို့ဆရာငစဉ်းလဲဘုန်းကြီးတစ်စုကိုလည်း
သတိထားရှောင်ရှားကြဖို့လိုကြောင်းကို အသိပေးနှိုးစော်လိုက်ရပါတယ်။

မိတ်ဆွေများအားလုံး မသူတော်ငစဉ်းလဲ အဓမ္မများဘေးမှဝေးကွာကြ၍
ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ


မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment