Wednesday, December 21, 2011

အရှင်ခေမာနန္ဒ (မိုးသု-မန္တလေး) သို့ အိတ်ဖွင့်ပေးစာ..

အရှင်ခေမာနန္ဒ (မိုးသု-မန္တလေး) သို့ အိတ်ဖွင့်ပေးစာ..


ခုရက်ပိုင်းအတွင်း အရှင်ခေမာနန္ဒ (မိုးသု-မန္တလေး)ဆိုတဲ့ ကိုယ်တော်မှ အများအကျိုး၊ သာသနာအကျိုးအတွက် ထမ်းရွက်လုပ်ဆောင်နေတဲ့ ရွှေညဝါဆရာတော်နဲ့ ဒယ်အိုးဆရာတော်တို့အား အသရေဖျက် လုပ်ကြံ့ရေးသားမှုများ တစ်ချို့သော အင်တာနက် စာမျက်နှာတွေနဲ့ Facebook မှာ ပျံ့နှံနေတဲ့ အတွက် အဆိုပါ သာသနာဝန်ထမ်း ဟူသော နာမပုဒ်ကိုမှ မထောက် မဟုတ်တမ်းတရား စွပ်စွဲနေမှုအား ပြန်လည်ရေးသားထားတဲ့ ပေးစာကို တင်ပြလိုက်ရပါတယ်..။ ဒီနေရာမှာ ကျွန်တော်တို့လေးစား ကြည်ညိုရတဲ့ ရွှေညဝါဆရာတော်ကြီးဟာ ဘယ်သူဆိုတာကို မသိသေးတဲ့ သူများအတွက် ပြန်လည်ပြောပြပါရစေ..။

ကျွန်တော်တို့ ၈၈၈၈ အရေးတော်ပုံကြီးအတွင်းက ရွှေညဝါဆရာတော်ကြီးဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂရဲ့ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ထိုစဉ်က နာမည်ကျော် ကုန်သွယ်ရေးရုံး ပစ်ခတ်မှုအတွင်း ပိတ်ဆို့ခံနေရတဲ့ တပ်မတော်သားများအား ကယ်တင်ခဲ့တဲ့ အထဲမှာ ဦးဆောင်ပါဝင်ခဲ့သူပါ။ အရေးအခင်းအပြီး သရက်တော ကျောင်းတိုက်အတွင်း ဆရာတော် ရောက်ရှိနေစဉ် စစ်တပ်မှ ဝိုင်းဝန်းပိတ်ဆို့ ထားစဉ်မှာ ဆရာတော်ဟာ အားလုံးကို ငဲ့ပြီးအဖမ်းခံခဲ့ပါတယ်..။ အင်းစိန်ထောင်အတွင်း (၄၅)ရက်ကြာ တိုက်ပိတ်ခြင်းကို ခံခဲ့ရပါတယ်..။ ပြန်လည်လွတ်မြောက်လာချိန်မှ စပြီး ယနေ့အထိ ဘာသာ၊ သာသနာ၊ လူမျိုး၊ တိုင်းပြည်အကျိုးကို ယနေ့ထက်တိုင် ထမ်းရွက်လုပ်ဆောင်နေပါတယ်..။ ရွှေညဝါဆရာတော်ကြီးဟာ ဒီလို နိုင်ငံရေး အစဉ်အလာရှိတဲ့ ဆရာတော်တပါးဖြစ်ပါတယ်..။ ယခုလို အခြေအနေမျိုးမှာ  နာမည်ကျော် ဆရာတော်(၂)ပါးအား သက်ဆိုင်ရာများမှ မတရား စွဲချက်တင် လုပ်ဆောင်နေချိန်မှာ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ မဟုတ်မမှန် လုပ်ကြံရေးသားနေတဲ့ အရှင်ခေမာနန္ဒ (မိုးသု-မန္တလေး)ရဲ့ နောက်ကွယ်မှာ မည်သူတွေ ရှိနေမလဲ ဆိုတာကတော့ အဆိုပါ ရေးသားသူသာ အသိဆုံး ဖြစ်ပါလိမ့်မယ်..။

ဒီမိုဝေယံ
ဗန်းမော်ဆရာတော်ကြီး ကိုယ်တိုင် တက်ရောက်ချီးမြှင့်တဲ့ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား...တခု မြင်ကွင်း။ ရွှေညဝါ ပညာ့ဗိမ္မာန် ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရဲ့ အဓိပတိကတော့ ဗန်းမော်ဆရာတော်ကြီး ဖြစ်ပါတယ်..။

အရှင်ခေမာနန္ဒ (မိုးသု-မန္တလေး) သို့ အိတ်ဖွင့်ပေးစာ..
 (ရွှေည၀ါ သံဃာစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့နှင့် ရွှေည၀ါ သာသနာ့အကျိုးဆောင် လူငယ်အဖွဲ့)

Facebook မှာ (ရန်အောင်)ရဲ့ ပို့စ်ကလေးရဲ့အောက်မှာ ကွန်မန့်တွေ ပေးခဲ့တဲ့ အရှင်ခေမာနန္ဒ (မိုးသု-မန္တလေး) သိစေရန်။ ကွန်မာန့်များ ဖတ်ချင်ရင် Click

၁။ အရှင်ခေမာနန္ဒ မိုးသု-မန္တလေး (ကွန်မန့်များတွင် အများဆုံးနဲ့ အထိရောက်ဆုံးရေးသားသူ)

အရှင်ခေမာနန္ဒ (မိုးသု-မန္တလေး)ဆိုတာ ကျွန်တော်နဲ့ အပြင်မှာ လူချင်းသိခဲ့ဖူးပါတယ်၊ အဲ့ဒီအချိန်တုန်းက ကျွန်တော်က ကျောင်းဝန်းထဲမှာရှိတဲ့ ကွန်ပျူတာ အင်တာနက်ခန်းထဲမှာ စက်ပစ္စည်းတွေကို ဆားဗစ်ပေးရင်းနဲ့ သူငယ်ချင်းနဲ့အတူ အော်ပရေတာအဖြစ်နဲ့ရှိနေချိန်ပေါ့။ အရှင်ခေမာနန္ဒက ၂၀၀၉/၂၀၁၀ ပညာသင်နှစ်မှာ ရန်ကုန်-ဗုဒ္ဓတက္ကသိုလ်မှာ ဒီပလိုမာ ပထမနှစ်ကို တက်ရောက်ဖို့ ကျောင်းကို ရောက်လာရင်းကနေ သင်တန်းချိန်တွေမှာ တစ်ချိန်မှ ၀င်မတက်ပဲနဲ့ ကွန်ပျူတာရှေ့မှာတင် အင်တာနက်သုံးရင်း အချိန်တွေကို ကုန်လွန်စေခဲ့သူ တစ်ပါး ဟုတ်ပါသလားဘုရား။

ကျွန်တော်တို့ အော်ပရေတာများက နေ့လည် (၁၂)နာရီဝန်းကျင်ဆိုရင် သူ့အတွက် အခန်းရဲ့ ဒေါင့်အကျဆုံး စက်နံပါတ်(၈)ကို ချန်လှပ်ထားပေးရပါတယ်။ အဲ့လိုမှ မကျန်ရင် အဲ့ဒီစက် မအားဘူးဆိုရင်၊ ထိုအရှင်မှ နွေးထွေးစွာနဲ့ ပြောဆိုလေ့ ရှိပါတယ်။ အရှင်သည် နေ့တိုင်းသုံးတဲ့ ယူဆာတစ်ပါး ဖြစ်သည့်အတွက် ထားပေးခဲ့ပါသည်။

အဲ့သည်အချိန်တုန်းက အရှင်သည် အတန်းချိန် နှစ်တစ်ဝက်ကျော် ပျက်ကွက်ခြင်းကြောင့် စာမေးပွဲ ဖြေဆိုခွင့်မရခဲ့ပါဘူး။ နောက်နှစ်ကျောင်းဖွင့်ရာသီကနေ နှစ်ဝက်လောက်ထိ ရောက်လာနေပါသေးတယ်။ နောက်ပိုင်း ပျောက်သွားပါတော့တယ်။ အရှင်ပြောဖူးတဲ့ စကားလေးတစ်ခွန်းက ကျောင်းက ဘုန်းကြီးက အပြင်ထွက်ရင် မကြိုက်ဘူးတဲ့ ဒါကြောင့် သင်တန်းတက်တယ်ဆိုပြီး ထွက်ထွက်လာပြီး ခု အင်တာနက် လာသုံးနေတာပါတဲ့… အရှင့်ကို မည်သို့မျှမရည်ရွယ်ရိုးအမှန်ပါ၊ အရှင့်ကို ထိခိုက်စေလိုခြင်း အလျဉ်းမရှိပါလို့ တင်ကြိုဝန်ခံထားပါရစေ… အရှင်နဲ့ အင်တာနက်ဝက်ဆိုဒ်တွေ ပတ်သတ်မှုကလဲ မသေးပါဘူး ထာဝရ သူငယ်ချင်းများဆိုဒ်မှာဆိုရင် သူကဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုသင်တန်းနည်းပြ အဖြစ်နဲ့ ကျော်ကြားသူပါ၊ ဘာသာရေးဆောင်းပါးတွေ၊ အမေးအဖြေတွေ ရေးသားသူအဖြစ်နဲ့ ထင်ရှားပါတယ်။ ဧဒင်ဥယျာဉ်လိုဆိုဒ်မျိုးကနေလဲ ပြဿနာတက်ပြီး အဖွဲ့ဝင်အဖြစ်ကနေ အပယ်ခံခဲ့ရဖူးသူလဲ ဖြစ်ပါတယ်၊ နောက်ပိုင်းတော့ ကျွန်တော်တို့ထက် ပိုပြီး အွန်လိုင်းကို နှစ်သက်သူဖြစ်လာခဲ့ပါတယ်။

၂။ ရွှေည၀ါဆရာတော် (မိုးသု-မန္တလေး ၏ ဝေဖန်မှုကို အများဆုံးခံရသူ)

(က) ရွှေည၀ါ

ရွှေည၀ါဆိုတာက တစ်ဦးတစ်ယောက်၏ အမည်နာမ မဟုတ်သလို တစ်ဦးတစ်ယောက် ပိုင်ဆိုင်ထားခြင်းမျိုးလဲ မရှိပါ၊ အဖွဲ့အစည်းတစ်ခုရဲ့ အမည်နာမသာ ဖြစ်ပါသည်။ ဘာကြောင့် ရွှေည၀ါဟု ခေါ်ပါသလဲ http://www.shwenyawar.com/ftp_user/aboutShweNyaWar.htm မှာ သွားရောက် ကြည့်ရှုပါရန်။

ရွှေည၀ါ ဆိုတာ နွေရာသီ ဓမ္မာစရိယနှင့်အဘိဓမ္မာ ရွှေည၀ါဆရာဖြစ် သင်တန်းကြီးရဲ့ အတိုသုံးတဲ့ နာမည်ပါ၊ ဒီသင်တန်းကြီးကို စတင်တည်ထောင်သူက ဆရာတော် ဘဒ္ဒန္တသုန္ဒရာဘိဝံသ (ဓမ္မာစရိယ-ဦးသုန်) ဖြစ်ပါတယ်။ မြောက်ဥက္ကလာပမြို့နယ် ဇမ္မူအေး ကျောင်းတိုက်မှာ နှစ်ကြိမ်တိုင်တိုင် စတင်ဖွင့်လှစ်ခဲ့ပါတယ်၊ အဲ့ဒီမှာ ဒုတိယအကြိမ်မှာတင်ပဲ ကြည့်မြင်တိုင်က သာဓုတိုက်မှာ စာသင်ဘက်ဖြစ်တဲ့ ဦးပညာသီဟ တစ်ပါးရှိနေတယ် ဆိုတာကို ၄င်းတို့ချင်း သတင်းလွှင့်ရင်းကနေ တိုင်ပင်ဖြစ်ကြတယ်၊ ပြီးတော့ အားလုံးထဲမှာ ပြောရဲဆိုရဲရှိပြီး ခေါင်းဆောင်စိတ်ရှိတဲ့ ဦးပညာသီဟကို ၎င်းတို့အဖွဲ့ရဲ့ ဦးဆောင်အဖြစ်နဲ့ တင်ထားလိုက်ကြပါတယ်၊ သင်တန်းကိုလဲ ကြည့်မြင်တိုင်ကို ရွှေ့လာခဲ့ပါတယ်၊ ၂၀၁၁ ခုနှစ်ထိဆိုရင် ကြည့်မြင်တိုင်မှာ ဖွင့်ခဲ့တဲ့ ရွှေည၀ါဆရာဖြစ် သင်တန်းကြီးဟာ (၁၀)နှစ်တင်းတင်း ပြည့်ခဲ့ပါတယ်။

(ခ) ရွှေည၀ါ နှင့် ဓမ္မာစရိယ ဦးသုန်

ရွှေည၀ါသင်တန်းရဲ့ တတိယအကြိမ်ထိ ရွှေကျမ်းစာများကို ပင်တိုင်ရေးသားခဲ့တဲ့ ဦးသုန္ဒရာဘိဝံသ ဟာ လက်တွဲလုပ်ကိုင်နေခဲ့ပါတယ်၊ စတုတ္ထအကြိမ်အရောက်မှာ လက်တွဲဖြုတ်ခဲ့ပါတယ်၊ ဒီနေရာမှာ ဒီသင်တန်းကြီး အခြေတည်ပြီး အကောင်အထည်ပေါ် အောင်မြင်ပြီဆိုရင် ငါ ရှမ်းပြည် ပြန်နေမှာလို့ ပြောခဲ့ဖူးတာလေးကိုလဲ အမှတ်ရနေပါသေးတယ်၊ မိုးသု-မန္တလေး ပြောထားသလို ဦးပညာသီဟရဲ့ မရိုးသားမှုတွေ ဘာတွေကြောင့် လမ်းခွဲခဲ့ကြသလား ဆိုတာတော့ ဆရာတော်နှစ်ပါးကသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။

ဒီနေရာမှာ ဆိုဒ်ထဲသွားမကြည့်အားသူတွေအတွက် တစ်ခုပြောပြချင်ပါတယ်၊ ဘာလဲဆိုတော့ (ရွှေည၀ါ) ဆိုတဲ့ အဓိပ္ပါယ်လေးပါ၊ ရွှေ=ဆိုတာက ညောင်တုန်းမြို့က မိခင်တိုက်တာ ရွှေဟင်္သာတောရကို အတိုချုံး ဆိုလိုတာပါ၊ ည၀ါ=ဆိုတာကတော့ ရဟန်းသံဃာများရဲ့ သင်ယူမှုစာပေတွေကို နေ့ဝါ ည၀ါရယ်လို့ ခွဲခြားထားပါတယ်။ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဌာန်း စတဲ့ အဘိဓမ္မာဘာသာရပ်တွေကို ညပိုင်းမှာ ပို့ချတဲ့ ည၀ါ (ညစာဝါ) များဖြစ်ပါတယ်၊ ရွှေည၀ါဆရာဖြစ် သင်တန်းကြီးမှာ သင်ပြတာတွေကတော့ ငယ်၊လတ်၊ ကြီး တန်းတွေအတွက် ည၀ါ စာပေများကို နွေကာလမှာ ရက်ပေါင်းလေးဆယ် (နေ၊ စား၊ ကျန်းမာရေး၊ အပြန်ခရီးစရိတ်ငြိမ်း)  သင်ကြားပို့ချပေးမှာ ဖြစ်တဲ့အတွက် (ရွှေည၀ါ) ရယ်လို့ သင်တန်းနာမည်ကို ၄င်းတို့က ခေါ်တွင်ခဲ့ကြပါတယ်၊ တစ်နည်းအားဖြင့် မိခင်တိုက်တာ ရွှေဟင်္သာရဲ့မူဖြစ်တဲ့ ည၀ါစာမူများ ဖြစ်ပါသောကြောင့် ရွှေည၀ါလို့ ခေါ်တွင်ခဲ့ကြတာပါ။

အဲ့ဒီအမည်နာမကို ပိုင်ဆိုင်သူ အစစ်များသည်၊ ညောင်တုန်းမြို့ ရွှေဟင်္သာတောရပါဠိတက္ကသိုလ် ကျောင်းတိုက်ကြီးမှ ဝေဇယန္တာကျောင်း ဆရာတော်နှင့် လင်္ကာရတိုက် ဆရာတော်ဘုရားကြီး နှစ်ပါးသာဖြစ်ပါသည်။ ထိုဆရာတော်ကြီးနှစ်ပါးတို့၏ ကိုယ်ပိုင်မူ ဆရာတော်ကြီးများ ထွင်ထားသည့် နည်းစံနစ်များသာ ဖြစ်ပါသည်။

၃။ ဦးပညာသီဟ (ရွှေည၀ါဆရာတော်)

(က) သူဘာတွေလုပ်ခဲ့သလဲ ?

ရွှေည၀ါဆရာတော် ရယ်လို့ အမည်တွင်ခဲ့တာကတော့ ဒီသင်တန်းကြီးကို ဦးစီးဦးဆောင်ပြုပြီး လှုပ်ရှားနေသူ ဆရာတော်တစ်ပါးကို အများကနေပြီး ၀ိုင်းပညတ်ထားတဲ့ နာမပညတ်သာဖြစ်ပါတယ်။ ဆရာတော့် အကြောင်းလေးတွေ သမိုင်းကြောင်းလေးတွေကို သိချင်တယ်ဆိုရင်တော့ ၁၉၈၈-ခုနှစ်ကနေစလို့ပေါ့ အကြောင်းအရာလေးတွေကို ဧရာဝတီ၊ ဒီမိုဝေယံ စတဲ့ဆိုဒ်တွေပေါ်မှာ ခုရက်ပိုင်း မြင်တွေ့နေရပါတယ်။

အဲ့ဒီဆိုဒ်တွေက မတင်တဲ့ သူ့အကြောင်းလေးတွေကို ပြောပြချင်ပါတယ်၊ (ဒီမှာလည်း ပြန်ဖတ်နိုင်ပါတယ်..။ http://www.demowaiyan.co.cc/2011/10/blog-post_7075.html) ကြည့်မြင်တိုင်ဆိုတာက ကီလီကနေ ငါးဈေးကြီး ပြောင်းမလာခင်ကထဲကိုက လူမိုက်တွေ သိပ်ပေါတဲ့ ဒေသတစ်ခုပါ၊ ဆင်မလိုက်၊ အုန်းတော တို့ဆိုတာ နာမည်ကြီးတွေပါပဲ၊ အဲ့ဒီမှာရှိနေကြတဲ့ လူမိုက်တွေရဲ့ ခေါင်းဆောင်ပိုင်းလူတွေ တော်တော်များများက ဆရာတော့်ကို ချစ်ကြောက် ရိုသေကြပါတယ်၊ အဲ့ဒီအကြောင်းအရာကပဲ ဆရာတော်ဟာ လူမိုက်တွေ မွေးထားတယ်ဆိုတဲ့ စွဲချက် အတင်ခံစရာ ဖြစ်လာတယ်ထင်ပါတယ်၊ သို့သော် ၄င်းတို့ လူမိုက်အချင်းချင်း မကြာခဏ ဖြစ်ပျက်နေတဲ့ ရန်ပွဲများကိုတော့ ဆရာတော်ရဲ့ ပြောဟော ဆုံးမမှုကြောင့်ပဲ မြို့နယ်တွင်းမှာ တစတစနည်းလာခဲ့ပါတယ်၊ ခုဆို မရှိသလောက်ပါပဲ သိပ်ကြီးလွန်းတဲ့ အငြှိုးအတေးတွေ ရှိနေကြရင်တော့လဲ သိကြားမင်းတားလဲ ရမယ် မထင်ပါဘူး။ 

ဒီလိုနဲ့ ဆရာတော်ဟာ ငယ်စဉ်က ပညာရင်နို့အတူ သောက်စို့ခဲ့ဖူးကြသူများနှင့် ပြန်လည်ဆုံဆည်းမိကြပြီး၊
ပရိယတ္တိအကျိုးပြု သင်တန်းများ ဖွင့်ကြဖို့ကို တိုင်ပင်မိကြရင်း (၂၀၀၂)ခုနှစ်မှာ စတင်ပြီးတော့ နွေရာသီရောက်တိုင်း ဓမ္မာစရိယနှင့်အဘိဓမ္မာ ရွှေည၀ါ ဆရာဖြစ်သင်တန်းကြီးကို စတင်ဖွင့်လှစ်ခဲ့ပါတယ်၊ ဒါဟာ ဆရာတော်ရဲ့ ပထမခြေလှမ်းပါ၊ ဒုတိယခြေလှမ်းကတော့ (၂၀၀၄) ခုနှစ်မှာ ရန်ကုန်မြေပေါ်မှာ ရန်ကုန်-ဗုဒ္ဓတက္ကသိုလ် အမည်နဲ့ တက္ကသိုလ်တစ်ခု တည်ထောင်ဖွင့်လှစ်ဖို့ အခက်အခဲဖြစ်နေတဲ့ ပါ/ချုပ် ဆရာကြီး ဦးမြင့်ဆွေရဲ့ တပည့်များက နေရာ ရှာဖွေမှု အဆင်မပြေရာကနေ ကြည့်မြင်တိုင်မှာ သံဃာတော်တွေအတွက် အလုပ်လုပ်နေတဲ့ ဦးပညာသီဟ ရှိတယ်ဆိုပြီးရောက်လာရာကနေ ရန်ကုန်-ဗုဒ္ဓတက္ကသိုလ် ကိုပါ ဆက်လက် ဖွင့်လှစ်ဖြစ်ခဲ့ပါတယ်။

သင်တန်းအားလုံးအတွက် နေရာ၊ အဆောက်အဦ၊ သင်ထောက်ကူပစ္စည်းများ စတာတွေနဲ့ ရန်ကုန်-ဗုဒ္ဓတက္ကသိုလ်ရဲ့ လည်ပတ်မှုအားလုံးကို ဆရာတော်က တာဝန်ယူ ဖြေရှင်းရင်း တည်ဆောက်ထားတဲ့ အသိုက်မြုံလေးတစ်ခုဆိုလျှင် ပိုမှန်ပါလိမ့်မယ်။ ဒါကြောင့် အကျိုးတော်ဆောင်ချုပ် ဆိုတဲ့ ရာထူးတစ်ခုကို ဆရာတော့်ထံ အပ်နှင်းခဲ့ကြတာပါ။

(ခ) ယုတ် မယုတ်၊ ခွ မခွ။

ဒီကိစ္စကတော့ ကျွန်တော်(ဥာဏ်လင်းညီ) ဘာကောင်မှ မဟုတ်သလို ကျွန်တော့်မှာ တိုင်းတာစရာ ဘာပေတံမှလဲ မရှိပါဘူး၊ ဒီတော့ ကျွန်တော် နားမလည်ပါဘူး၊ မိုးသု-မန္တလေး ကတော့ ဒီလိုပြောတယ်။ (ရွှေည၀ါဆရာတော်ဆိုတာ ဘုန်းကြီးယုတ်ပါ။ ဒေါ်စုသာရင် ဒေါ်စုဘက်က ခင်ညွန့်သာရင် ခင်ညွန့်ဘက်ကပါ။ နှစ်ဖက်ခွစားနေတဲ့ကောင်။ မယုံရင် နတ်စင်လမ်းက သူ့ရဲ့သုံးထပ်ကျောင်းသွားကြည့် ခင်ညွှန့်ဆောက် လှုထားတာပါ။ စာရိတ္တလဲမကောင်းဘူး။ နတ်စင်လမ်းက သူ့ကျောင်းထဲမှာ ဗုဒ္ဓတက္ကသိုလ်ဖွင့်ထားတယ်။ ကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားတွေက သွေးကျောက်ကပ် အသည်း လူနာတွေကို လှုကြတယ်။ ပရဟိတလုပ်ကြတယ်။ အဲဒီအခါမှာ ဒကာဒကာမတွေက ဗုဒ္ဓတက္ကသိုလ်ရန်ပုံငွေအဖြစ် လာရောက်လှုဒါန်းကြတယ်။ အဲဒီရန်ပုံငွေတွေကို ကျောင်းအတွက်မသုံးပဲ သူပဲ ကားတစ်စီးပြီးတစ်စီး တစ်မျိုးပြီးတစ်မျိုးဝယ်စီးတယ်။ ဘောလုံးပွဲလောင်းတယ်။ ပြီးတဲ့ကမ္ဘာ့ဖလားပွဲတုန်းက သိန်း၃၀၀ရှုံးလို့ ဘွဲ့နှင်းသဘင်မှာ ထိပ်ဆုံး၁၀ယောက်တောင် ဆုငွေမပေးနိုင်ဘူး။ ပါမောက္ခချုပ် ဆရာကြီးဦးမြင့်ဆွေဆိုတာ မျက်စိမျက်နှာကို ပျက်နေတာပဲ။ ကျောင်းသားတွေအပေါ်ကို ပါးစပ်ပဲ ကောင်းပြီးတော့ လက်တွေ့ဆိုးနေတဲ့သူပါ။ အလကားသားပေါင်း ညာစားကောင်။)

အဲ့ဒီရေးသားချက်ထဲက အချက်အလက်တွေကို ကြည့်ပြီးတော့ ပြောစရာလေး ပေါ်လာပါတယ်၊ (၈၈)ထဲကစလို့ ဆရာတော်ရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံရေး အသိုင်းအ၀ိုင်းတွေက ဆရာတော့်ကို အရေးပေးကြပါတယ်၊ ဒါပေမယ့် ဒေါ်စုနဲ့ကတော့ ခုမှသိတယ်ဆိုရုံလေးပဲ ရှိပါသေးတယ်၊ မရင်းနှီးသေးပါဘူး၊ နောက်တစ်ခုက ဦးခင်ညွန့် ဆရာတော်တို့ သင်တန်းစဖွင့်တဲ့အချိန်တုန်းက အင်းစိန်-ရွာမပရိယတ္တိစာသင်တိုက်မှာလဲ ယမိုက်၊ ပဌာန်း သင်တန်းရှိတယ်၊ တာမွေမှာလဲ ဆရာတော် ဦးသုစိတ္တာဘိဝံသရဲ့ ဓမ္မာစရိယသင်တန်းရှိတယ်၊ ဦးခင်ညွန့်ဟာ သာဓုက သင်တန်းတစ်ခုထဲကို ရောက်လာတာ မဟုတ်ပါဘူး၊ သံဃာတွေစုစုနဲ့ရှိတဲ့နေရာဆိုရင် အဲ့ဒီအချိန်က..
(၁)နိုင်ငံရေးပေါ်လစီအရ၊

(၂) ဘာသာရေးအဓိကရုဏ်းတွေလဲ ဖြစ်ထားလေတော့ ဦးခင်ညွန့်ဟာ အမြှော်အမြင်ကြီးကြီးနဲ့ ၀င်ကပ်ထားတတ်ပါတယ်။ ဒါကတော့ နားလည်သူတွေ သုံးသပ်မိမှာပါ၊ အဲ့ဒီမှာတင် သာဓုကို ရောက်တဲ့အခါ ရှိနေတဲ့ သံဃာအင်အားနဲ့ သီတင်းသုံးတဲ့ ကျောင်းဆောင်ဟာ မျှတမှု မရှိဘူးဆိုတာကို မြင်သွားခဲ့ကြပါတယ်၊ အဲ့ဒီအတွက်ကိုပဲ ကျောင်းတစ်ဆောင် ဆောက်လုပ် လှူဒါန်းမယ်ဆိုတော့ သံဃာတော်တွေ ချမ်းသာဖို့အရေးကို အမြဲဦးစားပေးတတ်တဲ့ ဆရာတော်ဟာ ဒီကျောင်းဆောင်ကို အလှူခံခဲ့ပါတယ်၊ (စကားချပ်=ဆရာတော်ဟာ ဆောက်လုပ်သမျှ ကျောင်းဆောင်တိုင်းကို အာဂတာ နာဂတ စတုဒ္ဒိသာ သံဃိက အဖြစ်ပဲ သမုတ်ပြီး ရေစက်ချ ပေးလေ့ရှိပါတယ်) ဒီကျောင်းကြီးကို ဆောက်လုပ်ဆဲမှာပဲ ဦးခင်ညွန့် ရာထူးကနေ ပယ်ချခြင်းခံရပါတယ်၊ အားလုံး သဘောတူစွာနဲ့ သိန်းဘယ်လောက်စီ ထည့်ဝင် လှူဒါန်းပါမယ်ဆိုတဲ့ ၀န်ကြီးဌာနများ၊ ဌာနဆိုင်ရာများဆီကလဲ ကျောင်းဆောက်လုပ်ရန်အတွက် မည်သည့်အလှူငွေမျှ ဆက်လက် လှူဒါန်းခြင်းမရှိတော့ပါ၊ ထို့ကြောင့် ကျောင်းကြီးဟာ ပြတင်းတံခါးမဲ့၊ အမိုးမဲ့ ဘ၀နဲ့ သုံးနှစ်တိတိ ရှိနေခဲ့ပါတယ်၊ ယာယီအဆင်ပြေဖို့အတွက် ဓနိမိုးပြီး ဒီကျောင်းကြီးကို ထားခဲ့ပါတယ်၊ ကျောင်းကြီး ပြီးစီးဖို့အရေးက မျှော်လင့်ဖို့ ခက်ခဲနေတဲ့အခါ ဆရာတော်ဟာ မူလက ၀ါသနာရှိရင်းစွဲဖြစ်သည့် ဓမ္မကထိကအဖြစ်နဲ့ တရားဟော ပလ္လင်ပေါ်ပြန်တက်ဖို့ အကြောင်းဖန် လာခဲ့ပါတော့တယ်၊ တရားဟောခြင်းကို ရွှေည၀ါဆရာဖြစ်သင်တန်းကြီး စတင်ကထဲက ရပ်နားထားတာပါ။ ခုမှရသမျှ ဓမ္မပူဇာနဲ့ ဒီကျောင်းကြီး ပြီးအောင်ဆောက်မယ်ဆိုပြီး ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်၊ အဲ့ဒီကနေမှ တစတစနဲ့ အလှူရှင်တွေဟာ တကယ်လိုအပ်နေတယ်ဆိုတာ သိခွင့်ရကြပြီး လာရောက်လှူဒါန်းကြပါတယ်၊ လှူဒါန်းသူတွေကတော့ သူပြောထားတဲ့ ဦးအာဝါး စတဲ့ အလှူရှင်တွေပါပဲ။ နောက်တစ်ခုက ဒီကျောင်းတိုက်ကနေရော ဗုဒ္ဓတက္ကသိုလ်ကနေရော နောက်နွေသင်တန်းကနေပါ ကျောက်ကပ်အလှူရှင် သွေးအလှူရှင်တွေ အများကြီး ပေါ်ထွက်လာခဲ့ပါတယ်၊ သွေးလှူတဲ့နေရာမှာ အလှူခံသူဟာ နွမ်းပါးသူတွေဖြစ်နေရင် အသွားအပြန် ကားခတွေပါ ဆရာတော်မှ ပေးလှူခဲ့ပါသေးတယ်။ 

သို့သော် တစ်စုံတစ်ဦး ကနေပြီးတော့ ဗုဒ္ဓတက္ကသိုလ်အတွက် ရန်ပုံငွေပါဘုရား၊ ရွှေည၀ါ သင်တန်းကြီးအတွက် ရန်ပုံငွေပါ ဘုရားလို့ လာရောက် လျှောက်ထား လှူဒါန်းသွားတယ် ဆိုတာကို အနီးနေ တပည့်များတောင် တစ်ခါမှ မကြားမိ မမြင်မိကြပါဘူးတဲ့လေ….. ဒီအကြောင်းလေးကို ပြောထားတာကတော့ ထူးဆန်းတယ်ထင်တယ်။ ဆရာတော်ဟာ ဘောလုံးပွဲကြည့်ခြင်း လောင်းခြင်းတွေကို တစ်ချိန်က ၀ါသနာပါခဲ့ကြောင်းကို သူကိုယ်တိုင် တရားဟော ပလ္လင်ပေါ်ကနေ ၀န်ခံခဲ့ဖူးပါတယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် တရားဟောနေရင်း မိမိရဲ့ အကြောင်းကို ဒါ ဒီလိုရှိပါတယ်လို့ အရှိအတိုင်းဝန်ခံသူ ဆရာတော်ဟာ ဘယ်လိုဆိုတာ နားလည်လို့ရပါတယ်၊ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲမှာ သိန်းသုံးရာ ရှုံးတယ်ဆိုတာ အံ့သြစရာပဲ ဆရာတော့်မှာ အဲ့ဒီလောက်ငွေကြေး တစ်ခါမှ မရှိဖူးဘူးဆိုတာ အနီးနေတပည့်တွေ သိနေတဲ့အတွက် ဒါဟာ သွားပုပ်လေလွင့် ပြောတယ်ဆိုတာ သိသာပါတယ်၊ ဒါကတော့ အရှင့်သမိုင်းပေါ့လေ….ထားပါ။

သူကိုယ်တိုင် အားထုတ်မှုကြောင့်ရလာတဲ့ လာဘ်လာဘတွေကိုတောင် ဗုဒ္ဓတက္ကသိုလ် နည်းပြတွေနဲ့ မျှဝေခွဲသုံးပြီး ကျောင်းကြီးကိုလဲ ပြီးမြောက်အောင် တည်ဆောက်ခဲ့တဲ့ ရွှေည၀ါဆရာတော်၊ သူ့အတွက်ပဲ ကားတွေ တစ်စီးပြီးတစ်စီး၊ တစ်မျိုးပြီးတစ်မျိုး ၀ယ်စီးနေတယ်ဆိုတဲ့ ရွှေည၀ါဆရာတော်မှာ ၆ခ/ ပုံပြောင်း ကားလေးတစ်စီးကို ထည်လဲစီးရင်း အဖမ်းအဆီးရှိတယ်ဆိုရင် အပြင်သွားဖို့တောင် ခက်ခဲနေတာကိုလဲ အရှင်သိမှာပါ။ နှစ်စဉ် ဗုဒ္ဓတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်ပွဲတွေမှာလဲပဲ အလှူခံသူ လှူဒါန်းတွေသူနဲ့ ပြည့်နေပြီးတော့ ဘယ်လိုတွေ ကျင်းပနေတယ်ဆိုတာကို ကျောင်းခေါ်ချိန် မပြည့်လို့ စာမေးပွဲဖြေဆိုခွင့်မရခဲ့တဲ့ ဗုဒ္ဓတက္ကသိုလ် ကျောင်းသားဟောင်းတစ်ပါးက ဘယ်လို ကြားသိခဲ့ပါလဲ၊ ဘွဲ့နှင်းသဘင်လို အခမ်းအနားတစ်ခုရဲ့ ကုန်ကျမှုစရိတ်ဘယ်လောက်ရှိပါသလဲ ဘယ်သူ လှူပါသလဲ အဲ့ဒါတွေကို မိုးသု-မန္တလေး သိပါသလား။ သူ့ရဲ့ပြောစကားလေးကို သိရအောင်လဲ လာရောက် လေ့လာစေချင်ပါသေးတယ်။ ဆုငွေတွေပေးပြီး ကျင်းပတဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို အစကထဲက ဆရာကြီး ဦးမြင့်ဆွေက မနှစ်သက်ခဲ့သူပါ၊ ဘွဲ့နှင်းသဘင်မှာ ဘွဲ့ခံသူအတွက် လိုအပ်တာက ဘွဲ့လက်မှတ်ပါပဲတဲ့…။ ။

ကျောင်းသားတွေအပေါ်ကို ပါးစပ်နဲ့ပဲကောင်းပြီး လက်တွေ့ဆိုးတယ်ဆိုတာ ဟုတ်မဟုတ် လာရောက် လေ့လာကြည့်စေချင်ပါတယ်။ အရှင်ပြောတဲ့ ရန်ကုန်-ဗုဒ္ဓတက္ကသိုလ် နှစ်ကြီး ကျောင်းသားဟောင်းတွေ (နှစ်ကြီးဆိုတဲ့ အသုံးအနှုံးဟာ ထောင်ထဲမှာ သုံးတာများပါတယ်၊ မိုးသုကတော့ ဒီနေရာမှာသုံးထားတယ်။) M.A ဘွဲ့ရကျောင်းသားကြီးတွေက ခုဆို ကထိကနေရာ ရနေကြတယ်။ ဒါဆို သူတို့ရော ရွှေည၀ါဆရာတော်ကို မုန်းမုန်းနဲ့ သူခန့်တဲ့ နေရာမှာ အလုပ်လုပ်နေကြတာပဲ ဖြစ်မယ်ထင်တယ်။

၎။ ရွှေည၀ါဆရာတော်နှင့်သာဓုတိုက်

ဒီခေါင်းစဉ်အောက်မှာတော့ ရှည်ရှည်ဝေးဝေး ပြောစရာ မရှိပါဘူး၊ ရွှေည၀ါဆရာတော်ဟာ ငယ်စဉ် ကိုးနှစ်၊ ဆယ်နှစ်သား အရွယ်ကထဲက သာဓုတိုက်မှာ သီတင်းသုံးရင်း ကြီးပြင်းခဲ့သူပါ။ သာဓုတိုက်မှာ ကျောင်းလုမှုတွေ ဖြစ်ခဲ့ဖူးတာ မှန်ပါတယ်၊ ဒါကြောင့် ကျောင်းတိုက်ကို သိမ်းလိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ ကျောင်းတိုက်ရဲ့ မူလဒကာရင်း အလှူရှင် မြေဂရမ်အမည်ပေါက် ပိုင်ရှင်ကနေပြီးတော့ ဒီနေရာမှာ ကျောင်းဆောက်ပြီး သူရဟန်းခံပေးထားတဲ့ ပထမဆုံး ကျောင်းထိုင်ဆရာတော်ကို ဆောက်လှူခဲ့တာပါ၊ ဒီဆရာတော် တစ်ပါးသာလျှင် ကိုယ်ပိုင်ကျောင်းဖြစ်ပြီးတော့ နောင်အဆက်ဆက်တွင် ကျောင်းတိုက် ကစဥ့်ကလျားဖြစ်မှာကို စိုးရိမ်သည့်အတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ထံသို့ အလှူငွေ ကျပ် တစ်သိန်းနဲ့အတူ သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်၊ ဒါလေးက သိသင့်လို့ ထည့်ပြောတာပါ။ ရွှေည၀ါဆရာတော် ကိုးနှစ် ဆယ်နှစ်သားအရွယ်မှာ တစ်ချိန်က နိုင်ငံတော်အကြီးအကဲ ဦးခင်ညွန့် ဘယ်နေရာမှာပါလဲ၊ ဦးခင်ညွန့်ကြောင့် ဒီကျောင်းမှာ ဦးပညာသီဟ နေခွင့်ရခဲ့တယ်ဆိုတဲ့စကားက ယုတ္တိ ရှိ/မရှိ အရှင် ကိုယ်တိုင်ပဲ ပြန်သုံးသပ်ကြည့်စေချင်ပါတယ်။

မရိုးဖြောင့်မှု၊ ကောက်ကျစ်မှုတွေနဲ့ လုပ်စားနေပါတယ်ဆိုတဲ့ ရွှေည၀ါဆရာတော် အရှင်ပညာသီဟ ရဲ့ ၂၀၀၈ ခုနှစ်၊ ဧရာဝတီတိုင်း နာဂစ်ဒဏ်ခံ ပြည်သူတွေကို ထောက်ပံ့လှူဒါန်းခဲ့တာတွေကို မိုးသု-မန္တလေး သိပါသလား၊ ကာလတန်ကြေးနဲ့တွက်ရင် အဲ့ဒီတုန်းက လှူခဲ့တာဟာ သိန်းပေါင်း (၁၂၀၀၀)ကျော် လှူခဲ့ပါတယ်၊ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့နယ်၊ ဒီဒူးကုန်းကျေးရွာအုပ်စုမှာ ဆင်းရဲနွမ်းပါးနဲ့ သက်ကြီးရွယ်အို ၂၅ဦးအတွက် အိမ် ၂၅-လုံးဆောက်ပေးခဲ့တယ်၊ ၂၀၁၀/၂၀၁၁ ပညာသင်နှစ်ထိကို နာဂစ်ဒဏ်ခံဒေသတွေ ဖြစ်တဲ့ ဧရာဝတီတိုင်း၊ လပွတ္တာ၊ ပြင်စလူ၊ မော်လမြိုင်ကျွန်း(မော်ကျွန်း)၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ မြို့နယ်များ၊ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်း၊ လှိုင်သာယာ၊ ရွှေပြည်သာ မြို့နယ်များမှကျောင်းသား ကျောင်းသူပေါင်း ၆၀၀ ကျော်တို့အတွက် ပညာသင် ထောက်ပံ့စရိတ်များ လစဉ် ထောက်ပံ့လှူဒါန်းခဲ့တာတွေကို တန့်ဆည်သားလေး မောင်ခေမာ ညီလေး မင်းသိပါရဲ့လား။ အခြားအခြားသော အကြောင်းအရာတွေကို သိရှိနိုင်ဖို့အတွက် ကျောင်းတိုက်မှာ လာရောက်ကြည်ညိုရင်း သာဓုခေါ်ခွင့်ရအောင် ဒီနေရာကနေ အားလုံးကို ဖိတ်မန္တက ပြုလိုက်ပါတယ်။

ရွှေည၀ါ သံဃာစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့နှင့် ရွှေည၀ါ သာသနာ့အကျိုးဆောင် လူငယ်အဖွဲ့

ရွှေည၀ါ ပညာ့ဗိမာန်၊ သာဓုတိုက်
နတ်စင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်။

0 comments:

Post a Comment