Monday, December 20, 2010

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”

လွတ်လပ်တဲ့အာရှအသံမှ စီစဉ်တင်ဆက်သော

အပတ်စဉ် အမေး အဖြေ အစီအစဉ် (ဒီဇင်ဘာ ၁၀ရက်၊ ၂၀၁၀) မိုးမခ ဒေါ့ကွန်


မေးခွန်းမေးသူ။ ။ ဒေါ်မာမာအေး (အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်နေ၊ နိုင်ငံကျော် အဆိုတော်)

Q: ညီမလေး စုရေ၊ ဒီလို အရေးတကြီး အလုပ်များနေတဲ့အချိန်မှာ ဖြေရလွန်းလို့ စိတ်မောလူမောဖြစ်နေမယ့် ညီမလေးကို မမေးရက်ပါဘူးဟယ်။ မှာတော့ မှာချင်ပါတယ်။ ညီမရဲ့ အသက်ဟာ အများ လူထုအတွက်၊ အချက်ဖြစ်နေလို့မို့ ကိုယ့်အသက်ကို ကိုယ်တိုင်စောင့်ရှောက်ပါ။ အရဲမကိုးပါနဲ့နော်။ ပြည်သူ့ခေါင်းဆောင် အတွက် နောက်လိုက်ကောင်းတယောက်အဖြစ် ဝန်းရံ ရပ်တည်နေပါတယ်။ ဒါပါဘဲ။ အမျိုးသားနေ့မှာ ပြောတဲ့ စကားပါ။ အောင်မြင်ပါစေနော်။

A: မမ အနေနဲ့ ကျမအတွက် စေတနာနဲ့ စိုးရိမ်ပေးလို့ အများကြီးပဲ ကျေးဇူးတင်ပါတယ်။ ဒီလိုစိုးရိမ် ပေးတဲ့လူတွေရဲ့ စေတနာကိုလဲ လေးစားသောအားဖြင့် ကျမလဲ ဂရုတစိုက်နဲ့နေသွားမှာပါ။ ကျမတို့ကို ဝန်းရံပေးတာကိုလဲ တကယ့်.. ကိုပဲ အားတက်ရပါတယ်။ ဒီလို ဝန်းရံပေးမှလဲ ကျမတို့အောင်မြင်မှုကို အမြန်ဆုံး ရနိုင်ပါမယ် ဆိုတာကတော့ မမကို အထူးအထွေပြောဖို့ မလိုပါဘူးလို့ ကျမထင်ပါတယ်နော်။

မေးခွန်းမေးသူ။ ။ လားရှိုးသိန်းအောင် (ခေါ်) ဂျင်မီဂျက် (အမေရိကန်ပြည်ထောင်စု တက်ဆက်ပြည်နယ်နေ၊ နိုင်ငံကျော် အဆိုတော်)

Q: အမကြီးရေ မင်္ဂလာပါနော်။ အမေဒေါ်စု ပြန်လာပြီဆိုတဲ့ သီချင်းကိုလဲလေ ကျနော်ကန်တော့လိုက်တယ်။ အမကြီးရဲ့သွားလာရေးကို တာဝန်ခံတွေက ဟာကွက်မရှိအောင်ပေါ့လေ၊ နေ့ရော ညပါ စောင့်ရှောက်ပေးနေသလားလို့၊ နောက်တခုက အမကြီးရဲ့ ကျန်းမာရေးကိုလဲ သူတို့တွေ ဂရုတစိုက် ကြည့်ရှုပေးသလားလို့ ကျနော် စိတ်ပူရင်းနဲ့ မေးချင်ပါတယ်။ နောက် ကျနော့် အနေနဲ့ကတော့ အမကြီး တာဝန်ပေးမယ်ဆိုရင်လဲ ကျနော်တို့ တိုင်းပြည်အပေါ် သစ္စာရှိရှိနဲ့ ထမ်းဆောင်ပါရစေလို့နော်။ နောက်ဆုံးတခုကတော့ အမကြီးလဲ မအားဘူးဆိုတာ ကျနော်သိတယ် အဲဒီတော့ ဒီပြည်သူလူထုကိုလေ အမကြီးရဲ့ လက်ထဲကနေတဆင့် အမကြီးရဲ့ မေတ္တာနဲ့အတူပေါ့နော်။ အားပေးစကားလေး အားမငယ်ဖို့ အရေး၊ ကျနော်တို့ ဒီမှာရှိပါတယ် ဆိုတာပြောပါရစေ။


A: မင်္ဂလာပါရှင်၊ ကျမတို့ကို ဒီလိုပဲ အမြဲအားပေးနေတာကို သိရလို့ ဝမ်းသာတယ်၊ နောက်ပြီးတော့ ကိုလားရှိုးသိန်းအောင်ရဲ့ သီချင်းတွေကိုလဲ ရေဒီယိုကနေပြီးတော့ မကြာခဏ နားထောင်ရလို့ ကြည်နူးခဲ့ရ ပါတယ်။ ကျမကို စောင့်ရှောက်ပေးနေတဲ့ လူတွေဟာ ဟာကွက်မရှိ၊ လုပ်ပါတယ်လို့ ကျမပြောပါရစေ။ စိတ်မပူပါနဲ့။ ကျန်းမာရေးကိုလဲ တစိုက်မတ်မတ် နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့တဲ့ ဆရာတင်မျိုးဝင်းနဲ့ ဒေါက်တာ ပြုံးမိုအိတို့က ဆက်ပြီးတော့ စောင့်ရှောက် ပေးနေပါတယ်။ အဲဒါအတွက်လဲ စိတ်မပူပါနဲ့လို့ ပြောပါရစေ။ ကျမတို့ကတော့ ကိုလားရှိုးသိန်းအောင် တယောက်တည်းတင် မဟုတ်ဘဲနဲ့ အားလုံးကို ကျမ တာဝန်ပေးချင်တာကတော့ အားလုံးက ဝိုင်းပြီးတော့ ဒီနိုင်ငံတိုးတက်ရေးအတွက် လုပ်ကြပါ။ ကိုယ့်မှာ လုပ်အားရှိပါတယ်ဆိုတာ ယုံကြည်ကြပါ။ ဒါကြောင့်မို့လို့ ပြည်သူလူထုကို မေတ္တာနဲ့ အားပေးစကားလေး ဆိုတာလဲ ဒါပါပဲ။ ကိုယ့်မှာ လုပ်အားရှိတယ်ဆိုတာ။ လုပ်ပေးနိုင်တဲ့ အခြေအနေ ကိုယ့်မှာရှိနေတယ်ဆိုတာ ယုံကြည်ကြပါ။ အဲဒီ ယုံကြည်ချက်အရ ကျမတို့ကို ကူညီပြီးတော့ အားပေးကြပါ။ စကားလေးနဲ့ အားပေးရင်တောင်မှ ကျမတို့ အများကြီး အားတက်ရတယ် ဆိုတော့ အလုပ်ကလေးနဲ့များ အားပေးမယ်ဆိုရင် ကျမတို့ ဆထက်တပိုး တိုးပြီးတော့ နိုင်ငံတိုးတက်ရေးအတွက် လုပ်နိုင်မှာပါလို့ ပြောပါရစေနော်။


မေးခွန်းမေးသူ။ ။ စခဟ (ထိုင်းနိုင်ငံ ချင်းမိုင်မြို့နေ၊ ရှမ်းအဆိုတော်၊ ရှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ)


Q: လေးစားအပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုမေးချင်တာက၊ ဒေါ်စုပြောတဲ့ ၂၁ရာစုပင်လုံညီလာခံ၊ အဲဒါကို ကျနော်တို့ တိုင်းရင်းသားတွေကလဲ အားလုံး ဝိုင်းပြီးတော့ ကြိုဆိုထောက်ခံတယ်၊ မျှော်လင့်ကြတယ်။ အဲဒါကြောင့် ၂၁ရာစု ပင်လုံညီလာခံ စီစဉ်နေတာ၊ ဒေါ်စုအဖို့ ဘာအခက်အခဲတွေ ရှိမယ်လို့ထင်သလဲ။ ကျနော်တို့ ရှမ်းသံတော်ဆင့် သတင်းစဉ် (Shan Herald Agency For News) အပါအဝင်ပေါ့လေ ကျနော်တို့ မီဒီယာအဖွဲ့တွေ၊ ကျနော်တို့ဘာတွေ ဘယ်လိုကူညီနိုင်သလဲ။ ဘယ်လို ပံ့ပိုးသင့်တယ်လို့ ထင်သလဲ။ အဲဒီ ၂၁ရာစု ပင်လုံညီလာခံ ကိစ္စအတွက်ပေါ့ဗျာ။ နံပါတ်သုံးအချက်ကတော့ ကျနော်တို့ ပြည်နယ်တော်တော်များများမှာ ရှိတဲ့ ဒီ လက်နက်ကိုင် အပစ်ရပ်တွေ အဖွဲ့ပေါ့၊ အဲဒီ အခန်းကဏ္ဍကို ဘယ်လို ထည့်သွင်းစဉ်းစားမလဲ။ ဒါတွေဘယ်လို ဆက်စပ်မှုရှိမလဲ။ အဲဒါတွေကို ကျနော်တို့ သိချင်ပါတယ်။ မေးချင်ပါတယ် ခင်ဗျာ။


A: ၂၁ရာစုနှစ် ပင်လုံညီလာခံကို တိုင်းရင်းသားတွေက ကြိုဆိုထောက်ခံကြတယ်၊ မျှော်လင့်ကြတယ်၊ ဝိုင်းဝန်းပံ့ပိုး ချင်ကြတယ် ဆိုတာ ကြားရတာ အင်မတန့်ကို အားတက်ရပါတယ်။ ၂၁ရာစုနှစ်ပင်လုံ၊ ဒုတိယပင်လုံကို စီစဉ်တဲ့ နေရာမှာ ကျမတို့အတွက် အကြီးမားဆုံး အခက်အခဲကတော့ နားလည်မှု လွဲမှားနေခြင်းတွေဖြစ်ပါတယ်။ ဒုတိယပင်လုံကို ဦးတည်တာဟာ၊ ထိပ်တိုက်ရင်ဆိုင်မှုလမ်းစဉ် ဖြစ်လို့ အန္တရာယ်များတယ်လို့ ထင်နေတဲ့ လူတွေလဲ ရှိပါတယ်။ ကျမတို့ရဲ့ ရည်ရွယ်ချက်က အမျိုးသား ရင်ကြားစေ့ရေး ဖြစ်မြောက်စေဖို့၊ ပြည်တွင်း ပဋိပက္ခ တွေ ချုပ်ငြိမ်းစေဖို့၊ ပြည်ထောင်စု သဘောတရားတွေကို အသေအချာ နားလည်ပြီး၊ ပြည်ထောင်စု စိတ်ဓါတ်တွေ ခိုင်မာသန်စွမ်းစေဖို့ ဖြစ်ပါတယ်။


ဒီနားလည်မှုလွဲမှားခြင်းဆိုတဲ့ အခက်အခဲကို ကျော်လွှားနိုင်ဖို့၊ ရှမ်းသံတော်ဆင့် အပါအဝင် မီဒီယာအဖွဲ့တွေက အများပြည်သူ နားလည်အောင် ဝိုင်းဝန်း ရှင်းလင်း ပေးမယ်ဆိုရင်တော့ ကျမတို့အတွက် အများကြီး အထောက်အကူ ဖြစ်မှာပါ။


ကျမတို့ဟာ တိုင်းရင်းသား အားလုံးကို ပြည်ထောင်စုသားတွေ အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်စေချင်တာမို့၊ လက်နက်ကိုင် အပစ်ရပ်တွေကိုလဲ ၂၁ရာစုနှစ်ပင်လုံ အောင်မြင်အောင်၊ ဖြစ်မြောက်အောင်၊ ယုံယုံကြည်ကြည်နဲ့ ပါဝင်ပြီးတော့ ကူညီကြပါလို့ ကျမကနေပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်။


မေးခွန်းမေးသူ။ ။ မိုင်အိုင်ပွန်း (ထိုင်းမြန်မာနယ်စပ်တနေရာမှ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၏ ဥက္ကဌ)

Q: အခုလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ ကျနော် အများကြီးလဲ ဝမ်းသာတယ်၊ အများကြီးလဲ ကျနော် အားရပါတယ်။ မေးချင်တာကတော့ မြန်မာပြည်နိုင်ငံရေးပြသနာကို ဖြေရှင်းနိုင်ဖို့အတွက် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုများ ဆက်လက်ပြီးတော့ ဆောင်ရွက်နေတာ ဒီနေ့ ရှိနေပါသလား။ ဆောင်ရွက်တဲ့ နေရာမှာလဲ အားလုံး ပါဝင်နိုင်တဲ့ အနေအထားတွေ အခင်းအကျင်းတွေကော စီစဉ်ဖို့ရှိလားလို့ ကျနော် အဲဒါပဲ မေးချင်တယ်။


A: ကျမတို့ကို တိုင်းရင်းသားများက ကြိုဆိုတယ်၊ အားပေးတယ် ဆိုလို့ရှိရင် အစဉ်အမြဲပဲ ဝမ်းသာလျှက်ပါ။ ကျမတို့ကလဲ တိုင်းရင်းသားများ ပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေ ဖြစ်ဖို့ ဆိုတာဟာ နိုင်ငံအတွက် အဓိက ကျတဲ့ ကိစ္စတခုဖြစ်တယ်လို့ အမြဲပဲ ဆွဲကိုင်ထားတာမို့ ဒီအတိုင်းပဲ ကျမတို့ ဖြစ်မြောက်အောင်လို့ ဆက်ပြီးတော့ လုပ်သွားမှာပါ။ ဘယ်တော့မှ တိုင်းရင်းသားတွေကို ချန်ခဲ့ပြီးတော့ ကျမတို့သွားမှာ မဟုတ်ပါဘူး။ ပြည်ထောင်စု တခုမှာ ဆိုရင် တိုင်းရင်းသားတွေကို ချန်ပြီးတော့၊ နိုင်ငံရေးအဖြေတခု ရှာဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ကျမတို့ဟာ တတ်နိုင်သမျှ အများပါဝင်တဲ့ အခင်းအကျင်း တခုကို အမြန်ဆုံးဖြစ်နိုင်စေဖို့ ကြိုးစားနေပါတယ် ဆိုတာကိုတော့ ယုံကြည်စေချင်ပါတယ်။ အဲဒီလို အခင်းအကျင်းတခု ဖြစ်ပေါ်ဖို့လဲ အားလုံးက နေပြီးတော့၊ ဝိုင်းပြီးတော့၊ ကူညီပေးကြပါလို့လဲ ကျမ မေတ္တာရပ်ခံ ချင်ပါတယ်။


မေးခွန်းမေးသူ။ ။ ကိုဌေးတင့် (နယ်သာလန်နိုင်ငံနေ NLD ပါတီ အဖွဲ့ဝင်ဟောင်းတဦး)

Q: အန်တီတို့ မြန်မာပြည်တွင်းမှာ ပင်လုံညီလာခံကို ပြန်လည်ပြီးတော့ အကောင်အထည်ဖော်ဖို့ကြိုးစားနေတာ သိတဲ့အတွက် ဝမ်းသာပါတယ်။ ထို့အတူပဲ ပြည်ပမှာ ရောက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ မြန်မာပြည်အရေး ဆောင်ရွက်နေတဲ့ မြန်မာပြည်သူ ပြည်သားတွေအတွက်လဲ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အန်တီ့အနေနဲ့ လုပ်ငန်းစဉ် လေးတခုလောက်ချပေးရင် ပိုမိုပြီးတော့ ကောင်းမွန်မလားလို့ ကျနော်ထင်လို့ ကျနော် အန်တီ့ဆီက အကြံဥာဏ်တောင်းခြင်းဖြစ်ပါတယ်။ အန်တီပြန်လည်ပြီးတော့မှ စဉ်းစားပြီးတော့ လုပ်ငန်းစဉ်လေးတခုလောက် ဝိုင်းပြီးတော့လုပ်ကြဖို့အတွက် ချမှတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။


A: စောစောက ရှမ်းသံတော်ဆင့် အဖွဲ့ကို ပြောတဲ့ အတိုင်းပဲ၊ အန်တီတို့ရဲ့ ဒုတိယ ပင်လုံညီလာခံ ဖြစ်မြောက်ရေး အတွက် ဆိုတာဟာ နားမလည်မှုတွေ ပပျောက်သွားအောင်လို့ ဝိုင်းပြီးတော့ ကူညီနိုင်ကြမယ် ဆိုလို့ရှိရင် အကောင်းဆုံးပါပဲ။ ဒီလို ဒုတိယညီလာခံ၊ နှစ်ဆယ့်တစ်ညီလာခံ၊ တခုခေါ်တာဟာ၊ အန်တီတို့ရဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အထောက်အကူ ဖြစ်မယ့်ကိစ္စပါ။ ထိပ်တိုက်ရင်ဆိုင်ရမယ့်ကိစ္စ မဟုတ်ဘူး ဆိုတာကို၊ အဲဒါကို ရှင်းရှင်း၊ လင်းလင်း၊ အများသိအောင်လို့ ဝိုင်းပြီးတော့ ကူညီပေးစေ ချင်ပါတယ်။


ဖက်ဒရယ် (Federal) ဆိုတဲ့ အဓိပ္ပါယ်ကို လူတွေက သိအောင်လို့၊ မကြောက်ကြအောင်လို့၊ ပြည်ထောင်စုဆိုတဲ့ အဓိပ္ပါယ်ကို သိအောင်လို့၊ ပြည်ထောင်စု စိတ်ဓါတ်တွေ မွေးနိုင်အောင်လို့၊ အဲဒါကို ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး၊ တိုင်းရင်းသား အားလုံးက နေပြီးတော့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ကြိုးစားပေးကြမယ် ဆိုလို့ရှိရင် အန်တီတို့ အတွက် အများကြီး အထောက်အကူ ဖြစ်မှာပါလို့ ပြောပါရစေနော်။

0 comments:

Post a Comment