Thursday, September 27, 2012

ခေတ်လူများ၏ မှတ်စု ဂျာနယ်မှ(ဓမ္မစကား ) ငြမ်း



          ယနေ့မြန်မာနိုင်ငံမှာ ငြမ်းနှင့်ပတ်သတ်ပြီး အယူအဆအမျိုးမျိုးကွဲပြားနေကြတာကိုတွေ့ရပါတယ်။ မိမိတို့လည်းငြမ်း နှင့်ပတ်ပြီး ဘယ်လိုမြင်ထားလဲ ဘယ်လိုသဘောထားလဲဆိုတာကို သေချာပြန်လည် စစ်ဆေးဖို့လိုပါ တယ်။တချို့က အလွယ် ပြောအလွယ်လုပ်လာကြပါတယ်။ဘုရားပြီးငြမ်းဖျက်ရတယ် ဆိုပြီး မိမိလုပ်ငန်းအောင်မြင်သွားတာနဲ့တပြိုက်နက်မိမိရဲ့ ကျေးဇူးရှင် တွေကိုစော် ကားမော် ကားပြုကား ကျေးဇူးကမ်းလာတွေကိုတွေ့နေရပါတယ်။
          ဒါတွေဟာ မြန်မာသမိုင်းမှာကတည်းက ရှိခဲ့ပါတယ်။ရာဇသင်္ကြန်အမတ်ကြီးကြောင့် မင်းဖြစ်လာတဲ့ နရပတေ့ မင်းက အမတ်ကြီးရဲ့ သူ့အပေါ်ပြောလိုက်တဲ့ စကားလေးတစ်လုံးကို မကြိုက်တာနဲ့ အမတ်ကြီးကိုမေးပါတယ်။ ‘’အမတ်ကြီး ဘုရားပြီးရင်ဘာလုပ်ရသလဲလို့’’ မေးတော့ အမတ်ကြီးက “ဘုရားပြီးရင်ငြမ်းဖျက်ရပါတယ်” လို့ပြောလိုက်ပါတယ်”။ ဒါနဲ့ အမတ်ကြီးကိုရထူးကချပြီး ဒလကြိုပည် နှင်ဒဏ်ပို့လိုက်ပါတယ်။ဒါကိုသဘောကျသွားကြတဲ့အုပ်စုက အမှန် ထင်ပြီး ကျေးဇူးရှင် တွေကို စော်ကားဖို့ သူတို့အတွက်စကားတစ် လုံးရလိုက်ပါတယ်။ ဘုရားပြီး ရင်ငြမ်းဖျက်ရ တယ်ပေါ့။

          ဥပမာဥပမေယျတွေဆိုတာ သုံးစွဲသူတွေအပေါ်အမှာ အများကြီးမူတည်ပါတယ်။ယနေ့တော့ဥပမာဥပမေယျတွေကို ထင်သလို လိုသလို ကြိုက်သလိုသုံးစွဲနေကြပါတယ်။ဥပမာနှင့်ဥပမေယျမကိုက်ရင်ဘယ်လိုမှ အဆင်မပြေပါဘူး။မိမိကိုယ်ကို မိမိပြန်လည်မေးမြန်းစီစစ်ပါ။မိမိကဘာဖြစ်ချင်တာလဲ ငြမ်းဖြစ်ချင်တာလား။ ဒါမှမဟုတ်ငြမ်းကို အသုံးပြုပြီး တဆင့်မြင့် တက်ချင် တာလား ဆိုတာသေချာခွဲခြားဖို့လိုပါတယ်။
          ငြမ်းအဖြစ်နဲ့လောကကြီးကိုကူညီချင်တဲ့သူကလည်း လောကလူသားတွေကောင်းစားရေးကိုသာလျှင်ကြည့်ပြီးကူညီ ပေးနိုင်ရမယ်။မိမိကိုယ်ကိုငြမ်းအဖြစ်နဲ့ပြုပေးလိုက်ရလို့ ကြီးပွါးအောင်မြင်သွားတဲ့သူတွေ ကျော်ကြားသွားတဲ့သူတွေ နေရာအသီး သီးရသွားကြတဲ့သူတွေကို တွေ့ရမြင်ရ ကြားရရင် မိမိငြမ်းလုပ်တဲ့သူဟာကျေနပ်ဝမ်းသာဂုဏ်ယူနေရမယ်။ငါလုပ်ပေးလိုက်လို့ ငါကူညီလိုက်လို့အောင်မြင်တာ အခုတော့ငါ့ကိုလှည့်မကြည့်ဘူး အကြောင်းသိမယ်ဆိုပြီး မိမိမာနတွေထောင်ပြီး အဆိုးတွေပြော အဆိုးတွေလုပ်ရင်လုံးဝမကောင်းပါဘူး။ပြီးတော့ သူများက သူ့ရဲ့ဘ၀ကို ငြမ်းအဖြစ်နဲ့အောင်မြင်နိုင်ကြပါစေဆိုပြီး ကူညီ ထောက်ပံ့ ပေးတဲ့သူ ပြောဆိုညွန်ပြသင်ပြပေးလိုက်တဲ့သူတွေကိုလည်း ဘုရားပြီးရင်ငြမ်းဖျက်ရမယ်ဆိုတဲ့ စကားလေး တစ်လုံး နဲ့ကျေးဇူးတရားတွေကိုမစော်ကားသင့်ပါဘူး။
          ဘုရားပြီးငြမ်းဖျက်ဆိုတဲ့ အဓိပ္ပါယ်ကို ကိုယ်လိုရာစွဲပြီး အသုံးမချသင့်ပါဘူး။ဘုရားနဲ့ငြမ်းကို သေချာခွဲခြားပြီးမြင်ဖို့လိုပါ တယ်။ငြမ်းဆိုတဲ့အဓိပ္ပါယ်ကို မြန်မာအဘိဓါန်မှာဖွင့်ဆိုတာက မြင့်မားသောအဆောက်အအုံများကို တည်ဆောက်ရာတွင်လူတက် နိုင်ရန် ယာယီလုပ်ထားသော စင် ကို ငြမ်းလို့ဖွင့်ပြထားပါတယ်။(ဥပစာ) အမှီပြုရာ၊ အားကိုးရာ၊ထုံးတမ်း၊ အစဉ်အလာ လို့ အဓိ  ပ္ပါယ်ဖွင့်ဆိုထားပါတယ်။သေးငယ်တဲ့အဆောက်အဦးတွေအတွက်ငြမ်းမလိုပေမဲ့ကြီးမားမြင့်မားတဲ့ဆောက်အဦးတွေ ပြီးမြောက်ဖို့ အတွက်ငြမ်းဟာမပါမဖြစ်အရေးကြီးလှပါတယ်။ငြမ်းရဲ့အကူအညီကိုရမှသာလျှင် လုပ်ငန်းကိစ္စတွေပြီးမြောက်အောင်မြင်နိုင်မှာဖြစ် ပါတယ်။ဒီလိုပါပဲ လောကမှာလဲ လူတစ်ယောက်ကြီးပွါးအောင်မြင်ဖို့ဆိုတာ ငြမ်းနဲ့တူတဲ့အထောက်အပံ့တွေ အကူအညီတွေ  အ များကြီးလိုပါတယ်။ ကြီးပွါးအောင်မြင်ကျော်ကြားသွားကြတဲ့သူတွေကို ကြည့်ရင်သိနိုင်ပါတယ်။ငြမ်းဆိုတဲ့အထောက်အပံ့ကိုမရ ပဲအောင်မြင်ကျေုာ်ကြားသွားတဲ့သူတွေမရှိပါဘူး။မိဘဆရာတွေ မိတ်ဆွေတွေက စာပေတွေ အကြံဥာဏ်တွေ လိုအပ်တဲ့ အကူအညီတွေကို တနည်းနည်း တဖုံဖုံ နဲ့ထောက်ပံ့ကူညီပေးနေတာတွေ ရှိနေကြတာပဲ ဖြစ်ပါတယ်။ကျေးဇူးတရားဆိုတာ ကြည့်တက် မြင်တက်သူတွေ အတွက်အမြဲ၇ှိနေကြတာပါပဲ ။ကျေးဇူးတရားဆိုတာ မြင်တတ်ကြည့်တတ်ဖို့လိုပါတယ်။ ကျေးဇူး မဆပ်ချင်နေပါ ကျေးဇူးမ ကမ်းပါနဲ့ဆိုသလို ကျေးဇူး ကမ်းတဲ့သူထဲ ကိုယ်မပါအောင်တော့ကြိုး စားကြရမှာဖြစ် ပါတယ်။ ကျေးဇူး ကမ်းတဲ့သူတွေဟာ မအောင်မြင် ပါဘူး။အောင်မြင်ခဲ့ရင် လည်းမကြာပါ ဘူး။မကြာခင်ပျက်ဆီးခြင်း ဆုံးရှုံးခြင်း တရားနဲ့ ရင်ဆိုင် ရမှာဖြစ်ပါတယ်။ဒါတွေဟာ ဇာတ်နိပါတ်တော်တွေမှာလည်း အ များကြီးရှိခဲ့ပါတယ်။
                ဘုရားလောင်းမျောက်ဘ၀မှာ တွင်းထဲကျနေတဲ့မုဆိုးကို အသက်နဲ့လဲပြီးတွင်းထဲကနေရအောင်ကယ် ထုတ်ခဲ့တယ်။တွင်းထဲက အပြင်ရောက်လာတော့ မုဆိုးရဲ့စိတ်ကတမျိုးပြောင်းလာတယ်။ဘုရားလောင်းမျောက်မင်းက သူ့ဘ၀ ကိုငြမ်းအဖြစ်နဲ့အသက်ရှင် လွတ်မြောက်ပါ စေဆိုပြီးစေတနာထားကယ်လိုက်တာကိုမမြင်တော့ဘူး။ ငါအိမ်ပြန်ရင် ဘာဟင်း စားမှပါမသွားလို့တော့မဖြစ်ဘူးဆိုပြီး မိမိကို ကယ်ခဲ့လို့ ပင်ပန်းပြီး အိပ်ပျော်နေတဲ့ မျောက်မင်းရဲ့ဦးခေါင်းကို အုတ်ခဲနဲ့ထု သတ်ဖို့ကြိုးစားခဲ့တယ်။ဘုရားလောင်းမျောက်မင်းက သတိရှိလို့ သစ်ပင်ပေါ်ခုန်တက်လိုက်တယ်။ သစ်ပင်ပေါ်ရောက် သွားပြန်တော့ လမ်းမသိလို့လမ်းပြပေးပါအုံးလို့ခိုင်းတာကို စိတ်မနာဘဲ မိမိကိုယ်ကိုငြမ်းအဖြစ်နဲ့နှလုံးပိုက်ပြီး သူတပါးချမ်းသာ အောင်မြင်ရေးကိုသာရှေ့ရှုကာ မိမိခေါင်းမှ ကျတဲ့သွေးစက်နောက်ကိုသာ လိုက်ခဲ့ပေတော့ဆိုပြီး တစ်ပင်ပြီးတစ် ပင်ကူးသွား ကာလမ်းပြခဲ့တယ်။ဘုရားလောင်းမျောက်မင်းက သူလုပ်ရမဲ့ငြမ်းအဖြစ်ကို ပီပီပြင်ပြင် ခရီးဆုံးသည် အထိကူညီသွားတယ်။ ဘုရားပြီးရင်ငြမ်းဖျက်မယ်ဆိုတဲ့စိတ်ရှိတဲ့ကျေးဇူးရှင်ကို စော်ကားသတ်ဖြတ်ဖို့ကြိုးစားတဲ့ဒေ၀ဒတ်ကတော့ မြေမျိုခံရကာ ငရဲကိုရောက်သွားရတယ်။
          မြန်မာလူမျိုးအများစုသည် တရားတော်များကို နာကြားသင်ယူတဲ့အခါမှာဓမ္မ တရားအထိရောက်အောင်မသွားပဲ ပုဂ္ဂိုလ် မှာပင်လမ်းဆုံးသွားကြတာများပါတယ်။ဒါလည်းကောင်းတဲ့လက္ခမဟုတ်ပါ။ပုဂ္ဂိုလ်တွင်လမ်းဆုံးတဲ့အတွက် ဒေ၀ဒတ်အလောင်း သည်ဘရားလောင်းအား ယုတ်မာလိုက်လေသတည်းဆိုရင် သာဓုခေါ်ပြီး ဒေ၀ဒတကို မုန်းလိုက် ဘုရားကို သနား လိုက်ဆိုတဲ့ အဆင့်ကမတက်ကြတာများပါတယ်။ ချဉ်းကပ်ပုံမှားလေတော့ အများစုကြီးက အမုန်းတရားတွေ အငြိုးတရားတွေ အာဃာတရားတွေ မကျေနပ်မှုတွေ ခွင့်မလွတ်နိုင်မှုတွေနဲ့ အဆိုးသံသရာလည်နေကြပါတော့တယ်။ တကယ်က မြတ်စွာ ဘုရားမြင်စေချင်သိ စေချင်တာက ရင်ထဲက ဓမ္မ တရားကိုပါ။ဒေ၀ဒတ်က ဘာလို့ဒီလိုကိုယ့်ရဲ့ ကျေးဇူးရှင်ကိုယ်တောင်ပြန်ပြီး သတ်ရဲသည်အထိကျူးလွန်ရတာလဲ ဒါကိုသေချာအဖြေရှာဖို့ လိုပါတယ်။ ဒေ၀ဒတ်ရဲ့ ရင်ထဲမှာ ဘ၀အဆက်ဆက်က ကျင့်သုံးလာခဲ့တဲ့ အဓမ္မမတ၇ားမှု့တွေမွေးမြူခဲ့တာရယ် အခုဘ၀မှာဆက်ပြီး မတရားမှုတွေ ကောက်ကျစ်မှုတွေ မကောင်းမှုတွေကို ဆက်လက် ကျင့်သုံးနေတာရယ်ကြောင့် လမ်းမှားလမ်းမှန်မခွဲခြားနိုင်တော့တာဖြစ်ပါတယ်။ ကျေးဇူးရှင်ကို ကျေးဇူးရှင် မှန်းမသိတော့ပဲ ဘုရားပြီးငြမ်းဖျက်ရမယ်ဆိုတဲ့ ကျေးဇူးမဲ့စကား တွေကို ဆိုလာပြီး ကျေးဇူးရှင်တွေကို ကျေးဇူးကမ်း တော့တာပါပဲ။မိမိရင်ထဲမှာ ဒေ၀ဒတ်ကျင့်တဲ့ မသူတော် တရားတွေ အဓမ္မတွေ မကောင်းမှုတရားတွေ ယုတ်မာမှုတွေ ကောက်ကျစ် လိမ်ညာမှုတွေ ရက်စက်မှုတွေ ရှိနေသလားဆိုတာကို သေချာစစ်ဆေးရပါမယ်။တွေ့ရင်နိုင်အောင် တိုက်ထုတ်ရပါမယ်။ မတိုက်ထုတ်ပဲ ဒေ၀ဒတ်လို မွေးမြူနေသူဆိုရင်တော့ ကျိန်းသေပါတယ် မိမိလည်း ဒေ၀ဒတ်လို လူယုတ်မာဖြစ်မှာပဲ။
          မိမိရင်ထဲမှာဘယ်လိုတရားတွေရှိသလဲ အကောင်းတွေလားအဆိုးတွေလား သေချာစစ်ဆေးဖို့လိုပါတယ်။အကောင်း တွေတွေ့ရင် တိုးပွါးများပြားလာအောင်ဆက်လက်မွေးမြူတည်ဆောက်ပေးပါ။ အဆိုးအဓမ္မတွေကိုတွေ့ရင် ပယ်ဖျက်နိုင်အောင် ကြိုးစားပါ။အဆိုးအဓမ္မတွေကိုပယ်ပြီး အကောင်းဓမ္မတွေကိုရင်ထဲထည့်ထားကာ သူများ တွေရဲ့ဘ၀ကို တဆင့်ထက် တဆင့်မြင့် သည်ထက်မြင့်အောင် တန်ဖိုးရှိသည်ထက်ရှိအောင်ကြိုးစားတည်ဆောက်ပေးပါ။သူတို့ရဲ့ဘ၀တွေကို ငြမ်းအဖြစ်ထားပြီး မြင့်ကြပါစေအောင်မြင်ကြပါစေဆိုပြီး မြင့်တင်ပေးလိုက်တဲ့ ကျေးဇူးရှင်ငြမ်းတွေကြောင့် အောင်မြင်လာတဲ့သူတွေကလည်း မိမိ လာရင်းဘ၀ကိုမေ့ပြီး ကျေးဇူးရှင်တွေကို ဘုရားပြီးရင်ငြမ်းဖျက်ရမယ်ဆိုတဲ့စကားလေးတစ်လုံးနဲ့ မစော်ကားမိပါစေနဲ့။ ကျေးဇူး ရှင်များကိုမိမိတတ်နိုင်သလောက်ကျေးဇူးပြန်လည်ပေးဆပ်ကြပါ။ မိမိကိုယ်ကို ငြမ်းအဖြစ်သဘောထားကာ မြင့်တင်ပေးကြတဲ့ သူတော်ကောင်းတွေသည် လုပ်ငန်းကိစ္စအောင်မြင်ရေးသည်သာ အဓိကပဓါနကျသည်လို့မြင်သည့်အတွက် အားလုံး အတွက်လုပ်ငန်းကိစ္စများ အဆင်ပြေချောမွေ့အောင်မြင်ကြမည်ဆိုလျှင် ငြမ်းအစစ် တို့မည်သည် သူများဖျက်စရာ ဖယ်ခိုင်းစရာမလို သူတို့ကိုယ်တိုင်နေရာဖယ်ပေးပါကြောင်းကို အသိပေးပြောကြားရင်………….
                                                                  
                                                                             မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment