Tuesday, November 19, 2013

တန်ဖိုးထားမှု၏ ပြဌာန်းချက်



တန်ဖိုးထားမှု၏ ပြဌာန်းချက်
          စာပေနှင့် အခြား အတတ်အမျိုးမျိုးကို တတ်မြောက်သူအား ပညာတတ်၊ ပညာရှင် ဟူ၍ အသိအမှတ်ပြုကြသော်လည်း စင်စစ်အားဖြင့် အကောင်းအဆိုးနှင့် အမှား အမှန်ကို ဝေဖန်ပိုင်းခြားတတ်သူသည်သာ ပညာတတ်၊ ပညာရှင် ဧကန်ဖြစ်သည်။ ထို့ထက် ပို၍ကား မှား၊မှန် ၊ကောင်း၊ဆိုး၊ပိုင်း ခြားဝေဖန်တတ်ရုံမက သိနားလည်သည့်အတိုင်းကျင့်ကြံသောသူကို ပညာတတ်၊ ပညာရှင်၊ပညာရှိဟူ၍ တိတိကျကျဆိုနိုင်သည်။
          ‘’လူမိုက်ဟု သိနိုင်သော အမှတ်အသားများကား မကောင်းသော အကြံကို ကြံခြင်း၊ မကောင်းသော စကားကို ပြောခြင်း၊ မကောင်းသော အလုပ်ကို လုပ်ခြင်း တို့တည်း။ဤလက္ခဏာ သုံးရှိသူကား အမျိုးမြတ်သူပင်ဖြစ်စေ၊ ပစ္စည်းကြွယ်ဝသူပင် ဖြစ်စေ၊ အနိုင်ရသူပင်ဖြစ်စေ၊ မည်မဆိုဗာလ(လူမိုက်)ပင်တည်း” ဟူ၍ ပရိတ်ကြီးနိဿယသစ် (မင်္ဂလသုတ်)တွင် သပြေကန်ဆရာတော် ကြီးအရှင်ဝါသေဌာဘိဝံသက ဖွင့်ဆိုခဲ့သည်။
          မကောာင်းတာကို ကြံပြောလုပ်သူသည် ပညာ၏ တန်ဖိုးကို အဘယ်မှာ အလေးထားပါမည်နည်း။လူမိုက်သည် ပညာ၏ ရန်သူဖြစ်၏။လူမိုက်သည် ပညာမရှာ၊ ပညာမယူရုံမက ပညာတတ်သူများကို အခြောက်တိုက် မုန်းတီးလျက် အာဃာတ ရှိတတ် သည်။ပညာတတ်သူကို လူမိုက်က ဒုက္ခပေးတတ်သည်။ကိုယ့်ထက်သာ မနာလို ဟူသော သိမ်ငယ်စိတ်က ပေါက်ဖွါားလာသည့် ရန်လိုစိတ်၏ လှုံ့ဆော်မှုကြောင့် ဒုက္ခပေးခြင်းဖြစ်သည်။
          ပညာရဲရင့် ပွဲလယ်တင့် ဆိုသည်မှာ နေရာတိုင်းတွင် မဟုတ်။ပညာ တတ်ဟူသည် ပညာကို တန်ဖိုးထားတတ်သူများ အကြားတွင် ပွဲလယ်တင့်သည်။ဥစ္စာဓနကိုသာ တန်ဖိုးထားလေ့ရှိသော စီးပွါးရေးသမားများ၏အကြား၌ ပညာဖြင့် ရိုးရိုးသားသား လုပ်စားသော ၀င်ငွေနည်းပါးသူ ပညာတတ်တစ်ယောက်သည် လူရာသွင်းခြင်းမခံရနိုင်ပေ။ ထိုနည်းတူစွာပင် ပညာတတ် ပညာရှင်တို့၏ ပွဲလမ်းတစ်ခုခုဆိုကြပါစို့ ၊ ပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ သို့ ရွှေတုံး ရွှေခဲများ လည်ပင်းမှာရော၊ လက်မှာပါ ဆင်မြန်းထားသော ဖြတ်လမ်းသူဌေးကြီး တစ်ဦး သိန်းထောင်ကျော်တန် မော်တော်ကားကြီးစီးပြီး တက်ရောက်လာစေကာမူ ပညတတ်များက ၄င်းအားအထင်ကြီးမည် ဝေးစွ၊ လူပြက်တစ်ယောက် အဖြစ်သာ သဘောထားကြလိမ့်မည် ဖြစ်သည်။

          ထို့ကြောင့် လူတစ်ယောက်သည် မိမိရောက်နေသော နေရာကို သိဖို့ အရေးကြီးသည်။မိမိသည် မည်သည့် ပတ်ဝန်း ကျင်မျိုးကို ရောက်နေသနည်း။မိမိရောက်နေသော ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ဘာကိုတန်ဖိုးထားသလဲ။မိမိကကော ဘာကို တန်ဖိုးထားသလဲ။မိမိဆုံးဖြတ်သော တန်ဖိုးထားမှုသည် မိမိကိုယ်တိုင်၏ တန်ဖိုးကိုပါ ပြဌာန်းလျက်ရှိကြောင်း သတိချပ်အပ်သည်။
                                      အတွေးအမြင် စာစဉ် အမှတ်( ၁၅၈)

0 comments:

Post a Comment