Saturday, November 30, 2013

အတ္တနာဝ ဇာနေယျာထ၊ မိမိကိုယ်ပိုင်အသိဥာဏ်ဖြင့်သိတဲ့အခါ၊



အတ္တနာဝ ဇာနေယျာထ၊ မိမိကိုယ်ပိုင်အသိဥာဏ်ဖြင့်သိတဲ့အခါ၊
When you know by yourself…
             မိမိတို့သည် ဗုဒ္ဓ၏တပည့်များဖြစ်ကြသည့်အတွက် ကိုယ့်ဆရာဗုဒ္ဓရဲ့ဝါဒ လမ်းစဉ်သည် ဘယ်လိုဝါဒလမ်းစဉ်ဖြစ် တယ်ဆိုတာကို သေချာစွာ ဂဃနဏ လေ့လာဖို့လိုပါတယ်။ဗုဒ္ဓရဲ့ဝါဒလမ်းစဉ်သည် ကိုယ်ပိုင်အသိဥာဏ် ထွန်းတောက်အောင် ကြိုးစားရတဲ့ ၀ါဒဖြစ်ပါတယ်။ဒါကို ဗုဒ္ဓမြတ်စွာဘုရားက ကာလမ ပုဏ္ဏာားတွေနဲ့တဲ့အခါ ပြောကြားခဲ့တဲ့စကားလေးကို ကြည့်ခြင်း အားဖြင့်သိနိုင်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားက ….ကာလာမပုဏ္ဏားတို့…
          ‘’မာ အနုဿဝေန….သူများစကား ကြားတာများတာနဲ့ မှန်ပြီ(သို့)မှားပြီ၊ တခုခုကို မှားတယ်၊မှန်တယ် လို့ အလွယ် မဆုံးဖြတ်ပါနဲ့တဲ့” ယနေ့ခေတ်ကြီးသည် ပိုပြီးသတိရှိဖို့လိုပါတယ်။မီဒီယာခေတ် အင်တာနက်ခေတ်ကြီးဖြစ်လေတော့ သူများတွေ ပြောထားရေးထားတာတွေ အတော်များပါတယ်။သူများပြော သူများရေးထားတာကို အလွယ်လက်ခံလိုက်မယ်ဆိုရင် ဆိုးကျိုးတွေနဲ့ရင်ဆိုင်ကြရမှာဖြစ်တယ်။
          ‘’မာ ပရမ္ပရာယ…… ဘိုးဘွားစဉ်ဆက် လက်ခံယုံကြည်ခဲ့တဲ့ အယူအဆဖြစ်လို့ မှန်တယ်လို့ အလွယ်မယူဆပါနဲ့။
          မိမိတို့သေချာစဉ်းစားဖို့လိုပါပြီ။ယနေ့ခေတ်ကြီးသည် အသိဥာဏ်ပေါက် ကွဲနေတဲ့ခေတ်ကြီးဖြစ်ပါတယ်။အသိဥာဏ် ကိုဦးစားပေးနေရတဲ့ခေတ်ကြီးထဲမှာ မိမိကိုယ်ပိုင် အသိဥာဏ်ကို အသုံးမချပဲ ၊ ဒါကတော့ တို့ဘိုးဘွားအစဉ်အဆက်လက်ခံခဲ့တာ အကျိုးရှိတာ မရှိတာ၊ သူများတွေဘ၀ နစ်နာသွားတာ ဒါတွေကိုမစဉ်းစားပဲ အလွယ်လက်ခံပြီး လိုက်လုပ်တာ ဟာလုံးဝ ကို ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ လူတွေတော်တော် များများဟာ ရှေးရိုးအစဉ်အလာဟောင်းတွေ မစွန့်ပယ် ချင်ကြပါဘူး။ အဟောင်းတွေကို ဖတ်တွယ် ထားကြရတာကိုပဲ ကျေနပ်နေကြတာများပါတယ်။ ဒါကိုကောင်းကောင်း သိတဲ့ ရှေးရိုးဝါဒီတွေဟာ နည်းမျိုးစုံနဲ့ သူတို့ကွန်ယက်တွင်းက လွတ်ထွက် မသွားရလေအောင် နည်းမျိုးစုံနဲ့ချုပ်နှောင် ထားကြပါတယ်။ ဒါကိုမြတ်စွာ ဘုရားရှင် ကကောင်းကောင်းကြီး သိလို့ ရုံးထွက်နိုင်ဖို့လမ်းမှန်ကို မီးထွန်းပြခဲ့ခြင်းဖြစ်ပါတယ်။

          “မာ တက္ကဟေတု ….ကြံဆတွေးတောခြင်း တက္ကနည်းတွေနဲ့ အကျိုးအကြောင်း ဆင်ခြင်ကြည့်လိုက်ပြီးတော့ မှန်တယ်လို့ အလွယ်မယူဆ ပါနဲ့တဲ့။လူတွေမှာ မာနကိုယ်စီရှိကြတော့ ကိုယ်တွေးတောကြည့်တာလေးနဲ့ ကိုက်ညီတယ် သဘောကျတယ်ဆိုရင် ငါတွေးတာမှန်တယ်၊ ငါလုပ်တာမှန်တယ်ဆိုပြီး အလွယ်လုပ်လိုက်ကြလို့ လမ်းမှား လမ်းလွဲသွားကြတဲ့ သူတွေ မနည်းပါဘူး။ဒါကို ကမ္ဘာ့အာဏာ၇ှင်တွေမှန်သမျှရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ကြည့်ရင်လည်း သိနိုင်ပါတယ်။ သူတို့တွေးတာ မှန်တယ် ဆိုပြီး သူုတို့စိတ်ကူးကြံဆ တွေးတောတဲ့အတိုင်း လိုက်လုပ်ကြလို့ အသက်သွေးချွေးတွေ ဘ၀တွေ မနည်းဘူးပေးဆပ်ခဲ့ကြရပါတယ်။ ဒါကြောင့်ဗုဒ္ဓမြတ်စွာဘုရားရှင်က တွေးတောကြံဆံကြည့်ရုံ လေးဖြင့်လည်း အလွယ်လက်ခံလိုက်ပြီး လမ်းမှားမှာ ဆိုးသည့် အတွက် လမ်းမမှားရအောင် နည်းပေးလမ်းပြခဲ့ခြင်းဖြစ်ပါတယ်။
          “မာ နယဟေတု…. နည်းမှီပြီးတော့ ကြံဆတွေးတော့ပြီးတော့ ရလာတဲ့အဖြေနဲ့လည်း မှန်တယ်လို့ အလွယ်မယူဆပါနဲ့တဲ့” တချို့ကြပြန်တော့လည်း နည်းနာနိဿယ လေးတွေကို သဘောကျပါတယ်။ ဒါကိုကောင်းကောင်းသိ နေတဲ့သူတွေက ကိုယ့်ကိုယုံစေဖို့ နည်းနာနိဿယ အမျိုးမျိုးပြကာ လမ်းမှာကို ဆွဲခေါ်သွားတတ်ပါတယ်။ ဒါကြောင့်မိမိဘ၀ကို နည်းနာနိဿ ယတွေနဲ့ ဘောင် ခတ်ပိတ်ပင် မထားဖို့လည်းအင် မတန် အရေးကြီးလှပါတယ်။
         
          “မာ ဘဗ္ဗရူပတာယ…. ပုဂ္ဂိုလ်တယောက်ကို ကိုယ်က အထင်ကြီးတယ်၊ ကြည်ညိုတယ်၊ လေးစားတယ်၊ဒါကြောင့်မို့လို့ သူပြောတာမှန်သမျှ မှန်တယ်လို့ အလွယ်မယူဆပါနဲ့တဲ့။လူတော်တော်များက ကိုယ်အထင်ကြီးတဲ့သူ ကြည်ညိုရတဲ့သူ လေးစားရ တဲ့သူဆိုရင် ဘာမှမစဉ်းစားတော့ပါဘူး။ သူပြောတာမှန်သမျှ သူလုပ်တာမှန်သမျှအကုန်မှန်ကြီးပဲ လိုက်လုပ်ပြစ်ကြပါတယ်။ ထိုသူ နောက်ကို အလွယ်လိုက်သွားကြပါတော့တယ်။ဒါကို ကောင်းကောင်းသိနေတဲ့ လူလိမ်ကြီးများနှင့် အာဏာရှင်ကြီးများသည် သူတို့ကို လူတွေအထင်ကြီးအောင် ပထမဦးဆုံးလုပ်ပြပါတော့တယ်။သူတို့ကိုယုံပြီ ကြည်ညိုပြီ လေးစားပြီဆိုတာနဲ့ လမ်းမှားကို အကုန်တွန်းပို့တော့တာပါပဲ။ ဒါကြောင့်လည်း မမှားသင့်ပဲမှားကြ ဒုက္ခဆင်းတွေရောက်ကြ နောင်တတွေရကြ ပူလောင်မှုတွေနဲ့ ကြုံတွေ့ရင်ဆိုင်ကြရခြင်းဖြစ်ပါတယ်။
          “မာ ပိဋကသမ္ပဒါဒေန….ပဋကစာပေ၊ ကျမ်းဂန်စကား၊ စာအုပ်ကြီးက စကားနဲ့ ကိုက်ညီနေလို့လည်း မှန်တယ်လို့ အလွယ်မယူဆပါနဲ့တဲ့” လူတွေတော်တော်များများဟာ ကိုယ့်ကိုယ်ကို အစဉ်အလာဟောင်းတွေနဲ့ ပိတ်လှောင် နေကြတာများပါတယ်။ဒါက ဘယ်ကျမ်းက ဘယ်လိုဆိုထားတာ၊ ဘယ်လိုပြောထားတာနဲ့ ကျမ်းဂန်ကြီးတွေ စာအုပ်ကြီးတွေက ပြောတဲ့အတိုင်းလိုက်လုပ်နေကြခြင်းဖြစ်ပါတယ်။ဒါကြောင့်လဲ မှားပြီးရင်းမှားရင်း အမှားသံသရာလည်နေကြခြင်းဖြစ်ပါတယ်။
          “မာ သမဏော နောဂရူတိ….ဒါဟာ တို့ဆရာပြောတဲ့စကားပဲ၊ ဒါဟာ တို့ရဟန်းတို့ရဲ့ဆရာ ပြောတဲ့စကားပဲ ဒါကြောင့် သူပြောတာ မှန်တယ်လို့ အလွယ်မယူဆပါနဲ့ ၊ အလွယ်လက်မခံပါနဲ့၊ အလွယ်မဆုံးဖြတ်ပါနဲ့တဲ့” လူတွေအများစုကြီးဟာ ကိုယ့် ဆရာပြောတဲ့စကားဆို အသေယုံကြတာများပါတယ်။ဒါကြောင့်တချို့က မိမိကိုယ်ကိုအရင်ဆရာဖြစ်အောင်လုပ်ပါတယ်။ ကိုယ့်ရဲ့တပည့် ဖြစ်ပြီ ကိုယ့်ကိုယုံပြီဆိုရင် သေအောင်ခိုင်းတော့တာပါပဲ။မြတ်စွာဘုရားလက်ထက်မှာ ကြည့်ပါ ဒေ၀ဒတ်သည် အဇာသသတ် ကို သူခိုင်းတဲ့အတိုင်းလိုက်လုပ်အောင် အရင်ဆုံးသူကိုယ်သူ အဇာသသတ်ရဲ့ ဆရာဖြစ်  အောင်လုပ်ပါတယ်။ သူဆရာဖြစ်ပြီ သူကိုလည်း ယုံပြီဆိုရော လမ်းမှားကို တွန်းပို့တော့တာပဲ ။နောက်ဆုံး အဖေရင်းကိုပါ သတ်ခိုင်းပါတော့တယ်။ အဖေရင်း ကိုတောင် ပြန်သတ်တဲ့အထိယုံပါတယ်။အလွန်ကြောက်စရာကောင်းတဲ့ အယူအဆတွေ ဖြစ်ပါတယ်။ ဒီအယူ အဆစွဲတွေ အမှားအတွေးတွေ ကိုတွန်းလှန်နိုင်ဖို့ ဗုဒ္ဓမြတ်စွာဘုရားရှင်က နည်းပေးလမ်းပြ ညွန်ပြ သင်ပြပေးခဲ့ခြင်းဖြစ်ပါတယ် ။နောက်ဆုံး ငါကိုယ်တော်တိုင် ဟောထားတဲ့တရားတွေကိုပင်လျှင် အလွယ်လက်မခံပါနှင့် ကိုယ်ပိုင်ကျင့်ကြည့်ပါ၊ ကိုယ်ပိုင်သိအောင်အားထုတ်ပါ၊ ကိုယ်ပိုင်ဥာဏ်တွေ ရင့်သန်လာအောင် လုပ်ပါလို့ အဖန်ဖန်အထပ်ထပ် ဟောပြသင်ပြပေးနေခြင်းဖြစ်ပါတယ်။ငါပြောတာကိုယုံကြ ငါပြောတဲ့ စကားကိုမယုံရင် ငရဲကျမယ်၊ ယုံရင် ကောင်းတဲ့ ဆီရောက် မယ်ဆိုပြီး လှောင်ပိတ်မထားပါဘူး။ ကိုယ်ပိုင်အသိ ဥာဏ်နဲ့ရွေးချယ်ခိုင်းပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ပညာရှင် အသီးသီး က ဗုဒ္ဓကို ချီးကျူးထောက်ခံရေးသားပြောဆိုနေကြခြင်း ဖြစ်ပါတယ်။
          ဗုဒ္ဓမြတ်စွာဘုရားက လူတွေရဲ့သဘာဝကို သိပါတယ်။လူတွေဟာ အလွယ်ပြော အလွယ်ယုံ အလွယ်လက်ခံဆုံးဖြတ် အလွယ်လမ်းကိုလိုက်ပြီး အမှားတွေပြုလုပ်ကာ ဒုက္ခဆင်းရဲတွေကြုံနေကြရတာကို သိပါတယ်။ ဒီလိုဒုက္ခဆင်းရဲတွေကို မကြုံတွေ့ စေချင်ပါဘူး။ဒုက္ခဆင်းရဲတွေဘေးက လွတ်စေချင်ပါတယ်။ ယနေ့ကမ္ဘာမှာ အသေခံဗုံးခွဲတာ သတ်တာဖြတ်တာ ညှင်းဆဲတာ အမျိုးသမီးတွေကို စာမသင်ရ ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ စသည်ဖြင့် အနိုင်ကျင့်တာ၊အရာအားလုံး ယနေ့ကမ္ဘာကြီး ကြာလေ မငြိမ်းချမ်းလေ မလုံခြုံလေ ဖြစ်လာတာဟာ အလွယ်ပြော အလွယ်ရေးထားတာတွေကို အလွယ်ယုံအလွယ်လက်ခံပြီး အလွယ် လိုက်လုပ် လာကြလို့ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင်က ဒီလိုဖြစ်မှာစိုးလို့အဖန်ဖန်အထပ်ထပ် သတိပေးပြောကြား ခဲ့ခြင်းဖြစ် ပါတယ်။
          ဗုဒ္ဓမြတ်စွာဘုရား၇ှင်က “ ကာလာမပုဏ္ဏားတို့……သင်တို့တကယ်ပြုလုပ်ရမှာက…. အတ္တနာဝ ဇာနေယျာထ…(When you know by yourself ) ကိုယ်ပိုင်အသိဥာဏ်ဖြင့် လေ့ကျင့်ပြီးသိတဲ့အခါ….ဒီလုပ်ရပ်ကတော့ မိမိအတွက် သူတပါးအတွက် တကယ် အကျိုးရှိတယ်ဆိုရင် ကြိုးစားဆောင်ရွက်လိုက်ပါ။မိမိ သူတပါး နှစ်ဦးသားအတွက် အကျိုးမ၇ှိ ဘူးဆိုရင် ရှောင်လိုက်ပါတဲ့” အင်မတန် ကောင်းတဲ့ ဆုံးမသြ၀ါဒ စကားတွေဖြစ်ပါတယ်။သူများစကား သူများအသိနဲ့ သူများနောက်လိုက်ပြီး လမ်းမဆုံးစေချင် ပါဘူး။ဒါကြောင့် ကိုယ့်ဆရာဗုဒ္ဓ ရဲ့လမ်းစဉ်ဖြစ်တဲ့ ကိုယ်ပိုင်အသိဥာဏ်များ ကြာလေရင်သန်လေ ဖြစ်အောင် စာပေတွေများများ ဖတ်များများ ဆွေးနွေး အဖြေ၇ှာကြပါ။ ကိုယ်ပိုင်သိအောင် လေ့ကျင့်ကြည့်ပါ။အဖြေမှန်ရသည်အထိ မ၇မချင်းရအောင် သိအောင် ကြိုးစားဆောင်ရွက်နိုင်ကြပါစေဟု တိုက်တွန်းပြောကြားရင်း…………………………
                                                                             မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment