Monday, December 16, 2013

သဒ္ဓါတရား (သို့မဟုတ် )ယုံကြည်မှုကိုတည်ဆောက်ခြင်း

                          သဒ္ဓါတရား (သို့မဟုတ် )ယုံကြည်မှုကိုတည်ဆောက်ခြင်း
မြန်မာနိုင်ငံမှာ တချို့သောလူများ သဒ္ဓါတရားနှင့်ပတ်သတ်ပြီး အဓိပ္ပါယ် အမှတ်မှားနေတာ ကို တွေ့ရပါတယ်။လူတစ် ယောက် ပေးကမ်းစွန့်ကြဲလှူဒါန်းနေတာကို တွေ့ရင်ဒီလူသဒ္ဓါတရားတော်တော်ကောင်းတယ်လို့ပြောတတ်ကြပါတယ်။ အဲဒါကိုသူတို့က သဒ္ဓါတရားဆိုတာပေးကမ်းလှူဒါန်းခြင်းလို့ ထင်မှတ်သွားကြပါတယ်။ ပေးကမ်းလှူဒါန်းခြင်း ဆိုတာတိုက်ရိုက် အနက် မဟုတ်ပါဘူး၊ သွယ်ဝိုက်၍ယူရတဲ့အဓိပ္ပါယ် သာဖြစ်ပါတယ်။ သဒ္ဓါတရားရဲ့ တိုက်ရိုက် အနက်အဓိပ္ပါယ်ကယုံကြည်ခြင်း ဖြစ်ပါတယ်။
ယုံကြည်မှုဟာ အလွန်အရေးကြီးပါတယ်။ အလွန်အရေးကြီး သည့် အတွက် မြတ်စွဘုရား သည် နေရာတော်တော်များ များမှာ သဒ္ဓါတရားနဲ့ပတ်သတ်ပြီး အမြဲသင်ပြ ညွှန်ပြတော် မူလေ့ရှိပါသည်။ သင်ပြညွှန်ပြနေ ပါလျှက် အလွဲကိုယုံပြီးလိုက်သွားကြ လို့ဒုက္ခတွေရောက်ကြတာလဲ မရေတွက် နိုင်အောင်ပါပဲ။ သဒ္ဓါတရားကို ပညာနဲ့တွဲယှဉ်ပြီး အမြဲလေ့ကျင့် တည်ဆောက်ပေးနေ ဖို့ မြတ်စွာ ဘုရားရှင်က ဟောကြားလေ့ရှိပါတယ်။ သဒ္ဓါတရားကို ပညာနဲ့မယှဉ်ရင် မျက်ကန်း ယုံကြည်မှု (blind faith) ဖြစ်သွား တတ်ပါတယ်။ အဇာတသတ်ဟာ ဒေ၀ဒတ်ရဲ့ ဈန်တွေ တန်ခိုးစွမ်းအားတွေကို ယုံပြီးပညာနှင့် မယှဉ်နိုင်ခဲ့သည့်အတွက် အမှားတွေ တစ်ခုပြီးတစ်ခုဆက် တိုက်ကျူးလွန်နေမိပါတော့တယ် ။နောက်ဆုံး လုံးဝပြင်လို့မရသော အမှားဖြစ်တဲ့ကျေးဇူးရှင် ဖခမည်းတော်ကိုပင် ပြန်လည် သတ်မိသည် အထိ ဖြစ်သွားပါတော့တယ်။
          မြတ်စွာဘုရား၇ှင်သည် ဈာန်တွေ တန်ခိုးတွေပါဝါတွေကို ယုံခြင်းသည် အမှားဘက်ကို ရောက်သွားနိုင်သည့်အတွက် နောက်ဆုံး ရဟန်းတော်များကို ဈာန်တရားမပြဖို့၊ ဈာန်မဂ်ဖိုလ်တရားများကို မသိပဲမရှိပဲ ဘုန်းကြီးလို ၀ါကြွားလိုသည့် အတွက် ပြောဆိုခဲ့ပါကပါရာဇိကကျစေ ရဟန်းအဖြစ်မှ ဆုံးရှုံးစေဆိုပြီး ကြီးမားတဲ့ဂရုက သိက္ခာပုဒ်ကြီးနဲ့တားမြစ်ထားပါတယ်။ဒီလောက် တားမြစ်ထား ပါလျက် ယနေ့ထိ မြန်မာနိုင်ငံသားအများစုသည် ဈာန်တွေ တန်ခိုးတွေ ပါဝါတွေနောက်ကို လိုက်ကောင်းတုန်းရှိနေ ပါသေးတယ်။ဘယ်မှာ ဘယ်ကိုယ်တော်က ရဟန္တာတဲ့ ဈာန်ပြန်တယ်တဲ့ ဆိုရင် အားလုံးက အဲဒီနေရာကို ရောက်အောင်သွား ကာရွှေတွေငွေတွေ ရှိတာတွေအကုန် ပုံအောလှူပါတော့တယ်။ြ ပီးတော့မှာ လိမ်သွားပြန်ပြီတဲ့ဆိုမှ ပါသွားကြပြန်ပြီ။       

      သေချာစဉ်းစားပါ။ ဈာန်မဂ်ဖိုလ်တရားတွေကို ရဟန်းဖြစ်သူဟာ ရရှိထားသိရှိ ထားသော်လည်း ပြောကြားပိုင်ခွင့် ဖေါ်ပြပိုင်ခွင့် မ၇ှိပါဘူး။ ၇ဟန်းကိုယ် တိုင်က ပြောကြားခွင့်ဖေါ်ပြခွင့်မ၇ှိပဲ ဘယ်မှာ ရဟန္တာတဲ့ဆိုတာ ဖြစ်နိုင်ပါ့မလားသေချာစဉ်းစားပါ။ တကယ် ရဟန္တာဖြစ်ရင်လည်း ရဟန္တာသည် မိမိတို့လှူတဲ့ ရွှေတွေငွေတွေ လိုပါသလား။ကိလေသာ ကုန်ခမ်း သွားတဲ့ ရဟန္တာနဲ့ ရွှေတွေငွေ တွေဟာ ဘယ်လိုမှ မသက်ဆိုင်တော့ပါဘူး။ယနေ့ထိမြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတဲ့ ပရဟိတ လုပ်ငန်းတွေမှာ အားပေး လှူဒါန်းမှုနည်းပါးနေပြီး တကယ်မလိုအပ်တဲ့ ရဟန္တာလို့ကြား လိုက်မှ ပုံအောပြီး သွားလှူနေကြတာဟာ မိမိရဲ့ သဒ္ဓါတရားသည် မျက်ကန်းယုံကြည်မှု ပညာနှင့်မယှဉ်ဘူး ဆိုတာသေချာနေပါတယ်။ မိမိတို့ရဲ့ သဒ္ဓါတရားကို ပညာဥာဏ်နှင့် မယှဉ်နိုင်သရွေ့ လူလိမ် လူညာတွေ ဟန် ကျနေဦးမှာဖြစ် ပါတယ်။
မြတ်စွာဘုရားရှင်သည် မိမိတို့၏သဒ္ဓါတရားဆိုတဲ့ ယုံကြည်မှုကို မှန်ကန်သည့်နေရာမှာအသုံးချနိုင်ဖို့ ခိုင်မာသည် ထက်ခိုင်မာဖို့ တည်ဆောက်ရေးနည်း လမ်းများကို သေချာစွာညွှန်ပြပေး ထားပါတယ်။သဒ္ဓါတရားနှင့်ပတ်သတ်ရင် မြတ်စွာဘုရား ရှင်သည် စံပြဖြစ်ပါတယ် ။မြတ်စွာဘုရားရှင်သည် သူယုံကြည်ထားသော သဗ္ဗညုတ ဥာဏ်ကိုရဖို့ ဘုရားဖြစ်ပြီး သတ္တ၀ါတွေကို သံသရာဝဋ်ဆင်းရဲက ထွက်မြောက်ရာလမ်းကို ညွှန်ပြနိုင်ဖို့ဆိုပြီး ပါရမီတွေဖြည့်ကာ ကျင့်တော်မူလိုက်တာ လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကြာပါတယ် ။မြတ်စွာဘုရားရှင်ရဲ့ ပန်းတိုင်ကိုရောက်ရမယ် ဆိုတဲ့ ယုံကြည်ချက် တည်ဆောက်မှုသည် တစ်ဘ၀ထက် တစ်ဘ၀ပိုမိုခိုင်မြဲလာပါတယ် ။နောက်ဆုံး ဆက်လက်လေ့ကျင့်လိုက်တာ သဗ္ဗညုတဥာဏ်ကိုရကာ ဘုရားဖြစ်တော်မူခဲ့ပါတယ်။ မိမိ တို့သည် ဗုဒ္ဓ၏တပည့်များဖြစ်ကြသည့်အတွက် ကိုယ့်ဆရာဗုဒ္ဓကို စံထားပြီးလျှောက်ကြရမှာဖြစ်ပါတယ်။  ကိုယ့်ဆရာဗုဒ္ဓကိုယ် တိုင်က အမြင့်ဆုံးပန်းတိုင်ကို ဘယ်လိုယုံကြည်မှုမျိုးနဲ့ တည်ဆောက်ရမယ်၊ ဘယ်လိုစိတ်ထားတွေ၊ ဇွဲလုံ့လ၀ီရိယ အားမာန်တွေ နဲ့တည်ဆောက်ရင်ရနိုင်တယ်၊ ရောက်နိုင်တယ်ဆိုတာကို သင်ပြညွှန်ပြပါလျက် မိမိတို့လက်ထက်ကျမှ ဘာကိုမှ ဖြစ်ဖြစ်မြောက် မြောက်မလုပ်နိုင်ဘူး အရာရာကို လက်လျှော့အရှုံးပေးမည်ဆိုလျှင် မိမိတို့ထက်ညံ့သောသူရှိနိုင်လိမ့်မည်မထင်ပါ။ ကိုယ်ကြိုးစား ဆောင်ရွက်တာတွေဖြစ်မလာဘူးဆိုရင် အလွယ်ပြောတတ်ကြပါတယ်။ ဒါဟာသူသဘောအတိုင်းသူဖြစ်နေတာပဲ မမြဲတဲ့တရား တွေပဲ အနတ္တပဲနဲ့ အလွယ်ပြောကာ အလွယ်လက်လျှော့အရှုံးပေးလိုက်ကြပါတယ်။ အနတ္တသဘောတရားဟာ အလွယ်အရှုံးပေး ကာနောက်ကြောင်းပြန်လှည့်တဲ့ လမ်းစဉ်မဟုတ်ပါဘူး။
ဒါကြောင့်လောကမှာ ပြန်ကြည့်ရင် လူနှစ်မျိုးကို တွေ့နိုင်ပါတယ်။မိမိကိုယ်ကို ယုံကြည်သောသူနဲ့ မယုံကြည်သော သူ ဖြစ်ပါတယ်။ မိမိကိုယ်ကိုများများယုံလေ ပိုမိုအောင်မြင်လေပါပဲ။နည်းနည်းယုံရင် နည်းနည်း ပဲအောင်မြင် မှာဖြစ်ပါတယ်။ လုံးဝမယုံ ရင်တော့ လုံးဝကိုမအောင်မြင်ပါဘူး။မိမိကိုယ်ကို ယုံကြည်မှုဆိုတဲ့ self-confidence ဟာအလွန်အရေးကြီးပါတယ်။ဒါကြောင့် အခြားကမ္ဘာ့နိုင်ငံများရဲ့ ပညာရေး ကိုကြည့်ရင် ကောင်းစွာသိနိုင်ပါတယ်။ ကျောင်းသားတွေကို ယုံကြည်မှုတွေ ပိုမိုအား ကောင်းလာအောင် ကမ္ဘာပေါ်မှာ ယုံကြည်မှု အားကောင်းစွာဖြင့် ကြိုးစားတည်ဆောက်ကာ အောင်မြင်မှုပန်းတိုင်ကို ရောက် သွားကြ တဲ့ကမ္ဘာ ကျော်ပုဂ္ဂိုလ်ကြီးတွေရဲ့ အတ္ထုပတ္တိတွေကို သေချာစွာသင်ပြညွှန်ပြပေးကြပါတယ်။                          
သူတို့နိုင်ငံလွတ်လပ်ရေးအတွက် ယုံကြည်ချက်အားကောင်းစွာတည်ဆောက် အကောင်အထည်ဖေါ် သွားကြတဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးတွေရဲ့ ပြတိုက်ကြီးတွေ၊ အထိမ်းအမှတ် စာကြည့်တိုက်ကြီးတွေ၊ရုပ်ထုကြီးတွေ၊ ပန်းခြံကြီးတွေ၊ ဗိမ္မာန်ကြီးတွေ တည်ဆောက်ကာ ကျောင်းသူကျောင်းသားတွေ နိုင်ငံသူနိုင်ငံ သားတွေကို လေ့လာစေကာ သူတို့ဆီမှ စိတ်ဓါတ်စွမ်း အားတွေ ယုံကြည်မှုစွမ်းအား တွေကို ကူးယူစေပါတယ်။ သူတို့ကျောင်း သားတွေ သူတို့နိုင်ငံသားတွေကို ဒီလိုကောင်းတဲ့ဘက်တွေမှာ ယုံကြည်သွားဖို့ကိုစနစ်တကျ သုတေသနပြုကာ ကြိုးစား ဆောင်ရွက်ကြပါတယ်။ ယနေ့ထိ မြန်မာနိုင်ငံမှာအများစုရဲ့ရင်ထဲကို မြင့်မြတ်တဲ့ အကောင်း ဘက်တွေကို ယုံကြည်လာအောင် ပန်းတိုင်ကိုမရောက်ရောက်အောင် အခက်အခဲပြဿ နာတွေကို ကျော်လွှားနိုင်အောင် စိတ်ဓါတ်တွေကို ပိုမိုရင့်ကျတ်ခိုင်မာလာအောင် တည်ဆောက်ပေးရေး လမ်းစဉ်တွေမရှိသေး တာလည်း အင်မတန်ဝမ်းနည်း စရာကောင်း လှပါတယ်။
မိမိကိုယ်ကို ယုံကြည်လာအောင် တည်ဆောက်မှုအားနည်းလာသူတွေသည် ကြာလေမိမိကိုယ်ကို မယုံတော့ပဲ အပြင်တွေကိုပဲယုံပါတော့တယ်။ဒါကြောင့်ယနေ့မြန်မာနိုင်ငံမှာ လူတွေတော်တော်များ များဟာနတ် ကတော်တွေ ဘိုးတော်တွေ ဗေဒင်ဆရာတွေ ချဲဂဏန်းပေးတဲ့ ဘုန်းကြီးတွေ ယတြာချေပေးတဲ့သူတွေ စသည့် အပြင်ဗဟိဒ္ဓတွေကိုပိုမိုယုံကြည်လာပါတော့ တယ်။မိမိရဲ့ တန်ဖိုးရှိလှတဲ့ ဘ၀ကြီးကို အဲဒီလူတွေကို ပုံအပ်ပါတော့တယ်။ အဲဒီလူတွေခိုင်းတာမှန်သမျှလိုက်လုပ်ပါတော့တယ်။ နောက်ဆုံး ရှိတာလေးတွေကုန် မှနောင်တတွေရ ဘ၀တွေပျက်ကျရပါတော့တယ်။
ဒါကြောင့်မိမိတို့ရဲ့ သဒ္ဓါတရား ယုံကြည်မှုကို ပိုမိုခိုင်မြဲလာအောင် လေ့ကျင့်မည်ဆိုပါလျှင် ကလျာဏမိတ္တသမ္ပဒါ ယုံကြည်ချက်ခိုင်မာပြင်းထန်တဲ့ မိတ်ကောင်းဆွေကောင်းတွေနဲ့ ပေါင်းသင်းဖို့လိုပါတယ် ။မိတ်ဆွေကောင်းသည် မိမိကို စာတွေဖတ်ဖို့ ဆွေးနွေးဖို့ လုံ့လ၀ီရိရှိဖို့ သင်တန်းတွေတက်ဖို့ ယုံကြည်မှုကို ခိုင်မာသည်ထက်ခိုင်မာအောင် ပညာဥာဏ်နှင့် ယှဉ်ကာ အမြဲတည်ဆောက်နေဖို့ လမ်းညွှန်ပေးနေမှာဖြစ်ပါတယ်။ ဘ၀မှာ အောင်မြင်ချင်တယ် ကြီးပွါးချမ်းသာချင် တယ်ဆိုရင် ဒီအချက် များကို ကျိန်းသေမုချလိုက် နာကာ ကြိုးစားဆောင်ရွက် တည်ဆောက်နေကြရမှာဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်သည် သဒ္ဓါတရားဟာ အရေးကြီး လှသည့် အတွက် ဗောဓိ ကုမာရမင်းသား ကို ဟောကြားစဉ်က ပဓာနိယင်္ဂတရားငါးပါးတွင် အစဦးဆုံးဟော ထားခဲ့ပါတယ်။ မင်းသားသဒ္ဓါ တရားနှင့်မပြည့်စုံတဲ့သူ မိမိကိုယ်ကိုမှ ယုံကြည်မှုမရှိတဲ့ သူတစ်ယောက် မင်းသားဆီမှာ ဆင်စီးကျွမ်းကျင် မှုအတက်ပညာ လာသင်မယ်ဆို ရနိုင်ပါ့မ လားမေးတော့ ဗောဓိကုမာရမင်းသား က လုံးဝမရနိုင်ကြောင်း အတက် ပညာကို တတ်အောင် သင်မပေးနိုင်ကြောင်းကို လျှောက် ထားခဲ့ပါတယ်။ မြတ်စွာဘုရားရှင် ကလည်း သဒ္ဓါ တရားနှင့်မပြည့်စုံ သူသည် လောကီမှာ လည်းမအောင်မြင်နိုင်သလို လောကုတ္တရာမှာလည်း လုံးဝမ အောင်မြင်နိုင် ပါဘူး ဆိုတာဟောကြားခဲ့ပါတယ်။
ဒါကြောင့်မိမိတို့သည် ဘ၀မှာ တကယ်အောင်မြင်ချင်တယ် ကြီးပွါးချင်တယ် ချမ်းသာချင်တယ် မိမိမျှော်မှန်းရာ ကြီးမားတဲ့ပန်းတိုင်ကို ရောက်ချင်တယ်ဆိုပါလျှင် မိမိရဲ့သဒ္ဓါတရား ယုံကြည်မှုကို ပညာဥာဏ်လုံလ ၀ီရိယများနှင့်တွဲယှဉ်ကာ အမြဲကြိုးစားတည်ဆောက်နေ မည်ဆိုလျှင် အောင်မြင်မှုပန်း တိုင်သို့ မြေကြီးလက် ခက်မလွဲ ကျိန်းသေမုချရောက်ရှိမည်ဆိုတာကို အသိပေးပြောကြားလိုက်ပါတယ်။
မိတ်ဆွေများအား လုံးမိမိတို့၏သဒ္ဓါတရားဆိုတဲ့ယုံကြည်ချက်ကို ပညာဥာဏ်ဖြင့်တွဲယှဉ်ကာ ခိုင်မာသည် ထက်ခိုင်မာအောင်တည်ဆောက်လျက်မိမိမျော်မှန်းရာအာင်မြင်မှုပန်းတိုင်ကြီးကို မရောက်ရောက်အောင်    လျှောက်လှမ်း နိုင်ကြပါစေ ဟုဆန္ဒပြုရင်း……………………
                                                                      မင်းသုည(ဗုဒ္ဓတက္ကသိုလ်)





0 comments:

Post a Comment