Saturday, May 28, 2011

ဗုဒ္ဓ၀ါဒီအကြောင်းတစေ့တစောင်း

ဗုဒ္ဓ၀ါဒီအကြောင်းတစေ့တစောင်းလို့ ခေါင်းစဉ်လေးတပ်ပြီးကတည်းက ကျနော့်လို သာမာန်ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့အနည်းငယ် သိသလို... မသိသေးသောသူများ အကယ်၍ ရှိခဲ့ပါက သိစေလိုသောစေတနာဖြင့် ဤစာစောင်လေးကို ရေးဖြစ်ခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာတစ်ယောက်အနေဖြင့် ဗုဒ္ဓ၀ါဒကို ကျနော်နားလည်သလို ပြောရမယ်ဆိုရင် အကျဉ်းအားဖြင့် (၃)ချက်လောက်တော့ သိဖို့လိုအပ်ပါတယ်-
(၁) သဗ္ဗပါပဿ အ ကရဏံ = မကောင်းမှုမှန်သမျှကိုမပြုလုပ်ခြင်း
(၂) ကုသလဿူပ သမ္ပဒါ = ကောင်းမြတ်တဲ့ကုသိုလ်များကို မဖြစ်မနေလုပ်ဆောင်ခြင်း
(၃) သ စိတ္တ ပရိယောဒပနံ = မိမိစိတ်ကိုဖြူစင်စေခြင်း
ဧတံဗုဒ္ဓါနသာသနံ - အဲဒါတွေဟာ ဗုဒ္ဓရဲ့အဆုံးအမ (ဗုဒ္ဓ၀ါဒီ)တွေပါဘဲ အဲဒီ ဗုဒ္ဓရဲ့ဝါဒလမ်းစဉ်တွေကို လိုက်နာကျင့်သုံးသောသူတွေဟာ ဗုဒ္ဓ၀ါဒီတွေပဲ ဖြစ်ပါတယ်။
ဗုဒ္ဓ၀ါဒီလို့ဆိုပြန်တော့ ဗုဒ္ဓအကြောင်း အကျဉ်းအားဖြင့် သိဖို့လိုအပ်လာပြန်တယ်။ “ဗုဒ္ဓ”ဆိုသည်မှာ - သိသူ - အလုံးစုံကိုသိသောသူဟု ကျနော့အနေနဲ့ နားလည်ထားပါတယ်။ အဲဒီတော့ အလုံးစုံကိုသိရုံနဲ့မပြီးသေးဘဲ သူသိတာတွေကို သူတပါးအားလည်း သိအောင်တတ်အောင် ဟောပြောညွှန်ပြဆုံးမနိုင်တဲ့ ပုဂ္ဂိလ်ထူး ပုဂ္ဂိလ်မြတ်ဟု နားလည်ရပါမယ်။ ဗုဒ္ဓဘုရားရှင်သည် ဗုဒ္ဓဖြစ်ဖို့အရေးကို လွယ်လွယ်ကူကူနဲ့ဖြစ်လာခဲ့ရသည် မဟုတ်ပါ။ ဘ၀ပေါင်းအသင်္ချေနှင့် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းဖြင့် ပါရမီတော်တွေကို ဖြည့်ကျင့်ခဲ့ရပါတယ်။ နောက်ဆုံးဘ၀ဖြစ်သော သိဒ္ဓတ္တမင်းသား ဘ၀မှာတောင်မှ ဖခင်ဖြစ်တဲ့ သုဒ္ဓေါဓနမင်းကြီးက သားတော်ကို ဘုရားမဖြစ်စေချင်ပဲ စင်္ကြာဝတေးမင်း သာ ဖြစ်စေလိုတဲ့ဆန္ဒကြောင့် သားတော်ဘုရားဖြစ်မည့်အရေးကို အမျိုးမျိုးတားဆီးနှောက်ယှက် ကန့်ကွက်ဖျက်စီးခဲ့ပါတယ်။ သို့သော်လည်းပဲ ဘုရားအလောင်းတော်ဖြစ်သည့် သားတော်သည် ဘ၀ပေါင်း အသင်္ချေက ဖြည့်ကျင့်ခဲ့သော ပါရမီတွေရဲ့အဟုန်ကြောင့် သက်တော် ၂၉နှစ်အရွယ်၌ ထီးနန်း စည်းစိမ်နှင့်တကွ သားမယားတို့ကိုပါ စွန့်ခွာပြီး တောထွက်တော်မူခဲ့ပါတယ်။
တောထွက်ပြီး တရားကျင့်ကြံလိုက်တာ ၆နှစ်တာကာလမှာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါတယ်။ ဘုရားအဖြစ်သို့ ရောက်ရှိကာစ ပထမ၀ါ၌ ဗာရာဏသီပြည်အနီး ဣသိပတနမိဂဒါရုံမှာ ပဉ္စ၀ဂ္ဂီငါးဦးကို ဟောပြောခြွေချွတ် သွန်သင်ပြသပြီး သာသနာ့ဘောင်သို့ သွတ်သွင်းတော်မူခဲ့ပါတယ်။ အဲဒီနောက် သူဌေးသား ယသ၊ ၀ိမလ၊ သုဗာဟု၊ ပုဏ္ဏဇိ၊ ဂ၀မ္ပတိ စတဲ့ ခေါင်းဆောင်ငါးဦးနှင့်အတူ နောက်လိုက် ၅၀ တို့ကိုလည်း ဟောပြောညွန်ပြကာ မြင့်မြတ်သော သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့ပါတယ်။ အဲဒီ ပထမ၀ါမှာ ပဉ္စ၀ဂ္ဂီငါးဦး၊ သူဌေးသားငါးဦး။ နောက်လိုက် ၅၀ စုစုပေါင်း သံဃာ ၆၀ ရခဲ့ပါတယ်။
ဘုရားရှင်တစ်ပါးတည်းဖြင့် စတင်ခဲ့သော ဤသာသနာတော်ကြီးသည် ဘုရားရှင် ပရိနိဗ္ဗာန်စံသည့် အချိန်တွင် ဘုရားရှင်၏ ဈာပါနကို လာရောက်ဖူးမျှော်ကြသော သံဃာအရေအတွက်သည် (၇)သိန်း ရှိပြီး အကြောင်းကြောင်းကြောင့် ကြွမလာနိုင်တဲ့ သံဃာတော်များနဲ့ ပေါင်းလိုက်လျှင် (၈)သိန်းခန့်ထိ ရှိခဲ့ပါသည်။
ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်အခါမှစ၍ ယခုအချိန်ထိဆိုလျှင် သာသနာနှစ်ပေါင်း (၂၅၅၁)နှစ် ရှိခဲ့ပြီ ဖြစ်ပါသည်။ ယခုသာသနာနှစ် (၂၅၅၁)နှစ် မြန်မာသက္ကရာဇ် (၁၃၆၉)ခုနှစ်မှာဆိုလျှင် မြန်မာပြည်ရှိ သံဃာအရေအတွက်ဟာ (၄)သိန်းခွဲခန့်ရှိပြီး ယိုးဒယားရှိ သံဃာ (၁သိန်း၂သောင်း)၊ သီဟိုဍ္ဍ်ရှိသံဃာ (၃သောင်း)၊ လာအိုနှင့် ကမ္ဘောဒီးယား (၅သောင်း) စုစုပေါင်း ထေရ၀ါဒ သံဃာ (၆သိန်းခွဲ) ခန့်ရှိနေပါတယ်။ အဲဒီအထဲမှာ မြန်မာပြည်ရှိသံဃာအရေအတွက်ဟာ အများဆုံးဖြစ်တဲ့ အတွက် မြန်မာပြည်ဟာ သာသနာ့ခံတပ်ပဲဆိုတာ ယုံမှားဖွယ်ရာမရှိပါဘူး။ အဲဒီလိုသာသနာ အထွန်းကားဆုံး အခိုင်မာဆုံးဖြစ်တဲ့ ယနေ့မြန်မာပြည်မှာ လက်ရှိနအဖအစိုးရကြောင့် ပျက်စီးဆုံးရှုံးဖို့ အခြေအနေတွေဖြစ်လာပါပြီ။
ဒါကြောင့် မိမိတို့အနေဖြင့် ဗုဒ္ဓ၀ါဒီစစ်စစ်လို့ ခံယူကြတယ်ဆိုရင် သာသနာ့တာဝန်ကို ခက်ခဲပင်ပန်းစွာ ထမ်းရွက်နေကြတဲ့ ရှင်ရဟန်းတို့ကို အထူးစောင့်ရှောက်ကြ၊ ကာကွယ်ကြရပါမယ်။ ပြီးခဲ့တဲ့ ဆန္ဒပြရက် (၁၇ စက်တင်္ဘာ ၂၀၀၇) မှ (၂၉ စက်တင်္ဘာ ၂၀၀၇)နေ့ထိ ဆန္ဒပြခဲ့ကြတဲ့ သံဃာတွေကို နအဖအစိုးရ သတင်းထုတ်ပြန်တဲ့နေရာမှာ မြန်မာပြည်ရှိသံဃာအားလုံးထဲမှ (၂ ရာခိုင်နှုန်း) သာရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဆန္ဒပြရက်တွေအတွင်း မြင်တွေ့ခဲ့ရသော သံဃာတော်တွေဟာ ရန်ကုန်တစ်မြို့ထဲမှာတင် သိန်းနဲ့ချီရှိပြီး သံဃာအများဆုံး ရှိတဲ့ မန္တလေး၊ နောက် ရခိုင်ပြည်နယ်သံဃာများနဲ့ အခြားမြို့ကြီး မြို့လေးများမှာရှိတဲ့ သံဃာတော်များလည်း ပါဝင်ခဲ့ကြလို့ နအဖဘက်ကိုလိုက်တဲ့ သံဃာကလွဲရင် မြန်မာပြည်ရှိ သံဃာအားလုံးနီးပါး ပါဝင်ခဲ့ကြပါတယ်။ ဒါကို နအဖက မျက်နှာပြောင်ပြောင်နဲ့ (၂ ရာခိုင်နှုန်း)ကလွဲရင် ကျန်တဲ့ သံဃာတွေဟာ အတုတွေပါလို့ စွပ်စွဲလိုက်တာနဲ့ အတူတူပါဘဲ။
တဆက်တည်းမှာပဲ ကျောင်းတိုက်များစွာကို ၀င်ရောက်ဖျက်စီးပြီး သံဃာတော်တွေကို ဖမ်းဆီး ချုပ်နှောင် နှိပ်စက်ညှင်းပန်း သတ်ဖျက်ခဲ့ကြပါတယ်။ လူဝတ်လဲတဲ့ သံဃာတော်တွေကို လူဝတ်လဲပြီးရင် ရဲဖက်စခန်း၊ ထောင်စသည်တို့ကို ပို့လိုက်ကြပါတယ်။ အဲဒီဖမ်းဆီးထားတဲ့ သံဃာတွေကို အတုတွေပါလို့လည်း ပြောသေးတယ် နောက်ပြီး အဓမ္မလူဝတ်လဲ သိက္ခာချ လုပ်နေတယ်ဆိုတာ သံဃာတုတွေမဟုတ်ပါဘူး။ သံဃာအစစ်တွေပါလို့ ၀န်ခံတာနဲ့အတူတူပါပဲ။ ဒီကြားထဲ နအဖ ဗိုလ်ချုပ်ကြီးတွေက ဗုဒ္ဓ၀ါဒီလို့အမည်ခံလိုက်ချင်သေးတယ်။ ဗုဒ္ဓ၀ါဒီစစ်စစ်အမှန်တကယ် ဖြစ်ခဲ့တယ်ဆိုရင် အထက်မှာ ဆိုခဲ့သလို “မကောင်းမှုမှန်သမျှကို မပြုလုပ်ခြင်း” လို့ဆိုထားပါတယ်။ ဒါကို အလွယ်ဆုံးကျနော့် အနေနဲ့ နားလည်ရမယ်ဆိုရင် ကိုယ့်ကိုကိုယ်နဲ့ နှိုင်းပြီး ကိုယ်ချင်းစာကြည့် စေချင်ပါတယ်။
ဥပမာ - နအဖဗိုလ်ချုပ်ကြီးများအနေနဲ့ ကိုယ့်မိဘ ကိုယ့်ညီအစ်ကိုမောင်နှမ ကိုယ့်သားမယားတွေကို သူတပါးက မတရားဖမ်းဆီး ချုပ်နှောင်နှိပ်စက် ညှင်းပန်းသတ်ဖျက်နေမယ်ဆိုရင် ခံနိုင်ပါ့မလား။ သွေးရူးသွေးတန်းနဲ့ ဘာမှ မစဉ်းစားပဲ ဗုဒ္ဓ၀ါဒီအမည်ခံပြီး ကိုယ်ချင်းစာစိတ်ကင်းစွာနဲ့ ဗုဒ္ဓ၀ါဒီတို့ရဲ့ အထွတ်အမြတ်ဖြစ်တဲ့ ဘုရားသားတော်တွေနဲ့တကွ ကျောင်းသားပြည်သူတွေကိုပါ ရက်ရက်စက်စက် ညှင်းပန်း သတ်ဖြတ်နေတာဟာ ဗုဒ္ဓ၀ါဒီတို့ရဲ့ လမ်းစဉ်နဲ့ လားလားကြီးဆန့်ကျင်နေတယ်ဆိုတာ ထင်ရှားပါတယ်။ အယောင်ပြလှူတန်းနေခြင်းသည် ဗုဒ္ဓ၀ါဒီစစ်စစ်မဟုတ်ပါ။
“ကောင်းတဲ့ကုသိုလ်တရား” မှန်သမျှကို လုပ်ကိုလုပ်ရမယ်ဆိုတဲ့နေရာမှာလည်း အလွယ်ဆုံးနားလည် ရမယ်ဆိုရင် ကုသိုလ်(ကုသလ) = အပြစ်ကင်းစင်ခြင်းတဲ့... အဲဒီတော့ ဒါန၊ သီလ၊ ဘာဝနာ စတဲ့ ကောင်းမှုကုသိုလ်တွေကို ပြုရပါမယ်။ နအဖ ဗိုလ်ချုပ်ကြီးတွေကတော့ ဒါနတွေတော့ပြုပါတယ် (အယောင်ပြ)။ ဒါပေမယ့် ဘာဝနာကို မပြောနဲ့ သီလဆိုတာကို လုံးလုံးမရှိလို့ ဗုဒ္ဓ၀ါဒီစစ်စစ်မဟုတ်ဘူး ဆိုတာ ပေါ်လွင်ပြန်ပါတယ်။
“မိမိစိတ်ကို ဖြူစင်စေခြင်း” ဆိုတဲ့ နေရာမှာလဲဘဲ သီလတွေဆောက်တည်၊ ဘာဝနာတွေ ကျင့်ကြံမှသာ စိတ်တွေဖြူစင်လာမှာပါ။ နအဖ ဗိုလ်ချုပ်ကြီးတွေအနေနဲ့ တိုင်းပြည်တာဝန်တွေ ထမ်းနေရတာ ကြီးလေးများပြားလွန်လို့ ဘာဝနာတရားတွေကို ကျင့်ကြံချိန်မရဘူးပဲ ထားပါတော့ သီလ ဆောက်တည်လို့ရပါတယ်။ သီလရှိပြီး ယောနိသောမနသိကာရ လို့ခေါ်တဲ့ သင့်တော်မှန်ကန်အောင် နှလုံးသွင်းမယ်ဆိုရင်လည်း စိတ်ဟာအတော်လေး ဖြူစင်နိုင်ပါတယ်။ စိတ်ဖြူစင်တဲ့လူတွေလုပ်တဲ့ လုပ်ရပ်တွေ၊ ပြောတဲ့စကားတွေကမှ မှန်ကန်နိုင်မှာပါ။ အခု နအဖရဲ့လုပ်ရပ်တိုင်း၊ ပြောတဲ့စကား အခွန်းတိုင်းဟာ စိတ်မဖြူစင်တဲ့လူ (စိတ်ယုတ်မာရှိတဲ့လူတွေ) လုပ်တဲ့လုပ်ရပ်နဲ့တစ်ထပ်တည်း ဖြစ်နေတဲ့အတွက် ဗုဒ္ဓ၀ါဒီတို့ရဲ့ လမ်းစဉ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပြီးသားဖြစ်နေပြန်ပါတယ်
ဒါကြောင့်မို့လို့...
(၁) မကောင်းမှု မှန်သမျှကို မပြုလုပ်ခြင်း
(၂) ကောင်းမြတ်တဲ့ ကုသိုလ်များကို မဖြစ်မနေလုပ်ဆောင်ခြင်း
(၃) မိမိစိတ်ကို ဖြူစင်စေခြင်း
ဆို့တဲ့ အကျင့်တရားတွေကို လိုက်နာကျင့်သုံးပါမှ ဗုဒ္ဓ၀ါဒီ စစ်စစ်မည်ပေသည်။
မြန်မာပြည်မှာ ပိဋကတ်သုံးပုံဆောင်နိုင်တဲ့ သံဃာတော်များ (၁၁)ပါးထိ ပေါ်ထွန်းခဲ့ပါတယ်။ ဤမျှ များပြားသော ပိဋကတ်သုံးပုံဆောင်ခဲ့သော သံဃာတော်များပေါ်ထွန်းစေရန် အချိန်များစွာ စောင့်ခဲ့ရပါတယ်။ ဤမှခဲယဉ်းစွာ၊ အချိန်များစွာပေးခဲ့ရသော ဆောင်ရွက်ခဲ့ရသော သာသနာတော်ကြီးသည် နအဖ စစ်အစိုးရ၏ လက်ချက်ဖြင့် အလွယ်တကူနှင့် ပျောက်ပျက်သွားရန် မသင့်တော်ပါ။ ထို့ကြောင့် ဗုဒ္ဓ၀ါဒီ ပုဂ္ဂိုလ်အားလုံးတို့သည် မိမိတို့ စွမ်းနိုင်သ၍ အသက်ပေးကာ သာသနာတော်ကြီး မပျက်သုန်းရေးအတွက် ၀ိုင်းဝန်း၍ ကာကွယ်စောင့်ရှောက်ကြရမည် ဖြစ်ပါသည်။

ဗုဒ္ဓ၀ါဒီဖိုးကျော်

0 comments:

Post a Comment