ဘာသာညီအစ်ကိုများ
မန္တလေးဘုန်းကြီး ၊ ဇူလိုင် ၂၊ ၂၀၁၂
ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ ဘာသာကြီး လေးရပ်အနက်
ကမ္ဘာ့လူဦးရေ သန်း ပေါင်း ခြောက်ထောင်ရှိရာ ခရစ်ယန်ဘာသာ သန်းပေါင်း ၂၁၀၀၊
အစ္စလာမ်ဘာသာ သန်းပေါင်း ၁၃၀၀၊ ဟိန္ဒူဘာသာ သန်းပေါင်း ၁၀၀၀၊ ဗုဒ္ဓဘာသာ
သန်းပေါင်း ၃၇၆ သန်း ဟု စာရင်းကို တွေ့ဖူး၏။
ကျန်ဦးရေတစ်ချို့ ဘာသာမဲ့နေကြ၏။ တစ်ချို့ နတ်ကိုးကွယ်၏။ ဤသို့ကြားဖူး၏။
ကမ္ဘာ့တိုက်ကြီး လေးတိုက် အာရှ တိုက်၊ ဥရောပတိုက် စသည် ကမ္ဘာအရပ်ရပ်
ဘာသာစုံပြန့်နှံ့လျက်ရှိ၏။ ဗုဒ္ဓဘာသာတို့အတွက် ဗုဒ္ဓဘုရားက မေတ္တာကို
အထူးဦးစားပေး ဟောခဲ့သော်လည်း တစ်ချို့ ဗုဒ္ဓဘာသာတို့သည် ဘာသာခြားတို့အပေါ်
မေတ္တာမထားနိုင်ကြဘဲ မုန်းတီးရေး ဝါဒကို ဖန်တီးလိုကြ၏။
ဘဝရှင် မင်းတုန်းမင်းတရားကြီးလက်ထက် ဘာသာခြားတို့သည် မန္တလေးမြို့ကစ၍
အလျှို အလျှို ဝင်ရောက် လာကြ၏။ တားမရ ဆီးမနိုင်ဖြစ်၍ ဗုဒ္ဓဘာသာဝါဒ မေတ္တာ
ကရုဏာကို လက်သုံးပြုလျက် သေနတ်ပစ်အတတ်၊ အမြောက်ပစ် အတတ်ကို
တတ်မြောက်ရန်သင်ကြားစေကာ တတ်မြောက်သည့်အခါ ကာကွယ်ရေးဌာန ၀န်ထမ်းလုပ်စေလျက်
အစ္စလာမ် ဘာသာဝင် မွတ်စလင်လူမျိုးတို့ကို သိမ်းသွင်းစည်းရုံးထားသည် ကြာဖူး၏။
ရှေးအခါ ထိုစဉ်က ဈေးချိုအရှေ့ဘက်ကိုပင် အမြောက်တန်းဟု ခေါ်တွင်စေလျက်
မွတ်စလင်လူမျိုးတို့ စုရုံးနေထိုင် ကြ၏။ ၁၂၄၇-ခုနှစ်၊ မြန်မာသက္ကရာဇ်
အင်္ဂလိပ်မင်းအုပ်ချုပ်သည့်အခါ မွတ်စလင်ခေါ် အစ္စလာမ်လူမျိုး၊
ခရစ်ယာန်လူမျိုးတို့ ပိုမိုများပြားလာ၏။ မြန်မာအမျိုးသမီးတို့
ဘာသာခြားလူမျိုး၊ နိုင်ငံရပ်ခြားလူမျိုးတို့နှင့် စုလျားရစ်ပတ်
လက်ထပ်ထိမ်းမြား ကြ၏။ ဘာသာခြားလူမျိုးများပြားလာ၏။
အလွန်ကြည့်ကောင်းသော ရှုချင်ဖွယ်မြန်မာပြည်ကို သုံးသပ်ကြည့်ရှုရာတွင်
၁၂၈၂-ခုနှစ်ဆီလောက်က ပညာရေး တိုက်ပွဲများ အောင်မြင်စ ပေါ်လာသည်။ အင်္ဂလိပ်မင်း
ဘုရင်ခံလက်အောက် နေရစေကာမူ အမျိုးရေး, ဘာသာရေး, သာသနာရေး
တက်ကြွလှုပ်ရှားလာ၏။ မြန်မာသက္ကရာဇ် ၁၂၆၀-ဖွား ၁၂၆၁-ဖွားတို့ကအစ
အင်္ဂလိပ်ကျောင်းထွက်တို့သည် မျက်စိပွင့်လာကြ၏။ နှလုံးရည်တိုက်ပွဲ
ပေါ်ထွန်းလာ၏။ နိုင်ငံရေးအဖွဲ့အစည်းတွေ များပြားလာ၏။ အထူးအားဖြင့် မြန်မာ
သက္ကရာဇ် ၁၂၇၁-ခု၊ ၁၂၇၂-ခု၊ ၁၂၇၃-ခု ၀န်းကျင် နှစ်များတွင်း
မွေးဖွားလာသောပုဂ္ဂိုလ်တို့ ယောက်ျားဇာနည် ဖြစ်လာကြ၏။
ထို့ဖြစ်ရပ်အတောအတွင်း ထိုနှစ်များအတောအတွင်း မြန်မာ့ခေါင်းဆောင်
ဆရာကြီးဦးရာဇတ်၊ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းတို့သမိုင်း ကို
စိတ်ထဲတွင် ထင်းထင်းကြီးပေါ်နေ၏။ ဒီးဒုတ်ဦးဘချို၊ ဖေ-ပု-ရှိန် မန္တလေးဦးဘဦး
စသည် အလွန်အားကိုးရသော နိုင်ငံရေးခေါင်းဆောင်ကြီးတွေ အမြဲသတိရ
ဂုဏ်ကျေးဇူးအောက်မေ့ပါ၏။
အလွန်တက်ကြွကြီးကျယ်သော ရဟန်းရှင်လူပြည်သူအများ အလွန်ညီညွတ်သော
န၀မကွန်ဖရင့်ကြီး ဆိုတဲ့ အင်္ဂလိပ် တိုက်ပွဲ၊ လွတ်လပ်ရေးတိုက်ပွဲ
အစည်းအဝေးကြီး မန္တလေး တာရဲတန်းတွင် ခုနှစ်ရက်တိုင်တိုင်
ကျင်းပပြုလုပ်ခဲ့သည် ဆိုသည်မှာလည်း ထိုခေတ် ထိုနှစ်ဆီကပင် ဖြစ်၏။
(န၀မကွန်ဖရင့်အကြောင်းကို မှတ်တမ်းမှတ်ရာပြုမယ်ဆိုလျှင် ဘုန်ကြီးများ
မတတ်နိုင်ပါ။ မရေးနိုင်ပါ။ ထိုမှတ်တမ်းသမိုင်းများကို
ရှာဖွေလှန်လှော်ကြည့်ကြပါဟု တိုက်တွန်းလိုက်ပါ၏။ )
ထိုလွတ်လပ်ရေးတိုက်ပွဲ န၀မကွန်ဖရင့်၏ အထူးခြားဆုံးဖြစ်ရပ်တစ်ခုကို အထူး
ပြောကြားလိုပါသေး၏။ ထိုပွဲကြီးကို မန္တလေး လေးပြင်လေးရပ် သံဃာပေါင်းစုံ၊
တိုက် ပေါင်းစုံ ပါဝင်ခဲ့ခြင်းဖြစ်ရပ်တစ်ခု။
နောက်တစ်ခုကို အထူးသိစေလိုသည်မှာ မန္တလေး မြန်မာ တရုပ် ကုလား မွတ်စလင်စသော
လူမျိုးစုံတို့၏ ဤလွတ်လပ်ရေးတိုက်ပွဲကြောင့် အင်္ဂလိပ်အစိုးရသည်
မြန်မာပြည်လွတ်လပ်ရေးပေးဖို့ စိတ်ဖြစ်ပေါ်လာသည်ဆိုသော သမိုင်းကြောင်းကို
ဖွင့်ဆိုလိုက်ပေ၏။
ရန်ကုန်ယူနီဗာစီတီတက္ကသိုလ်မှာ ကျောင်းတက်နေသော ဆရာကြီးဦးရာဇတ်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့အကြောင်း ကို အနည်းငယ် ပြောရလျှင် သူတို့နှစ်ယောက်လုံး-
(၁) ငါတို့ မြန်မာပြည်မှာ မွေးဖွားသည်။
(၂) ငါတို့ မြန်မာထမင်းအာဟာရ စားသုံးနေသည်။
(၃) ငါတို့ မြန်မာပြည်မှာ ကျောင်းနေသည်။
(၄) ငါတို့ မြန်မာပြည်မှာ ပညာသင်သည်။
(၅) ငါတို့အလုပ်သည် မြန်မာပြည်လွတ်လပ်ရေးရဖို့ အလုပ်ဖြစ်သည်။
ဤနှစ်ဦးလုံး စိတ်ထားချင်းတူကြ၏။ မည်သို့ စိတ်ထားချင်းတူသော်လည်း ဆရာကြီး
ဦးရာဇတ်က ဗိုလ်ချုပ် အောင်ဆန်း၏ လက်အောက်တွင် ဗိုလ်ချုပ် အောင်ဆန်း၏
သဘောတူညီချက်အရ မန္တလေးနေရှင်နယ်အမျိုးသား ကျောင်း အုပ်ကြီးအဖြစ်
လုပ်ဆောင်ခဲ့ရာမှ နေ့စဉ်မြန်မာပြည်လွတ်လပ်ရေးတို က်ပွဲကိုသာ
အမြဲစဉ်းစားလျက် နေရှင်နယ် အမျိုးသား ကျောင်းကြီး၌ ‘ရဲညွန့်တပ်ဖွဲ့’ ဟူ၍
ဖွဲ့စည်းလျက် လွတ်လပ်ရေးတိုက်ပွဲ အမြဲတမ်းပြင်ဆင်နေသည်ကို ကြားဖူးသည်။
နောက်အင်္ဂလိပ်အစိုးရက ရဲညွန့် တပ်ဖွဲ့-မဖွဲ့ရ၊ မရှိရဟု တားမြစ်ပိတ်ပင်သည်ဟု ကြားရသည်။
ဆရာကြီးဦးရာဇတ်သည် မိတ္ထီလာဇာတိသား၊ ဗိုလ်ချုပ်အောင်ဆန်းသည်
နတ်မောက် ဇာတိသား ဖြစ်၍ တစ်နယ် ထဲနေ တစ်ရေထဲသောက် တစ်ခရီးထဲ အတူသွားသော
အာဇာနည်ပုဂ္ဂိုလ်ကြီး နှစ်ယောက်ဖြစ်၏။
တစ်ယောက်က မွတ်စလင် အစ္စလာမ်၊ တစ်ယောက်က ဗုဒ္ဓဘာသာဖြစ်သော်လည်း
မင်းက ဘယ်ဘာသာ၊ ငါက ဘယ်ဘာသာဟူ၍ ဘာသာနှင့်စပ်၍ မပြောခဲ့စဖူးဟု သိရ၏။
မြန်မာပြည်သားပီပီ မြန်မာပြည်လွတ်လပ်ရေး ရရေးကိုသာ တစိုက်မတ်မတ်
လုပ်ခဲ့ကြသော ခေါင်းဆောင်ကြီးများဖြစ်၍ ထိုခေါင်းဆောင်ကြီးနှစ်ဦးအပါ အ၀င်
အာဇာနည်မြောက် များစွာတို့ အသက်ပေး သွေး, ချွေးဖြင့် ဆောင်ရွက်ခဲ့သော
လွတ်လပ်ရေးပန်းတိုင်အောက်မှာ ကျွန်ုပ်တို့ ရဟန်းရှင်လူပြည်သူ များစွာ
ပျော်ရွှင်စွာ နေထိုင်ကြရသည်မဟုတ်ပါလော။ ထိုသို့ ပျော်ရွှင်စွာနေထိုင်စဉ်
“သခွပ်ပင်က မီးတကျီကျီ မဖြစ်ကြပါနဲ့၊ မလုပ်ကြပါနဲ့” ဟူ၍
ဘုန်းကြီးတစ်ပါးအနေဖြင့် တောင်းပန်စကား ပြောကြားအပ်ပါသတည်း။
အောက်ပါ ကဗျာကို ကောက်နုတ်ကိုးကားပြီး မိမိ၏ စာကို နိဂုံး ချုပ်အပ်ပါသည်။
“ကိုယ့်ချင်းစာ ထားကြည့်”
သည်တိုင်းပြည်ခို
သည်ရေကိုသောက်
သည်မြေအောက်က
ကူထောက်စီးပွား
ထုတ်ယူစားပြီး
ပြည်ဖွားအိမ်ရှင်
ရန်သူထင်
အသင်မှားနေပြီ။
အိမ်ရှင်ရိုကျိုး
အိမ်ရှင်ကိုးသော
မျိုးရိုးဘာသာ
သာသနာကို
ခြေရာနင်းလျက်
အတင်းဖျက်
ရက်စက်လွန်းနေပြီ။
အိမ်ရှင်ကဖွား
သမီးသားကို
ဇနီးအဖြစ်
လင်အဖြစ်ဖြင့်
အနှစ်ကိုနှုတ်
အညစ်မြှုပ်လျက်
မွေးထုတ်ကလေး
စပ်တူသွေးတွင်
အရေးချက်ချာ
မျိုးဘာသာအား
လုယူထား
စော်ကားလွန်းနေပြီ။
သင့်အိမ်ခိုလျက်
သင့်ကိုဖျက်
သင်လက်ခံမည်လော။
သမီးပျော်ပါး
သားပျော်ပါး
စော်ကားခံမည်လော။
(အထက်ပါ ကဗျာကို …
ကဗျာ့ဘဏ်တိုက် စာမျက်နှာ ၈၇ ၊ နတ်တလူစာစဉ် (၁) ၊ ၀န၀ါသီ ဥေယျဓမ္မသာမိထေရ်
(မဟာဗောဓိမြိုင် ) ဆရာတော်ပြုစုတဲ့ စာအုပ်မှ ကိုးကားဖော်ပြတာ ဖြစ်ပါတယ်)
0 comments:
Post a Comment