မေး- ဆရာက ထိုင်းတက္ကသိုလ်က
ပါမောက္ခတွေအကြောင်းပြောလို့ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့
တက္ကသိုလ်တွေအပေါ် ဆရာ့အမြင် သိပါရစေ။
ဖြေ- ကျွန်တော်က ထိုင်းကို
ဥပမာပေး ဖြေမိတော့၊ ထိုင်းတက္ကသိုလ်တွေက ပညာတတ် လေ့ကျင့်ပျိုးထောင်ပုံကို
ပြောပြချင်ပါတယ်။ ဇင်းမယ်တက္ကသိုလ်နဲ့ ချူလာလွန်ကွန် တက္ကသိုလ်တွေမှာ
စာတမ်းတွေ သွားဖတ်ဖူးပါတယ်။ ဆရာတို့ ရန်ကုန်တက္ကသိုလ်
လျှမ်းလျှမ်းတောက်နေချိန်တုန်းက ဇင်းမယ်တက္ကသိုလ် ရှိတောင် မရှိသေးပါဘူး။
ဇင်းမယ်တက္ကသိုလ်ကို ၁၉၆၄ ဇန်နဝါရီမှာ စတည်ခဲ့ တာပါ။ ချူလာကတော့
ရန်ကုန်တက္ကသိုလ်ထက် စောတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ချူလာလည်း
ခေတ်မီတက္ကသိုလ်ကြီး မဖြစ်သေးဘူး။ အခုတော့ ချူလာရော ဇင်းမယ်ပါ တကယ့်
တက္ကသိုလ်ကြီးတွေ ဖြစ်သွားပြီ။
ဇင်းမယ်တက္ကသိုလ်ကို ဆရာရောက်တာ ၁၉၉၃ ဒီဇင်ဘာလက စရောက်တယ်။ အဲဒီကျောင်းက
ဆရာ၊ ဆရာမတွေက ကြိုက်ရာ တက္ကသိုလ်ကို သွားပြီး နောက်ထပ် ပညာလေ့လာနိုင်တယ်။
ပါရဂူဘွဲ့အတွက်လည်း နိုင်ငံခြားကို အများကြီးလွှတ်တယ်။
ထိုင်းကျောင်းသား/သူတွေ ဆရာ၊ဆရာမတွေကလည်း အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊
သြစတြေးလျ စတဲ့ တက္ကသိုလ်တွေမှာ ပါရဂူ သင်တန်းအတွက် လေ့လာနေတာ အများကြီးပဲ။
အခုဒီမှာ ပါရဂူသင်တန်းတွေဖွင့်နေပေမယ့် ဘွဲ့ရတာပဲရှိတယ်။ တကယ်အရည်
အသွေးပြည့်မှ ဆရာတို့က သူများနဲ့ ပခုံးချင်းယှဉ်နိုင်မှာ။
ဟိုတလောက ပညာရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ထောက်ပြတာ မှန်တယ်။
ပါရဂူတွေကို စက်နဲ့ လှည့်ထုတ်သလို ထုတ်နေတာ မသင့်တော်ဘူး။ တကယ်က
အခြေခံအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်တွေက ကလေးတွေ တကယ် စာကျေညက်ပြီး
အောင်လာဖို့လိုတယ်။ ရှစ်တန်းအောင်အဆင့်၊ ဆယ်တန်းအောင်အဆင့်မှာ
အသက်မွေးဝမ်းကျောင်း ပညာဘက်ကို များများ ထွက်သွားနိုင်အောင်
စီစဉ်ပေးသင့်တယ်။ နိုင်ငံခြားမှာ Polyte လို့ ခေါ်တဲ့ စက်မှုလက်မှု
အထက်တန်းကျောင်း ၊ ကောလိပ်များ၊ နတ်မောက်လို အများကြီးလိုပါတယ်။
ကျန်တာကမှ တက္ကသိုလ်တက်ပေါ့။ တက္ကသိုလ်က တကယ်ထူးချွန်သူတွေကို ပါရဂူ
သင်တန်းတွေကို ပို့မယ်ဆိုရင် တကယ့်စနစ်မှန် တစ်ခု ဖြစ်လာမယ်။
လုပ်ပုံလုပ်နည်းတွေတော့ မှန်ဖို့တော့ လိုတာပေါ့။
ဥပမာ- ဆရာတို့အရင်တုန်းက ဂျာမနီနဲ့ လုပ်ခဲ့ဖူးတယ်။ ဆရာတို့ဆီက ပါရဂူ
သင်တန်းသား/သူက ဂျာမနီသွားပြီး တစ်နှစ် လောက် လေ့လာသုတေသန လုပ်ရတယ်။ မိမိ
ပါရဂူဘွဲ့နဲ့ဆိုင်တဲ့ အချက်အလက်တွေ စုဆောင်းရပြီး တစ်နှစ်ပြည့်တော့
မြန်မာပြည် ပြန်လာတယ်။ စာတမ်းကို ဒီမှာပဲ တင်တော့ ရန်ကုန်တက္ကသိုလ်က
ဘွဲ့ပေးတယ်။ အခုလက်ရှိ ပါရဂူတန်းတွေထက် အဆင့်မြင့် တာတွေ ထွက်လာခဲ့ပါတယ်။
နောက်တစ်ခုကတော့ ပါရဂူဘွဲ့အတွက်မှ မဟုတ်ပါဘူး။ တက္ကသိုလ်ကျောင်းသား၊
ကျောင်းသူ၊ဆရာ၊ ဆရာမနဲ့ တက္ကသိုလ်က ဝန်ထမ်းတွေ အားလုံးအတွက် တက္ကသိုလ်ဆန်တဲ့
တက္ကသိုလ် အငွေ့အသက် ရဖို့လိုတယ်။ အင်္ဂလိပ်လိုတော့ Academic Atmosphere လို့
ပြောလေ့ရှိကြတယ်။ အခု ဆရာသိရသလောက် တက္ကသိုလ်ဆရာ၊ဆရာမတွေ ဝန်ထမ်းတွေ
ဂိတ်ဂျူတီ၊ ၂၄ နာရီလုံခြုံရေးဂျူတီ၊ စာသင်ခန်းဂျူတီ၊
သန့်စင်ခန်းရေအိမ်ဂျူတီတွေ စောင့်ကြည့်ကြရတယ်တဲ့။ ခုထိလည်း
စောင့်နေကြရတယ်လို့ သိရပါတယ်။ အံ့သြစရာလည်း ကောင်းသလို ဝမ်းနည်းစရာလည်း
ကောင်းပါတယ်။ ပညာတတ် ဆရာ၊ဆရာမတွေကို ဒီလိုတာဝန်ပေးတာ မသင့်တော်ပါဘူး။
လုံခြုံရေး ဝန်ထမ်းတွေကပဲ တာဝန်ယူသင့်တယ်။
တာဝန်ရှိသူတွေ တွေးကြဖို့ကောင်းပါတယ်။ လုံခြုံရေး ဂျူတီစောင့်ရတယ်ဆိုတာ
မလုံခြုံဘူးဆိုတဲ့ အဓိပ္ပာယ် ထွက်နေတယ်။ မလုံခြုံတဲ့နေရာမှာ အဆင့်မြင့်ပညာ၊
တက္ကသိုလ်ပညာကို ဘယ်လိုသင်ကြားနေကြသလဲ။ နိုင်ငံတကာကမေးလာရင် ဆရာတို့
ဘယ်လိုပြန်ဖြေကြမလဲ။
လန်ဒန်တက္ကသိုလ်က ခြံစည်းရိုးရယ်လို့ စတိပဲရှိတယ်။
မြို့လယ်ခေါင်မှာရှိတာ။ လန်ဒန်တက္ကသိုလ်ဝင်းထဲမှာ တက္ကသိုလ်က ကျောင်းသား၊
ကျောင်းသူတွေရော၊ ပြင်ပက လူတွေရောပြီး သွားလာနေကြတာပဲ။ အားလုံးက
အေးအေးဆေးဆေးပါပဲ။
တခြား ဆရာတို့ရောက်ဖူးတဲ့ တက္ကသိုလ်တွေဆိုလည်း
ကျောင်းသား၊ကျောင်းသူတွေအတွက် နေချင့်စဖွယ် ဖန်တီးထားတယ်။
ဥပမာ-ကိန်းဘရစ်ခ်ျ၊ သြစတြေးလျ အမျိုးသားတက္ကသိုလ်။ နောက်နမူနာတွေ
အများကြီးပဲ။ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ၊ ပြင်ပက လူတွေ
လွတ်လွတ်လပ်လပ် ဝင်ထွက် သွားလာနေကြတာပဲ။ ပန်းခြံတွေ၊ ရေကန်လေးတွေ၊ အရိပ်ရ
သစ်ပင်တွေနဲ့ စိမ်းလန်း စိုပြေနေပါတယ်၊ သာယာနေပါတယ်။ စာကြည့်တိုက်တွေဆို
၂၄နာရီနီးပါး ဖွင့်ပေးထားတယ်။
စာကြည့်တိုက်ထဲမှာ စာဖတ်ရုံသာမက၊
သီချင်းကို နားကြပ်နဲ့ နားထောင်လို့ရတယ်။ ရုပ်ရှင်ကို DVDနဲ့
ကြည့်လို့ရတယ်။ နားနားနေနေနေလို့ ရတယ်။ အဆောက်အအုံတွေက ကောင်းတယ်။
သစ်ပင်ပန်းပင်တွေနဲ့ နေချင့်စဖွယ် နေရာတွေအဖြစ် ဖန်တီးပေးထားကြတယ်။
မိမိလေ့လာချင်တဲ့ ပညာရပ်ကို စိတ်အေးချမ်းသာ နေ့၊ညမရွေး လေ့လာလို့ရအောင်
ဖန်တီးပေးထားတယ်။ ကြောက်ရွံ့နေရတာတွေ ဘာမှမရှိဘူး။ အဲဒါ တက္ကသိုလ် ဘဝ
တစ်စိတ်တစ်ပိုင်း၊ တက္ကသိုလ်ရနံ့သင်းပျံ့ခြင်းပါပဲ။
ဖြေ-ဆရာက နေ့ကျောင်းသား (DayStudent) ပါ။ ဒါပေမယ့် သူငယ်ချင်းတွေက အဆောင်နေကြတယ်။ ရန်ကုန်တက္ကသိုလ် ဝင်းထဲမှာ မိန်းကလေးဆောင်က သီရိ၊ အင်းလျား၊ ရတနာနဲ့ မာလာဆောင် (၄) ဆောင်ပဲ ရှိပေမယ့် ယောက်ျားလေးဆောင်တွေက အများကြီးပဲ။ အချို့ကတွဲထားတယ်။ အင်းလျားဆောင်(ကျောင်းသူဆောင်)နဲ့ အင်းဝဆောင်(ကျောင်းသားဆောင်)က မောင်နှမ အဆောင်အဖြစ်ထားတယ်။
အင်းလျားမှာ ညစာစားပွဲ (Dinner) ရှိရင် အင်းဝက သွားကူရတယ်။ အင်းဝမှာ ပွဲလမ်းသဘင်ရှိရင် အင်းလျားက ကူရတယ်။
အဆောင်တိုင်းက သီတင်းကျွတ်ပွဲ၊ တန်ဆောင်တိုင်ပွဲတွေကျင်းပတယ်။အကျွေးအမွေးတွေနဲ့ ဧည့်ခံကြတယ်။ တစ်ဆောင် နဲ့ တစ်ဆောင် ဖိတ်ကြတယ်။ အပြန်အလှန် သွားလာကြတယ်။ ဆရာတို့ နေ့ကျောင်းသားတွေက ဝင်နွှဲကြတာပဲ။ အားလုံးပျော် ရွှင်ကြတယ်။
နောက်ပြီး ဆရာတို့ခေတ်က အသင်းအဖွဲ့တွေ အများကြီးရှိတယ်။ နိုင်ငံရေး ဝါသနာမပါသူတွေ၊ သမဂ္ဂမဝင်သူတွေ၊ ဝင်စရာ အသင်းတွေ အများကြီးရှိတယ်။ အားကစားအသင်း၊ လှေလှော်အသင်း၊ ဂီတနဲ့ အနုပညာအသင်း၊ စာပေအသင်းစတဲ့ အသင်းတွေ အဖြစ် တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုအသင်း၊ ရှမ်း၊ မွန်၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်းတွေရှိပါတယ်။ ပန်းချီပန်းပုအသင်း၊ ခြေလျင်နှင့်တောင်တက်ရှိတယ်။ ကိုယ်ကြိုက်တဲ့ အသင်းတွေမှာ ဝင်ပါကြတာပဲ။ ဒီတော့ လူကမျှ ထွက်သွားကြတယ်။ တကယ့် တက္ကသိုလ် ဘဝ (University Campus Life)ကိုလည်း ရခဲ့ကြတယ်။
မေး- တက္ကသိုလ် အဆောင်တွေမှာ ကျောင်းသား၊ကျောင်းသူတွေ နေခွင့်ရတာကို ဆရာက သဘောကျတယ်လို့ ကျွန်တော် ခံစားရပါတယ်။ ဟုတ်ပါသလား ဆရာ။
ဖြေ- ဟာ-သဘောကျတာပေါ့။ အခု ဆရာပြောခဲ့သလိုပဲ ဆရာတို့ခေတ်က အဆောင်နေရတဲ့အတွက် ရလာတဲ့အကျိုး ကျေးဇူးတွေအကြောင်းကို ဦးတင်ဧ(ရှမ်းပြည်)က ဆောင်းပါး ရေးဖူးတယ်။ ဦးတင်ဧက ပင်လုံစာချုပ် လက်မှတ်ထိုးတုန်းက ပါဝင်ခဲ့သူပါ။ သူက (၁၆) နှစ်ကျော်ကျော်နဲ့ တက္ကသိုလ် ရောက်လာတယ်။ ဗဟိုဆောင် (Central Hall) မှာ နေတယ်။ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမယ့် ကိုအောင်ဆန်းနဲ့ ခင်မင်ခဲ့ကြတာ။ နိုင်ငံရေး အတူလုပ်ခဲ့ကြတာ။ ဒီပရဝုဏ်ထဲမှာ ဒီထဲက အဆောင်တွေမှာ နေ့နေ့ညည အတူနေရတော့၊ တစ်ဦးနဲ့တစ်ဦး အတွင်းသိ သိကြတယ်။
ကိုတင်ဧက ကိုအောင်ဆန်းကို ကောင်းကောင်းသိတယ်။ ယုံကြည်တယ်။ ဒါကြောင့် ပင်လုံစာချုပ်မှာ ဝင်လက်မှတ်ထိုးတာ။ အဲဒါ အဆောင်နေခွင့်ရလို့ ကျောင်းဝင်းထဲမှာကိုပဲ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရှိခဲ့တယ်ဆိုတာကို ပြတာပဲ။ ဆရာနဲ့ ဦးတင်ဧ (ရှမ်းပြည်) က မြန်မာစာအဖွဲ့မှာ အတူတူ အလုပ် လုပ်ရဖူးတယ်။
မေး- ဆရာတို့ခေတ်က အားကစား အခြေအနေလည်း သိပါရစေ ဆရာ။
ဖြေ- ဆရာတို့ခေတ်က တက္ကသိုလ်မှာ အားကစား အမျိုးမျိုး ကစားကြပါတယ်။ ဒါပေမယ့် ကျောင်းချိန်ပြင်ပမှာ ကစားကြတာ။ ရေကူး၊ လှေလှော်၊ ဘောလုံး၊ ဘောလီဘော၊ ပင်ပေါင်၊ ကြက်တောင် တင်းနစ်စသဖြင့် ကျောင်းဝင်းထဲမှာပဲ အမျိုးစုံ ကစားလို့ရတယ်။
ရေကူးကန်၊ တင်းနစ်ကွင်း၊ ဘောလုံးကွင်းက ဘီအိုစီကောလိပ်ဘက်မှာရှိတယ်။ ဘောလီဘော၊ဘတ်စကတ်ဘော၊ ပင်ပေါင်၊ ကြက်တောင် အားကစားတွေကို အပန်းဖြေရိပ်သာ (R.C) ထဲမှာ ကစားလို့ရတယ်။
ရန်ကုန်တက္ကသိုလ် လှေလှော်အသင်းက အဲဒီတုန်းက အရှေ့တောင်အာရှမှာ အကောင်းဆုံး လှေလှော်အသင်းဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ဘောလုံးအသင်း ကစားသမား(၁၁)ဦးဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံးဘောလုံးအသင်း ဖြစ်ခဲ့ဖူးပါတယ်။
အခုတော့ ဆရာသိသလောက် လှေလှော်အသင်းက နာမည်ပဲ ကျန်တော့တယ်။ လှေလှော်မယ့် ကျောင်းသား၊ကျောင်းသူ မရှိပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကစပြီး တချို့ အားကစားတွေကို ပြန်ကစားခိုင်းတယ်။ ကျောင်းစာသင်ချိန်တွေမှာ ကစားခိုင်းတယ်။ လေ့ကျင့်ခိုင်းတယ်။ ပြိုင်ပွဲတွေ လုပ်ခိုင်းတယ်လို့ သိရပါတယ်။ ဒါကလည်း လွဲမှားနေပါတယ်။ ကမ္ဘာပေါ်မှာ ကျောင်းစာသင်ချိန်မှာ စာမသင်ရတဲ့ အားကစားလေ့ကျင့်ရတဲ့ တက္ကသိုလ် သာမန်အားဖြင့်တော့ မရှိဘူး။ အားကစား ပညာရပ်သင်တဲ့ ကျောင်းတွေမှာသာ ရှိမှာပါ။
မေး- ကျွန်တော်တို့တွေ့ရသလောက် အခြေခံအဆင့်မှာရော၊ တက္ကသိုလ်အဆင့်မှာပါ တချို့ဆရာ၊ ဆရာမတွေက ပြဌာန်းထားတဲ့ ဘာသာရပ်တွေအပေါ် နားလည်မှုအားနည်းတာ တွေ့ရပါတယ်။ ဒါပေမယ့် ဆရာ၊ဆရာမ၊ ပါမောက္ခ၊ အုပ်ချုပ်ရေးအရာရှိ စတဲ့ ရာထူးတွေရနေကြပါတယ်။ ဒါတွေကို ပြုပြင်နိုင်ပါ့မလားဆရာ။
ဖြေ- စနစ်ကြောင့် အုပ်ချုပ်ရေးပိုင်းမှာ ပြင်ပက ဝင်လာသူတွေရှိပါတယ်။ သင်ကြားရေးမှာတော့ လူရွေးတာမှားတာပဲရှိမယ်။ ပြင်ပက ဝင်လာသူ မရှိပါဘူး။ အခု သင်ကြားရေးပိုင်းက ဆရာ၊ဆရာမတွေရဲ့ အရည်အသွေးကိုမြှင့်တင်ဖို့ ပြင်ဆင်နေပါပြီ။ အင်္ဂလိပ်စာ ကျွမ်းကျွမ်းကျင်ကျင် ဖတ်နိုင်၊ ရေးနိုင်၊ ပြောနိုင်အောင် အထူးသင်တန်းတွေကို အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံအချို့က ဆရာ၊ဆရာမတွေနဲ့ သင်ကြားပေးဖို့ ပြောဆိုနေကြပါတယ်။
အုပ်ချုပ်ရေးမှာ ပြင်ပက လူတွေဝင်နေတာ၊ နောင်ဆိုပျောက်သွား မယ်ထင်ပါတယ်။ အထူးသဖြင့် တက္ကသိုလ်ပညာရေး ပီပြင်လာပြီဆိုရင် တက္ကသိုလ်ပညာရေးက တက္ကသိုလ်ကောင်စီ လက်ထဲမှာပဲ ယခင်ကလို ရှိသင့်ပါတယ်။ ပညာရေးဝန်ကြီး လက်အောက်မှာ ဆရာတို့ခေတ်က တိုက်ရိုက်မရှိဘူး။ ဒါနိုင်ငံတကာရဲ့ အစဉ်အလာပဲ။ နိုင်ငံတကာနဲ့ ယှဉ်ချင်တယ်ဆိုရင် နိုင်ငံတကာလိုပဲ ကျင့်သုံးဖို့လိုတယ်။ ကြာတော့ ကြာဦးမှာပါ။
မေး- ပညာရေး၊ ကျန်းမာရေး စတဲ့ ဌာနတွေရဲ့ ရာထူးတချို့မှာ လူမှန်နေရာမှန် မဟုတ်တာကြောင့် နိမ့်ကျရခြင်းလည်း အကြောင်းရင်းတစ်ခုဆိုတဲ့ အမြင်အပေါ် ဆရာ့သဘောထား သိပါရစေ။
ဖြေ- မှန်ပါတယ်။ ပညာရေး၊ ကျန်းမာရေးမှတင် မဟုတ်ပါဘူး။ ဘယ်လုပ်ငန်းမဆို တကယ်လုပ်ငန်းကို သိကျွမ်းသူတွေက အောက်ခြေက စတက်တာမှန်တယ်။
ဥပမာ- ပညာရေးဆိုပါတော့ဗျာ။ အခု ဝိဇ္ဇာသိပ္ပံပညာရှင်အဖွဲ့မှာ ဥက္ကဌ တာဝန်ယူနေတဲ့ ဆရာကြီးဦးသန်းဦးဆိုပါတော့ သူ့ ရဲ့ အငြိမ်းစား မသွားခင် နောက်ဆုံးရာထူးက ပညာမင်းကြီးဗျ။ ဒီရာထူး မရခင် သာမန်ကျောင်းဆရာဘဝ စခဲ့ရတာ။ နောက်ရာထူးတွေ အဆင့်ဆင့် တက်ခဲ့တာ။ ကျောင်းအုပ်ဆရာကြီးလည်း လုပ်ဖူးတယ်။ ဒါကလည်း သူတကယ်တော်လို့ ရတဲ့ရာထူး။
ဒီလို လူမှန်နေရာမှန်တော့ တိုင်းပြည်က ပညာရေးနဲ့ ပတ်သက်ပြီး ဆရာကြီးဦးသန်းဦးဆီက ယနေ့ထိ အကြံဥာဏ်တွေ ရယူနေရတယ်။
ကျွန်တော်တို့နိုင်ငံမှာ ပညာရှင်တွေက သူ့သက်ဆိုင်ရာ ပညာရပ်နယ်ပယ်မှာ အလုပ်လုပ်ခွင့်ရဖို့ ဝန်ကြီးဌာနတိုင်းမှာ လိုအပ်ပါတယ်။ ဒါမှ တိုင်းပြည်တိုးတက်မယ်။ ပညာရှင်တွေလည်း ပျော်မယ်။ မဟုတ်ရင် ဆုံးရှုံးမှုတွေဖြစ်တယ်။ ကျွန်တော့် တပည့်တစ်ယောက် ရှိတယ်။ စာကြည့်တိုက်မှူးပေါ့။ သူကစာကြည့်တိုက် လုပ်ငန်း ကျွမ်းကျင်တယ်။ စာအုပ်စာပေတွေအကြောင်းလည်း အတော်များများသိတယ်။ သူ့ကို ဝေးလံတဲ့ နေရာတစ်ရပ်မှာ ကမ္ဘာလှည့်ခရီးသည်တွေဆီက ဒေါ်လာကောက်တဲ့ နေရာမှာ တာဝန်ပေးတယ်။ သူ့ကိုစိတ်ချ ယုံကြည်လို့ပေါ့။ တပည့်လေးက အလုပ်ထွက်လိုက်တယ်။ ဒါ ပညာရှင်ကို မခိုင်းသင့်တဲ့ အလုပ်တာဝန်ချတော့ လူ့စွမ်းအား အရင်းအမြစ် ဖြုန်းတီးရာလည်းရောက်တယ်။ စီမံခန့်ခွဲရေးပညာ တတ်ကျွမ်းရင် ဒီလိုမဖြစ်ဘူး။ လူမှန်နေရာမှန် တာဝန်ပေးရင် တိုင်းပြည်တိုးတက်မယ်။ ဆရာတို့ခေတ်က Specialization အထူးပြုပညာကို အဓိက ထားတဲ့ခေတ်။ General အထွေထွေ လုပ်တာမျိုး မဟုတ်တော့ဘူး။
ဆက်ရန်။ (The Nation)
http://www.blogger.com/blogger.g?blogID=7942879204898267339#editor/target=post;postID=7266451425086432743
တေ့ဆုံမေးမြန်းခြင်း အပိုင်း (၁)
www.maukkha.org
0 comments:
Post a Comment