Monday, February 1, 2010

ဘုရားသာရှိ တရားမရှိ”

ဆီလုံရပ် ဆွစ္စလော့ဂ်ျမှ
အသော့မြန်စွာ ထွက်ခွာသိမ်း
စန့်ဂျိမ်းဟိုတယ်ပြောင်းခဲ့တယ်။
ဆုခုမ်ဗစ်လမ်းတဲ့
ယောက်လမ်းနဲ့ခပ်ဆင်ဆင်
အာရှအသွင်ဆိုင်တန်းကလေးတွေ
လမ်းနံဘေးမှာခင်း
ထမင်းအ၀စား
တက္ကဆီကားတွေ ဆိုင်ကယ်တွေနဲ့
မြိုင်လယ်ဗွေမှာ သစ်ပင်ပန်းမာလ်
ဝေဆာဆာ
ပျော်စရာစခန်းပါပဲ။

ကောင်းကင်လမ်းမှာ ရထားပြေး
အများငေးရတဲ့ အင်ပိုရီယမ်
ဆူညံညံ ကားသံတွေကြားထဲ
သမီးလက်တွဲ မြေးလက်ဆွဲလို့
မရဲတရဲနဲ့ လမ်းဖြတ်ကူး
မရောက်ဖူးတဲ့ဒေသမို့
ဆွေပြ မျိုးပြ အလည်ထွက်သလိုပါ။

အရှေ့တောင်အာရှမှာ
မြန်မာက နောက်ကျန်
ရန်ကုန်က သေးနုပ်
သိဂုင်္တ္တရ ကုန်းမြေပေါ်က
ရွှေတိဂုံစေတီတော်သာ မရှိခဲ့ရင်
ဇာတိပျောက် မာန်ပျောက်
ခေါက်ရိုးကျေ ကျပ်တန်နွမ်းလို
မျက်နှာပန်းလှနိုင်မှာမဟုတ်။

ရွှေတိဂုံနဲ့ ပုဂံ
မြန်မာမှာ ကျန်သေးလို့
ဇာတိမာန်မစို့တစို့
နှစ်ချို့ကလေးတွေ့နိုင်သေးတယ်
ခေတ်အရေးမှာတော့
တစ်မပြေးနိုင်တော့ပါတကား။

အလျှံတောက်နေတဲ့
ဘန်ကောက်ဆိုတဲ့မြို့ကြီး
စစ်မီးလဲမလောင်ဖူး
စစ်ရူးတွေလဲ မလွှမ်းမိုး
ရှေးရိုးပဒေသရာဇ်
ဘုရင်စနစ်ပင်ဖြစ်သော်လဲ
ဒီခေတ်မှာအမှီလိုက်
အကြည်ဆိုက်နေနိုင်မှုကြောင့်
သာဓုခေါ်ခဲ့ရပါတယ်။

ဗုဒ္ဓဘာသာနိုင်ငံချင်းတော့ တူပါရဲ့
ကံကြမ္မာမတူတော့
မြန်မာဟူသမျှ မှေးမှိန်
ဂုဏ်သိက္ခာ သေးသိမ်ပြီး
ခွေးအိမ်မှာ စံရတဲ့အဆင့်ပါကလား။

ငါတို့မြန်မာနိုင်ငံ
သယံဇာတ ပေါကြွယ်ဝ
ဥတုရာသီကလဲမျှတ
စိတ်နေလဲ လှပါရဲ့။
ဘ၀ပေး ကုသိုလ်
ဘာတွေများလိုနေလို့
မပုတိုက နသိုးမွေး
အကုသိုလ်ကအကျိုးပေးနေရပါလိမ့်။

ဘုရားသာရှိပေမဲ့
အမှားအတိနဲ့
တရားမရှိတဲ့နိုင်ငံရယ်လို့
အမှန်အတိုင်း မှတ်ချက်ချကြလျှင်
ဒေါသအမျက်
ခံနိုင်ခက်ကြလေမလား မသိ။ ။

တင်မိုး
၃၁၊ ၁၊ ၂၀၀၁

“တရားမရ များစွာ သတ္တ၀ါထဲမှာ ငါလဲပါတယ်”

ဘယ်လ်ဂျီယံမှာ ဘီယာပေါပေမယ့်
အညာထန်းတောက ထန်းရည်တမြူလောက်
ငါ့နှလုံးကို မချူနိုင်ဘူး။
နီလာစိမ်းရောင်၊ ငှက်ခါးတောင်တဲ့
အရောင်ကလှလှ
အတောင်ကြွနေသလို
ပင်ကျရည်ပလုံစီကလေးနဲ့
ရနံ့မွှေးတဲ့ပတတ်ကင်
ပါးစပ်တပြင်ပြင်နဲ့ ခွက်လှည့်မော့
လှည်းယာဉ်ကြော့နဲ့ အိမ်ကိုပြန်
စည်းစိမ်ခံခဲ့ရတဲ့ကာလများကို
ဘယ်သင်းကမှ အစားမထိုးနိုင်ခဲ့။

ငယ်သူငယ်ချင်း မိတ်ရင်းဆွေဖော်တွေနဲ့
ပျော်ချင်တိုင်းပျော်ခဲ့ရတဲ့
ငယ်ဘ၀တလွမ်းလွမ်း
မျက်ရည်ကလေးတစမ်းစမ်းနဲ့
ဘဂျမ်းကဘင်ဂျို
ဗိုလ်သွန်းကဟွန်းတယော
ပါးစပ်တောနဲ့စည်းဝါး
ကိုခွေးတောင်ပါသေးဗျား
တယောပြားကအကိုကျော်
အဆိုတော်က မောင်တင်ရွှေနဲ့ မခင်ညို
ဘင်ဂျိုတလက်က ကိုဗိုလ်ကေ
ဒိုးမွှေတာက ကိုပြူး
ကိုဗေဒါကလည်းကလဲ မြူးသကိုးဗျ
လှည်းဦးကနှဲဆရာ၊ ကိုထွန်းစိန်ခမျာလဲ
လည်ချောင်းသာကွဲရော့၊ နှဲသံကတဂိဂိ
ဆုတောင်းပြည့်နဲ့သိမ်တော်ပွဲ
ပျော်စရာနွှဲခဲ့ကြတယ်၊ တကထဲသည်လိုဘဝ
ဥရောပမှာ ဘယ်မှာရနိုင်ပါ့မလဲဗျာ။

အသက်ကလဲငယ်သေးလို့
ရမ္မကလဲ မပြယ်သေးခင်
ပြည်အဆွေးပြည်အလွမ်း
ဒီလောက်တောင် သန်စွမ်းချင်မှသန်စွမ်းမယ်။

တကယ်တမ်းဆိုတော့
အစွမ်းအစတွေအရည်ပျော် လွမ်းစတွေပေါ်နေတဲ့
ခြောက်ဆယ်ကျော်မှပြည်ပြေးဖြစ်
ခွင့်သာခိုက်မို့လစ်ခဲ့ရ
ပြည်ချစ်သူတို့ရဲ့ တစစ်စစ်ဝေဒနာ
နာတရာအထပ်ထပ်
အာဏာငတ်သူတွေကိုလဲဒေါသဖြစ်
မောဟမြစ်ထဲလက်ပစ်ကူးရတော့တယ်။

ပြည်သူလူထုတန်ခိုးထပြီး
အစိုးရဖြစ်လာမယ့်အချိန်ကို
တပိန်ပိန်တလိမ်လိမ်အောင့်ပြီး
နွားပိန်ကန်ချိန်စောင့်နေရတော့တာပဲဗျို့။

နေညိုချိန် ‘လေ’ ထတော့
ပင်ကျရည်စိမ်းဖျော့ဖျော့ကို
ထန်းပင်ဆီတမော့မော့နဲ့
စိတ်ဆော့တဲ့ဖြစ်ရပ် လွမ်းလွမ်းနဲ့ငတ်မိရဲ့
တို့ဇာတ်တွေဘယ်လိုသိမ်းလို့
တို့ရွှေရင်ဘယ်လိုသိမ်းရပါ့။

ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ ဒီဗွီဘီ
ရေဒီယိုအသံလှိုင်းရှိသမျှ နေ့တိုင်းကလိ နေ့တိုင်းရှာ
မျှော်လင့်ချက်ရောင်ခြည်ဖြာမယ့်
အခါတော်စောင့်စား
ကိုယ့်စိတ်ကိုတောင့်ထားရ အလွမ်းဖျားတက်
ဘဂျမ်းသားရဲ့ အခက်ပါလားဟရို့။

လက်ဖက်ကလေးတမြုံ့မြုံ့
ပါးရေကလေးတရှုံ့ရှုံ့နဲ့
ခေါင်းငုံ့ခါးမတ်ပြီး တရားမှတ်ပေမယ့်
တရားကပ်မယ်မထင်ပေါင်
‘တို့အရေး … တို့အရေး’ တဲ့
ကြွေးကြော်သံတွေ ကြားယောင်ယောင်။ ။

တင်မိုး
တော်လှန်ရေးနေ့ (၂၇-၃-၂၀၀၁)

ရွှေဇီးကွက် အင်္ဂလန်
ကျွန်းပင်ငယ်သော်လဲ
အ၀န်းကျယ်တဲ့ အင်္ဂလန်။
ကမ္ဘာအရပ်ရပ်က
ရတတ်သမျှ ပညာယူ
သူတို့လူ သူတို့အမျိုး
တန်ခိုးကြီးအောင် ပညာပေး
သူတို့အတွေး သူတို့အခေါ်
ကမ္ဘာမှာ ကျော်ပါပေ့
မော်ကြည့်ရတဲ့ အင်္ဂလန်။
နိုင်ငံတကာ သူနယ်ချဲ့
နေမ၀င်တဲ့ ဒီနိုင်ငံ
ပြိုင်စံရှားပါတဲ့ အင်္ဂလန်။
စက်မှု သိပ္ပံ ၀ိဇ္ဇာ မှန်သမျှ
မကျန်ရအောင် သူဆည်းပူး
ဆည်းပူးသမျှ သူဖြန့်ဖြူး
အညွန့်ခူးလို့ တံခွန်ထူ
လူသားဆန်တဲ့ အင်္ဂလန်။
ဒီလို ကျွန်းနိုင်ငံ ဂျင်ဂလယ်က
အမြင်ကျယ်ကျယ်နဲ့ ကမ္ဘာလျှမ်းတာ
ဘာဆန်းသလဲ။
တွေးကြည့် … တွေးကြည့် …
အရေးရှိရင် သတိနဲ့ပြည့်စုံ
ပညာဂုဏ်ကိုလဲ အလေးမြတ်ထား
ကြိုးစားလုံ့လ ဥဿဟလဲကောင်း
ဦးခေါင်း၊ ခြေလက် မကျန်ရ
သီလ သမာဓိ ဆောက်တည်တော့
သူတို့ပြည်ထွန်းကား
ကြီးပွားတာဘာဆန်းသလဲ။
မျက်ကန်းတွေမကြီးစိုး
အရိုးကိုအရွက်မဖုံး
မျက်လုံးကျယ်တဲ့ ရွှေဇီးကွက်
လက်မထောင်တဲ့ အင်္ဂလန်။
ဤအင်္ဂလန် အနှီအင်္ဂလန်ဟာ
စံနမူနာ ယူဖို့ကောင်းတဲ့
တက္ကသိုလ်ကျောင်း အင်္ဂလန်ပေပ။

ဒီလိုအင်္ဂလန်အဖွဲ့ကို ချီးကျူးရေးမိလို့ နယ်ချဲ့ဘုန်းတော်ဘွဲ့ ရေးရကောင်းလားလို့ တလွဲ ချော်မတွေးလိုက်ပါနဲ့။ ပညာမျက်စိကျယ်တဲ့ အင်္ဂလန်ကို ချီးကျူးတာပါ။ ကိုယ့်နိုင်ငံသားတွေ ကျဉ်းမြောင်းတဲ့စိတ်နဲ့ ချောင်ပိတ်နေတာကို သတိရစေချင်လို့ပါ။ ပညာတံခါးတွေပွင့်ပြီး နိုင်ငံ့ဂုဏ်ကျက်သရေ မြှင့်တင်နိုင်ကြ ပါစေ။ ။

တင်မိုး

ကိုယ့်ကိုယ်ကိုလဲ အားမရ။ ကိုယ့်ကဗျာအပိုင်းအစတွေကလဲ မလှမပနဲ့မို့ ရသမပြည့်စုံတဲ့ ကဗျာ့ဘုံဖြစ်နေရပါတယ်။ ဒီတော့ ခုလိုညည်းချင်းကဗျာ သံဝေဂစာများကို ရေးမိတော့တာပေါ့ဗျာ။

ခေတ်ရဲ့သဒ္ဒါလင်္ကာရ
စာလုံးတွေမလှ နှလုံးကြေမွ
အမုန်းတွေ ပြနေရော့ထင့်။

ဟန်တွေ မာန်တွေ နုသစ်အောင်
သဏ္ဌာန်တွေ သံပြေထုဆစ်ကြည့်တော့
အဖုအထစ်တွေဗြုတ်ထ
ဒုက္ခပါကလား ကွယ်ရို့။

ဆိုလိုက်တိုင်း အသံမလှ ဌာန်မကျ
အိုဘယ့် သဒ္ဒါလင်္ကာရ။

ကာရန်က ကျည်ဆန်ဖြစ်တော့
အချစ်က အမုန်းပြောင်း
နှလုံးကောင်းနိုင်ပါဦးတော့မလားကွယ်။

ငါဆိုချင်တဲ့တေးက
စနစ်ပျိုပျို အချစ်ချိုချိုနဲ့
အသစ်ဆိုတဲ့ ခေတ်ကြိုတေး။ ။

တင်မိုး


ရေးမိတဲ့ကဗျာကတော့ …“သရဲစီးနေတဲ့ ကမ္ဘာ” တဲ့။

သရဲစီးနေတဲ့ ကမ္ဘာ
လိုဂန်လေဆိပ်က
တရိပ်ရိပ်ပျံသန်း
အယ်လ်အေ စခန်းရောက်လာ
ကဗျာခရီးစဉ် တထောက်နား
အနောက်ဖျားသို့ ရောက်ပြန်ပြီ။

ကဗျာရွတ်စမ်းမယ်လို့
အဟမ်းလို့ ချောင်းအဟန့်
အလန့်တကြား
အသံကြီးကြားလိုက်ရ
အလို … ဘာများဖြစ်ပါလိမ့်ဟရို့။

အို .. ဖြစ်ရလေခြင်း၊ အမယ်မင်း …
အခင်းမလှ၊ သတင်းတွေရခဲ့ပေါ့ …
ကမ္ဘာ့ငိုချင်း တပုဒ်ပါလား။

နယူးယော့ခ် မျှော်စင်ညီနောင်
ဘယ်အကောင် ဘယ်သူစေလို့
ဘယ်နည်းနဲ့ ဂြိုဟ်မွှေပါလိမ့်
လေယာဉ်ကြီးနှစ်စင်း
အရှိန်ကြီးပြင်းပြင်းနဲ့
ဖောက်ထွင်း တိုက်ခဲ့ပါသတဲ့။

ပင်တဂွန် စစ်ဌာနချုပ်ကိုလဲ
ထိုးသုတ်တဲ့ စွန်မိုက်လို
လေယာဉ်နဲ့တိုက်ခဲ့ပါသတဲ့။

ပစ်တ်စ်ဘတ် လေဆိပ်မှာထိုးကျ
အပိုင်းပိုင်းအစစ ဖြစ်သွားတဲ့
ခရီးသွားလေယာဉ်ကလည်း
တစင်း … တဲ့။

အထပ်တရာကျော် မျှော်စင်ကြီးတွေလဲ
မီးဟုန်းဟုန်းထတောက်
အစပျောက် ဘ၀ပျောက်
နယူးယော့ခ် ငိုကြွေးသံ
ဘ၀ဂ်က ညံပါရော။

စစ်သွေးကြွ အကြမ်းဖက်သမားတို့
လူသားကို မစာနာ
ညှာတာမှုကင်းကင်းနဲ့
ရက်စက်ခြင်းကမ်းကုန်
ကမ္ဘာကြီးတုန်လောက်ကဲ့
ငါ့အာရုံ နောက်ကျိ
ဇောက်တိ ဇောက်ထိုး
ကိုယ်ကျိုးနဲပါပေါ့ကလား။

ဒီကမ္ဘာရဲ့
မသတီစရာ အကြမ်းဖက်မှု
လူထုရဲ့ ငရဲခန်း
သူရဲဖမ်းတဲ့လက်နဲ့
အသကို နုတ်လိုက်တာ
ပြုတ်ပြုတ်ပြုန်းရချေပေါ့။

မာနတွေ အာဃာတတွေနဲ့
ကမ္ဘာဒမြတွေကို
ဘယ်လိုမသာချရပါ့
ယုတ်မာသူက ခေါင်းထောင်
အနိုင်ကျင့်သူက အောင်သမျှ
မီးလောင်တဲ့ ဒီကမ္ဘာ
ရေသီတာ ဘယ့်နှယ်လောင်းရပါ့
ခေါင်းခဲလိုက်ပါဘိကွယ်။

ကျောင်းသားဘ၀တုန်းက ကျွန်တော်တို့ကျေးလက်တောရွာမှာ လောက်စပီကာ တညံညံနဲ့။ အလှူပွဲ မင်္ဂလာပွဲမှာ တွံတေးသိန်းတန်ရဲ့ “ထွေးညို” က မပါမပြီး။ ထွေးညိုဇာတ်လမ်းထဲက “သာဒင်ကို ဘာထင်သလဲ” ဆိုတဲ့အသံ နားထဲမှာ ကြားယောင်ယောင်။ ခုလဲ ကမ္ဘာတခွင်မှာ လူမိုက်ဘုရင်တွေ တွင်ကျယ်နေပါရောလား။ “လာဒင်ကို ဘာထင်သလဲ”ဆိုတဲ့ ကြိမ်းဝါးသံ။ သင်းတို့အသံကို ကမ္ဘာ့လူထုက လက်ခံပါ့မလား။ ကမ္ဘာ့လူထုရဲ့ဆန္ဒကို ဆန့်ကျင်လို့ရမတဲ့လား။ ကဗျာရေးချင်စိတ်ပေါ်လာတာနဲ့ ကောက်ကာငင်ကာ ရေးလိုက်မိပြန်ပါပြီ။ “သွေးကြွတဲ့အရိုင်းစိတ်” တဲ့။

သွေးကြွတဲ့အရိုင်းစိတ်
ဗိုလ်တကာနဲ့ယှဉ်ပြီး စွာချင်တဲ့
အိုစမာ ဘင်လာဒင် …တဲ့။
မြန်မာအသွင်နဲ့ ဆိုရရင်။
“လာဒင်ကို ဘာထင်သလဲ” ဆိုတဲ့လူစား
အကြမ်းဖက်လူရမ်းကားပေါ့။

ဆော်ဒီနိုင်ငံသား အာရေဗျဖွားပေမယ့်
တပါးနိုင်ငံ
အာဖဂန်နစ္စတန်မှာ
ပိုက်ဆံတွေပေး လူတွေမွေး
စစ်သွေးကြွ နှိုးဆွ
တန်ခိုးတပြပြနဲ့
အစိုးတရ မင်းမူနေသတဲ့။

ရှေးဟောင်းအမွေအနှစ်
ကျောက်ဆစ်ထားတဲ့
ဗုဒ္ဓရုပ်ပွားတွေကိုလဲ
မလိုမလား ဖျက်ဆီး
ရန်မီးကို ဟုန်းဟုန်းတောက်အောင်
အားပေးအားမြှောက်ပြုပြီး
ငြိမ်းချမ်းမှုကိုတော့ လက်မခံ
တာလီဘန်တွေကို မိုက်ဇာတ်သွင်း
သေမင်းတမန် ပုံစံလောင်း
မကောင်းမှုကို ခုံမင်
သေရဲတာ သတ္တိထင်အောင်
လမ်းစဉ်မှားတွေ ညွှန်ခဲ့တယ်။

သတင်းမှောင်ချလို့
အလင်းရောင်မရတဲ့ တို့နိုင်ငံ
တာလီဘန်သွေး
ဘင်လာဒင်ကလေးတွေ
မွေးကုန်ရင်အခက်
တွေးမိတိုင်း သွေးပျက်မိတယ်။

ရက်စက်မှုကို အရသာခံတာ
လူသားမဆန်တဲ့ လုပ်ရပ်မို့
စစ်စိတ်ဓာတ် စစ်ဝါဒီမှန်သမျှ
ခေါင်းထောင် မထစေနဲ့
မောဟရဲ့ စေတမန်ကို
တောလှန်ရေး မထင်မှတ်ကြနဲ့
လူမိုက်ဇာတ် လက်စတုံးအောင်
ဥာဏ်သုံးပြီး ဖြိုခွင်း
သန့်ရှင်းတဲ့ မေတ္တာဓာတ်နဲ့
ကမ္ဘာကိုထွေးပတ်ပြီး
အေးရပ်ဌာနေပို့ကြစေ။

အပြစ်မဲ့ ပြည်သူတွေကို
သေစေတဲ့လုပ်ရပ်ဟာ
မြင့်မြတ်မှုမဟုတ်
ယုတ်မာမှုဖြစ်ကြောင်း
ကဗျာခေါင်းလောင်း
ထိုးလိုက်ပါရစေ။ ။

တင်မိုး
၉၊ ၂၁၊ ၂၀၀၁

0 comments:

Post a Comment