Tuesday, January 25, 2011

ထောင်ပြောင်းခံရသူတွေနဲ့ ထောင်တွင်းနေမကောင်းသူများ

မိတ္တိလာအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၆ ယောက်ထဲမှာ ထောင်ဒဏ် ၈နှစ်ခွဲကျခံနေရတဲ့ မြောက်ဥက္ကလာသီရိဇေယျကျောင်းက သက်တော် ၅၂ နှစ်ရှိတဲ့ ဆရာတော် ဦးစန္ဒာဝရဟာ နေမကောင်းဖြစ်နေပါတယ်။ ဇန်န၀ါရီ ၂၀ရက်နေ့က ထောင်ဝင်စာတွေ့ခဲ့တဲ့ ဆရာတော်ရဲ့ ညီမ မသွယ်သွယ်ဝင်းက ဆရာတော်ရဲ့ အခြေအနေကို ခုလိုပြောပြပါတယ်။
ဦးဇင်းနေမကောင်းဘူး။ ညညဆို အိပ်မပျော်ဘူးတဲ့။ နှလုံးဆေးကတော့ အမြဲတမ်းသောက်နေရတာ။ ကြည့်ရတာက အထဲထဲမှာလည်းလေ ထောင်သားအချင်းချင်းကိုက နှိပ်စက်နေတာ အဲ့ဒီသဘောမျိုးလားမသိဘူး။ သူလည်း ခါးထိထားတယ်တဲ့။ ကျမက မေးတာပေါ့ အချင်းချင်းရိုက်တာလား သူတို့က ၇ိုက်တာလားပေါ့။ အဲ့ဒါလည်း သူက မပြောဘူး။ ထောင်မှူးကို ကျမပြောတာပေါ့ အကောင်းဆုံးဖြစ်အောင်လုပ်ပေးပါပေါ့။ ကျမ သူ့ကြည့်ရတာ စိတ်မချမ်းသာဘူးဆိုပြီး ငိုယိုပြီးပြောတော့ ကျနော်တို့ လုပ်ပေးပါတယ်တဲ့ ဘာမှ မပူပါနဲ့တဲ့။



ဆရာတော်ရဲ့ညီမ မသွယ်သွယ်ဝင်းပြောသွားတာပါ။ ဒီလိုအလားတူပဲ မိတ္တိလာထောင်မှာ ထောင်ဒဏ် ၅နှစ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းစန်းတင်ဟာလည်း သွားစိုက်ဖို့နဲ့ နှလုံးရောဂါအတွက် ဆရာဝန်က ဆေးစစ်ခိုင်းထားတာကြောင့် အထက်အဆင့်ကိုတင်ထားရာမှာ ခွင့်ပြုမပေးသေးလို့ အခက်တွေ့နေရတယ်လို့ မနေ့က ထောင်ဝင်စာတွေ့ခဲ့တဲ့ ညီမဖြစ်သူ ဒေါ်စုစုကြည်ကပြောပြပါတယ်။

အန်တီစန်းက သွားတွေပြုတ်နေတာရယ် နှလုံးရောဂါရှိတော့ အီးစီဂျီဆွဲဖို့ရယ် အယ်လ်ထရာဆောင်းရိုက်ဖို့ရယ်ကို စာတင်ထားတာ ကြာလှပြီတဲ့ ထောင်ပိုင်ကြီးဆီ စာတင်ပေးထားတယ်တဲ့ သူ့ကိုဘာမှ လုပ်မပေးသေးဘူးတဲ့ ခုထက်ထိတဲ့ သွားက မရှိတော့ မစားနိုင်ဘူး။ အိမ်ကလည်း ပို့တာက ကြာကြာခံအောင် ငါးခြောက်တော့ဘာတို့ အဲ့လိုဟာတွေပို့တော့ သူက မ၀ါးနိုင်ဘူးဖြစ်နေတယ်။

ဒေါ်စန်းစန်းတင်ရဲ့ ညီမဖြစ်သူ ဒေါ်စုစုကြည်ပြောသွားတာပါ။ ထောင်ဝင်စာတွေ့ခွင့်ရတဲ့ မိသားစုတွေက အကျဉ်းချခံရသူတွေရဲ့ အခြေအနေကို သိခွင့်ရပေမယ့် ထောင်တွင်းကဖိနှိပ်မှုတွေကို အထက်အဆင့်ဆင့်နဲ့ ပြင်ပမီဒီယာတွေကိုပြောမိလို့ ထောင်ပြောင်းခံလိုက်ရပြီး ဘယ်ရောက်နေမှန်းမသိတာကြောင့် စိတ်ပူနေရတဲ့ မိသားစုဝင်တွေလည်းရှိပါတယ်။ သူကတော့ မန္တလေးအန်အယ်လ်ဒီအဖွဲ့ဝင် ရွှေခမောက် ကိုရွှေမောင်းရဲ့ မိသားစုတွေပါ။ ဖျာပုံထောင်မှာ ထောင်ဒဏ် ၆နှစ်ချခံထားရတဲ့ ကိုရွှေမောင်းကို ဇန်န၀ါရီ ၆ ရက်ကတည်းက ဖျာပုံထောင်ကနေ ပြောင်းသွားပေမယ့် ခုချိန်ထိ ဘယ်မှာရောက်နေတယ်ဆိုတာမသိရပါဘူး

။ ဒီအခြေအနေကို ကိုရွှေမောင်းရဲ့ ဇနီးသည် မသန်းသန်းဝင်း ပြောပြတာကတော့

၁၂ ရက်နေ့ကတည်းက တောင်ကုတ် အချုပ်ထောင်ကနေပြောင်းသွားတယ် ဆိုတာ မျက်မြင်သက်သေကနေ ကျမဆီ ဖုန်းလှမ်းဆက်ပြောတာဗျာ။ အဲ့ဒီတော့ ကျောက်ဖြူကို လူတယောက်ထားပြီးတော့မှ စစ်တွေသွားမယ်လို့ ကျမ အဲ့လိုသိထားတာပေါ့။ စစ်တွေထောင်လည်း မရောက်သေးဘူးလို့ ကျမသိတယ်။ ကျောက်ဖြူထောင်မှာရှိနိုင်လောက်တယ်ဆိုပြီး ကျောက်ဖြူထောင်ကို ဖုန်းလှမ်းဆက်တယ်။ ဖုန်းလှမ်းဆက်တော့ ဖုန်းကိုင်တဲ့သူက သူတို့မှာ ဖြေပိုင်ခွင့်မရှိဘူးတဲ့။


ကိုရွှေမောင်းရဲ့ ဇနီး မသန်းသန်းဝင်းပါ။ သူ့အနေနဲ့ ကိုရွှေမောင်းဘယ်ရောက်နေတယ်ဆိုတာကို သိရှိနိုင်ဖို့ အန်အယ်လ်ဒီအဖွဲ့ချုပ်ကိုလည်း အကူအညီတောင်းထားတယ်လို့ပြောပါတယ်။ နောက်ထပ်ထောင်တွင်း မတရားမှုတွေကို တိုင်တန်းလို့ ထောင်ပြောင်းခံရသူကတော့ အိုးဘိုထောင်မှာ ထောင်ဒဏ် ၂၅နှစ် ကျခံနေရတဲ့ စာရေးဆရာနဲ့ ဓမ္မကထိက ဆရာတော် ၀ီရသူ(မစိုးရိမ်) ခေါ် ဦးဝိစိတ္တာဘိဝံသပါ။ မန္တလေး အိုးဘိုထောင်ထဲမှာ ထောင်ကျခံနေကြရတဲ့ ထောက်လှမ်းရေးဟောင်းတွေရဲ့ အခွင့်ထူးခံဗိုလ်ကျနေမှုတွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ပြည်ထဲရေးဝန်ကြီးဆီကို စာပို့တိုင်ကြားလို့ ပြီးခဲ့တဲ့အပတ်ကထောင်တွင်းမှာ အထက်က ၀င်ရောက်စစ်ဆေးတာခံရပြီးတဲ့နောက် ဆရာတော်ကိုမနေ့က မြစ်ကြီးနားထောင်ကိုပြောင်းလိုက်ပါတယ်။ ဒီလိုထောင်ပြောင်းလိုက်တာကို သက်ဆိုင်ရာက မိသားစုကိုအကြောင်းမကြားပေမယ့် လမ်းခုလတ်ဘူတာတခုကနေ ဆရာတော်က ဖုန်ဆက်အကြောင်းမှ သိရတယ်လို့ မိသားစုဝင်တွေက ပြောပြကြပါတယ်ဗျား။
Posted by အညာနွေတမာမြေ anyarnwaytamarmyay at 9:39:00 AM  
Labels:

http://anyarnwaytamarmyay.blogspot.com/2011/01/blog-post_23.html အညာနွေတမာမြေမှ တဆင့်ကူးယူမျှဝေသည်။

0 comments:

Post a Comment