Wednesday, April 6, 2011

ပဋ္ဌာန်း အမေးအဖြေ

မေး။    ဘုန်းတော်ခြောက်ဆူ ပန်းမဉ္ဇူဖြင့် လှိုင်ကြူကြည်အေး ဘုံတဝေးကို ပျံ့မွှေးတော် မူစေနိုင်သော ရှင်တော်မြတ်ဘုရားသည် ပဋ္ဌာန်းဒေသနာတော်မြတ်ကို အဘယ် အရပ်၌ ဟောကြားတော် မူခဲ့ပါသနည်းဘုရား။

ဖြေ။ ဘုန်းတော်မကိုဋ် အောင်လံစိုက်၍ သုံးတိုက်ဝေနေ များဗိုလ်ခြေတို့ ရိုသေဦးညွှတ်ရာ   ဖြစ်တော်မူသော သုံးလောကထွတ်ထား မြတ်စွာဘုရားသည် ယုဇနာ တစ်သောင်း ကျယ်သော တာသတိံသာ နတ်မြို့တော်ကြီးအတွင်း ပင်လယ်ကသစ်ပင်ရင်းတွင် ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်၌ ထူးဆန်းနက်နဲလှစွာသော   ပဋ္ဌာန်း ဒေသနာတော်မြတ်ကို အကျယ်အားဖြင့် ဟောကြားတော်မူခဲ့ပါသည်ဘုရား။
မေး။ ပဋ္ဌာန်းဒေသနာ၏ ဟောကြားရာအရပ်ကို သိရပါပြီ။ ရှင်တော်မြတ်ဘုရားသည် ထိုပဋ္ဌာန်း ဒေသနာတော်မြတ်ကို အဘယ်ကာလ၊ အဘယ်အရပ်ဌာနတွင် ရှေးဦးစွာ ဆင်ခြင်သုံးသပ် တော်မူခဲ့ပါသနည်း။
ဖြေ။ ဗောဓိမဏ္ဍိုင်ဝယ် လေးခိုင်သော သစ္စာပန်းကို ဆင်မြန်းတော်မူပြီး၍ သုံးလောကထွတ်ထား ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ခုနစ်ပါးသောအရပ်ဌာနတို့၌ သတ္တာဟစံနေ တော်မူစဉ်အခါ စတုတ္ထသတ္တာဟရတနာဃရ ရွှေအိမ်နန်းတွင် ပဋ္ဌာန်း ဒေသနာတော် မြတ်ကို သုံးသပ်ဆင်ခြင်တော်မူခဲ့ပါသည်။
မေး။ ဓမ္မသင်္ဂဏီ အစရှိသော အဘိဓမ္မာ ခုနစ်ကျမ်းတို့တွင် ဤပဋ္ဌာန်းကျမ်းသည် အဘယ်ဌာန၌ တည်ရှိပါသနည်း။
ဖြေ။ ဓမ္မသင်္ဂဏီကျမ်း၊ ၀ိဘင်းကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ်ကျမ်း၊ ကထာဝတ္ထုကျမ်း၊ ယမိုက်ကျမ်း၊ ပဋ္ဌာန်းကျမ်းဟူ၍အဘိဓမ္မာခုနှစ်ကျမ်းရှိရာတွင် ပဌာန်းကျမ်းသည် ခုနစ်ခုမြောက် သတ္တမဌာန၌တည်သော ကျမ်းကြီးဖြစ် ပါသည်ဘုရား။


မေး။ ရတနာဃရ သတ္တာဟ ထိုပဋ္ဌာန်းကျမ်းမြတ်ကို သုံးသပ်ဆင်ခြင်တော်မူသောအခါ ရှင်တော် မြတ်ဘုရား၏ သဏ္ဌာန်တော်မှာ အဘယ်ကဲ့သို့ ထူးထွေသောအခြင်းအရာတော်များ ဖြစ်ပေါ်လာခဲ့ပါသနည်းဘုရား။
ဖြေ။ ဓမ္မသင်္ဂဏီ အစရှိသော အောက်ခြောက်ကျမ်းတို့ကို သုံးသပ်ဆင်ခြင်တော်မူသောအခါ ရှင်တော်ဘုရား၏ သဏ္ဌာန်မှ ရောင်ခြင်တော်ခြောက်ပါး ထွက်ပေါ်မြူးကွန့်ခြင်းမရှိပါ။ ပဋ္ဌာန်းကျမ်းမြတ်ကို သုံးသပ်ဆင်ခြင်တော်မူသော အခါ၌သာလျှင် ရောင်ခြည်တော် ခြောက်ပါး ထင်ရှားစွာကွန့်မြူးလာပါသည်ဘုရား။


မေး။ အဘယ်အကြောင်းကြောင့် ပဋ္ဌာန်းကျမ်းကို သုံးသပ်ဆင်ခြင်တော်မူမှ ရောင်ခြည်တော် ခြောက်ပါး မြူးကွန့်တော်မူပါသနည်း။
ဖြေ။    ပဋ္ဌာန်းမြတ်သည် အခြားသော အဘိဓမ္မာကျမ်းတို့ထက် သဘောသဘာဝတ္ထ၊ နည်းနိဿယ အားဖြင့် ကြီးကျယ်နက်နဲလှပါသည်။ သဗ္ဗညုတ ရွှေဉာဏ်တော်သည် အခြားသော အဘိဓမ္မာခြောက်ကျပ်းတို့၌ အစွမ်းရှိသမျှ လူးလွန့်၊ မြူးကွန့်ခွင့်ကိုမရပါ။ နည်းပေါင်းများစွာ တို့ဖြင့် ကျယ်ဝန်းနက်နဲလှ၍ နယသာဂရမည်သော ပဋ္ဌာန်းကျမ်းကြီး၌သာ အစွမ်းရှိသမျှ လူးလွန့် မြူးကွန့်ခွင့်ကို ရပါသည်။
သမုဒ္ဒရာကြီးသဖွယ် ကြီးကျယ်နက်နဲလှသော ပဋ္ဌာန်းဒေသနာတော်ကြီးအတွင်း၌ သဗ္ဗညုတ ရွှေဉာဏ်တော်ကြီးကျက်စားမြူးကွန့်လေသောအခါ ရှေးဦးစွာ ရွှေဉာဏ်တော် တည်းဟူသော နာမ်ဓာတ်များသည် အထူးအသဖြင့် ကြည်လင်တော်မူကြပါသည်။ ဉာဏ်တော်၏ ကြည်လင်ခြင်းကြောင့် ထိုဉာဏ်တော်အရှိန်ကို ခိုလုံ၍ဖြစ်ကြကုန်သော ရုပ်ဓာတ်အပေါင်းတို့သည် ကောင်းစွာကြည်လင်လာကြပါသည်။ ထိုအခါ ကိုယ်တော်မြတ်၏ ရုပ်ဓာတ်သဏ္ဌာန်တော်မှ ရောင်ခြည်တော် ခြောက်ပါးတို့၏ ထွက်တော်မူပုံသဘောဖြစ်ပါသည်ဘုရား။
မေး။    ကျမ်းဂန်တို့၌ ပြဆိုအပ်သည့်အတိုင်း မဟာသမုဒ္ဒရာသဖွယ် ကြီးကျယ်နက်နဲလှသော                 သာဂရလေးပါး သရုပ်ကိုဖောထုတ်၍ပြပါ။
ဖြေ။    ဇလသာဂရ၊ သံသာရသာဂရ၊ ဉာဏသာဂရ၊ နယသာဂရ ဤသည်ကား သာဂရလေးပါး၏ သရုပ်ဖြစ်ပါသည်ဘုရား။
မေး။    ထိုသာဂရလေးပါး၏ သဘောအဓိပ္ပာယ်ကို သိလွယ်ရုံဖော်ပြပါ။
ဖြေ။    ၁။ ကမ္ဘာလောကကို ၀န်းရံ၍နေသော သမုဒ္ဒရာရေပြင်ကျယ်ကို ဇလသာဂရဟုခေါ်ပါသည်။
          ၂။       သတ္တ၀ါတို့၏ ကျင်လည်ကျက်စားရာ ရှည်လျားကျယ်ဝန်းလှစွာသော သံသရာကြီးကို သံသာဂရဟု ခေါ်ပါသည်။
          ၃။       အလွန်ကျယ်ဝန်းလှစွာသော သဗ္ဗညုတ ဉာဏ်တော်ကြီးကို ဉာဏသာဂရဟု ခေါ်ပါသည်။
၎။       နည်းပေါင်းများစွာတို့ဖြင့် နက်နဲကျယ်ဝန်းလှသော ပဋ္ဌာန်းကျမ်းကြီးကို နယသာဂရဟု ခေါ်ပါသည်ဘုရား။
မေး။    ပဋ္ဌာန်းကျမ်းမြတ်ကို သုံးသပ်ဆင်ခြင်တော်မူရာ၌ ထွက်ပေါ်လာသော ရောင်ခြည်တော်    ခြောက်ပါးသရုပ်ကို ဖော်ထုတ်၍ပြပါဘုရား။



ဖြေ။    ၁။ နီလ - စိမ်းညိုသော ရောင်ခြည်တော်၊
          ၂။ ပီတ - ၀ါရွှေသော ရောင်ခြည်တော်၊
          ၃။ လောဟိတ - နီမြန်းသော ရောင်ခြည်တော်၊
          ၄။ သြဒါတ - ဖြူဖွေးသော ရောင်ခြည်တော်၊
          ၅။ ပဉ္ဇိဋ္ဌ - မောင်းသောရောင်ခြည်တော်၊ 
၆။ ပဘဿရ - အရောင်စုံ ရောယှက်၍ ပြိုးပြိုးပြက်ပြက်ထွန်းလင်းသော ရောင်ခြည်တော်။    တို့ဖြစ်ပါသည်ဘုရား။
မေး။    ထိုရောင်ခြည်တော်ခြောက်ပါးတို့တွင် နီလရောင်ခြည်တော်သည် အဘယ်ဌာနတို့မှ ထွက်ပေါ်၍ အဘယ်သို့အားဖြင့် ကွန့်မြူးတော်မူပါသနည်းဘုရား။
ဖြေ။    ဆံတော်၊ မုတ်ဆိတ်တော်၊ မျက်နက်ဝန်းတော်မှစ၍ စိမ်းညိုသော အရပ်ဌာနတို့မှ နီလရောင်ခြည်တော် ပေါ်ထွက်ကွန့်မြူးပါသည်ဘုရား။
မေး။    ပီတရောင်ခြည်တော်သည် အဘယ်ဌာနတို့မှ ထွက်ပေါ်၍ အဘယ်အားဖြင့် ကွန့်မြူးတော် မူသနည်းဘုရား။
ဖြေ။    အရေတော်၊ အသားတော်မှစ၍ ၀ါရွှေသော အရပ်ဌာနတို့မှ ပီတရောင်ခြည်တော် ထွက်ပေါ်ကွန့်မြူးပါသည်ဘုရား။
မေး။    လောဟိတ ရောင်ခြည်တော်သည် အဘယ်ဌာနတို့မှ ထွက်ပေါ်၍ အဘယ်သို့အားဖြင့် ကွန့်မြူးတော်မူပါသနည်းဘုရား။
ဖြေ။    အသွေးတော်၊ လက်သည်းတော်၊ ခြေသည်းတော်၊ ခြေဖ၀ါးတော်၊ နှုတ်ခမ်းတော်၊ လျှာတော်မှစ၍ နီမြန်းသော အရပ်ဌာနတို့မှ လောဟိတရောင်ခြည်တော် ထွက်ပေါ်ကွန့်မြူး ပါသည်ဘုရား။
မေး။    သြဒါတ ရောင်ခြည်တော်သည် အဘယ်ဌာနတို့မှ ထွက်ပေါ်၍ အဘယ်သို့အားဖြင့် ကွန့်မြူးတော်မူပါသနည်းဘုရား။
ဖြေ။    သွားတော်၊ စွယ်တော်၊ အရိုးတော်၊ မျက်ဖြူတော်၊ ဥဏÖလုံမွေးရှင်တော်စသော ဖြူသော အရပ်ဌာနတို့မှ သြဒါတ ရောင်ခြည်တော် ထွက်ပေါ်ကွန့်မြူးပါသည်ဘုရား။

မေး။    မဉ္ဇိဋ္ဌ ရောင်ခြည်တော်သည် အဘယ်ဌာနတို့မှ ထွက်ပေါ်၍ အဘယ်သို့အားဖြင့် ကွန့်မြူးတော်မူပါသနည်းဘုရား။
ဖြေ။    ရှင်တော်မြတ်ဘုရား၏ ထိုထိုကိုယ်တော် အစိတ်စိတ်မှ မဉ္ဇိဋ္ဌ ရောင်ခြည်တော် ထွက်ပေါ် ကွန့်မြူးပါသည်ဘုရား။

မေး။    ပဘဿရ ရောင်ခြည်တော်သည် အဘယ်ဌာနတို့မှ ထွက်ပေါ်၍ အဘယ်သို့အားဖြင့် ကွန့်မြူးတော်မူပါသနည်းဘုရား။
ဖြေ။    ရှင်တော်မြတ်ဘုရား၏ ရွှေကိုယ်တော်မှ ပဘဿရ ရောင်ခြည်တော် ထွက်ပေါ်ကွန့်မြူး ပါသည်ဘုရား။

မေး။    ရောင်ခြည်တော် ခြောက်စုံအကုန်ထွက်၍ ကွန့်မြူးကြသောအခါ အခြားအရောင်များသည် ရောင်ခြည်တော်ခြောက်ဆိုင်နှင့် ပြိုင်ဆိုင်၍ ထွန်းတောက်နိုင်ပါမည်လောဘုရား။
ဖြေ။    အနန္တလောကဓာတ်အတွင်းမှာ ရောင်ခြည်တော်ခြောက်ဆိုင်နှင့် ပြိုင်ဆိုင်၍ ထွန်းတောက် နိုင်သော အရာင်အလင်းတစ်ခုမျှ မရှိပါ။ ရောင်ခြည်တော်ခြောက်သွယ်တို့ တင့်တယ်စွာ ကွန့်မြူးလာသောအခါ နေရောင်၊ လရောင်၊ ကြယ်တာရာရောင်၊ ရတနာရောင်၊ နတ်ဗြဟ္မာတို့၏ ဘုံဗိမာန်ရောင်တို့သည် မထွန်းပြောင်နိုင်ကြကုန်ဘဲ အရောင်တန်ခိုး၏ လွှမ်းမိုးခြင်းကိုသာ ခံကြရပါသည်။ စကြ၀ဠာပေါင်း တစ်ထောင်ကို ကိုယ်အရောင်ဖြင့် ထွန်းပနိုင်သော ဗြဟ္မာကြီးတို့၏ အရောင်သည် နေ၀န်းပြူထွက်သောအခါ ပိုးစုန်းကြူး ရောင်ကဲ့သို့ ဖြစ်ကြရသလို ရောင်ခြည်တော် ခြောက်ပါး တန်ခိုးတော်၏လွှမ်းမိုးခြင်း ခံရပါသည်ဘုရား။

မေး။    ထိုရောင်ခြည်တော်ခြောက်ပါးတို့သည် ယခုအခါကဲ့သို့တိုင်အောင် ထွန်းလင်းဆဲ ရှိကြပါသေးသလောဘုရား။
ဖြေ။    အဆုံးမရှိသော အနန္တလောကဓာတ်များသို့ ပျံသန်းပျော်မြူးကြသော ရောင်ခြည်တော် တို့သည် ယခုအခါသို့တိုင်အောင် ချုပ်ကွယ်ခြင်းမရှိဘဲ ထွန်းတောက်ဆဲ ဖြစ်ကြသည်ဟု ကျမ်းဂန်တို့၌ ပြဆိုပါသည်ဘုရား။

မေး။    သာဓု သာဓု သာဓု ပါဘုရား  ပဋ္ဌာန်း ဒေသနာတော်ကို ဆင်ခြင်ရာဌာနမှစ၍ ရောင်ခြည်တော် ခြောက်စုံတို့၏ ထွန်းတောက်ကွန့်မြူးပုံများကို အကျယ်အားဖြင့် ဖြေကြားသောကြောင့် ၀မ်းမြောက်ဝမ်းသာစွာ သဒ္ဓါကြည်ညိုရပေပြီ။ ထို့အပြင် တစ်ဖန်မေးမြန်းရန်ရှိသည်မှာ ရှင်တော်မြတ်ဘုရားသည် ထိုပဋ္ဌာန်းတရားကို အဘယ်အခါကာလ၌ ဟောကြားတော်မူခဲ့ ပါသနည်း။
ဖြေ။    ခြောက်ဝါအလွန် ခုနစ်ဝါမြောက်သောကာလ၌ ထိုပဋ္ဌာန်းတရားကို ဟောကြားတော်မူခဲ့ ပါသည်ဘုရား။

မေး။    အဘယ်အရပ်ဌာနမှာ ဟောကြားတော်မူခဲ့ပါသနည်းဘုရား။
ဖြေ။    တာဝတိံသာနတ်ပြည်မှာ ဟောကြားတော်မူခဲ့ပါသည်ဘုရား။

မေး။    ပဋ္ဌာန်းတရားကို ဟောကြားရန် ဘယ်အရပ်ဌာနမှ တာဝတိံသာနတ်ပြည်သို့ ကြွတော် မူပါသနည်းဘုရား။
ဖြေ။    ဘုန်းတော်ခြောက်ဆူ အောင်လံထူ၍ပြိုင်သူဘက်ကင်းမင်းထက်မင်း ဖြစ်တော်မူသော ရှင်တော်မြတ်ဘုရားသည် ခြောက်ဝါအလွန် ခုနစ်ဝါမြောက်ခါနီးတွင် သာဝတ္ထိနေပြည်တော် ကြီး၌ တိတ္ထိအပေါင်းတို့ကို နှိမ်နင်းတော်မူခြင်းငှာ တန်းခိုးပြာဋိဟာကို အံ့သြဖွယ်ရာ ပြတော်မူပါသည်။ ထိုတန်ခိုးပြာဋိဟာကို ပြတော်မူ၍အပြီးတွင် ဖန်ဆင်းအပ်သော ရတနာစင်္ကြံကြီးမှ တာဝတိံသာ နတ်ပြည်သို့ ကြွတော်မူပါသည်ဘုရား။

မေး။    တာဝတိံသာနတ်ပြည်သို့ ကြွတော်မူရာတွင် အဘယ်သို့ကြွတော်မူပါသနည်းဘုရား။
ဖြေ။    နှစ်လှမ်း၊ သုံးဖ၀ါး တန်ခိုးတော်အားဖြင့် ကြွတော်မူပါသည်ဘုရား။

မေး။    နှစ်လှမ်း၊ သုံးဖ၀ါး ကြွတော်မူပုံကို ထင်ရှားအောင်ဖော်ပြပါဘုရား။
ဖြေ။    တန်ခိုးပြတော်မူရာဖြစ်သော ရတနာစင်္ကြံထက်မှ လက်ရာခြေတော်ကိုကြွ၍ ယုဂန္ဓိုရ်တောင် ထိပ်၌ တစ်ဖ၀ါး နင်းတော်မူပါသည်။ ထို့နောက် ရတနာစင်္ကြံထက်မှ လက်ဝဲခြေတော်ကို ကြွ၍ မြင်းမိုရ်တောင်ထိပ်၌ တစ်ဖ၀ါး နင်းတော်မူပါသည်ဘုရား။

မေး။    တာဝတိံသာနတ်ပြည်၌ ပဋ္ဌာန်းတရားတော်ကို ဟောကြားတော်မူသည်ဟု ဆိုရာတွင် အဘယ်နေရာထက်၌ သီတင်းသုံးကာ ဟောကြားတော်မူပါသနည်းဘုရား။
ဖြေ။    ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်၌ သီတင်းသုံးကာ ဟောကြားတော်မူခဲ့ပါသည်ဘုရား။

မေး။    ထိုပဏ္ဍုကမ္ဗလာမြကျောက်ဖျာသည် အလျား၊ အနံ၊ အထု၊ ယူဇနာအားဖြင့် အဘယ်မျှလောက် ရှိပါသနည်းဘုရား။
ဖြေ။    ပဏ္ဍုကမ္ဗလာမြကျောက်ဖျာသည် အလျားအားဖြင့် ယူဇနာခြောက်ဆယ်၊ အနံအားဖြင့် ယူဇနာ ငါးဆယ်၊ အထုအားဖြင့် တစ်ဆယ့်ငါးယူဇနာရှိပါသည်ဘုရား။

မေး။အဘယ်ပုဂ္ဂိုလ်ကိုအမှူးထား၍ပဋ္ဌာန်းဒေသနာတော်တရားကိုဟောကြားတော်မူသနည်းဘုရား
ဖြေ။    မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုသိတနတ်သားကို အမှူးထား၍ ဟောတော်မူခဲ့ပါသည်ဘုရား။

မေး။    ထိုအခါ အဘယ်မျှလောက်သော စကြာဝဠာတိုက်တို့မှ  နတ် ဗြဟ္မာအပေါင်းတို့ လာရောက်၍ ပဋ္ဌာန်းတရားကို ကြားနာကြပါသနည်းဘုရား။
ဖြေ။    တစ်သောင်းသော စကြ၀ဠာတိုက်တို့မှ နတ် ဗြဟ္မာအပေါင်းတို့ လာရောက်၍ နာကြားကြပါသည်ဘုရား။

မေး။    အဘိဓမ္မာခုနစ်ကျမ်းကို အဘယ်မျှလောက်ကာလအပိုင်းအခြားတို့ဖြင့် ပြီးဆုံးအောင် ဟောကြားတော်မူခဲ့ပါသနည်းဘုရား။
ဖြေ။    ခုနစ်ဝါမြောက်သောအခါ ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့သို့ တိုင်အောင် သုံးလအပိုင်းအခြားဖြင့် ဟောကြားတော်မူခဲ့ပါသည်ဘုရား။

မေး။    အဘယ်ခုနှစ်သက္ကရာဇ်တွင် ပဋ္ဌာန်းတရားကို ဟောကြားတော်မူပါသနည်းဘုရား။
ဖြေ။    မဟာသက္ကရာဇ် ၁၀၉ ခုနှစ်တွင် ပဋ္ဌာန်းတရားကို ဟောကြားတော်မူပါသည်ဘုရား။

မေး။    ဓမ္မသင်္ဂဏီအစ ပဋ္ဌာန်းအဆုံးရှိသော အဘိဓမ္မာခုနစ်ကျမ်းတို့ကို ဟောကြားတော်မူပြီး သောအခါ အဘယ်မျှအရေအတွက်ရှိသော နတ် ဗြဟ္မာအပေါင်းတို့သည် တရားထူးကို သိမြင်၍ ကျွတ်တမ်းဝင်ကြပါသနည်းဘုရား။
ဖြေ။    နတ် ဗြဟ္မာအပေါင်း ကုဋေရှစ်သောင်းတို့သည် တရားထူးကိုသိမြင်၍ ကျွတ်တမ်း ၀င်ကြပါသည်ဘုရား။




မေး။    မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုသိတ နတ်သားသည်အဘိဓမ္မာတရားပွဲကြီး ပြီးဆုံးသောအခါ အဘယ်သို့သော အကျိုးထူးများကို ခံစားရပါသနည်းဘုရား။
ဖြေ။    သန္တုသိတနတ်သားသည် ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကိုရှင်းလင်းအောင်ပယ်ခွာ၍ သောတာပန် ဖြစ်ခြင်း တည်းဟူသော အကျိုးထူးကိုရပါသည်ဘုရား။
မေး။    တာဝတိံသာ နတ်ပြည်မှာဟောသော ပဋ္ဌာန်းတရားသည် လူ့ပြည်လောကမှာ အဘယ်ပုဂ္ဂိုလ် ကိုအကြောင်းပြု၍ ထွန်းကားလာပါသနည်းဘုရား။
ဖြေ။    ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို အကြောင်းပြု၍ ထွန်းကားလာပါသည်ဘုရား။

မေး။    ထိုအကြောင်းကို ထင်ရှားစွာဖော်ပြပါဘုရား။
ဖြေ။    ရှင်တော်မြတ်ဘုရားသည် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်းခင်းထားအပ်သော ပဏ္ဍုကမ္ဗလာမြကျောက်ဖျာထက်တွင် ၀ါကပ်တော်မူပြီးလျှင် အဘိဓမ္မာခုနစ်ကျမ်းကို ဟောကြားတော်မူရာ၌ ဆွမ်းခံချိန်အခါ၌ တရားဟောမပျက်စေရန် နိမ္မိတကိုယ်တော်ပွားကို ဖန်ဆင်း၍ထားခဲ့ပြီးမှ မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူရန် ဟိမ၀န္တာအနောတတ်အိုင်သို့ ဆင်းသတ်တော်မူပါသည်။ ထိုအခါ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် ရှင်တော်မြတ်ဘုရားအား ၀တ်ကြီး ၀တ်ငယ်အသွယ်သွယ်တို့ကို ပြုလုပ်ဆောင်ရွက်တော် မူပါသည်။ ရှင်တော်မြတ်ဘုရားက တာဝတိံသာနတ်ပြည်၌ ဟောကြားပြီးသမျှသော အဘိဓမ္မာ တရားတော်များကို ရှင်သာရိပုတ္တရာအား နေ့စဉ်ပြန်၍ ဟောကြားတော်မူပါသည်။
ထို့နောက်တစ်ဖန် ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ငါးရာသော တပည့်ရဟန်းတော် များအား နေ့စဉ်အားဖြင့် သင်ကြားပို့ချတော်မူပါသည်။ ထိုအခါမှစ၍ အဘိဓမ္မာ ဒေသနာတော်ကြီးသည် လူ့ပြည်လောက၌ ထွန်းကားပြန့်ပွား၍ လာပါသည်။ထို့နောက်တဖန် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ငါးရာသော တပည့်ရဟန်းများအား နေ့စဉ်အားဖြင့် သင်ကြားပို့ချတော်မူပါသည်။ထိုအခါမှစ၍ အဘိဓမ္မာ ဒေသနာတော်ကြီးသည် လူ့ပြည်လောက၌ ထွန်းကားပြန့်ပွါး၍လာပါသည်ဘုရား။
……………………………………………………………………………
သာဓု သာဓု သာဓု …ယခုလို ပြည့်စုံစွာဖြေကြားပေးသဖြင့် အားလုံးသိရှိခွင့်ရကြ၍၀မ်းမြောက်လှပါသည်ဘုရား။ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်များနှင့် တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်နိုင်ကြပါစေဘုရား………………



0 comments:

Post a Comment