Tuesday, March 1, 2011

ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားကိုရောင်းမယ့် ဒီမိုကရေစီပဲ


ဇူလိုင်လ (၉) ရက်နေ့က ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာသည့် စာရေးဆရာသန်းဝင်းလှိုင်နှင့် ခေတ်ပြိုင် တွေ့ဆုံမေးမြန်းခန်း။
ဆရာသန်းဝင်းလှိုင်သည် ၁၉၇၇ ခုနှစ် နိုဝင်ဘာလထုတ် သင့်ဘ၀မဂ္ဂဇင်းပါ ‘အနာဂတ် အာကာသလွန်းပျံယာဉ်’ သိပ္ပံဆောင်းပါးဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော ကျောက်မျက်ရတနာ လက်ဆွဲစာအုပ်သည် ပထမဆုံး လုံးချင်းစာအုပ်ဖြစ်ပြီး ဆက်လက်၍ နေမ၀င်သေးသည့် ဘုရင်များ၊ လူတိုင်းအတွက် သုတဗေဒင်၊ ရုပ်တုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ၊ နှစ်ဆယ်ရာစု မြန်မာ့သမိုင်းကို ပြောပြနေသော နေ့ရက်များ၊ အနှစ်ချုပ် မြန်မာ့သမိုင်းအဘိဓာန်၊ နှစ်ဆယ်ရာစု အကျော်ကြားဆုံး အာရှခေါင်းဆောင်များ၊ နန်းစဉ်ရတနာနှင့် နန်းဓလေ့စာတန်းများ၊ အသုံးချ ရူပသျှတ္တရပညာ၊ နိုင်ငံတော်လုပ်ကြံမှုတရားခံ ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ရက်များ စာအုပ်တို့ကို ရေးသားခဲ့သည်။ စာနယ်ဇင်းများတွင် ဆောင်းပါး ပုဒ်ရေ (၁,၀၀၀) ကျော် ရေးသားခဲ့ပြီး သန်းဝင်းလှိုင် ကလောင်အမည်အပြင် သိပ္ပံချစ်သူ၊ စိန်လှိုင်တင်၊ နေရဲစွမ်း၊ မောင်စစ်ပြန်၊ ပြည်ဟိန်း၊ ရွှေပြည်အောင် စသည့် ကလောင်ခွဲများဖြင့် စာနယ်ဇင်းများ၌ ရေးသားခဲ့သည်။

မေး။ ။ ဆရာ လတ်တလောထွက်လာရတဲ့ အကြောင်းအရင်းကို သိပါရစေ။

ဖြေ။ ။ လွန်ခဲ့တဲ့ (၂) နှစ်လောက်ထဲက ကျနော်ရေးခဲ့တဲ့ စာအုပ် (၁၅) အုပ်ပေါ့နော်။ အဲဒီစာအုပ်တွေ အပိတ်ခံရတယ်။ ဆိုင်းငံ့ပေါ့နော်။ ဒါပေမယ့် ကျနော်က စာပေတို့၊ ယဉ်ကျေးမှုတို့ ရေးခွင့်ရတယ်။ အဲဒါနောက်တခါ အန်အယ်လ်ဒီကနေ ထွက်ခိုင်းတယ်။ နောက်ပြီးတော့ ကန့်သတ်ထားတဲ့ နေရာကို ကျနော်တို့ စာပေးစာယူလုပ်တယ်ဆိုတာက တချက်၊ ပြီးတော့ ဒီဗွီဘီတို့ အာအက်ဖ်အေတို့နဲ့ စာပေစိစစ်ရေးနဲ့ ပတ်သက်တာကို အင်တာဗျူးလုပ်တယ်။ သူတို့က ပြည်ပအသံလွှင့်ဌာနတွေနဲ့ ဆက်သွယ်တာ နိုင်ငံတော်ကို အေးချမ်းသာယာရေးကို နှောင့်ယှက်တယ်၊ ဟန့်တားတယ်၊ ပြည်ပသတင်းဌာနတွေနဲ့ ဆက်ပြီးတော့ လက်ရှိစစ်အစိုးရကို အကြည်အညိုပျက်စေအောင် ပြောတယ်လို့ ယူဆတယ်။ အဲဒါကို ၀န်ကြီးအမိန့်နဲ့ အကုန်လုံးပိတ်လိုက်လို့ ပြောတယ်။ ပိတ်ပြီးတော့ တခါ ကုန်သည်ကြီးများ ဟိုတယ်မှာ နိုင်ငံတော်အဆင့် အစည်းအဝေးမှာ အဲဒါတခါ ထပ်တင်ပြတယ်။ အဲဒီမှာ ဒီလောက်တောင်ဖြစ်တာ ပိတ်လိုက်ကွာလို့ ၀န်ကြီးက ပြောတယ်။ ပထမတော့ ကျနော် ကလောင်ခွဲတွေနဲ့ ရေးတယ်။ နောက်တော့ ကလောင်ခွဲလည်း မရတော့။ အမျိုးသမီးနာမည်တွေနဲ့ ရေးရတယ်။ လုံးချင်းစာအုပ်ကျတော့ ထုတ်ခွင့်မရဘူး။ လုံးချင်းကျတော့ အတ္ထုပ္ပတ္တိတင်တာနဲ့ ပေါ်မှာပဲ။ အဲလိုလည်း ကျနော်က မလုပ်ချင်ဘူး။ နောက်တခါ ကျနော့်ကို ဖမ်းဖို့ ပြန်လာလုပ်တယ်။ အဲဒါနဲ့ စာပေစိစစ်ရေးရယ်၊ နောက်တခြားတနေရာကနေ ပြီးတော့ ခင်ဗျားကိုတော့ ဖမ်းတော့မယ်လို့ ပြောတာနဲ့ ဒီဘက်ကို ထွက်လာခဲ့တာပါ။
 မေး။ ။ ပထမတကြိမ် အဖမ်းခံရတုန်းက အကြောင်းလေး ပြောပြပါဦး။


ဖြေ။ ။ ၂၀၀၀ ခုနှစ်တုန်းကလည်း အဲလိုပဲ တခါ လာပြောဖူးတယ်။ အက်စ်ဘီနဲ့ ရင်းနှီးတဲ့ ကျနော့်သူငယ်ချင်းက လာပြောတာ။ အမှန်တော့ ကျနော်ကို ဖမ်းစရာ အကြောင်းမရှိဘူး။ “ရုပ်တုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ” ဆိုတဲ့စာအုပ်က တရားဝင် ရေးပြီး ထုတ်ထားတာ။ ဒါကို ပတ္တမြားငမောက်စာပေကနေပြီးတော့ ခိုးရိုက်တာ။ ဒါလည်းမရဘူး ခင်ဗျားကို ဖမ်းတော့မယ်။ ခင်ဗျား ပြေးလို့ရပြီ။ ဖမ်းမယ့်နေ့ ဇွန်လ (၁၉) ရက်နေ့ကျတော့ ရာအိမ်မှူးက လာပြောတယ်။ ကျနော်က တရားဥပဒေကို ကျနော်ယုံကြည်တယ်ဆိုပြီး ကျနော် ရင်ဆိုင်လိုက်တယ်။ အဲ့ဒါ စာအုပ်ခိုးရိုက်တဲ့ ပတ္တမြားငမောက်စာပေကို မဖမ်းဘဲနဲ့ ကျနော့်ကို လာဖမ်းပြီးတော့ ထောင် (၇) နှစ် ချလိုက်တယ်။

အဲဒီခိုးရိုက်တဲ့ စာအုပ်က ကျနော် အရင်ထုတ်ထားတဲ့ အတိုင်းပဲ။ အရင်တုန်းက မြန်မာပြည်သားစာပေက ထုတ်တာ။ အဲဒါကို ၏ သည်မရွေး ပြန်ရိုက်တာဖြစ်တယ်။ အဲဒီမှာ ကလျာပုံနှိပ်တိုက်လည်း အချောင်အဖမ်းခံရသေးတယ်။ သူတို့နာမည် တတ်ထားတာကိုး။ မူရင်းအတိုင်း ချွတ်စွပ်ပြန်ရိုက်တာဖြစ်တယ်။ စိစစ်ရေးမတင်ဘဲနဲ့ လုပ်တယ်။ ကျနော်လည်း ပိုက်ဆံရတာ မဟုတ်ဘူး။ သူ့အိမ်ကနေပဲ ပလိပ်ပြားတွေ ဘာတွေ မိတယ်။ အသီးသီးကလည်း လာပြီးထွက်ဆိုတယ်။ ကျနော့်ကို မသိဘူးတဲ့။ ပတ္တမြားငမောက်စာပေကနေပဲ တဆင့်ဖြန့်တာဖြစ်တယ်။ စာအုပ် (၅၀၀) မိတယ်။ ပြီးတော့ ကျနော့်အိမ်ကို ရှာတယ်။ ဘာမှ မတွေ့တော့ ခင်ဗျား မူလရေးတဲ့ စာအုပ်ကိုပဲ ထုတ်ပြပါဆိုတာနဲ့ ကျနော်က ပေးလိုက်တယ်။ အဲဒီနောက် ကျနော့်ကို ဘာမှ အယူခံမလုပ်ဘဲ၊ နောက်တခုက တရားရုံးက အလံတိုင်တွေ ဘာတွေရှိတာလည်း မဟုတ်ဘူး။ အဲဒီအလံတိုင် အဟောင်းတွေထားတဲ့ အခန်းကျဉ်းကျဉ်းလေးထဲ ခေါ်သွားတယ်။ တရားသူကြီးကိုလည်း ခေါ်လာတယ်။ ခုံလည်းမရှိဘူး။ တရားသူကြီးလည်း ထိုင်လို့မရဘူး။ ကျနော်လည်း ထိုင်လို့မရဘူး။ ကျနော့်ကို လက်ထိတ်လည်း မဖြုတ်ဘူး။ ခဏလေးပါပဲ စာပဲဖတ်ပြမယ်ဆိုပြီးတော့ စာဖတ်ပြီး ကျနော့်ကို ထောင် (၇) နှစ်ချလိုက်တယ်။ ခင်ဗျား အယူခံဝင်ချင်ဝင်ပါတဲ့။ သူတို့က ချခိုင်းလို့ ကျနော်က ချလိုက်ရတာလို့ ပြောတယ်။ တရားမျှတလား၊ မမျှတလားဆိုတာကိုတော့ ခင်ဗျားထွက်လာမှ လုပ်ပါတဲ့။ အဲ့ဒါနဲ့ အင်းစိန်မှာ (၁) နှစ်နေရတယ်။ (၅) နှစ်နဲ့ (၈) လကိုတော့ သာယာဝတီထောင်မှာ နေရတယ်။ အားလုံးပေါင်း (၆) နှစ်နဲ့ (၈) လ နေရတယ်။ ၂၀၀၀ ခုနှစ် ဇွန်လမှာ ကျပြီး ၂၀၀၇ ဇန်န၀ါရီလမှာ ပြန်လွှတ်ပေးတယ်။

မေး။ ။ ဆရာ့ကို သူတို့ဖမ်းတာက စာအုပ်ခိုးရိုက်တဲ့ ကိစ္စလား။

ဖြေ။ ။ ပထမဟာက (၅) ညရယ်၊ (၁၇) ၂၀ ရယ်၊ နိုင်ငံရေးအမှုနဲ့ နွယ်ပြီး ဖမ်းတာ။ နိုင်ငံရေးနဲ့ နွယ်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတယ်ပေါ့။ နောက် ကျနော်က ရွေးကောက်ပွဲ ၀င်ဖူးတယ်။ ကျနော်က အမျိုးသားပြန်လည်တည်ဆောက်ရေး ဒီမိုကရေစီတပ်ပေါင်းစုကဖြစ်တယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာ တိုင်းစည်းအဖွဲ့ဝင် လုပ်တယ်။ နောက်တခု သူတို့မဲတာက ရတနာဂုဏ်ရည်ကျောင်းမှာ ရွေးကောက်ပွဲဝင်ရွေးတဲ့ လူတွေကို ဘုန်းကြီးက ဆွမ်းကျွေးပြီးတော့ ရွေးကောက်ပွဲပြီး အလွန်ကာလမှာ စစ်အစိုးရက အာဏာမအပ်ဘူး၊ အဲဒါကို စည်းလုံးညီညွတ်စွာနဲ့ ကျနော်တို့က ဘယ်လိုတိုက်ယူမလဲဆိုပြီးတော့ လုပ်တာကို သူတို့က တေးထားတယ်။ အကြောင်းရှာလိုက်တော့ ဒီဟာသွားတွေ့တော့ လုပ်ချလိုက်တာ။ အဲဒီဘုန်းကြီးလည်း လူထွက်လိုက်တယ်။ လူမသိသူမသိနဲ့ဘဲ ဆုံးသွားတယ်။

မေး။ ။ အဲဒါကို အရေးယူချင်တော့ တရားမ၀င် စာအုပ်ခိုးရိုက်မှုနဲ့ ဆွဲလိုက်တာလား။

ဖြေ။ ။ ဟုတ်တယ်။ ရိုက်တာလည်း ကိုယ်ရိုက်တာမဟုတ်ဘူး။ တယောက်က ရိုက်ပြီးတော့ တရားရုံးကျတော့ သူအမိန့်ပေးလို့ ရိုက်ပါတယ်ဆိုပြီးတော့ ဒါဆိုရင် တရားသူကြီးက အဲလိုအမိန့်ပေးလို့ ရိုက်တယ်ဆိုရင် ဘောင်ဝင်လားတဲ့။ ဦးကြည်ဌေးက ခိုးရိုက်တာ၊ ကျနော် အဲဒီအတိုင်းပဲပြောတယ်။ တကယ်လို့ ကျနော်က မမှန်မကန်ပြောရင် သူက ကျနော့်ကို အသရေဖျက်မှုနဲ့ တရားစွဲမှာဖြစ်တယ်။ ဒါပေမယ့် သူ့ပုံနှိပ်တိုက်တွေကိုတော့ ဘာမှမသိမ်းဘူး။ နောက်ပြီး သူက စာအုပ်ထုတ်တာ ဆယ်နှစ်ရှိပြီ။ စာမူတခုကို ခွင့်ပြုချက်မရဘဲနဲ့ ရိုက်ခွင့်မရတာ သူသိတယ်။ နောက်စာအုပ်တွေလည်း တလကို သုံးအုပ်လောက် ထုတ်နေတယ်။ ဒီစာအုပ်ကိုတော့ ခိုးရိုက်ပြီး သတင်းစာမှာ ကြေညာလိုက်တာ။ အဲဒါကို ဗိုလ်မှူးကြီး တင်လှိုင်က အဲဒီစာအုပ်ကို ငါ့ကို ဘာလို့ လက်ဆောင်မပေးတာလဲဆိုပြီးတော့ လိုက်ရှာရင်းနဲ့ ပြဿနာက စတာ။ နောက်တော့ ပြန်ကြားရေးဝန်ကြီး အမိန့်နဲ့ပဲ ကျနော့်ကို ဖမ်းလိုက်တယ်။ သူ့ကိုတော့ လွှတ်လိုက်ပြီး ကျနော့်ကိုကျတော့ (၇) နှစ် ချလိုက်တယ်။

မေး။ ။ ထောင်တွင်းမှာ နေခဲ့ရတဲ့အချိန်မှာ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဆရာရဲ့အမြင်ဘယ်လိုရှိလဲ။

ဖြေ။ ။ အဲဒီမှာ ဆိုင်းဘုတ်ကြီးကတော့ ပြည်ထောင်စုစိတ်ဓာတ်ကို မွေး၍ ကိုလိုနီစရိုက်ကို ဖျောက်ဆိုပြီးရေးထားတယ်။ တကယ်ကတော့ ပြောင်းပြန်ပေါ့။ အထဲမှာ အကျဉ်းသားအခွင့်အရေးဆိုတာ ဘာမှမရှိဘူး။ ခွေးလို ၀က်လိုပဲ ကျွေးတယ်၊ ထားတယ်။ ကျနော့်ကို ဖမ်းတုန်းက (၅) ညရယ်၊ (၁၇) ၂၀ ရယ်၊ တရားရုံးကျတော့ အဲဒါတွေကို ဖြုတ်လိုက်တယ်။ ကျနော့်ကို ပုံနှိပ် (၂၀) ဥပဒေနဲ့ ထောင်ချလိုက်တာဖြစ်တယ်။ သာယာဝတီထောင်မှာ (၂) နှစ်ပြည့်တော့ ထောက်လှမ်းရေးက ကျနော့်ကို အချက်သုံးချက် လာမေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်သလဲလို့ မေးတယ်။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ဟာ အသက်အရွယ်နဲ့ ပညာပြည့်စုံတယ်။ နိုင်ငံရေးအတွေ့အကြုံ အားနည်းကောင်းနည်းမယ်။ ဒါပေမယ့် ဘယ်ဟာအကောင်းဆုံးလဲ ဆိုတာကို ရွေးတတ်တယ်။ သူက နိုင်ငံခြားသားကို ယူတယ်မဟုတ်လားလို့ မေးတယ်။ အဲဒါတွေကို ကျနော်မသိဘူး။ အိန္ဒိယက ရာဂျစ်ဂန္ဒီရဲ့ မိန်းမဟာ အီတလီသူ၊ နောက်ပြီး သီဟာနု မိန်းမဟာ ပြင်သစ်သူ၊ ဂျော်ဒန်ဘုရင်ဟူစိန်က အမေရိကန်သူကို ယူထားတာ၊ သူ့ရဲ့ပုဂ္ဂလိက ခံစားချက်နဲ့ သူ့ရဲ့ အိမ်ထောင်ရေးကို မတိုင်းတာနဲ့။ နိုင်ငံနဲ့ လူမျိုးအတွက် ဘယ်လောက်အနစ်နာခံလဲ။ သစ္စာရှိလဲ။ အဲဒါနဲ့ပဲ ကျနော်တို့က တိုင်းတာတယ်။ သူလုပ်သမျှ ကျနော်တို့အတွက် ယူဆပြီးတော့ ထောက်ခံတယ်။ အဲဒါဆို ခင်ဗျားက ဘာရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲဝင်တာလဲလို့ မေးတယ်။ ၀င်တာကတော့ ဒီရွေးကောက်ပွဲဟာ ၈၈ ဒီမိုကရေစီအရေးတော်ပုံရဲ့အဆက် နောက်ဆုံးဇာတ်သိမ်းပိုင်းလို့ ယူဆပြီး ၀င်တာဖြစ်တယ်။

နောက်တခါ တပ်မတော်ကို ဘယ်လိုမြင်လဲလို့ မေးတယ်။ ကျနော်က တပ်မတော်ကို မလိုအပ်တဲ့နေရာမှာ မထားပါဘူး။ ကျနော်ကိုယ်တိုင်ကလည်း တချိန်က တပ်မတော်သားဖြစ်တယ်။ ဒါပေမယ့် တီကောင်ကို ပျားရည်ဖွဲ့ခိုင်းလို့မရဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ရင် အကောင်းဆုံးပဲ။ အဲဒီတော့ တပ်မတော်ရဲ့ မူလမြင့်မြတ်တဲ့ အလုပ်ကတော့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေ ထမ်းရွက်ဖို့ပဲ။ ကိုယ်နဲ့မဆိုင်တဲ့ဟာကို တိုင်းပြည် ချစ်တယ်ချစ်တယ်နဲ့ လုပ်နေရင် တိုင်းပြည်ငါးပါးမှောက်တာ အခုလည်း လက်တွေ့ပဲလို့ ကျနော် ဖြေလိုက်တယ်။ အဲဒါဆိုရင် ပြန်ထည့်လိုက်ဆိုပြီးတော့ လုပ်တော့ ကျနော် နောက်ထပ် (၄) နှစ် နေလိုက်ရတယ်။

မေး။ ။ ဆရာ ထောင်ကျတာ ဘယ်နှကြိမ်လဲ။

ဖြေ။ ။ နှစ်ခါပေါ့။ ပထမတခေါက်က ၉၀ ခုနှစ် ရွေးကောက်ပွဲကာလမှာ (၁) လခွဲ၊ နောက်ပြန်လွှတ်ပေးလိုက်တယ်။ အင်းစိန်ထောင်မှာ အချုပ်နဲ့နေရတယ်။ နောက်တခေါက်ကျတော့ ၂၀၀၀ ခုနှစ်မှာ ကျနော့်ကို (၇) နှစ်ချတယ်။ (၆) နှစ်နဲ့ (၈) လ နေခဲ့ရတယ်။

မေး။ ။ ထုတ်ဝေပြီးသား ဆရာ့စာအုပ် ဘယ်နှအုပ် ရှိပါသလဲ။

ဖြေ။ ။ ပထမ ကျနော်ထုတ်ထားတာ (၇) အုပ်ရှိတယ်။ နောက် အခု ပြန်ထွက်တဲ့အခါ (၂၃) အုပ်ပေါ့။ ဆိုတော့ (၃၀) ပေါ့နော်။ အခု ထုတ်ခွင့်မရတာ (၁၅) အုပ် ကျန်တယ်ဆိုတော့ အားလုံးပေါင်း (၄၅) အုပ်ပေါ့။ (၃၀) ပဲ ထုတ်ခွင့်ရသေးတယ်။ (၁၅) အုပ်ကို စာပေစိစစ်ရေးက ဆိုင်းငံ့ထားတယ်။ ကျနော်ရေးတဲ့ ဆောင်းပါးကတော့ (၁,၀၀၀) ကျော်ရှိတယ်။

မေး။ ။ ဆရာရေးတဲ့ စာအုပ်တော်တော်များများဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တာ တော်တော်များများ တွေ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး ဒီခေတ်ကြီးထဲမှာ ဘယ်လို စိတ်ခံစားမှုနဲ့ ရေးဖြစ်တာလဲ။

ဖြေ။ ။ ကျနော်တို့ တိုင်းပြည်ဟာ ဒီမိုကရေစီကိုတော့ မလွှဲမသွေသွားရမှာပဲ၊ ပါတီစုံကို သွားရမယ်။ အဲဒီ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ကျောင်းသားလူငယ်တွေ အများဆုံးလေ့လာရမှာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးအတွေးအခေါ်တွေပဲ။ ဗိုလ်ချုပ်ကိုယ်တိုင်က ဒီမိုကရေစီဆိုတာ ဗမာနိုင်ငံနဲ့ ဆီလျော်တယ်။ လူသားစနစ်နဲ့ ဆီလျော်တယ်။ ဒီမိုကရေစီကို အသေးစိတ် လေ့လာချင်ရင် ဗိုလ်ချုပ်မိန့်ခွန်းတွေထဲမှာ ပါပြီးသား၊ ဒီမိုကရေစီတိုင်း ဒီမိုကရေစီတာမဟုတ်ဘူး။ တချို့ဆိုရင် ဒီမိုကရက်တစ် တပ်ထားတာတွေ အများကြီးပဲ။ တကယ် ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေက နည်းနည်းလေးပဲ။ မြောက်ကိုရီးယားလည်း ဒီမိုကရက်တစ်လို့ တပ်ထားတာပဲ။ ဒါပေမယ့် အာဏာရှင်နိုင်ငံဖြစ်တယ်။ ဒီမှာလည်း ဒီလိုပဲ။ ဒီမှာလည်း ဒီမိုကရေစီဟာ ရှင်းရှင်းပြောရရင် ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားရောင်းတာပဲ။ သူတို့လုပ်တဲ့ စည်းကမ်းရှိသော ဒီမိုကရေစီဆိုတာက သူတို့စစ်တပ်က ချမှတ်ထားတဲ့ ပြောတဲ့အတိုင်းနေ၊ ကျွေးတာစား၊ ခံမပြောနဲ့ အဲဒီအတိုင်းပဲ သွားမယ့် ဒီမိုကရေစီဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ လက်မခံနိုင်ဘူး။ ကျနော်တို့လိုချင်တာ ဒီမိုကရေစီစစ်စစ်ပဲ။ ကျနော်ခံယူထားတာက အရွက်မရှိတဲ့ သစ်ပင်ဟာ အရိပ်မပေးနိုင်ဘူး။ အရိပ်မပေးနိုင်တဲ့ သစ်ပင်ကလည်း တန်ဖိုးမရှိဘူး။ ခေတ်မီတိုးတက်တဲ့ နိုင်ငံကြီး၊ ဘာညာဆိုပြီးတော့ စာပေလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရမရှိဘဲနဲ့ ဒီတိုင်းပြည်ဟာ ဘယ်တော့မှ ဒီမိုကရေစီနိုင်ငံ မထူနိုင်ဘူးလို့ ယုံကြည်တယ်။ ဟိုမှာ ကျနော်ရေးရင် ကျနော့်အတွက် အန္တရာယ်ရှိတယ်။ ဒါပေမယ့် လက်နက်ကိုင်ထားတဲ့လူတွေကို ကြောက်တယ်ဆိုတာက မဆန်းဘူးပေါ့။ မြွေပွေး၊ မြွေဟောက်တို့ ခါးပိုက်ထဲ ပိုက်ထားရင်လည်း ကြောက်ကြမှာပဲ။ နီးရာဓား ကြောက်ရတယ်။ တကယ်ရင်ထဲကဖြစ်ပြီး ကြောက်တာမဟုတ်ဘူး။ အဲဒါကြောင့် ကျနော်က လွတ်မြောက်တဲ့နေရာမှာ ရေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာတာ။

မေး။ ။ ထောင်ထဲမ၀င်ခင်အချိန်နဲ့ ပြန်ထွက်လာတဲ့အချိန်မှာ စာပေစိစစ်ရေးအနေအထား တော်တော်ကွာသွားသလား။

ဖြေ။ ။ အခုနောက်ပိုင်း ပါတီတွေ ဖွဲ့ခွင့်ပေးတော့ ပါတီတွေကို တင်းကျပ်ချင်တာနဲ့ ပိုပြီးတော့ ကျပ်လာတယ်။ သူတို့မူတွေလည်း အရမ်းများလာတယ်။ ကန့်သတ်ချက်တွေ များလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က စစ်ဘောင်ကို အရမ်းချဲ့တာ၊ သူတို့တည်မြဲရေးပေါ့။ နိုင်လည်း သူတို့နိုင်ရမယ်။ ရှုံးရင်လည်း သူတို့နိုင်ရမယ်။ ဒီ plan ကို ချထားပြီးသားဖြစ်တယ်။ လွတ်လပ်ခွင့်က အရင် ၉၀ ခုနှစ် ရွေးကောက်ပွဲလောက်တောင် မရှိတော့ဘူး။

မေး။ ။ စာပေလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့အပိုင်းကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ သူတို့က နှစ်ပိုင်းခွဲလိုက်တယ်။ သူတို့ကို ထောက်ခံတဲ့လူ။ သူတို့ဘုန်းတော်ဘွဲ့ကို ချီးကျူးရေးသားတဲ့လူကို ခွင့်ပြုမယ်။ သူတို့ကို မထောက်ခံဘူး။ ဒီမိုကရေစီကို လိုလားတဲ့အုပ်စုက ဖြစ်မယ်ဆိုရင် ဘာရေးရေး မရဘူး။ အကြောင်းအရာချင်းတူလည်း မရဘူး။ တချို့ ဖလားဝါးနယူးစ်တို့ ရန်ကုန်တိုင်းမ်တို့မှာ ထည့်နေတဲ့ သတင်းဆောင်းပါးမျိုးတွေ ကျနော်တို့ရေးရင် မရဘူး။ ထုတ်ဝေခွင့်လည်း မရဘူး။ အဲဒါမျိုး သူတို့က ခွဲထားတာ။ ကျနော်တို့မှာ လွတ်လပ်ခွင့်ဆိုတာ ဘာမှမရှိဘူး။

မေး။ ။ ဆရာ ဒီကို ထွက်လာရတဲ့ အဓိကရည်ရွယ်ချက်က ဘာပါလဲ။

ဖြေ။ ။ ကျနော့်စာအုပ်တွေ အပိတ်ခံရတယ်။ စာပေနဲ့ ရပ်တည်လို့ မရဘူး။ အဲဒီတော့ လွတ်မြောက်နယ်မြေမှာ ကျနော် လွတ်လွတ်လပ်လပ် ရေးချင်တယ်။ နောက်တခုက ပြည်သူလူထုရဲ့ မှန်ကန်တဲ့ လိုအပ်ချက်ကို တနည်းအားဖြင့် ဖြည့်စွမ်းချင်တယ်။ နောက် ဒီမိုကရေစီတိုက်ပွဲမှာ တထောင့်တနေရာကနေ စာပေအကျိုးပြုမှုလုပ်ချင်တယ်။ ဟိုမှာတော့ လုပ်လို့မရဘူး။ ထပ်လဲ အဖမ်းမခံချင်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း ပြောသလိုပဲ။ ဗမာပြည်မှာ အစာငတ်ခံပြီးတော့လည်း နိုင်ငံရေးမလုပ်နဲ့၊ ထောင်ကျခံပြီးလည်း မလုပ်နဲ့၊ လုပ်ရင်းနဲ့ ကျသွားတာကတမျိုး၊ ဒီဟာကြီးကို ကျမယ်မှန်းသိလျက်နဲ့ လုပ်ရင် ကိုယ်ပဲ နစ်နာမယ်။ အချိန်တွေ အကျိုးမဲ့ ထောင်ထဲမှာပဲ ကုန်ဆုံးသွားမယ်။ အပြင်ထွက်လုပ်ရင် ပိုအကျိုးရှိမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာရတာ။

မေး။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဆရာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ သူတို့လုပ်မယ့် ရွေးကောက်ပွဲဟာ ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားကိုရောင်းမယ့် ဒီမိုကရေစီပဲ။ အဲဒီတော့ ဒီဥစ္စာ ခွေးသားမစားပါနဲ့လို့ ကျနော်ပြောတယ်။ စားချင်သပဆိုရင်လည်း စားကြပေါ့။ ကျနော်ကတော့ ဒီလိုပဲယူဆတယ်။ သူတို့ချထားတဲ့ ဥပဒေတွေ စည်းကမ်းတွေ ရွေးကောက်ပွဲဥပဒေတွေ ဆိုတာလည်း အပ်နဖားပေါက်ထဲကို ကုလားအုတ် ၀င်ခိုင်းသလိုပဲ။ ဘယ်လိုမှ သုံးလို့မရဘူး။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ။ ။

(ခေတ်ပြိုင်မှ ကူးယူဖော်ပြသည်.. )

0 comments:

Post a Comment