ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဇွန် ၈၊ ၂၀၁၁
ယမန်နေ့
နေ့ခင်း ဆရာဦးဝင်းတင် နေ့စဉ်ဆေးခန်းပြ ဆေးကုသမှုကအပြန် နေအိမ်မှာ
ခေတ္တတွေ့ဆုံ စကားပြောခွင့်ရတယ်။ ခြေထောက်က အနာတွေ သက်သာတယ်ဆိုပေမယ့်
အာရုံကြော နာကျင်ကိုက်ခဲမှုတွေက ရှိနေတုန်းပဲ။ သူက သူရဲ့ အိုခြင်း၊ နာခြင်း
ဒုက္ခတွေကို မပြောဘူး၊ ပြောတာလဲ ကြိုက်ပုံမရဘူး။ သူ လက်ရှိ
သွားလာလှုပ်ရှားမှုတွေဟာ ဝေဒနာကြောင့် ကန့်သတ်ခံထားရချိန်၊
အင်န်အယ်ဒီပါတီရုံးကို နေ့စဉ် ရုံးဆင်း ရုံးတက် လုပ်ခွင့်မသာဘဲ နေအိမ်မှာ
အနားယူနေရချိန်ကို အခွင့်ကောင်းယူပြီးတော့ ဒေါ်စု ခရီးသွားမယ် ဆိုတဲ့
ကိစ္စကို မေးဖြစ်တယ်။
ဒေါ်စုက
ခရီးထွက်မယ်လို့ ပြောလဲ ပြောလိုက်ကော တော်တော်ကို တုန့်ပြန်ချက်တွေ
မျိုးစုံကြားရတယ်။ စိုးရိမ်တာတွေ၊ ၀မ်းသာတာတွေ၊ ကြိုဆိုတာတွေ အများကြီး
ကြားရတယ်။ ရန်ကုန်မှာ၊ နယ်မှာ၊ ပြည်တွင်း ပြည်ပမှာ အစုံပဲ ကြားရတယ်။
မက်ကိန်းနဲ့ တွေ့အပြီး သတင်းထောက်တွေကလည်း မေးကြတယ်။ အဲဒီကိစ္စနဲ့
ပတ်သက်ပြီး ဆရာက ဘယ်လို ထင်မြင်ချက်ရှိသလဲ။
လူထုဆီက တိုက်ရိုက်အသံကို နားထောင်ကြည့်တော့ ကြိုဆိုမှုနဲ့ စိုးရိမ်မှု ၂ ခု ဖြစ်လာတာ တွေ့ရတယ်။ ကြိုဆိုမှုကတော့ ဘာမှထူးပြီး ပြောစရာမရှိဘူး။ လူထုနဲ့ ဒေါ်စုဟာ တိုက်ရိုက်တွေ့ဆုံတာတွေ ကင်းကွာနေတာ ကြာပြီ။ လူထုက ဒေါ်စုကို တွေ့ဆုံလိုတယ်၊ ကြိုဆိုလိုတယ်။ ဒါဟာ လူထုခေါင်းဆောင်တဦးနဲ့ လူထုကြားမှာ မဆန်းပါဘူး။ ကြိုဆိုကြမှာပဲ။ လှိုက်လှဲ ၀မ်းသာစွာ ကြိုဆိုကြမှာပဲ။ သဘာဝကျတဲ့ ကိစ္စပါပဲ။
လူထုဆီက တိုက်ရိုက်အသံကို နားထောင်ကြည့်တော့ ကြိုဆိုမှုနဲ့ စိုးရိမ်မှု ၂ ခု ဖြစ်လာတာ တွေ့ရတယ်။ ကြိုဆိုမှုကတော့ ဘာမှထူးပြီး ပြောစရာမရှိဘူး။ လူထုနဲ့ ဒေါ်စုဟာ တိုက်ရိုက်တွေ့ဆုံတာတွေ ကင်းကွာနေတာ ကြာပြီ။ လူထုက ဒေါ်စုကို တွေ့ဆုံလိုတယ်၊ ကြိုဆိုလိုတယ်။ ဒါဟာ လူထုခေါင်းဆောင်တဦးနဲ့ လူထုကြားမှာ မဆန်းပါဘူး။ ကြိုဆိုကြမှာပဲ။ လှိုက်လှဲ ၀မ်းသာစွာ ကြိုဆိုကြမှာပဲ။ သဘာဝကျတဲ့ ကိစ္စပါပဲ။
ဒါပေမယ့်
စိုးရိမ်မှုမှာကတော့ အရေးကြီးတဲ့ အချက်တခု ဖြစ်လာတယ်။ ၀ိဝါဒလို ဖြစ်လာတယ်။
တချို့က ဘယ်လောက်တောင် ပြင်းပြင်းထန်ထန်ပြောသလဲဆိုတော့ လုပ်ကြံခံရရင်
ခင်ဗျားတို့ တာဝန်ခံမလားလို့ ပြောကြတယ်။ နောက်ပြီးတော့ ဒေါ်စုကို
လုပ်ကြံဖို့ အန္တရာယ်တွေ ရှိသေးတယ်။ ခင်ဗျားတို့ကိုယ်တိုင် ခိုင်မာအောင်
လုပ်ပါဦး။ ဘာတွေ စီမံတာတွေ ရှိလို့လဲလို့ မေးလာကြတာတွေ ရှိတယ်။ အစိုးရကကော
အာမခံမှာ မို့လားဆိုပြီးတော့ မေးလာကြတာတွေလည်း ရှိတယ်။
"ဆိုတော့ ဒီလိုမျိုး စိုးရိမ်တာတွေ၊ ကြိုဆိုတာတွေက ဟိုတုန်းကကော ပေါ်ခဲ့တာလား၊ အယင်တုန်းကကော မရှိခဲ့ဘူးလား ဆရာ"
ဒါမျိုးတွေက
လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်တုန်းကတည်းက၊ ၈လေးလုံး ကာလမှာကတည်းက ရှိခဲ့တာပဲ
ဆိုတာကို ကျနော်က မီးမောင်းပြန်ထိုးပြချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို
လူထုနဲ့ ပထမဦးဆုံး ထိတွေ့ပြီး ဟောပြောမယ်၊ စသည်ဖြင့် စီစဉ်ကြတုန်းကလည်း
တချို့အနီးမှာ ရှိတဲ့သူတချို့က ခင်ဗျားတို့ အာမခံမလား။ ပစ်သတ်ရင်
ဘယ်လိုလုပ်မလဲလို့ ပြင်းပြင်းထန်ထန် ပြောကြတာတွေ ရှိတယ်။ စကားများကြတာတွေ
ရှိတယ်။ ကျနော်တို့ဘက်က လူထုခေါင်းဆောင်၊ လူထုဘက်က ရပ်တည်တဲ့သူဆိုပြီးတော့
လူထုကြားထဲ မသွားဝံ့ရင် ဘယ်နှယ့် ဖြစ်မှာလဲ လို့
ပြန်ပြောကြတာမျိုးတွေတောင် ရှိဖူးတယ်။
"အဲသည်တော့
ဒေါ်စုက ၈၈ အရေးအခင်းကာလ စစ်အုပ်ချုပ်ရေး ထုတ်တားတဲ့အချိန်မှာ လူထုနဲ့
တွေ့ဆုံပြီး မိန့်ခွန်းပြောတာလုပ်ခဲ့တယ်ပေါ့ ။ ဟုတ်လား"
ဟုတ်တယ်။
အဲသည်တုန်းက စစ်အုပ်ချူပ်ရေး မရုပ်သေးဘူး။ ၈ လေးလုံး အရေးအခင်းကာလတုန်းက
၁၉၈၈ သြဂုတ်လ ၂၄ ရက်၊ မနက်ခင်း၊ ရန်ကုန်ဆေးရုံကြီးမှာ ဖွင့်ထားတဲ့
သပိတ်စခန်း၊ စာပေနဲ့ စာနယ်ဇင်းသမားများသမဂ္ဂရဲ့ ဟောပြောပွဲ စင်မြင့်မှာ
သွားရောက်ပြီး စကားပြောတယ်။ မြန်မာပြည်မှာ သူရဲ့ ပထမဦးဆုံးအကြိမ် လူထုနဲ့
တွေ့ဆုံပြီး စကားပြောတာပဲ။ စစ်အုပ်ချူပ်ရေးမရုပ်သိမ်းခင်
နာရီပိုင်းအတွင်းမှာ ဖြစ်ခဲ့တာ ဖြစ်တယ်။ ဒါဟာ အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့
ပြောချင်တယ်။
ကောင်းပြီ။
အဲသည်တုန်းက စစ်အုပ်ချူပ်ရေးကာလအတွင်းမှာတော င် ဒေါ်စုက လူထုနဲ့ တွေဆုံပြီး
စကားပြောတာကို လုပ်ခဲ့သေးရင် အခု ဒီမိုကရေစီအစိုးရလိုလို
အရပ်သားအစိုးရလိုလို ခေါ်ဝေါ် ပြောဆိုနေကြတဲ့ အခုလို ကာလမျိုးမှာ ဘာဖြစ်လို့
လူထုကြားထဲဆင်းဖို့ တွန့်ဆုတ်နေရမှာလဲ။ ဘာအကြောင်းကြောင့် မသွားရဲ၊ မလာရဲ၊
မလုပ်ရဲ၊ မကိုင်ရဲ၊ မပြောရဲ၊ မဆိုရဲ ဖြစ်နေရမှာလဲ။ လူထုကြားထဲ ထွက်ရမယ်။ တွေ့ဆုံရမယ်။ ပြောရ ဆိုရမယ်။ ဒီလိုမျိုး ကာလ ၂ ခု ကို နှိုင်းယှဉ်ကြည့်ပြီး ကျနော်တို့အနေနဲ့ ပြောစရာ ရှိလာတယ်။
"ဟိုတုန်းကတော့
ဒေါ်စုက ဒီမိုကရေစီအရေးတော်ပုံအတွင်းမှာ မို့ လူထုကြားထဲကို ထွက်ခဲ့တယ်။
အခုကျတော့လည်း ဒေါ်စုက လူထုကြားထဲ ထွက်ဖို့ လိုသေးလို့လား ဆရာ။
ဒါမျိုးမေးလာရင်ကော ဆရာက ဘယ်လိုဖြေမလဲ"
ဒီမိုကရေစီခေါင်းဆောင်တို့
အမျိုသားခေါင်းဆောင်တို့ စသည်ဖြင့် ဒေါ်စုကို အမျိုးမျိုး ခေါင်းစဉ်တွေ
တတ်ကြတယ်။ အဲသည်ထဲမှာ အရေးအကြီးဆုံး ဒေါ်စုရဲ့ ဂုဏ်ပုဒ်က ဘာလဲ ဆိုတော့
ဒေါ်စုဟာ လူထုခေါင်းဆောင် ဆိုတာပဲဖြစ်တယ်။ လူထုခေါင်းဆောင်တယောက်ဟာ
လူထုကြားထဲကို မသွားဝံ့ရင် ဘာလူထုခေါင်းဆောင် ဖြစ်မှာလဲ။ ကျနော်တို့
လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကလည်း ပြောခဲ့တာ ရှိတယ်။ အောင်ဆန်းစုကြည်ဆိုတာ
ဗိုလ်ချုပ်အောင်ဆန်းသမီး ဆိုတာနဲ့ မဖြစ်ဘူး။
အောင်ဆန်းစုကြည်ဆိုပြီးတော့ သည်တိုင်းနေလို့ မဖြစ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်
လူထုခေါင်းဆောင်ဆိုတာ လူထုနဲ့ တွေ့ဆုံမှ၊ လူထုနဲ့ အတူယှဉ်တွဲနေမှ
ဖြစ်လိမ့်မယ်လို့ ပြောခဲ့တယ်။ လူထုနဲ့ တသားတည်းဖြစ်ရမယ်လို့ ပြောခဲ့တယ်။
"အခု
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိအစိုးရဆိုတဲ့သူတွေကကော
ဘယ်လိုမျိုး အသိအမှတ်ပြုလို့လဲ ဆရာ။ ဒီအစိုးရကို လူထုကိုယ်တိုင်က
အယုံအကြည်မရှိဘူး။ ဒါကြောင့် လူထုက ဒေါ်စုအတွက် စိုးရိမ်ကြတာ မဟုတ်ဘူးလား"
ဟုတ်ပါတယ်။
အဲဒါကြောင့်မို့လို့ အခုလည်းပဲ လူတွေက လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်မှုတွေ ဖြစ်ပေါ်လာကြပြန်တယ်။ စိုးရိမ်တဲ့
လူတွေကတော့ ဒီမိုကရေစီတပိုင်းအစိုးရတို့၊ စစ်အာဏာရှင်တပိုင်းအစိုးရတို့ ဘာမှ
လျောက်ပြောမနေနဲ့၊ ဒီလက်ရှိအစိုးရကို မယုံရဘူး။ ဒီအစိုးရဟာ လုံခြုံမှု၊
ကာကွယ်မှု၊ တာဝန်ယူမှုတွေ ဘာမှ ပေးနိုင်တာ မဟုတ်ဘူး။ စသည်ဖြင့် ပြောလာကြတယ်။
ကျနော်တို့က သူတို့ စိုးရိမ်ကြတာတွေကိုလည်း နားထောင်ပါတယ်။ လေ့လာပါတယ်။
"ဒါဆိုရင် အဲသည်စိုးရိမ်မှုတွေကို အသိအမှတ်ပြုတယ် ဆိုရင် အဲသည်အတွက် ဆရာတို့က ဘယ်လို ပြင်ဆင်မှာလဲ၊ ရင်ဆိုင်ကြမှာ မို့လို့လဲ"
ကျနော်တို့က
ကျနော်တို့ရဲ့ မိတ်ဆွေတွေ၊ အင်အားတွေကို ဘာပြောသလဲဆိုတော့။ ကျနော်တို့က
အဓိကဘာလုပ်နိုင်သလဲဆိုတော့ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်
လှုပ်ရှားမှုတွေနဲ့ ဒေသခံပြည်သူတွေကြားမှာ ဖြစ်ပေါ်နေတဲ့ သတင်းတွေကို
စုဆောင်းတယ်၊ နားစွင့်တယ်။ အမြဲ စောင့်ကြည့်နေတယ်။ နောက်တခုကလည်း
ကျနော်တို့က သတိအမြဲထားပြီး ကျနော်တို့ဆီက လုံခြုံရေးအတွက်
တာဝန်ယူနေကြသူတွေနဲ့ ပြည်သူတွေကပါ သတိထားပြီး လုပ်ကိုင်ဆောင်ရွက်ကြတယ်။
နောက်တချက်ကတော့ ကျနော်တို့တွေကြားထဲမှာလည်း သဘောထားတခုတည်းကို ထားရှိတယ်။
ဒီလိုမျိုး ပြောချင်တယ်။
"တခုတည်းသော သဘောထားဆိုတာက ဘာလဲ ဆရာ"
ဒီ
၁၉၈၉ နောက်ပိုင်း ကျနော် ထောင်ထဲကို ရောက်နေတဲ့အချိန်မှာ၊
အပြင်မှာထုတ်ဝေတဲ့ တိုင်းလား နယူးစ၀ိလား မသိဘူး။ စာစောင်တခုရဲ့
အာဘော်ပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်တဲ့။ ကျမကို ဒီနေ့ ပစ်သတ်ဦး၊
သေနတ်မောင်းဆွဲသူဟာ ဘယ်လိုမှ မထင်ထားတဲ့ သီလရှင်တဦး ဖြစ်နေစေဦး၊ အဲသည်က
လာတဲ့ ကျည်ဆံဟာ တကယ်တမ်းကျတော့ အာဏာရှင်တွေဆီက လာတဲ့ ကျည်ဆံဖြစ်တယ်။
နေ၀င်းတို့ စောမောင်တို့ရဲ့ လက်ချက်ပဲဖြစ်တယ် လို့ သူက ပြောခဲ့ဖူးတယ်။
ဒီသဘောထားကို ပြောတာဖြစ်တယ်။ အဲဒါကို ကျနော်တို့က သဘောထားအနေနဲ့
စွဲကိုင်ရမယ်။
လူထုခေါင်းဆောင်တဦးဟာ
လူထုကြားထဲမှာ သွားလာ နေထိုင်ရမှာပဲ။ လူထုကြားထဲမှာ နေထိုင်တဲ့အတွက်
လူတွေကြားထဲကနေ သူကို လုပ်ကြံသတ်ဖြတ်တာကို ကြုံရမှာပဲ။ ဒါအတွက်
ရင်ဆိုင်ရမှာပဲ။ ဒါပေမယ့် ခုနင်ကပြောတဲ့ ဥပမာအတိုင်း ကျည်ဆံဟာ ဘယ်သူကနေပဲ
ထွက်ထွက်၊ တကယ်တမ်း လုပ်ကြံသူဟာ စစ်အုပ်စုပဲဖြစ်တယ်။ စစ်အာဏာရှင်ဆိုသူတွေပဲ
ဖြစ်တယ်ဆိုတဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း သဘောပေါက်ထားကြဖို့
ဖြစ်တယ်။
ဒီတော့
ကျနော်တို့မှာ သ သုံးလုံးပဲ ရှိတယ်။ သတင်းရယ်၊ သတိရယ်၊ သဘောထားရယ်
ဒါနဲ့ပဲ ရင်ဆိုင်ကြရမှာပဲ။ ကျနော်တို့မှာ တခြား ဘာမှလဲ မရှိဘူး။
စစ်တပ်လည်း မရှိဘူး။ အင်အားတွေလည်း မရှိဘူး။ ဒီလိုမျို ကျနော်တို့က
ရင်ဆိုင်ကြရမှာပဲ။ သွားကြရမှာပဲ။
"တခြား နိုင်ငံတကာတွေ၊ တခြားသူတွေအနေနဲ့ ဘာတွေ လုပ်ပေးနိုင်ဦးမှာလဲ ဆရာ။"
ဒီစိုးရိမ်မှုတွေ
ရှိတဲ့သူတွေအနေနဲ့ကတော့ သူတို့ရဲ့ "သက်ဆိုင်ရာ" တွေကို ပြောဆို
ချည်းကပ်ကြဖို့၊ ဒီအရေးကို မြှင့်တင်ပေးကြဖို့ကို ကျနော်က
တိုက်တွန်းလိုပါတယ်။ နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ သံတမန်တွေနဲ့
ကျနော်တို့တွေကိုယ်တိုင်လည်း ပြောပါတယ်။ ဒေါ်စုရဲ့ လုံခြုံရေးကို
ခင်ဗျားတို့တွေကိုယ်တိုင် စိုးရိမ်တယ်ဆိုရင်
ခင်ဗျားတို့အစိုးရတွေကိုယ်တိုင် က ဒီက အစိုးရဆိုသူတွေကို
တိုက်ရိုက်စကားပြောဆိုပြီးတော့ ဒေါ်စုလုံခြုံရေးဟာ ခင်ဗျားတို့ရဲ့
တာဝန်ဖြစ်တယ်ဆိုတာကို ဖိအားပေးပြီး နိုင်ငံတော်တခုအနေနဲ့ ပြောဆိုကြပါလို့
ကျနော်တို့က ပြောတယ်။ ဒါက ကျနော်တို့ရဲ့ တိုက်တွန်းချက်ပဲ ဖြစ်တယ်။
"ဆရာတို့နဲ့ ပြောဆိုဆွေးနွေးနေတဲ့ မြန်မာ့အရေးအဖွဲ့အစည်းဆိုတာတွေ လည်း ရှိသေးတယ်လေ ဆရာ။ သူတို့ကိုကော ဆရာက ဘယ်လို တိုက်တွန်းလဲ"
အေး
ဟုတ်တယ်။ နိုင်ငံတကာက နေရာအနှံ့မှာရှိတယ် ဆိုတဲ့ အင်န်အယ်ဒီ အယ်လ်အေ
တို့စတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက လှမ်းပြောတယ်။ ဒေါ်စုရဲ့ ခရီးစဉ်နဲ့
ပတ်သက်ပြီးတော့ စိုးရိမ်တယ် စသည်ဖြင့် လှမ်းပြောတယ်။ အဲသည်အခါကျတော့
ကျနော်တို့က ဘာပြန်ပြောသလဲ ဆိုတော့ - အဲဒါဆိုရင် ခင်ဗျားတို့တတွေက
ကိုယ့်သက်ဆိုင်ရာ မြို့နယ်မှာ ရှိတဲ့ နိုင်ငံရေးသမားတွေ၊ အမတ်တွေ၊
အစိုးရအဖွဲ့ဝင်တွေ၊ ၀န်ကြီးတွေကို သွားရောက် ချည်းကပ်ပြီး ဒေါ်စုရဲ့
လုံခြုံရေးကို စိုးရိမ်တယ်ဆိုပြီး သွားရောက် ပြောဆိုပါ။
သက်ဆိုင်ရာအစိုးရတွေက အစိုးရချင်း စကားပြောဆို သတိပေးနိုင်အောင်
တိုက်တွန်းကြပါလို့ ကျနော်တို့က သူတို့ကို အကြံပေးပါတယ်။ ကျနော်
အမြဲတမ်းပြောပါတယ်။ ဒါလည်း အရေးကြီးတဲ့ အရေးဖြစ်ပါတယ်။
မက်ကိန်းကိုယ်တိုင်ကလည်း ဒီက အစိုးရက ဒုတိယသမ္မတကို ဒေါ်စုရဲ့ လုံခြုံရေးကို
တာဝန်ယူပါ။ ကာကွယ်ပါလို့ ပြောသွားတယ်။ ဒါဟာ ကျနော်တို့ပြောတဲ့ အချက်တွေကို
သူတို့တွေက အရေးယူနေတယ်ဆိုတဲ့ သဘောပဲ။
"ဆိုတော့
ဆရာတို့ရဲ့ အနီးကပ်ပါတီဝင်တွေ၊ အင်အားစုတွေက သတင်း၊ သတိ၊ သဘောထားဆိုတဲ့
အချက်တွေနဲ့ ရပ်တည်နေတယ်။ အဝေးမှာရှိနေတဲ့ အဖွဲ့အစည်းတွေ
အင်အားတွေအနေနဲ့ကျတော့ နိုင်ငံတကာက သက်ဆိုင်ရာအစိုးရတွေကနေ တိုက်ရိုက်
ဖိအားပေး အရေးဆိုပေးကြဖို့ကို တိုက်တွန်းတယ်။ သည်လိုမျိုးပေါ့။ ဟုတ်လား
ဆရာ။"
ဟုတ်တယ်။
ကျနော်တို့ကိုယ်တိုင်ကလည်း တွေ့ဆုံနေတဲ့ အဖွဲ့တွေ၊ သံတမန်တွေ၊
သတင်းသမားတွေကိုလည်း ဒီအရေးကို မြှင့်တင်ပြောဆိုပေးကြဖို့လည်း
တိုက်တွန်းလျက် ရှိနေပါတယ်။
"သတိဆိုတာကလည်း သတိပေါ့ ဆရာရယ်။ စပြီး ခရီးထွက်တာနဲ့ တခါတည်း အဝေးကြီးတွေ၊ အကြာကြီးတွေ ထွက်တာမျိုးတွေတော့ မလုပ်ဘူး ထင်ပါရဲ့"
ကျနော်တို့ကလည်း
ခရီးထွက်တယ်ဆိုတဲ့နေရာမှာ လွယ်ကူတဲ့နေရာတွေ၊ လမ်းပန်းဆက်သွယ်ရေး
အဆင်ပြေချောမွေ့တဲ့ နေရာတွေ၊ လူထုတွေကိုယ်တိုင်က
ဝိုင်းဝန်းစောင့်ရှောက်ကြမယ့်ေ နရာတွေ၊ ဒါတွေကို ရွေးမှာ ဖြစ်ပါတယ်။
အားလုံးကို ချိန်ဆပြီး သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ
သွားနိုင်မယ့် မြို့နယ်တွေကိုယ်တိုင်က အများကြီး ရှိပါတယ်။ အရေးတကြီး
နေရာတခုတည်းကို သွားမယ်ဆိုရင်လည်း အဲသည်ကို တိုက်ရိုက် အရောက်သွားမယ်၊
တိုက်ရိုက် ပြန်လာမယ်။ ဒါမျိုးတွေ စဉ်းစားမှာ ဖြစ်ပါတယ်။
"ဘယ်တော့လောက် ဖြစ်မယ် ထင်သလဲ။ မွေးနေ့ ပြီးမှလား ဆရာ"
ဖြစ်နိုင်ရင်တော့
မွေးနေ့ကျော်၊ ဇူလိုင်လဆန်းလောက်မှာမှ စတင်စီစဉ်မှုတွေ ဖြစ်လာမယ်
ထင်ပါတယ်။ ခရီးထွက်ဖြစ်မယ် ဆိုရင်လည်း အားလုံးကို အသိပေးအကြောင်းကြားပြီး
ထွက်မှာ ဖြစ်ပါတယ်။ လူထုခေါင်းဆောင်ကို မျှော်လင့်နေတဲ့
မြန်မာပြည်သူတွေကလည်း ကြိုဆိုဖို့သာ ပြင်ဆင်ထားကြပေတော့လို့ ပြောချင်တယ်။
ကျနော်တို့ကိုယ်တိုင်လည်း တတ်နိုင်သလောက် ပြင်ဆင်ပြီး ဆောင်ရွက်နေတယ်။
တိုက်တွန်းနေတာ ဖြစ်တဲ့အတွက် စိုးရိမ်သင့်တာထက် ပိုပြီး မစိုးရိမ်ကြပါနဲ့
လို့ ပြောချင်ပါတယ်။ ဒါပါပဲ။"
"ကျေးဇူးတင်ပါတယ် ဆရာ"
0 comments:
Post a Comment