Sunday, June 12, 2011

နိုက်ကလပ်မှမြတ်ဗုဒ္ဒ

အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့ စားသောက်ဆိုင်ကြီး တစ်ဆိုင်မှာ
မြန်မာအလုပ် သမားလေး ရန်မျိုးအောင်ဟာ ဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ
တတွတ်တွတ်ရွတ် နေရှာတယ်။ သူ့ဘ၀ သူ့အခက်အခဲ သူ့ရည်ရွယ်ချက်တွေ
အောင်မြင်ဖို့အတွက် ဘုရားသာ အားကိုးရာရှိ တော့တယ်လို့ သူယုံ ကြည်ထားလို့ပါ။

သူ့ရည်ရွယ်ချက် ဆိုတာကြွယ်ဝ ချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘ၀အောင်မြင်ဖို့
ချစ်တဲ့သူနဲ့အတူ လက်တွဲပြီး သာယာတဲ့ ဘ၀ခရီး
လျှောက်လှမ်းနိုင်ဖို့ဆိုတဲ့လူငယ်တို့ သဘာဝ ရှိတတ်တဲ့
မျှော်မှန်းချက်တွေတော့ မဟုတ်ပါဘူး၊ လူငယ်နဲ့ မလိုက်ကိုယ့်
အခြေအနေနဲ့မတတ်နိုင်တဲ့ မျှော်မှန်းချက်တစ်ခု သူ့မှာရှိ
နေလို့ပါ။သူ့မျှော်မှန်းချက် ဆိုတာ ၂၀၁၀ခု၊ သြဂုတ်လကစတင်ခဲ့တာပါ။
သူအလုပ်လုပ်တဲ့ စားသောက်ဆိုင်က လူသုံးရာကျော် စားနိုင်တဲ့
ဆိုင်ကြီးပါ။ အာရှအစားအစာ မျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာ
ရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။

 ရန်မျိုးအောင်ဟာ တနေ့တော့ အလုပ်ကအပြန် ရေမိုးချိုးပြီးအနားယူနေချိန်မှာ
နိုက်ကလပ် သွားချင်တဲ့ စိတ်တွေပေါ် လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ၀ါသနာပါသူ
မဟုတ်တော့လို့  သွားချင်တဲ့ စိတ်တွေ မဖြစ်ခဲ့တာလည်း ကြာခဲ့ပါပြီ။ ဒီနေ့တော့
ဘာကြောင့်လို့ရယ် မသိသွားချင်တဲ့ စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။ မတော်ပါ
ဘူးဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ်လိုက်နဲ့ ဖြေဖျောက်ဖို့ ကြိုးစား
ခဲ့တယ်။မရဘူး၊ မသွားရ မနေနိုင် လောက်အောင် ဖြစ်နေတယ်။ ကဲ ဒီလောက် တောင်ရှိရင်သွား
မယ်ဆိုပြီး ဘယ်သူမှ မခေါ် ဘယ်သူမှ မတိုက်တွန်းပဲ သွားချင်လှတဲ့ ဆန္ဒကို
ရှေ့တန်းတင်ပြီး ထွက်ခဲ့တော့တယ်။နိုက်ကလပ် ဆိုလို့ အခြားဆိုင်တော့ မဟုတ်ပါဘူး။
သူအလုပ် လုပ်တဲ့ဆိုင်ပါ။ နေ့ခင်းမှာ စားသောက်ဆိုင်လုပ်ပြီး ည
၁၀-နာရီကျော်မှ၂-နာရီအထိ နိုက်ကလပ်အဖြစ် ဖန်တီးပြင်ဆင် လိုက်တာပါ။

 ဆိုင်ထဲရောက်သွားရင်ပဲ “ဘုရား-- ဘုရား--”လို့ ရေရွတ်တမ်း တမိပြီး တအံ့တသြ
ငေးမောကြည့် နေမိတယ်။ တဘက်နံရံမှာ ရှိနေတဲ့ (၁၀)ပေ ခန့်ရှိတဲ့
ဘုရားဆင်းတုတော်ကြီးကို သူအလုပ်လုပ်တိုင်း မြင်နေကျပါ။ ဆိုင်မှာအလှအပ အဖြစ်ထား
တယ်လို့ပဲ သူနားလည်ထား ခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုးမြင်ရလိမ့်မယ်လို့ သူမမျှော်
လင့်ခဲ့ဘူး။ ခုတော့ ဘုရားခမျာ ဗယုတ်သုတ်ခနဲ့  လှုပ်လှုပ်ရွရွ
မြူးတူးပျော်ပါးနေတဲ့ ကာမမှောင် တောထဲမှာ သီတင်းသုံးတော် မူနေရရှာတယ်။

လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော်ကြီး ၀န်းကျင်မှာ ဖိုမအစုံစုံ
ယစ်မူးအဟုန်ဖြင့်
အစွမ်းကုန် မြူးတွန့်နေကြတယ်။ ဘုရားရဲ့ ရှေ့တည့်တည့် (၁၀)ပေခန့်အကွာမှ
ခုံပေါ်မှာတော့
လက်တစ်ဝါးခန့် အ၀တ်လေးများ ဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေး များကသူတို့ကို
ကိုယ်အလှ သူ့တိုအကတွေနဲ့ ကာမမှောင်ကို မှောင်သည်ထက် မှောင်အောင်
ဆွဲဆောင်နေပြန်တယ်။
ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့ မှိတ်ချီဖွင့် ချီရောင်စုံမီး ဆလိုက်များက
ဘုရားဦးခေါင်းတော် ဘေးဝန်းကျင်ကို ဖြတ်ကျော်ပြီး ညဥ့်ငှက်မ လေးများရဲ့ကိုယ်အလှကို
မြင်သာအောင်ထိုးပြနေ ပြန်တယ်လေ။ ဘုရားက ရောင်ခြည်တော်ဖြင့် ထိုးပြနေသလို စီမံထားလေ
သလားတော့မသိ။

 ဆင်းတုကိုယ်တော်မြတ်ကြီးက “ငါဘုရား အဇပါလ ညောင်ပင်အောက် သီတင်းသုံးစဉ်က
မာရ်နတ်ရဲ့သ္မီးများ ဖြစ်တဲ့ တဏှာ၊ရတီ၊ရာဂါ တို့ညီမသုံးယောက်က ငါဘုရားကို
လာဖြားယောင်းဖူးတာ တစ်ခါပဲ ရှိခဲ့ဖူတယ်။ ဒီအဖြူမ လေးတွေက ညတိုင်းလာ ဖြားယောင်း
နေပါလား ”လို့ တွေးထင်တော်မူလေ မလားမသိ။ ရန်မျိုးအောင်တော့ ဘုရားကြီးအတွက်
စိတ်မသက် မသာဖြစ် ခဲ့ရပြီ။ ရန်မျိုးအောင်ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီး
ဘုရားအနီး ချဉ်းကပ်သွားခဲ့တယ်။

အလား--လား-- ပိုဆိုးပါလား။ စကပ်လေးတို နန့်နန့်နဲ့ မိန်းကလေးက
ဘုရားခုံပေါ်ထိုင်ပြီး ဘုရားပေါင်တော်ကို သူ့ပေါင် နဲ့ထိထိုင်ကာ စတိုင်ကျကျနဲ့
အရက်ခွက် ကိုကိုင်လို့၊ တစ်ချို့က ဘုရားခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေ
တင်ထားပြန်တယ်။ ဒီထက်ဆိုးတာက မိန်းကလေးက ဘုရားကို ကျောမီနေပြီး သူ့တွဲဖက်
ကောင်လေးက ဘုရားပေါ် လက်ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။
ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော် ကြီးဝန်းကျင်မှာ ဖြစ်ပျက်နေ
ပုံများကိုကြည့်ပြီး ဒေါသတွေ ချောင်းချောင်း ထွက်မိတယ် ၊ဖြစ်နိုင်ရင်
ဝါးရင်းဒုတ်နဲ့ အားလုံးကို မောင်းထုတ်ပစ် လိုက်ချင်တယ်။ မပြုဝံ့ပါပေ၊
“ခါကျဉ်ကောင် မာန်ကြီးပေမဲ့ တောင်ကြီးကို တဲ့ဖြိုမယ့်ကြံ ခါးကမသန်”ဆိုသလို
သာမန်အလုပ် သ္မားလေး ရန်မျိုးအောင် ဘာတတ်နိုင် ပါမည်နည်း။




ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွား တော်ကြီးကို ကြည့်ပြီးကြိတ်မနိုင် ခဲမရ
ဖြစ်နေရတယ်၊ လှုပ်လှုပ်ရွရွ တွန့်လိမ်ပွတ်သပ် နေတဲ့မြင်ကွင်း၊
မြူးကြွဆူညံနေတဲ့ဂီတသံ၊ထောင်းထောင်းမွှန်နေတဲ့အရက်နံ့၊မျက်နှာ
တော်တည့်တည့်မှာ တစ်ကိုယ်လုံး နီးပါးပေါ်နေတဲ့ ကခြေသည်မ လေးတွေရဲ့ တုန်ကာလုပ်ကာ
မြူဆွယ်ပြ နေတဲ့အက ၊ဒီဝန်းကျင်မှာ နေရရှာတဲ့ ဘုရားရုပ်ပွားတော် ကြီးခမျာ
ဆင်းရဲရှာ မှာပဲနော်လို့ သူ့အတွေး သူ့အမြင်နဲ့ ရုပ်ပွားတော်ကြီးကို သိပ်သနား
နေမိတယ်။ ဘုရားဆိုတာ သနားစရာ မဟုတ်ပေမဲ့ သူ့ရင်ထဲမှာ တော့ တကယ်သနား
နေမိတယ်။ဘုရားနဲ့ ဒီဝန်းကျင်က
လုံးဝဆန့်ကျင် နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲ့ မျက်နှာတော်ကို
စိုက်ကြည့်မိရာကသူ့ရင်ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ ငါဘုရားကို
တစ်ခြားနေရာကို ပင့်နိုင်ရင်
ပင့်စမ်းပါကွာ” လို့မိန့်တော်မူ နေသလို ခံစားမိပြန်တယ်။

ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကို ရောက်လာရခြင်းမှာ သာမန်ရောက်လာ
ခြင်းမျိုးမဟုတ်၊ လာချင်တဲ့ ဆန္ဒတွေ ပြင်းပြလွန်းလို့ အရောက်လာ ခဲ့ရတာ။
ဘုရားစောင့်နတ် တွေကများ ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။ မည်သို့ပင်ဖြစ်စေ
အခြေအနေ အရပ်ရပ်ကို သူသိလိုက်ရပြီ။ အမျိုးဘာသာ သာသနာအတွက် လူတိုင်းမှာ
တာဝန်ရှိတယ်။ တာဝန်ရှိသူဟာ တာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။
ရန်မျိုး အောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေးငယ် သူတော့မဟုတ်။ တာဝန်ရှိလာရင်
ဆောင်ရွက်ရန် အဆင်သင့်၊ သာသနာ အတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။
ဒီကာမမှောင် အတွင်းက ဗုဒ္ဓရုပ်ပွားတော် ကြီးကို ပင့်ထုတ် ရမယ့်တာဝန်ဟာ
ငါ့တာဝန်လို့ ဦးထိပ်မှာ တင်ကာခံယူ လိုက်တော့တယ်။ “ဘုရားရုပ်ပွား တော်ကြီးကို
ငါရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။ သူရဲ့အဓိပတိ
စွမ်းအားရှိတဲ့ ဆန္ဒ အလင်းရောင်ဟာ ဒီဝန်းကျင် ကာမမှောင် ကိုကျော်လွန်ကာ
တောက်ပခဲ့ပေပြီ။

 ရန်မျိုးအောင်ဟာ နောက်နေ့မှာ စောစောအလုပ်ဆင်း ဖြစ်တယ်။ ဆူရှီဘားမှာ
အလုပ်လုပ်ရင်း ဆိုင်ရှင် သူဋ္ဌေးအလာကို စောင့်နေတယ်။ သူဋ္ဌေးရောက်လာပြီး ခဏမှာ
ဘုရားအတွက် ဆန္ဒပြင်းပြနေတဲ့ ရန်မျိုးအောင်ဟာ ရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်း
ထဲသို့ဝင်ခဲ့ရာ မခေါ်ပဲနဲ့ရောက်လာတဲ့ အလုပ်သ္မားကို သူဋ္ဌေးက ခပ်စိမ်းစိမ်း
မော့ကြည့်တယ်။ “သူဋ္ဌေးကို ပြောစရာ ရှိလို့ပါ”။ “အေး-ပြော”။ “ဒီဆိုင်ထဲက
ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့်ကို ရောင်းပါ၊ ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ်
ကျွန်တော်လုပ်ခ မယူပဲ တနှစ်လုပ်ပေးပါ့မယ်”။ ရန်မျိုးအောင်ဟာ သူ့ကြံစည်ထား
တဲ့အတိုင်း ဟောဟောဒိုင်းဒိုင်း ပြောချလိုက်တယ်။ သူဋ္ဌေးက ဒီကောင် မတန်မရာ ဘာတွေလာ
ပြောနေတာလဲ ဆိုတဲ့သဘောမျိုးနဲ့ လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို
ငြင်သာစွာ ရမ်းပြလိုက်တော့ ရန်မျိုးအောင်ခေါင်း ငိုက်ဆိုက်ဖြင့် အခန်းထဲက
ထွက်ခဲ့ရ ရှာတော့တယ်။ ပြောဆိုမာန်မဲ မလွှတ်လိုက် သည်ကိုပင် ကျေးဇူးတင်ရမလို။


ရန်မျိုးအောင်ဟာ အလျှော့မပေး စိတ်ဓါတ် ဆိုင်မန်နေဂျာ အမျိုးသ္မီး ထံချဉ်းကပ်ပြီး
သူဋ္ဌေးကို ကူညီပြော ပေးပါရန် အသနား ခံခဲ့တယ်။ မန်နေဂျာကလဲ
မဖြစ်နိုင်ကြောင်းနှစ်သိမ့်စကား သာပြောတယ်။ရင်းနှီးနေလို့မန်နေဂျာကိုတော့ အခွင့်သင့်တိုင်း
အကူအညီ တောင်းဖြစ်တယ်။ ဘာမှတော့ အကြောင်းမထူးခဲ့။ တနေ့တော့ မန်နေဂျာကို
ပြောမိတယ် “ ဒီဗုဒ္ဓ ရုပ်ပုံတော်က ငါတို့ဗုဒ္ဓ ဘာသာတွေအတွက် အထွတ်အမြတ်
ကိုးကွယ်တဲ့ ဗုဒ္ဓ၊နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလို မရိုမသေ မဖွယ်မရာတွေ
ပြုလုပ်နေတာကို တွေ့ရင် နင်တို့ကြိုက်ပါ့မလား။ ငါတို့ဗုဒ္ဓကို ဒီလိုပြုလုပ်
နေတာကို မြင်ရတော့ ငါသိပ်စိတ်ဆင်း ရဲရတယ်။” လို့ မအောင့်ပဲ ခံစားမိတဲ့
အတိုင်းပြော ချလိုက်မိတယ်။ သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။
ရန်မျိုးအောင် စကားကြောင့် မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ
အမှန်တရားပဲလို့ ယူဆသွား ပုံရတယ်။ အသိတရား ရှိသူတိုင်း အမှန်တရားကို
လက္ခံကြမည်သာ…။

ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင် ရင်ထဲမှာ အနည်းငယ် ပေါ့သွားတယ်။
သူဋ္ဌေးကိုလဲ ပြောပြလိမ့်မယ်လို့ မျှော်လင့်မိရင်း ကျေနပ် နေမိတယ်။
ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခု တိုးခဲ့ပြီ်၊ အလုပ်ကို
စောစောလာပြီး ညကမြူတူး ပျော်ပါးသောက်စားကြရင်း ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ
တင်ထားခဲ့တဲ့ အရက်ခွက်တွေ၊ ပေကျန်နေတဲ့ အရက်စက်တွေ၊ ဘုရားဝန်းကျင်မှာ
စွန့်ပစ်သွားကြတဲ့ အရက်ခွက်တွေကို သုတ်သင်ရှင်းလင်းတယ်။ ပြီးရင် သရဏ
ဂုံသုံးပါးနဲ့ ဘုရားဂုဏ်တော် ကိုးပါးကို အခေါက်ခေါက် အခါခါရွတ်ဆိုပြီး
ပူဇော်ကန်တော့တယ်၊ ဘုရားကြီးကို ပင့်နိုင်ရ ပါလို၏ လို့လည်း အကြိမ်ကြိမ်
ဆုတောင်းမိတယ်။ ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊ နေ့စဉ်ကုသိုလ် တစ်ခုဖြစ်
ခဲ့လေပြီ…။

ဒီလိုနဲ့ ရက်တွေ လတွေပြောင်း ခဲ့ပေမဲ့ ရန်မျိုးအောင် မျှော်လင့်ချက်ကတော့
ဘာမှအကောင် အထည်ပေါ် မလာသေး။ “ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ” (ပြင်းထန်သော
ဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည် မည်သည်မရှိ)ဆိုသည့် အတိုင်း ဘုရားပင့်လို
တဲ့ဆန္ဒက ပိုလို့ပင် တိုးလာမိတယ်။ ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်းထဲသို့
ဝင်ခဲ့မိပြန်တယ်။“သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေးပါ့မယ်၊ ခြောက်လလဲ
လုပ်အားခမယူပဲ အလုပ်လုပ် ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး
ကျွန်တော့်ကို ရောင်းပေးပါ”၊ ရန်မျိုးအောင်က ဒီတခါတော့ ပုံစံ တစ်မျိုးပြင်ပြီး
တောင်းဆိုလိုက်တယ်။ သူဋ္ဌေးရဲ့ မျက်နှာဟာ ပထမအခါလို မဟုတ်တော့လို့ ရန်မျိုးအောင်
အားတက်မိတယ်။ မန်နေဂျာကလဲ ပြောထားလိမ့်မယ်လို့ သူထင်မြင်မိတယ်။

“မင်း ဒီလောက်တောင် လိုချင်နေရင် ဒီနေရာမှာ အစားထားဖို့ နဂါးကြီး
တစ်ကောင်ရှာပေးပါ”။ ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊ “ဟုတ်ကဲ့၊ ကျွန်တော်
ရှာပေးပါ့မယ်”လို့ဝမ်းမြောက်ဝမ်းသာ ကတိပေးလိုက်တယ်။ အလုပ်အားရက်တိုင်း
ရန်မျိုးအောင် နဂါးရှာပုံတော် ဖွင့်လေပြီ။ သူငယ်ချင်း ကိုမိုးဝင်းတို့
ဇနီးမောင်နှံ ကလည်းကူညီ ရှာပေးတယ်။ လော့စ် အိမ်ဂျ လိစ်မှာရှိတဲ့
ဆိုင်ပေါင်းစုံကို အနှံ့ရောက်ခဲ့ပြီ။ အသိမိတ်ဆွေ များကိုလည်း
ဖုံးဆက်စုံစမ်းတယ်။ စာရေးသူထံ ကိုလည်းဖုံး ဆက်ခဲ့တယ်“ဆရာတော် နဂါးရုပ်ကြီးကြီး
ဘယ်မှာရနိုင်မလဲဘုရား။” “တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ”လို့ လွယ်လွယ်ပဲ
ဖြေလိုက်တယ်။ အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။

နဂါးရှာရင်း ငွေခြောက်ထောင် အတွက်လည်း ရှာရသေး၊ တကယ်တော့ သူ့မှာမရှိ၊
သိမ်းထားတာ လေးတွေ တွက်ချက်ကြည့် လိုက်တော့ သုံးထောင်သာရှိပြီး
သုံးထောင်လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူ စရိတ်ကလည်း တစ်ထောင်လောက်
ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။ ခေါင်းကုတ်လို့
ကြံသော်လည်းအကြံက မထွက်။ ချေးးဖို့ငှါးဖို့ ဆိုတာလဲ မလွယ်ကူလှ။
ရှိတဲ့ပစ္စည်း
ကြည့်ပြန်တော့လဲ ဆွဲကြိုးတစ်ကုံးနဲ့ မော်တော်ကား သာရှိရဲ့။ ကားကလဲ အလုပ်သွား
ဖို့အတွက် မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊ မိမိငှါးရမ်းနေတဲ့ ၁၀-ပေ
၁၅-ပေအခန်းလေးထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြား လှန်လှောမွှေနှောက်
ရှာမိပြန်တယ်။
ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။




ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက် ဘ၀ကိုပင် ပေးဆပ်ချင်
ပေးဆပ်ရပါစေ၊ ငါဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ထား ပြီးဖြစ်ရာ ကားကိုရောင်းမယ်၊
အိမ်နဲ့အလုပ်က လေးမိုင်ပဲ ဝေးတာ၊ လမ်းလျှောက်သွားမယ်။ ဘုရားအတွက်ပဲ
ဒီလောက်တော့ ဒုက္ခခံ
ရမှာပေါ့။ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ်မိတယ်။
ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်းတဲ့ စေတနာဟာ အလွန်အကျိုး
ကြီးတယ်လို့ မြန်မာပြည် မှာကထဲက ကြားခဲ့ဖူး နာခဲ့ဖူးတယ်။

ဒါပေမဲ့ အကျိုးကို သူမမျှော်၊ ကာမမှောင် အတွင်းက ဘုရားရုပ်ပွားတော်ကြီး
ပင့်ထုတ်နိုင်ဘို့သာ အဓိက မျှော်မှန်းချက်။ အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း
ကားအဟောင်း ရောင်းဝယ်တဲ့ ဆိုင်တွေကို သူ့ကား ဈေးနှုန်း စုံစမ်းတယ်။ ရွှေဆိုင်မှာ
သူ့အမေပေးထားတဲ့ အမြတ်တနိုး ဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊
နှစ်ခုပေါင်းလိုက်တော့ လေးထောင်ကျော်လောက် ရမယ်လေ။ ဟုတ်ပြီ၊ ရန်မျိုးအောင်
သိပ်ပျော်သွားပြီ၊ ဘာမှပူစရာ မလိုတော့။ ဟန်ကျလိုက်ပုံက နဂါးကိုလဲ
တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့ နဂါးကြီး တောင်ပံကြီးနဲ့ လှမှလှ၊
သူဋ္ဌေးတော့သိပ်သဘော ကျလိမ့်မည်။ ရန်မျိုးအောင် ပျော်မဆုံးတော့၊
သူငယ်ချင်းကို မိုးဝင်းကို
ပုခုံးကို လက်သီးနဲ့ ထိုးပြီး “အောင်ပြီကွ”လို့ ကြွေးကြော်မိတယ်။

 နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီး
ဘုရားရဲ့လက်တော်ကို လက်နှစ်ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ “အရှင်ဘုရားကို
ပင့်နိုင်တော့မည် ဘုရား”လို့ အားပါးတရလျှောက် ထားလိုက်မိတယ်။ သူဋ္ဌေးလာတော့
သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင် သွားသူလို ရွှင်လန်းတက်ကြွစွာ ၀င်ခဲ့ပြန်တယ်။
တတိယ အကြိမ်ဝင် ခဲ့ခြင်းပေါ့။ “ ရန်- မင်းနဂါးတွေ့ပြီလား။” “ဟုတ်ကဲ့၊
တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ။” “မင်း နဂါးက ဘယ်နှစ်ပေလောက်ရှိလဲ။”
“၇-ပေရှိပါတယ် ခင်ဗျာ။” “ငယ်တယ်ကွာ၊ ငါက ၁၀
ပေအထက်နဂါးပဲလိုချင်တယ်”။ရန်မျိုးအောင်ရဲ့
အောင်လံကို အချိုးခံလိုက်ရပြီ။ ခေါင်းငိုက်ဆိုက်ဖြင့် ထွက်ခဲ့ရပြန်ပြီ။
ခဲလေသမျှ သဲရေကျပြီထင့်…။

 ရန်မျိုးအောင်ဟာ ဆူရှီဘားမှာထိုင်ကာ ငိုင်နေမိတယ်၊ ဘာလုပ်ရမလဲလို့
စဉ်းစားနေမိတယ်။ ဆိုင်ပေါင်းစုံ ရောက်ခဲ့ပြီးဖြစ်လို့ ၁၀-ပေ လောက်ကြီးတဲ့နဂါး
မရှိဘူး ဆိုတာလဲ သူသိထားပြီးဖြစ်သား။ ဇာတ်လမ်း ကတော့ပြီးလေပြီ.. ။ဒါပေမဲ့
ရန်မျိုးအောင် အရှုံးမပေးချင် ဆက်လက်ကြိုးစား ချင်တယ်။လမ်းစလဲမမြင်။ အဖန်ဖန်
အထပ်ထပ် ရှာကြံစဉ်းစား ဆင်ချင်မိပြန်တယ်။ ခေါင်းထဲမှာ ဉာဏ်အလင်းရောင် ပေါ်လာတယ်
“ဟုတ်ပြီ - ဘုရားမှ တစ်ပါး အားကိုးရာမရှိဘူး၊ ဘုရားဂုဏ်တော်တွေကို ရွတ်ပွားပြီး
သစ္စာဆိုမယ်”လို့ မျက်စိလယ် လမ်းပျောက်နေသူ လမ်းမှန်တွေ့သလို အရမ်းအား
တက်သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်း ဆူရှီလိပ် လေတော့တယ်။

ရန်မျိုးအောင် တစ်ယောက် ဂုဏ်တော် ပေါက်လေမလား၊ လူပေါက်နေသူလို့ ထင်ကြလေမလား
မသိ၊ တချိန်လုံးဂုဏ်တော် တွေကိုသာရွတ် နေတော့တယ်။ အလုပ်သွား အလုပ်ပြန်
ကားမောင်းရင်းလဲ ဂုဏ်တော်ရွတ်၊ ဈေးသွား ဈေးဝယ်ပြန်ရင်လဲ ဂုဏ်တော်ရွတ်၊
ချက်ရင်းပြုတ်ရင်း အိမ်မှာနေရင်းလဲ ဂုဏ်တော်ရွတ၊် တစ်ခါတရံ အာခေါင်တွေ
ခြောက်ပြီး လျှာပင်ပူလာ တဲ့အထိ ဖြစ်ခဲ့ရတယ်။ ဒီအထဲ အလုပ်ကလဲ ပူလာပေပြီ၊
သူ့ဆူရှီဘားတွင် အလုပ်သ္မား သုံးယောက်လုပ် နေရာမှ အခြားနှစ်ယောက်ကို စီးပွားရေး
မကောင်းဟုဆိုကာ ရှေ့ဆင့်နောက်ဆင့် ဖြုတ်ပစ်လိုက်ရာ၊ သုံးယောက် တာဝန်ကို
တစ်ယောက်တည်း လုပ်နေရတော့တယ်။ မပြီးသေးဘူးလား၊ ကြာလှချည့်လားလို့လဲ မကြာမကြာ
အအော်ခံရ၊ အဆူခံရပြန်တယ်။ ရန်မျိုးအောင် စိတ်ညစ်လာပြီ၊ အလုပ်က
နှစ်ဆလောက်ပိုပင်ပမ်း၊ ဟောက်လိုက် ဆူလိုက်တာကလဲ နေ့စဉ်လိုဖြစ်နေတော့ အလုပ်ထွက်
တော့မယ်လို့စိတ်ကူးမိတယ်၊ မဖြစ်သေးပါ၊ ဘုရားကြီးကို ထားခဲ့လို့ မဖြစ်သေးပါ၊
ဘုရားကြီးကို တစ်ပါတည်း ပင့်နိုင်မှ ငါထွက်တော့ မယ်လို့ စိတ်ဒုန်းဒုန်းချကာ
ပင်ပမ်းသမျှ၊ ဆူသမျှတွေကို သည်းခံပြီး ဂုဏ်တော်တွေကိုသာ အဖန်ဖန်
ရွတ်ပွားနေတော့တယ်။

တရွေ့ရွေ့ဖြင့် အောက်တိုဘာလ နောက်ပိုင်းသို့ပင် ရောက်ခဲ့ပေပြီ။
ဘုရားကြီးဝန်းကျင်မှာ မြူးတူးပျော်ပါး ကနေကြဆဲ၊ ရန်မျိုးအောင်လည်း ဘာရန်မှ
မအောင်နိုင်ရှာ။ ဂုဏ်တော်သာ ရွတ်နေဆဲပင်။ တနေ့တွင် သူဋ္ဌေးရဲ့ ဖခင် အဖိုးကြီး
ဆိုင်ကိုရောက်လာတယ်၊ ရန်မျိုးအောင် အလုပ်လုပ် နေရာမှ ထွက်လာပြီး အဖိုးကြီးကို
ရိုရိုသေသေ ပြင်ဆင်ကျွေးမွေး ပြုစုတယ်။ အဖိုးကြီးကို မေတ္တာပို့ တယ်၊ အဖိုးကြီး
မပြန်မချင်း စူးစူးစိုက်စိုက်ပို့ နေမိတယ်။ ဂုဏ်တော်အစွမ်း မေတ္တာပန်းတို့က
အချည်းအနှီး မဖြစ်ပါပေ။ ဗုဒ္ဓဘာသာ ၀င်တို့ရဲ့ အားအကောင်းဆုံး လက်နက်များပင်
မဟုတ်ပါလား။ လက်နက်ကောင်း တွေရှိပါလျှက် မသုံးတတ်လျှင် အောင်ပွဲဆင်နိုင်မည်
မဟုတ်ပေ။

ရန်မျိုးအောင်ကတော့ သူပိုင် လက်နှက်များဖြင့် ဒလပ်စပ် ပစ်ခတ်နေပေပြီ။
နောက်တစ်ပတ် လောက်မှာ ရန်မျိုးအောင်ရဲ့မွေးနေ့ရောက်လာတယ်၊ နိုဝင်္ဘာလ ၂
ရက်နေ့ပေါ့၊ ဆိုင်ကိုစောစောလာပြီး ပြုလုပ်နေကြဖြစ်တဲ့ ဘုရားဆင်းတု တော်ကြီးကို
သန့်ရှင်းရေး လုပ်တယ်။ပါလာတဲ့ ပန်းစည်းကို မွေးနေ့ ကုသိုလ်အဖြစ်
ဘုရားရဲ့လက်တော်ထဲ ကပ်လှူပြီး ၀တ်ပြု ဂုဏ်တော်ပွား ဆုတောင်းပါ တယ်၊
ဆုတောင်းရပေမဲ့ အားသိပ်မရှိလှပါဘူး၊ သူ့ခံစားချက်အတိုင်း ဘုရားကြီးကို
သနားစိတ်တွေ ဖြစ်နေမိတယ်။ ဒါပေမဲ့ ဆင်းတုတော်ကြီးရဲ့ မျက်နှာတော်မှာ
ခါတိုင်းနေ့ထက် ကြည်လင်တောက်ပ နေတယ်လို့  ရန်မျိုးအောင် ထင်နေမိတယ်.. ။

 ဘုရားဝတ်ပြုပြီး အလုပ်လုပ်နေစဉ် သူဋ္ဌေးခေါ်တယ်ဆိုလို့ ရန်မျိုးအောင်
လန့်သွားတယ်။ငါ့များ အလုပ်ဖြုတ် တော့မှာလား ဆိုတဲ့အတွေးက ပဌမဆုံးဝင်
လာခဲ့တယ်၊ ဖြစ်နိုင်တယ်၊ သူတို့ဆိုင်မှာ စီ်းပွားရေးအရ အဓိက ထားတဲ့ဘုရား
ရုပ်ပွားတော်ကြီးကို ရန်မျိုးအောင် ထုတ်ယူဖို့ ကြိုးစားခဲ့ပြီ။ ဘာသာရေး
ပြဿနာများ ဖြစ်ပေါ်လာအောင် ဖန်တီးသူလို့လဲ ထင်မြင်နိုင်တယ်။ ဓါတ်ပုံရိုက်ခွင့်
မရှိတဲ့ နိုက်ကလပ် အချိန်မှာလဲ ရန်မျိုးအောင် ဓါတ်ပုံတွေ ရိုက်ခဲ့ပြီ။
သူရည်ရွယ်တာက ဘုရားကြီးကို ငါပင့်လို့ မရနိုင်ခဲ့ရင် ဓါတ်ပုံတွေပြပြီး အကူအညီ
တောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်နေတာပါ။

ဒါကို အစောင့်တွေမြင်ပြီး သူဋ္ဌေးအား တိုင်ကောင်းတိုင် ပေလိမ့်မယ်။
သူတို့အမြင်တော့ ရန်မျိုးအောင်ဟာ အပြစ်ရှိသူ တယောက်ပါ။ ဒီဆိုင်မှာ မရှိသင့်
သူတစ်ယောက်ပါ။ ဒါကို ရန်မျိုးအောင်အသိ၊ သိလို့လည်း မာဖီးယားလို အင်အားကြီးတဲ့
သူတွေမို့ ငါ့ကိုရန်ပြု လေမလားဆိုပြီး သတိကြီးစွာနဲ့ နေခဲ့ရတယ်။
တစ်ချိန်ချိန်မှာ အလုပ်ဖြုတ်ပစ် နိုင်တယ်လို့ မျှော်လင့်ထားပြီးသား.. ။
ဒီမျှော်လင့်ချက်နဲ့ သူဋ္ဌေးရုံးခန်း ထဲဝင်ခဲ့ ရပြန်တယ်။ ဒါစတုတ္ထအကြိမ်ပါ၊
ဒီတစ်ခါတော့ သူတောင်းဆိုဖို့ ၀င်လာခြင်းမဟုတ်၊ အမိန့်နာခံဖို့ ၀င်လာခြင်းပါ၊
နောက်ဆုံး စီရင်ချက်များ ဖြစ်လေမလား။ ရင်တထိတ်ထိတ်နဲ့ပေါ့။


(အဇူဇာကျောင်းသို့ကြွတော်မူစဉ် အဇူဇာမြို့အ၀င်တွင်)

သူဋ္ဌေးက ချိုသာသော မျက်နှာနဲ့ “ရန်-လာ၊ ထိုင်”လို့ ကြိုဆိုနှုတ်ဆက်တော့
ရန်မျိုးအောင်
အနည်းငယ်စိတ် သက်သာသွားတယ်။ သူဋ္ဌေးက သူ့ကို ပြုံးရွှင်စွာကြည့်ပြီး “ရန်-
မင်းလိုချင်တဲ့ ဗုဒ္ဓကြီးကို မင်း ယူလို့ရပြီ။”“ဟာ-တကယ်လား” ရန်မျိုးအောင်
အရမ်းဝမ်း သာသွားကာ၊ ထခုန်ချင် လောက်အောင်ပင် ဖြစ်ခဲ့ရတယ်။ သူဋ္ဌေးအား
လက်အုပ်ချီကာ “ကျေးဇူးတင် လိုက်တာဗျာ”လို့ လှိုက်လှိုက် လှဲလှဲ ဆိုမိတယ်။သူဋ္ဌေးက
ဆက်ပြောတယ် “ဒီကောင်လေးဆိုရင် ပေးလိုက်ပါလို့ ငါ့အဖေက ပေးခိုင်းတာကြောင့်
ပေးတာပါ။”လို့ သူ့ဖခင်ရဲ့သဘောထားကိုပါ ရှင်းပြတော့။“အော်- ဟုတ် လား၊
အန်ကယ်ကိုလဲ ကျေးဇူးတင်ကြောင်း ပြောပေးပါဗျာ။ အရမ်းကို ကျေးဇူးတင်ပါတယ်။”
ရန်မျိုးအောင် သိလိုက်ပါပြီ၊ ဂုဏ်တော်များနဲ့ထုံမွှန်းထားတဲ့ မေတ္တာစွမ်းဟာ
အဖိုးကြီးရဲ့ နှလုံးသားကို ထိမှန်ခဲ့ပေပြီ။ ဘုရားဂုဏ်တော်တို့ရဲ့
အစွမ်းအာနိသင်ကိုလဲ လေးလေးနက်နက် ယုံကြည်မဆုံးတော့..။

သဗ္ဗညုတ ဘုရားရှင်သည် သုံးလောကတွင် အအောင်မြင်ဆုံး အမြတ်ဆုံး။ ဗုဒ္ဓ၏ဂုဏ်တော်များ
ထုံမွှန်းထားသူမှာလည်း ကိုယ့်ပမာဏ အလိုက်အောင်မြင်
ရမည်မှာမုချ..။ရန်မျိုးအောင်ဟာ မိမိဘ၀ တိုးတက်ရေး အတွက် ထိုအားကိုးရာ
လက်နှက်ကောင်း တစ်ခုကို ယုံကြည်ချက် အပြည့်ဖြင့် လက္ခံ ရရှိလိုက်ပေပြီ။
ဝမ်းသာလွန်း၍ သူငယ်ချင်း ကိုမိုးဝင်းကိုလဲ အကြောင်းစုံ ဖုန်းဆက်ကာ ရည်မှန်းထား
သည့်အတိုင်း ကားနှင့်ဆွဲကြိုးကို အတူသွားရောင်းရန် ရက်ချိန်းလိုက်တော့တယ်။

 ရန်မျိုးအောင်ဟာ အလုပ်သွား အလုပ်ပြန် ခြေလျှင်သွားရမည့် ဒုက္ခကို သူမမြင်၊
ဘုရားကြီး ပင့်နိုင်ရေး ကသာအဓိက မျှော်မှန်းချက်။ ကိုမိုးဝင်းကမူ
ရန်မျိုးအောင်ရဲ့ ဒုက္ခကိုမြင်ကာ သနားကရုဏာ ဖြစ်နေတယ်။
ရန်မျိုးအောင်ရဲ့စေတနာသဒ္ဓါတွေကိုလည်း လေးစားနေမိတယ်။ ချိန်းတဲ့ရက်မှာ
ကိုမိုးဝင်းအိမ်မှာ ဆုံကြတယ်။
ရန်မျိုးအောင်က ဖြစ်ခဲ့တာတွေ၊ ကားရောင်းမဲ့ အစီအစဉ် တွေကိုအားရ ၀မ်းသာနဲ့
ပြောပြတယ်။ ကိုမိုးဝင်းက မှတ်ချက်ပေးတယ် “ရန်မျိုးအောင်-မင်းမှာလည်း
ဘာမှမကျန်တော့ဘူး၊ လူပဲကျန်တော့ တာပါလား”။ ရန်မျိုးအောင် အားရပါးရ ရယ်လိုက်တယ်၊
ဒီစကားကို သိပ်သဘောကျ သွားပုံရကာ“ဟုတ်တယ် ကိုမိုးဝင်း၊ လူပဲကျန်တော့တယ်၊
လူလဲ ဘုရားကျွန်
ဖြစ်ချင်ဖြစ်ပါစေ၊ ကျွန်တော်တို့က တစ်သံသရာလုံး သားကျွန် မယားကျွန်
ဖြစ်ခဲ့ရတာဗျ၊ ဘုရားကျွန် ဖြစ်ခွင့် ရခဲပါတယ်ဗျာ။”


*(အဇူဇာကျောင်းသို့ ဘုရားပင့်လာပုံ)*

အရွယ်နဲ့မလိုက်တဲ့ ရန်မျိုးအောင် စကားကြောင့် ကိုမိုးဝင်း အံ့သြသွားကာ
“ကောင်းပါတယ်ကွာ၊ မင့် စိတ်ဓါတ်ကို ချီးကျူးပါတယ်၊ လေးစားပါတယ်။မင်းကို သနားလဲ
သနားမိပါတယ်။ ဒို့လင်မယား မင့်ကို ကူညီဖို့ တိုင်ပင်ထားတယ်။ ကားလဲသွား
မရောင်းပါနဲ့၊ မင်းလိုတဲ့ငွေကို ငါတို့ချေး ပေးပါ့မယ်။” “ဟာ- တကယ်။
ဝမ်းသာလိုက်တာဗျာ” ဟုပြောပြောဆိုဆို ကိုမိုးဝင်း ကိုဖက်ကာ ဝှေ့ရမ်းလိုက်မိတယ်။
ဇနီးဖြစ်သူ မဘေဘီက အသင့်ပြင်ထားတဲ့ ဒေါ်လာလေးထောင်ကို ထုတ်ပေးတဲ့ အခါမှာတော့
“အဆင်ပြေ ချင်တော့လဲချော လို့ပါလား”လို့ ရန်မျိုးအောင် ပီတိဖြစ်မဆုံးတော့။

* *ငွေထုပ်ပိုက်ပြီး သူဋ္ဌေးရုံး ခန်းထဲကို ရောက်ခဲ့ပြီ၊ “ငွေခြောက်ထောင်
ပေးပါ့မယ်၊ ခြောက်လလည်း အခမဲ့ အလုပ်လုပ် ပေးပါမယ်” ဆိုတဲ့ ကတိစကားအရ သူဋ္ဌေးအား
ခြောက်ထောင်ပေး ချေလိုက်တယ်။ “မင်းမိုလို့ ဒီဗုဒ္ဓကြီးကို ရောင်းပေးတာပါ၊
အရင်ကလဲ ခဏခဏ လာဝယ်ကြတယ်၊ ဒို့မရောင်း ခဲ့ပါဘူး။ ဒီဗုဒ္ဓကို တရုပ်ပြည်ကမှာ
ယူထားတာ၊ ဒေါ်လာ နှစ်သောင်းခွဲ ကျတယ်။ မင်းပေး တာက အစွန်းထွက် လောက်ပဲ
ရှိပါတယ်။”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ၊ အခုလိုရောင်းပေးတဲ့ အတွက် ခင်ဗျား တို့မှာလည်း
ကောင်းကျိုးတွေ ဖြစ်မှာပါ။ ဖြစ်ပါစေလို့လည်း ကျွန်တော်
ဆုတောင်းပါတယ်။”အလုပ်ကိစ္စအတွက် ဆက်လက် ဆွေးနွေးကြတယ်။ ခြောက်လ အခမဲ့ လုပ်ပေးရန်
မလို၊ လုပ်ခ တစ်ဝက်ပေးမည်၊ တနှစ်တိတိ လုပ်ပေးရမည်။ တစ်နာရီ ဆယ့်ငါးဒေါ်လာဖြင့်
လုပ်နေရာမှ ကိုးဒေါ်လာ ဖြင့်လုပ်ရန် နှစ်ဦးသဘောတူ လိုက်ကြတယ်။ ဘုရားကျွန်
ဖြစ်လိုသော ရန်မျိုးအောင်.. ဘယ်လိုအခြေအနေ ပဲဖြစ်ဖြစ် ဘုရားအတွက်ဆို
လုပ်မယ်လို့ ဆုံးဖြတ်ပြီး သားဖြစ်လို့ ဘာမျှအခက်အခဲမရှိ။

ရန်မျိုးအောင်က ကတိတစ်ခု တောင်းဆိုလိုက်တယ်။ “နောင်ကို ဒီနေရာမှာ
ဗုဒ္ဓရုပ်ပုံတော်တွေ ဘယ်တော့မှ မထားပါ နဲ့ခင်ဗျာ၊ ဒီကတိလေး တစ်ခုတော့
ကျွန်တော့ကို ပေးပါဗျာ။” သူဋ္ဌေးက ပြုံးပြုံးကြီး ကြည့်ပြီး ကတိပေးတယ်။
ရန်မျိုးအောင်ရဲ့ သဘောထားကို သူဋ္ဌေးသိနေပြီး ဖြစ်ပေလိမ့်မယ်..။ ရန်မျိုးအောင်ဟာ
ယခု ဘုရားဆင်း တုတော်ကြီးကို နိုက်ကလပ်မှ ပင့်ယူကယ်တင် လိုက်နိုင်သလို
နောက်နောင် ဘုရားဆင်း တုတော်များ အတွက်လည်း ကာကွယ် ပူဇော်နိုင်ခဲ့ပြီကော… ။
ဗုဒ္ဓဘာသာဝင်တိုင်း ရှိသင့်တဲ့ စိတ်ဓါတ်ပါပေ။

 ရန်မျိုးအောင် ဘုရားကြီးအတွက် ပေးဆပ်လိုက်ရတဲ့ တန်ကြေးမှာ နည်းလှသည်မဟုတ်။
ငွေကြေး ပမာဏ ဘက်ကကြည့်ရင် လက်ငင်းခြောက်ထောင် ပေးဆပ်ရ သည့်အပြင်
တစ်နှစ်လုံးအတွက် လုပ်အားများ ပေးဆပ်ရသေး.. ။ တစ်နှာရီ $ 15 နှုန်းဖြင့်
တနှစ်မှာ $ 28,800 ရရှိရာမှ တစ်နှာရီ$ 9 နှုန်းဖြင့်ဆိုရင် တနှစ်မှာ $17,280
သာရရှိတော့မည်။ တနှစ်လုံးအတွက် ပေးဆပ်ရမည့် ငွေမှာ $ 11,520 ရှိပြီ၊
လက်ငင်းပေးရတဲ့ ငွေပါဆိုရင် $ 17,520 ပင်.. ။ ဒါ့အပြင် ဆူရီ Menu အသစ်ပြောင်း
တိုင်းရမည့် $ 3,000 ကိုလည်း ထပ်ဆောင်း ရပြန်သေး..။ လူမှုရေး ဘက်ကကြည့်ရင်
တစ်နှစ်လုံး ခြေချုပ်မိရပြီ၊ ဒီထက် ၀င်ငွေကောင်းတဲ့ အလုပ်မျိုး ပြောင်းရွှေ့
လုပ်ကိုင်ခွင့် မရနိုင်တော့ပေ။

ဒီထက်ဆိုးသည်မှာ မိဘများနှင့် တွေ့ခွင့်မရခြင်းပင်၊ ရန်မျိုးအောင်
အမေရိကန်နိုင်ငံ ရောက်နေတာ (၁၅)နှစ်ရှိခဲ့ပြီ၊ ပြန်ခွင့်မရတဲ့ အခြေအနေမို့
မိဘများထံမပြန်နိုင်ခဲ့။ အတွယ်အတာလည်း မရှိတော့ မိဘများကို ပိုလွမ်းနေမိတယ်၊
သိပ်တွေ့ချင်နေပြီ။ ပြန်ခွင့်ရ ရခြင်းပြန်မယ်လို့ မျှော်လင့်ချက် ကြီးလည်း
ဘယ်တော့ပြည့်မည် မမှန်းသာခဲ့…။ကံများကလဲ ဆန်းပါဘိ၊ ဘုရားကြီးအတွက် သဲသဲမဲမဲ
အားခဲကြိုးစားနေတဲ့ အောက်တိုဘာလကမှ ပြန်ခွင့်ရခဲ့တယ်။ အမေရိကန် ရောက်စကထဲက
အားထုတ်ခဲ့ရတဲ့ အခွင့်အရေးကြီး ဂုဏ်တော်များ ပွားနေတဲ့ အချိန်မှ ရခဲ့လို့
ဂုဏ်တော် အစွမ်းကို ပိုလို့ ပိုလို့ ယုံကြည်ခဲ့ပြီ..။


မိဘနဲ့တွေ့လိုရေးထက် ဘုရားကြီး ပင့်လိုရေးက ပိုအရေးကြီး နေချိန်မို့ ဘုရားကြီး
ပင့်ပြီးမှ ပြန်တော့မယ်လို့ မိဘတွေ့ လိုစိတ်ကို မျိုသိပ်ထား ခဲ့ရပြန်တယ်။
ဘုရားကြီးပင့်ပြီးမှ ပြန်မယ်ပေါ့။ခုတော့ ဘုရားကြီးပင့် နိုင်ခဲ့ပါပြီ။
မိဘနဲ့တွေ့ဘို့ အရေးကတော့ ဝေးခဲ့ပြန်ပြီ။ တနှစ်အတွင်း မိဘများနဲ့
မတွေ့နိုင်လေပြီ။ ဒီအတွက် ရန်မျိုးအောင် စိတ်မကောင်းပေမဲ့ ဘုရားကြီး
ကြည်ညိုစိတ်နဲ့ ဖြေသိမ့်နေ ရပေတော့မယ်…။ နိုဝင်္ဘာလ (၆)ရက်နေ့က
အဇူဇာ-ဗြဟ္မ၀ိဟာရကျောင်းသို့ ရန်မျိုးအောင် ဘုရားကြီး ပင့်လာခဲ့တယ်။
ကိုမိုးဝင်းတို့မိသားစုနဲ့ အလုပ်သ္မားများလဲ ပါလာကြတယ်။ အရက်စက်တွေ ပေကြံနေတဲ့
ဘုရားကြီးကို ကားပေါ်မှာပင် ရန်မျိုးအောင်က နံ့သာရေများနဲ့** * *ရေသပ္ပါယ်တယ်။“
ကမ္ဘာပေါ်မှာ အလုပ်ချင် ဆုံးအလုပ် ခုမှလုပ်ရတော့တယ်” လို့ပြောလိုက်သေးတယ်။

 ဘုရားကြီး နေရာတကျ သီတင်းသုံးပြီးတော့ ရန်မျိုးအောင်က စာရေးသူကို လျှောက်
ထားတယ် “ဆရာတော် ဟိုတစ်ချိန်က တပည့်တော်ဟာ ဆေးသ္မား အဖြစ်နဲ့ ကျောင်းကိုရောက်
လာခဲ့တယ်၊ ခုတစ်ခါတော့ ဘုရားဒါယကာ အဖြစ်နဲ့ ရောက်လာတာ ပါဘုရား” တဲ့။
သူအတိတ်ကို သတိရမိပြီး အတိတ်သမိုင်းကို ပြင်လိုက်ပေပြီ။ မှန်တယ် .. တစ်ချိန်က
သူဟာဆေးစွဲ ခဲ့ဖူးသူ..။ ဆူရှီဆိုင်ရလို့ ကိုယ်တိုင်ဆိုင်ဖွင့်သူ..။ အရွယ်က
ငယ်ငယ်၊ ငွေကရွှင်ရွှင်၊ အပေါင်းအသင်း တွေကလဲ များပါဘိ၊ အမေရိကန်မှာ
လွတ်လပ်တယ်ဆိုပြီး လွတ်လပ်မှုတွေကို အလွဲသုံးစားလုပ်၊ နောက်ဆုံးတော့ ဆေးသ္မားဖြစ်ကာ
ဆိုင်လည်းမရှိ၊ ငွေလည်း ဗလာနတ္ထိ၊ အားကိုးစရာလည်း မရှိဖြစ်ကာမှ
စာရေးသူထံရောက်လာခဲ့တယ်။ သူ့ကိုစောင့်ရှောက်ပြီး ဆေးသ္မားဘ၀က လွတ်မြောက်အောင်
ကယ်တင်ခဲ့ရတယ်၊ လမ်းမှန်ရောက်အောင် တင်ပေးခဲ့ရတယ်။ မူလဓါတ်ခံ စိတ်ရင်း
ကောင်းသူမို့
ပြင်ရတာ သိပ်မခက်လှ.. ။ သူဟာ လူကောင်း ပကတိ ဖြစ်ယုံမက မူးယစ်ဆေး၊ အရက်သေစာ
အားလုံးကို နာကျည်းစွာ ဖြင့်စွန့်ပယ် နိုင်ခဲ့တယ်။ ဒီဘ၀မှာ ဒီအမှားမျိုး
ဒီတစ်ခါပဲ အဖြစ်ခံမယ်၊ နောင်ဘယ်တော့မှ မဖြစ်စေ ရဘူးလို့ ခိုင်မာစွာ ဆုံးဖြတ်ထား
သူလည်းဖြစ်နေပါပြီ။ ခုတော့ ဘုရားဒါယကာကြီး ကိုရန်မျိုးအောင် ဘုရားကြီးပင့်၍
ရောက်လာပေပြီ။ သူ့ကိုကြည့်ပြီး စာရေးသူပီတိတွေ တသိမ့်သိမ့် ဖြစ်ခဲ့ရပါပြီ။
ပိုးကင်းပြီး ဖူးပွင့်လာတဲ့ ပန်းပွင့်လေး ကိုကြည့်ပြီး ပီတိဖြစ်နေတဲ့
ဥယျာဉ်မှူးလိုပင်.. ။

 ဘုရားကြီးကလည်း ဘုန်းတော်ကြီး ပါပေတယ်၊ ကျောင်းတော်က အဆင်သင့်ပဲ၊ ဒေါ်လာခြောက်
သောင်းကျော် အကုန်အကျခံပြီး ဆောက်လုပ်ထားတဲ့ မဏ္ဍပ်ကြီးက အောက်တိုဘာ လကမှ
ဆောက်ပြီး ခဲ့ပါတယ်။ ကြေးညို ရောင်သန်းပြီး ဉာဏ်တော် ၈-ပေရှိတဲ့ ထိုင်တော်မူ
ရုပ်ပွားတော်ကြီးဟာ ၆၃ ပေ၊ ၃၆ ပေ ကျယ်ဝန်းတဲ့ မဏ္ဍပ်ကြီး အတွင်းမှာ
တင့်တယ်သပ္ပါယ်စွာ သီတင်းသုံးတော် မူနေပါပြီ။ မာရ်နတ်ရဲ့ အသင်းအပင်း
ကာမမှောင်အတွင်းမှ လွှတ်မြောက် တော်မူခဲ့ပြီး ဗောဓိအောင်မြေမှာ စံတော်မူ
လေသကဲ့သို့ အေးငြိမ်း တိတ်ဆိတ် အဇူဇာ ကျောင်းတော်ရိပ်မှာ နိဗ္ဗာနဓါတ်
ချမ်းသာမြတ်ကို ခံစားတော်မူလေပြီ။

ဘုရားဒါယကာ ကိုရန်မျိုးအောင်ရဲ့ စေတနာ သဒ္ဓါတရားများ၊ အဓိပတိ ပစ္စည်း
စွမ်းအားရှိသော ဆန္ဒ ၀ီရိယများနဲ့ ဂုဏ်တော်စွမ်းအား များကိုလည်း ချီးမွှန်းလောက်
ပါပေစွ.. ။ သာဓုခေါ် လောက်ပါပေစွ.. ။ငွေမချမ်း သာသော်လည်း သဒ္ဓါစတဲ့ သူတော်ကောင်း
တရားများ ချမ်းသာတဲ့သူမို့ တာဝန်ရှိရှိ တာဝန်သိသိဖြင့် ဆောင်ရွက်နိုင်
ခဲ့ပေပြီ။ အမေရိကန်လို ပြည်ပနိုင်ငံများမှာ ကိုရန်မျိုးအောင်လို သာသနာပြု
လိုသူများ လိုအပ်နေပါပြီ။ တစ်ချို့ နိုက်ကလပ် များမှာ ဘုရားရုပ် ပွားတော်များ
ရှိနေပါသေးတယ်။ ကမ္ဘာကျော် အပျော်အပါး လောင်းကစား မြို့ဖြစ်တဲ့
လပ်စ်ဗေးဂပ်စ်မြို့ရဲ့ နိုက်ကလာပ်တစ်ခုမှာ ရုပ်ပွားတော်ကြီး တစ်ဆူ
အထက်ပါနည်းအတူ စံနေတော်မူရကြောင်း ကြားရပါတယ်။ ဗုဒ္ဓဆင်းတုတော်များကို မတော်တဲ့
နေရာဌာနတွေမှာ အသုံးပြုနေတာ မျိုးတွေပ ပျောက်အောင် ဆောင်ရွက်ကြဖို့
ရန်မျိုးအောင် လိုလူတွေ တစ်ရာမက ရှိစေချင် စမ်းပါဘိ......။ ။

ဘုန်းဘုန်း a href="http://www.crazydreamlover.com/2011/01/www.ashinayethaka.com" target="_blank">http://www.crazydreamlover.com/2011/01/www.ashinayethaka.com>အရှင်ဧသကa href="http://www.crazydreamlover.com/2011/01/www.ashinayethaka.com" target="_blank">http://www.crazydreamlover.com/2011/01/www.ashinayethaka.com>
ဗြဟ္မ၀ိဟာရ
(အဇူဇာကျောင်း)လော့စ် အိမ်ဂျလိစ်မြို့၊ အမေရိကန် (မြတ်ပဋ္ဌာန်း) မှကူးယူ
ဖော်ပြပါတယ်။ ဒီပို့စ်ကို ဖတ်နေရင်းနဲ့ တကယ်ကို ကြက်သီးတ ဖျန်းဖျန်းထပြီး
ရင်ထဲမှ ပီတိအဟုန်ဖြင့် ကိုရန်မျိုးအောင်ကို သာဓုအကြိမ်ကြိမ် ခေါ်ဆိုမိပါတယ်။
http://chocolatemyotaw.ning.com/profiles/blog/show?id=3019402%3ABlogPost%3A3793671&xgs=1&xg_source=msg_share_post 

0 comments:

Post a Comment