Friday, June 24, 2011

ဗျာလကျောင်းတိုက်မှ တိုက်အုပ် ကိုယ်တော် ဦးသုမင်္ဂလကို ဖမ်းဆီးရန် ကြိုးပမ်းနေ

ဇွန်လ (၂၃) ရက်၊ ၂၀၁၁။

မိုးမိုးကျော် (Arakan Review)
မြောက်ဦးရဲစခန်းမှ ရဲများ ပါဠိတတက္ကသိုလ် ဗျာလကျောင်းတိုက်မှ တိုက်အုပ် ကိုယ်တော် ဦးသုမင်္ဂလကို ဖမ်းဆီးရန် ဆောင်ရွက်နေကြောင်း သိရှိ ရသည်။ ဇွန်လ (၂၂) ရက်နေ့ မနေ့က မြောက်ဦးရဲစခန်းမှ ရဲများ ကျောင်းတိုက်ကို လာရောက်ပြီး စစ်ဆေးရှာဖွေမှုများ ပြုလုပ် ခဲ့ပြီး ကျောင်းထိုင် ဆရာတော် ဦးသုဗောတနှင့် တွေ့ဆုံကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။
ကျောင်းတကာ တဦးက “မနေ့က ရဲတွေရောက်လာပြီးတော့ ကျောင်းပတ်ဝန်းကျင်အားလုံးကို မွှေနှောက် ရှာဖွေကြတယ်။ နောက်ပြီး ကျောင်း တိုက်ခန်းက ဦးသုမင်္ဂလ ဓါတ်ပုံ (၂) ပုံကိုလဲ ယူသွားတယ်။ ဦးသုမင်္ဂလကို ဖမ်းဖို့အတွက် ရန်ကုန်၊ မန္တလေးကို အာဏာပိုင် ရဲတွေလည်း စေလွှတ် ထားပြီး ဖြစ်တယ်လို့ ပြောပြီး ပြန်သွားကြတယ်” ဟု ပြောပြသည်။
ကျောင်းထိုင် ဆရာတော်ကြီးကိုလည်း ကျောင်းတိုက်မှ မည်သည့်နေရာကိုမှ ထွက်မသွားရန်၊ လိုအပ်လျှင် စစ်ဆေးအုံးမည်ဟု ပြောသွားခဲ့သည်ဟု သိရသည်။ ဆရာတော်ကြီးမှာ သက်တော် (၆၀) ကျော်ရှိပြီး ၀ါတော် (၄၀) ကျော်ခန့်ရှိကာ ကျန်းမာရေး မကောင်းဟု သိရပါသည်။
ထို့အပြင် တိုက်အုပ်ဆရာတော် ဦးသုမင်္ဂလ၏ မယ်တော်အိမ်ကိုလည်း အာဏာပိုင်များ၊ ရယကနှင့် ရဲများ ၀င်ရောက် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ် ခဲ့ကြသည်။ အိမ်ရှင်များကို ခြိမ်းခြောက် ပြောဆိုခဲ့ပြီး ထိုအိမ်တွင် နေထိုင်သော ဦးသုမင်္ဂလ၏ တူ မောင်မိုးဇော်မြင့်ကို မနေ့က ညနေ (၄) နာရီခန့် တွင် ခေါ်ဆောင်သွားခဲ့ပြီး ညနေ (၆) နာရီခန့်တွင် ပြန်လွှတ်လိုက်ကြောင်း သိရသည်။ မောင်မိုးဇော်မြင့်ကို (၂) နာရီကြာ စစ်ဆေးမေးမြန်းကာ ဦးသုမင်္ဂလကို ဖမ်းဆီးဖို့ လုပ်ထားပြီဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ဦးသုမင်္ဂလအား အပူတပြင်း ဖမ်းဆီးဖို့ ကြိုးပမ်းနေခြင်းဟာ မည်သည့်အတွက်ကြောင်းဆိုသည်ကို လူအများ စိတ်ဝင်တစား ရှိနေကြကြောင်း သိရှိရပါသည်။

0 comments:

Post a Comment