Monday, July 8, 2013

အတ္တာဟိ အတ္တနော နာထော



အတ္တာဟိ အတ္တနော နာထော
        မြတ်စွာဘုရားရှင်သည် တရားတော်များကို ဟောကြားသည့်အခါမှာသူ၏တပည့်များကို  ကိုယ်ပိုင်ဥာဏ်အသိ ပညာဖြင့် နာစေချင်ပါသည်။ကိုယ်တိုင်နားလည်အောင်စဉ်းစား တိုင်ပင် ဆွေးနွေးကာအဖြေ၇ှာစေချင်ပါသည်။မြန်မာနိုင်ငံသည် ကိုယ်ပိုင် အသိဥာဏ်ထွန်းတောက်အောင် မကြိုးစားပဲ သူများသိတာ သူများနားလည်တာလောက်မှာ လမ်းဆုံးနေကြတာများပါသည်။ဒါ ကြောင့်မြန်မာနိုင်ငံတွင် ဘယ်ဆရာတော်ကြီးက ရဟန္တာတဲ့ ဘယ်ပုဂ္ဂိုလ်ကြီးက ပဂ္ဂိုလ်ထူးတဲ့ဆိုရင် ရောက်အောင်ပြေးပြီး လက်ကောက်တွေ ရွှေဆွဲကြိုးတွေ ပိုက်ဆံတွေ ပုံအောလှူကြပါသည်။ပြီးတော့မှ မဟုတ်ဘူးတဲ့ အဲဒီပုဂ္ဂိုလ်ကြီးက လိမ်သွားတယ် တဲ့ဆိုတော့မှကိုယ့်ရှိတာလေးတွေကပါသွားပါပြီ။တချို့ဆို အဲဒီပုဂ္ဂိုလ်ကြီးတွေနောက်ကို ဇနီးတွေ သမီးတွေပါအစစ်ပါ သွားကြပါသေးသည်။
       စာရေးသူတို့ ကွမ်းခြံကုန်းမြို့က ကျောင်းကုန်းရွာမှာ ဦးပေါ်ဦးဘုရား လို့အမည်ရတဲ့ ဥာဏ်တော် တော်တော်မြင့်တဲ့ ရပ်တော်မူ ရုပ်ပွါးတော်တစ်ဆူရှိပါသည်။စာရေးသူရဟန်းဖြစ်ခါစ ၁၉၉၆ ခုနှစ်မှာ ဦးပေါ်ဦးဘုရား ရောင်ချည်တော်လွှတ်လို့ဆိုပြီး အနယ်နယ် အရပ်ရပ်က ညစဉ်လာရောက်ဖူးကြပါသည်။ဘုရားပုံတွေလည်း အတော်ရောင်းကြရပါသည်။အလှူငွေတွေက သိန်းပေါင်း ထောင်နဲ့ချီပြီရသွားပါသည်။၁၅ ရက်လောက်ကြာမှ ဘုရားအတွင်း ဓါတ်ကြိုးလေးများမြုပ်ကာ ခြုံပုတ်ထဲတနေရာက ခလုပ်နှိပ်နေသည်ဆိုသည့်သတင်းကိုကြားကြတော့မှ ပါသွားပြန်ပြီဆိုပြီး ၀မ်းနည်းပတ်လက်ဖြစ်ကြပါသည်။

          ဘယ်မှာ ပေါ်တော်မူဘုရားပေါ်တယ်တဲ့ဆိုပြီး အချင်းချင်းသတင်းပေးကာ ပြေးပြီးလှူကြပြန်ပြီ သိန်းပေါင်း ထောင်ချီပြီး ပါသွားပြန်ပြီ။ဘယ်ဆရာတော်က ဘုရားထီးတင်တာ အပ်ချည်ကြိုးနဲ့တင်တာတဲ့ ဆိုတော့ ထီးတင်ပွဲဆိုရင် အဲဒီဆရာတော်မပါ ရင်ထီးတင်ပွဲပဲမဖြစ်တော့သလို အဲဒီဆရာတော်ကို ရက်အားယူပြီးထီးတင်ပွဲကျင်းပကြ ပုံအောပြီးလှူကြလုပ်ကြပြန်သည်။ အခုအဲဒီ ပရိတ်ချည်နဲ့ထီးတင်တယ်ဆိုတဲ့ ချည်မျှင်ဆရာတော် ထောင်ထဲမှာ အမှုပေါင်းစုံနဲ့ ထောင်ဒဏ်အနှစ် ၄၀ ကျနေပါ သည်။မိမိလှူလိုက်တဲ့ဖြုန်းလိုက်တဲ့ပိုက်ဆံတွေအကြောင်းပြန်စဉ်းစားစေချင်ပါသည်။ မိမိတို့အသိဥာဏ်မဲ့စွာ ဖြုန်းလိုက်ကြတဲ့ သိန်းပေါင်းထောင်နဲ့သောင်းနဲ့ချီတဲ့ ပိုက်ဆံတွေကို တန်ဖိုးရှိတဲ့ စာကြည့်တိုက်ကြီးတွေ တည်ထောင်ကြမည် ဆိုလျှင် တန်ဖိုး၇ှိတဲ့ နိုင်ငံအာဇာနည်လောင်းလျာလေးတွေ ပိုက်ဆံမပြည့်စုံတာနဲ့ ကျောင်းဆက်မတက်နိုင်တော့လို့ ပျက်စီး ဆုံးရှုံးသွား ရတဲ့နေရာတွေမှာ ကျောင်းတွေထားပေးကာ သုံးဆွဲကြမည်ဆိုလျှင်သယံဇာတတွေပြည့်စုံတဲ့ မြန်မာနိုင်ငံကြီး အခုလိုကမ္ဘာ့ အဆင်း ရဲဆုံးနိုင်ငံ ဘယ်လို နည်းနှင့်မှမဖြစ်နိုင်ပါ။
          အခုတော့အများစုကြီးသည် စစ်အာဏာ၇ှင်စနစ်ဆိုးရဲ့အောက်မှာ မိမိကိုယ်ကို အမှောင်ထက် ဖုံးကာ အသိဥာဏ်ထွန်း တောက်အောင်မကြိုးစားပဲ အလွယ်လမ်းလိုက်နေမှုများကို ရပ်တန်းက ရပ်သင့်ပါသည်။နောင်လာမဲ့မျိုးဆက်သစ်များ ဆက်ပြီးလမ်းမမှားရအောင် မိမိတို့လမ်းမှားနေမှုများကို အရင်ဆုံးရပ်နိုင်အောင်ကြိုးစားကြဖို့လိုပါသည်။ဗုဒ္ဓရဲ့လမ်းစဉ် ဗုဒ္ဓရဲ့ဝါဒ အတိုင်း ကိုယ်ပိုင်အသိဥာဏ်ထွန်းတောက်အောင်ကြိုးစားပြီး တွေးခေါ်စဉ်းစား ဆွေးနွေးအဖြေ၇ှာစေချင်ပါသည်။ပိဋက သုံးပုံဆောင် ဆရာတော်ကြီး တရားသိတာ ကိုယ်နှင့်မဆိုင်ပါ သူသိတာ သူနှင့်ပဲဆိုင်ပါသည်။သူတရားတကယ်သိမသိကို သူမှလွဲ ရင်ဘယ်သူမှမသိနိုင်ပါ သူတာလျှင်အသိဆုံးဖြစ်ပါသည်။ မိမိတရားသိတာ မသိတာ မိမိရဲ့စိတ်အနေအထား တိုးတတ်မှုဆုတ် ယုတ်မှု ဖြူစင်မှု မဖြူစင်မှုကို မိမိသည်သာလျှင် အသိဆုံးဖြစ်ပါသည်။မိမိထက်မည်သူမျှပိုမသိနိုင်ပါ။
          ကိုယ့်စိတ်ဓါတ် ပိုမိုကောင်းမွန်လာအောင် သန့်ရှင်းဖြူစင်လာအောင် ကိုယ်တိုင်ပြုပြင်ကြိုးစားကြရမှာဖြစ်ပါသည်။အခု တော့ဒီလိုမဟုတ်ကြပဲ သူများတရားသိတာ ဖြူစင်တာကို သွားပြီး ပုံအောလှူလိုက်ရင် မိမိလည်းသူလိုဖြူစင်သွားမည် သန့်ရှင်း သွားမည်လို့ထင်ကြပါသည်။ဒါကြောင့်လိမ့်မည့်သူများက တရားသိသလိုလို စိတ်တွေဖြူစင်သန့်ရှင်းနေသလလိုလို အယောင် ဆောင်ပြကာ လိမ်သွားကြခြင်းဖြစ်ပါသည်။ဒါတွေဟာ ဗုဒ္ဓရဲ့အဆုံးအမတိုင်း ကိုယ်ပိုင်အသိဥာဏ်ထွန်းတောက်အောင် မကြိုးစား ကြပဲ သူများကိုအလွယ်အားကိုးချင်ကြတဲ့ လူဖျင်းလူညံ့တို့ရဲ့လမ်းစဉ်ကို လိုက်မိလို့မှားမိကြခြင်းပါတယ်။ဗုဒ္ဓရဲ့ဝါဒက အတ္တာဟိ အတ္တနော နာထော မိမိရဲ့ အသိဥာဏ်ပညာ လုံ့လ ၀ီရိယကို အားကိုးရတဲ့ဝါဒဖြစ်ပါတယ်။မျက်စိလည် လမ်းမမှားစေ ချင်ပါ။ အတ္တာဟိ အတ္တနော နာထောရဲ့ အဓိပ္ပါယ်ကို နားလည်အောင် ဥပမာနဲ့ ဆွေးနွေးပြရမည်ဆိုလျှင် အားလုံးဟာ သစ်ရိုင်းတုံး တစ်တုံးနဲ့တူပါတယ်။မိမိတို့ရဲ့ ကိုယ်ပိုင်သစ်ရိုင်းတုံးကို ကိုယ်ပိုင်ကြိုက်သလို အသုံးချနိုင်ပါတယ်။အဲဒီသစ်ရိုင်းတုံး ကို အညစ်အကျေးတွေစွန့်ပစ်ဖို့ ကမ်းနားမှာ သွားထားမည်ဆိုလျှင် အညစ်အကျေးစွန့်သစ်တုံးဖြစ်သွားပါမည်။ဒါမှမဟုတ် အိမ်တွေရဲ့ အတက်အဆင်းမှာထားမည်ဆိုလျှင် အတက်အဆင်းလှေကားဖြစ်သွားပါမည်။ဒါမှမဟုတ် အ၀တ်လျှော်တဲ့နေရာမှာ ထားမည်ဆိုလျှင် အ၀တ်လျှော်တုံးဖြစ်သွားပါမည်။
          အဲဒီလိုအသုံးမချပဲ အဲဒီသစ်တုံးကိုပဲ သေချာစွာအသုံးချနည်းကို သင်ယူပြီး အင်မတန်လှပတဲ့ ယမင်းရုပ်လေးထုလုပ်မည် ဆိုလျှင် ၊ အလေးအမြတ်ပြုရာ နိုင်ငံအာဇာနည် ရုပ်ထုထုမည်ဆိုလျှင်၊ ဆင်းတုတော်ပုံထုမည်ဆိုလျှင် တန်ဖိုးတွေအဆင့်ဆင့် မြင့်တက်သွားမှာဖြစ်ပါတယ်။ကိုယ်ဘယ်လိုပုံစံဖြစ်ချင်သလဲ ကိုယ့်ပေါ်မှာမူတည်ပါတယ်။ မိမိကိုယ်ကို တန်ဖိုးရှိတဲ့သူဖြစ်ချင်ရင် တော့ တန်ဖိုးရှိတဲ့ရုပ်ထုလေးထုသလို ဘယ်အရာတွေက ပယ်ထုတ်ပစ်ရမဲ့အရာတွေလဲ ဘယ်အရာတွေက ချန်ထားရမဲ့အရာတွေ လဲဆိုတဲ့ ရုပ်ထုကောင်းလေးတစ်ခုဖြစ်အောင် ထုတတ်အောင်သင်ယူရသလို မိမိဘ၀ကိုလည်း တန်ဖိုး၇ှိတဲ့သူဖြစ်အောင် မှားယွင်းတဲ့ပယ်ရမည့် အမှားတရားများကို ပယ်ပြီး သယ်ရမဲ့ ကောင်းတဲ့မှန်တဲ့တန်ဖိုးရှိတဲ့အရာများကို ကျင့်ဆောင်ရမှာဖြစ်ပါ တယ်။ဗုဒ္ဓဟာ အကောင်းဆုံးအတော်ဆုံး ဘ၀လမ်းညွှန် ပန်းပုဆရာတစ်ယောက်ဖြစ်ပါတယ်။ ဘယ်လိုပုံသဏ္ဌာန်ကိုထုရင်တော့ တန်ဖိုးရှိတဲ့ဘ၀ပိုင်ရှင်ဖြစ်တယ်ဆိုတာကို ဗုဒ္ဓက ၄၅ နှစ်ပတ်လုံးသင်ပြပေးခဲ့ပြီးဖြစ်ပါတယ်။ဗုဒ္ဓသင်ပြပေးခဲ့တဲ့ တရားဓမ္မတွေက ယနေ့ထိ ဘ၀ကိုတန်ဖိုးရှိအောင်တည်ဆောက်ချင်သူများအတွက် ဆက်လက်အကျိုးပြုနေဆဲသင်ပြနေဆဲဖြစ်ပါတယ်။ တန်ဖိုးရှိ တဲ့ဘ၀ဖြစ်အောင်တော့ ကိုယ်ပိုင်အသိဥာဏ် ကိုယ်ပိုင်လုံ့လ၀ီရိယတွေနဲ့ ကိုယ်တိုင်ကြိုးစားတည်ဆောက်ကြရမှာဖြစ်ပါတယ်။
          ယနေ့ဒါကိုသေချာမသိတဲ့ တခြားဘာသာတွေက မင်းတို့ဘုရားက မင်းတို့ကိုကယ်တင်မယ်လို့ ပြောတာမဟုတ်ဘူး။ မကယ်တင်ဘူးဆိုရင် တရားမသိသေးရင် လောဘတွေရှိနေသေးရင် အပါယ်ကျမှာပဲ။ဒါကြောင့် မင်းတို့ဘုရားက မင်းတို့ကို အပါယ် ကျလည်း မကယ်ဘူး။ဒါ့ကြောင့် အပါယ်မကျအောင်ကယ်တင်မဲ့ ငါတို့ဘုရားကို ကိုးကွယ်လိုက်ပါဆိုပြီး ပြောဆိုနေကြတဲ့ အသံတွေအင်တာနက် စာမျက်နှာတွေပေါ်မှာပြန့်နေပါတယ်။မှန်ပါတယ် ဗုဒ္ဓကတော့ မင်းတို့အပစ်တွေကို ငါခံမယ် ငါ့ကိုကိုးကွယ်ကြ။ ငါ့ကိုယုံကြည်ကိုးကွယ်သူတွေကို ကောင်းကင်ဘုံကိုပို့ပြီး မကိုးကွယ်မယုံကြည်သူတွေကို အပါယ် ငရဲပို့မယ်လို့ မြှောက်ခြင်း ခြောက်ခြင်း ကိုမလုပ်ခဲ့ပါဘူး။ယနေ့ လောကမှာလဲ လောကဥပဒေတွေ၇ှိသလို သဘာဝ တရား မှာလည်း သဘာဝဥပဒေသတွေ ၇ှိပါတယ်။ သူများအသတ်တွေလိုက်လံသတ်ဖြတ်နေတဲ့ သေဒဏ်ကြိုးပေးခံ ၇မည့်သူ့အတွက် ဘယ်သူကမှ မည်သည့်တန်းခိုး ရှင်ကမှ ကိုယ်စားခံပေးလို့မ၇ပါဘူး။သူလုပ်ခဲ့တဲ့ဒဏ်တွေကို သူကိုယ် တိုင်ခံရမှာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ဝါဒက အခုလိုလမ်းမှားကို မရောက်ရအောင် လမ်းမှန်ကိုရောက်အောင် ဘယ်အ၇ာဟာ လမ်းမှား ဘယ်အ၇ာဟာ လမ်းမှန်ဖြစ် တယ်လို့ ဓမ္မလမ်းကိုထင်ထင် ၇ှား၇ှားညွှန်ပြသင်ပြခြင်းသာဖြစ်ပါတယ်။ဗုဒ္ဓညွှန်ပြတဲ့ ဓမ္မလမ်းမှန် ကို လျှောက်မယ်ဆိုရင် လမ်းမှားကျရောက်မဲ့ ယခုပစ္စုပ္ပန် နဲ့နောင်တမလွန်ဘ၀ အဆိုးတွေကို မကြုံတွေ့ရ တော့ပါဘူး။ ဓမ္မလမ်းမှန်ကို လျှောက်ရင် တန်းဖိုးတွေ၇ှိသည်ထက်ရှိလာမယ် မြတ်သည်ထက်မြတ်လာမယ်၊ အေးချမ်း သည်ထက် အေးချမ်းလာမယ်။ဒါကိုပဲ ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရိံ  တရားကိုကျင့်ကြံ ဆောင့်သုံးလိုက်နာကြသူတွေကို တရား က အမှားမကျ အဆိုးတွေမရောက်ရအောင် စောင့်ေ၇ှာက်သလို လမ်းမှန်ကိုရောက် တန်းဖိုး၇ှိသည်ထက်ရှိအောင် အေးချမ်းသည်ထက်အေးချမ်းအောင် အကျိုးပြုအောင်ကိုယ်ကျင့်တဲ့တရားကကိုယ့်ကိုကယ်တင်စောင့်ေ၇ှာက်နေကြ မည်ဖြစ်ပါတယ်။ပျားရည်သည်ချိသည်ဆိုတာကို စားမကြည့်ပဲ စာရေးထားတာကို ဖတ်ကြည့်ယုံ သူများပြောသံကို ကြားယုံဖြင့်မသိနိုင်ပါဘူး။ကိုယ်တိုင်စားမကြည့်ဘူးရင် ပျားရည်ဆိုတာ သကြားလိုချိုတာလား ထန်းလျက်လိုချိတာလား အချိုမှုန့် လိုချိတာလား ဆေးသကြားလိုချိုတာလား စသည်ဖြင့်ကိုယ်စားဘူးတဲ့အချိုတွေလိုထင်နေပါမယ်။တကယ်ကိုယ်တိုင်စား ကြည့်သုံးကြည့်မှသာလျှင် ပျားရည်ဆိုတာ ဒီလိုကောင်းမြတ်တဲ့ချိမြိန်တဲ့အရာသာ ၇ှိပါလား။ဒီလိုဆေးဘက်ဝင်ပါလားဆိုတာကို သိသွားရင် ဘယ်တော့မှမစွန့်လွတ်တော့ပါဘူး။ ကိုယ်တိုင်မစားဘူးသေးရင် သူများက ပျားရည်ဆိုတာ အချိုမှုန့်လိုချိုတယ်လို့ ပြောလည်းယုံနေမှာဖြစ်ပါတယ်။ ဒါကြောင့်ဗုဒ္ဓရဲ့ သင်ပြညွှန်ပြထားတဲ့ အေးမြချိုမြိန်တန်ဖိုးရှိလှတဲ့ ကောင်းမြတ်တဲ့တရားဓမ္မများ ကို ကိုယ်တိုင်ကျင့် ကိုယ်တိုင်သိအောင် ပြောဆိုဆွေးနွေးတိုင်ပင်ကာ စာပေးတွေဖတ်မှတ်လျက် ကြိုးစားအားထုတ်ကျင့် ဆောင်နိုင်ကြပါစေ ဟုဆန္ဒပြုရင်း…………………………………………..
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment