Saturday, July 6, 2013

်from small to great



နိမ့်ရာမှမြင့်ရာသို့
From small to great
       မိမိတို့သည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏တပည့်များဖြစ်ကြသည့်အတွက် ကိုယ့်ဆရာ၏ မူဝါဒလမ်းစဉ်ကို သေချာသိအောင်လေ့လာ ဖို့သလို သိပြီးသည့်နောက်မှာလည်း တကယ်လက်တွေ့ကျင့် ဆောင်ဖို့ လိုပါသည်။ ဗုဒ္ဓ၏၀ါဒသည် သိအောင်လေ့လာ သိအောင်ကျင့်ရတဲ့ ၀ိဇ္ဇာ၊စရဏ အသိနဲ့အကျင့် ပေါင်းစပ် ထားတဲ့ ၀ါဒဖြစ်ပါသည်။ ဒီလိုတကယ်လက်တွေ့ ကျင့်ဆောင်မှသာလျှင် တဖြည်းဖြည်း နိမ့်ရာမှ မြင့်ရာသို့ ရောက်ရှိလာမှာဖြစ်ပါသည်။
                          ကမ္ဘာလောကကြီးသည် ဗုဒ္ဓမပွင့်ထွန်းမပေါ်ပေါက်မီက ၀ိဇ္ဇာဆိုတဲ့အလင်းဓါတ်ကိုမရကြသေးပဲ အမှောင်အတိကျနေသေးတာကိုတွေ့ရပါတယ်။မြတ်စွာဘုရားရှင်နှင့် ဝေရဉ္စာပုဏ္ဏားကြီးတွေ့တဲ့အခါ ဝေရဉ္စာ ပုဏ္ဏားကြီးက မြတ်စွာဘုရားရှင်သည် သူ့ကိုခရီးဦးကြိုဆိုမှု အရိုအသေပေးမှုမပြုလုပ်ရ ကောင်းလား ဆိုပြီးရန်တွေ့ ပါတယ်။ဘာလို့လဲဆိုတော့ ဝေဉ္စာပုဏ္ဏားကြီးက အသက် (၈၀) မြတ်စွာဘု၇ားရှင်က သက်တော် ၃၅ နှစ်ဆိုတော့ အသက်အားဖြင့် ငယ်သည့်အတွက် အသက်ကြီးတဲ့သူ့ကို အရိုအသေပေးသင့်တယ်လို့ပြောပါတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားရှင်က ဝေရဉ္စာပုဏ္ဏားကြီးကို ဥပမာနှင့်တကွရှင်းပြပါတယ်။ပုဏ္ဏားကြီး သင့်အိမ်မှာ ကြက်မ ကြီးတစ်ကောင်ဟာ ကြက်ဥ (၁၂) လုံးဥထားပါတယ်။အဲဒီ (၁၂) လုံးထဲကနေပြီး တစ်ကောင်သောကြက်ဟာ သူများသောကြက်ဥတွေထက် (၁) ရက်စောပြီး ပေါက်လာပါတယ်။အဲဒီကြက်ကလေးပေါက်ပြီးမှ တခြားသော ကြက်တွေ ပေါက်ပါတယ်။အဲဒီအုပ်စုထဲမှာ ဘယ်ကြက်ကို အကြီးဆုံးလို့ပြောမလဲပုဏ္ဏားကြီးတဲ့။ အဲဒ်ီမှာ ပုဏ္ဏားကြီးက (၁) ရက်စောပြီးပေါက်လာတဲ့ ကြက်ကို အကြီးဆုံးလို့ပြောပါ့မယ်။ အဲဒီမှာ မြတ်စွာဘုရားက ဟုတ်တယ် အားလုံးသော သတ္တ၀ါတွေဟာ အ၀ိဇ္ဇာတည်းဟူသော ဥခွံအတွင်းထဲမှာပိတ်မိနေကြတယ်။ ငါဟာ အဲဒီ အ၀ိဇ္ဇာတည်း ဟူသော ဥခွံအတွင်းကနေပထမ ဦးဆုံးစောပြီး ထွက်လာတဲ့သူ လွတ်မြောက် လာတဲ့သူ ဖြစ်တယ်လို့ပြောလိုက်မှ ဝေရဉ္စာပုဏ္ဏားကြီးသဘောကျလက်ခံသွားပါတယ်။

          မြတ်စွာဘုရားရှင်သည် အိန္ဒိယလိုအယူဝါဒပေါင်းစုံပေါများတဲ့နိုင်ငံကြီးမှာ တကယ်အောင်မြင် အောင်ထိုးဖေါက်ဖို့ဆိုသည်မှာ မလွယ်ပါဘူး။မြတ်စွဘုရားရှင်၏ ကြီးမားသော ဥာဏ်ပညာ ၊ကြီးမား သောဇွဲ လုံ့လ၀ီရိယ၊ကြီးမားသောကရုဏာတရား၊ကြီးမားသော မုဒိတာတရား၊ကြီးမားသော မေတ္တာ တရားတွေ ကြောင့် အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။တရားတော်များ ဓမ္မခန္ဓာအားဖြင့် (၈၄၀၀၀) ကျန်ရှိနေခဲ့ခြင်း သည်မြတ်စွာ ဘုရား ရှင်၏ မနေမနား ကြိုးစားအားထုတ်မှု မှတ်တမ်း များဖြစ်ပါသည်။ယနေ့ထိ မြတ်စွာ ဘုရားရှင်၏ တရားဓမ္မ တွေ သည် လက်တွေ့ကျင့်ဆောင်သူတွေကိုလက်တွေ့ အောင်မြင်အောင်၊ကြီးပွါးအောင်၊ ချမ်းသားအောင်၊ အေးချမ်း အောင်၊ ငြိမ်း ချမ်းအောင် ကူညီ ပေး လျက်ရှိနေပါသည်။      ကမ္ဘာ့ပညာရှင်အသီးသီးကလည်း မြတ်စွာ ဘုရား ရှင်၏ တရား ဓမ္မတွေသည် လောကကြီးငြိမ်းချမ်းဖို့ အးချမ်းဖို့တကယ်စစ်မှန်သော တရားဓမ္မ တွေဖြစ်ကြောင်းကို ထောက် ခံချီးမွမ်းပြောဆိုရေးသား နေကြပါသည်။
          ဗုဒ္ဓရဲ့တပည့်လို့အမည်ခံထားကြတဲ့ မိမိတို့တတွေသည် ကိုယ့်ဆရာရဲ့ လမ်းစဉ်ဖြစ် တဲ့ ဇွဲလုံ့လ၀ီရိယရှိရှိဖြင့်ကိုယ်မှန်းတဲ့ပန်းတိုင်ကိုမရောက်မချင်း ရောက်အောင်လျှောက်တဲ့လမ်းစဉ်ကိုလိုက်ကြပါသလား။ဒါမှမဟုတ် ပျင်းရိနေကြပါသလား သေချာစီစစ်အဖြေရှာဖို့လိုပါသည်။ ပျင်းရိ နေရင်တော့ မြင့်ရာမှ နိမ်ရာသို့ from great to small အသေးဆုံးလေးဖြစ်သွားပြီး နောက်ဆုံး ပျောက်သွားပါလိမ့်မယ်။ဒီလိုနဲ့ ပျောက်သွားတဲ့ သာဓက တွေလည်းအများကြီးရှိပါတယ်။ မန္တလေးမြို့တော်ကြီးမှာ အရင်ဆရာတော်ကြီးတွေ၇ှိစဉ်က ကျောင်းတိုက်ကြီးတွေ နာမည်ကြီးအရမ်းထင်၇ှားကာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိကြသည်။အဲဒီကျောင်းထိုင်ဆရာတော်လည်း ပျံလွန်တော်မူရော ကျန်တဲ့တပည့်တွေက ဒီကျောင်းငါပိုင်တယ်၊ ဟိုကျောင်းသူပိုင်တယ်နဲ့လုလိုက်ကြတာ နောက်ဆုံးအစိပ်စိပ်အမွှာမွှာ ကွဲသွားကြပါတယ်။ဒါဟာသာသနာတော်အတွက် နိုင်ငံအတွက် ၀မ်းနည်းစရာ ကေင်းလှပါတယ်။ကြာလေကြီးကျယ်လေ Great ဖြစ်လာရမှာ အဲဒီလိုဖြစ်မလာပဲ အစိပ်စိပ်အမွှာမွှာကွဲကာ သေးသေးပြီး နောက်ဆုံးပျောက်သွားပါတော့တယ်။ဒါဟာနိုင်ငံသူနိုင်ငံသားတွေ ရဲ့ဘက်ဂျက် တွေဖြစ်ပါတယ်။ တခုဖြစ်ဖို့ အောင်မြင်ဖို့ဆိုတာမလွယ်ပါဘူး။ အခုလိုတနေရာဖြစ်လိုက် ငွေကြေးတွေသုံးစွဲလိုက်  နောက်တနေ ရာဖြစ်ဖို့အတွက် ငွေကြေးတွေသုံးစွဲလိုက်နဲ့ ငွေတွေအချိန်တွေမနည်းဘူး ဆုံးရှုံးကုန်ပါတယ်။ နေရာတိုင်းမှာ ဒီလိုအနှုတ်တွေများရင်မကောင်း ပါဘူး။တိုင်းပြည်ဆင်းရဲဖို့ အကြောင်းတရားတွေဖြစ် ပါတယ်။
              ဒါဟာတနေရာတည်းလားလို့မေးရင်မဟုတ်ပါဘူး။ နိုင်ငံရေး၊ပညာရေး၊လူမှုရေး၊ဘယ်အရေးကြည့်ကြည့် ထိုနည်း၎င်းဖြစ်နေပါတယ်။အသင်းအဖွဲ့တွေဖွဲ့လိုက်ကြ နောက်ပြီးကွဲလိုက်ကြနဲ့သေးသေးပြီး ပျောက်သွားပါတယ်။ ဒါတွေဟာကောင်းတဲ့လက္ခဏာတွေမဟုတ်ပါဘူး။ဗုဒ္ဓရဲ့တပည့်တွေလို့အမည်ခံရင် ဗုဒ္ဓရဲ့လမ်းစဉ် ကိုလိုက် နာကြရာ မှာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့လမ်းစဉ်က တဖြည်းဖြည်းနဲ့ သေးသေးပြီး ပျောက်သွား တဲ့လမ်းစဉ် မဟုတ်ပါဘူး။တဖြည့်းဖြည်းနဲ့ ကြာလေကြီးကျယ်လေဖြစ်လာတဲ့လမ်းစဉ်ဖြစ်ပါတယ်။ တကယ်လို့သာ ဗုဒ္ဓလမ်းစဉ် ဟာကြာလေသေးသေးပြီးပျောက်သွားတဲ့လမ်းစဉ်ဆိုရင်ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့သာသနာတော်ဟာ စာရေးသူတို့ တတွေနဲ့ တွေ့စရာအကြောင်းမရှိပါဘူး။ကြာလေကြီးကျယ်လေ ထင်၇ှားလေဖြစ်လာလို့ ကမ္ဘာ့နိုင်ငံ အသီးသီးကို ပျံ့နှံကာ ဦးဇင်းတို့နိုင်ငံကို ရောက်ရှိလာခြင်းဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က ဘယ်လိုလမ်းစဉ်နဲ့ သွားလို့ပိုမိုကြီးလာသလဲ Great ဖြစ်လာသလဲဆိုတာကို သေချာ လေ့လာစမ်းစစ်ဖို့လိုပါတယ်။ မြတ်စွာ ဘုရား၇ှင်သွားတဲ့လမ်းစဉ်က လူနဲ့သွားတဲ့လမ်းစဉ်မ ဟုတ်ပဲ မူနဲ့သွားတဲ့လမ်းစဉ်ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် သက်တော်ထင်၇ှားရှိစဉ်က မြတ်စွာဘုရားရှင်ကို ဒေ၀ဒတ်က လျှောက်ဘူးပါတယ်။အရှင်ဘုရား သက်တော် လည်းကြီးပါပြီး အနားယူပါ။တပည့်တော်ကို သံဃာတော်တွေအား အုပ်ချုပ်ခွင့် အာဏာ လွဲပြောင်း ပေးပါလို့ လျှောက်တော့ မြတ်စွားဘုရားရှင်က “အရှင်ဒေ၀ဒတ် ငါကိုယ်တော်တိုင်သံဃာတော်တွေကို အာဏာထား အုပ်ချုပ် နေလို့လား ၊ငါကိုယ်တော်တိုင် သံဃာတော်တွေကို အာဏာထား အုပ်ချုပ်နေတာမဟုတ်ဘူး၊ သူတို့မှာ ဓမ္မနှင့်ဝိနယ ၇ှိနေကြတယ်။သူတို့ကို ဓမ္မနှင့်ဝိနယက အုပ်ချုပ်နေကြတာ ဒါကြောင့်ဘယ် သူကို့မှ မလွဲနိုင်ဘူး ပြောလိုက်ပါတယ်။မှန်ပါတယ်…ပုဂ္ဂိုလ်တွေဆိုတာ တနေ့သေကြမှာဖြစ်ပါတယ်။  ဓမ္မဆိုတာ ဘယ်တော့မှ မသေတဲ့တရားဖြစ်ပါတယ်။ ဘယ်တော့မှမသေတဲ့တရားကို လက်ကိုင်ထား ခဲ့တဲ့အတွက် ဗုဒ္ဓရဲ့တရားတော်တွေဟာ ယနေ့ထိ ၇ှိနေဆဲ ၇ှင်သန်နေဆဲ ကျင့်သုံးနေကြဆဲ ဖြစ်သလို နောင်လဲ ရှိနေဆဲ ရှင်သန်နေဆဲ ကျင့်သုံးနေဆဲ ဖြစ်နေအုံးမှာဖြစ်ပါတယ်။မိမိတို့နိုင်ငံသူ နိုင်ငံသားအများစုက ဗုဒ္ဓရဲ့မူဖြစ်တဲ့(ဓမ္မ)လမ်းစဉ်နဲ့မသွားပဲ ပုဂ္ဂိုလ်တွေနဲ့သွားကြပါ တယ်။ဒါကြောင့်အဲဒီ ပုဂ္ဂိုလ်တွေလည်း မရှိရော သေးသေးပြီး ပျောက်သွားကြခြင်းဖြစ်ပါတယ်။ ဒါကို အခြားနိုင်ငံတွေက ကောင်းစွာသိပါတယ်။သူတို့တွေက ဘယ်တော့မှ ပုဂ္ဂိုလ်တွေနဲ့မသွားပါဘူး။မူလမ်းစဉ် စည်းမျဉ်း စည်းကမ်းတွေ စနစ်တွေသေချာစွဲပြီး အဲဒီစနစ်အတိုင်း အားလုံးတက်ညီလက်ညီ လေးစားလိုက်နာပြီး တကယ် လက်တွေ့ ကျင့်သုံးကြသည့်အတွက် သူတို့ နိုင်ငံတွေသည် တဖြည်းဖြည်း နိမ့်ရာမှမြင့်ရာသို့ ရောက် လာခြင်းဖြစ်ပါတယ်။
        ဒါကိုသတိတရားလက်ကိုင်ထားပြီး ပြုပြင်ကြပါ။မိမိတို့က ဗုဒ္ဓရဲ့တပည့်ဖြစ်ပြီး ကိုယ့်ဆရာရဲ့ လမ်းစဉ်ကိုမလိုက်ဘူး လက်တွေ့မကျင့်ဆောင်ဘူးဆိုရင် မိမိတို့အားလုံး အခုလည်းနစ်နာဆုံးရှုံးနေသလို နောင်လဲနစ်နာဆုံး၇ှုံးနေအုံးမှာဖြစ်ပါတယ်။တရားဓမ္မတွေ စာပေတွေဆိုတာမှန်(ကြေးမှုံပြင်)လိုပါပဲ။မျက်နှာ ကိုပြင်ချင် ရင်မှန်မှာကြည့်ပြီး ပြင်ရသလို မိမိဘ၀၊မိမိလူမျိုး၊ မိမိဘာသာ ၊မိမိ နိုင်ငံတိုးတက်ဖို့ တရားဓမ္မတွေ စာပေရေးရာ တွေကို တကယ်ပြုပြင်ချင်တဲ့စိတ်နဲ့ လေ့လာသင်ယူဖတ်မှတ်ဆွေးနွေးအဖြေရှာကြရပါမယ်။ တကယ်တွေ့တဲ့ အခါတကယ် ပြုပြင်ကြရပါမယ်။တကယ်ကျင့် ကြရပါမယ်။တကယ်ပြုပြင် တကယ်ကျင့်ကြမှသာလျှင် တကယ် အကျိုး၇ှိနိုင် မှာဖြစ်ပါတယ်။ငါသိငါတတ် လုပ်လို့မရပါဘူး။ ငါသိတယ်ငါတတ်တယ်။ ငါဟာတည်ထောင် သူဖြစ်တယ်။ ငါလုပ်ချင် သလိုလုပ်မယ်ဆိုတဲ့ လမ်းစဉ်တွေဟာ ပုဂ္ဂိုလ်ရေးလမ်း စဉ်တွေဖြစ်သည့်အတွက် ကြာလေကွဲလေ ကြာလေ သေးလေဖြစ်ပြီး နောက်ဆုံးပျောက်သွားမည့်လမ်းစဉ်များဖြစ်သည့်အတွက် လုံးဝစွန့်လွတ်ကြပါ။ ဗုဒ္ဓရဲ့လမ်း စဉ်ဖြစ်တဲ့ ဓမ္မ(မူ)နဲ့သွားတဲ့လမ်းစဉ်ကိုလိုက်နာကျင့်သုံးကြပြီး (From small to Great ) နိမ့်ရာမှမြင့်ရာသို့ ရောက်အောင်လျှောက်လှမ်းနိုင်ကြပါစေဟုဆန္ဒပြုရင်း…………….
                                                                        မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
တက္ကသိုလ်ရဟန်းပျို ဓမ္မစာဆောင်မှ…….
         

0 comments:

Post a Comment