Sunday, October 11, 2009

နယူးယောက် ဆန္ဒပြသူများကို ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက ဝေဖန်

ကိုကို အောက်တိုဘာ ၁၁ ဘားမားတူဒေး
မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဆိုသူရဲ့ ကားကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ ဆန္ဒပြသူအချို့က ဖိနပ်နဲ့ ပစ်ပေါက်ခဲ့မှုအား ၂၀၀၉ အောက်တိုဘာ ၁၂ - ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ်ရဲ့ ခေါင်းကြီးပိုင်းမှာ တဖက်ပါအတိုင်း ဝေဖန် ရေးသားထားပါတယ်။

ထိုသို့ ရေးသားရာမှာ ဆန္ဒပြသူများက မြန်မာ စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီးဆိုသူအား ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းကို

တိုက်ရိုက် ရေးသားခြင်း မပြုပဲ “အီရတ်နိုင်ငံတွင် သမတဘုရှ်ကို ဆန္ဒပြခဲ့သူတဦးကို အတုယူ၍ အလားတူ လုပ်ဆောင်ခဲ့ခြင်းသည် ကမ္ဘာ့အလယ်တွင် မြန်မာတို့သည် အီရတ်တို့ကဲ့သို့ပင် လူကြီးလူကောင်းမဆန်သော၊ မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုးအဖြစ် သက်သေထူခြင်း ဖြစ်ရာ မြန်မာတဦးအနေဖြင့် များစွာ

အရှက်ရမိပါသည်“ လို့ ရေးသားထားပါတယ်။

ထို့အပြင် The Voice Journal အယ်ဒီတာက “ထို အပြုအမူမျိုးသည် မြန်မာတို့အနေဖြင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ဖြစ်နိုင်ခြေ ရှိ၊ မရှိ သက်သေထူနေခြင်းလည်း ဖြစ်ပေသည်။ ...... အသိမဲ့ ထောက်ခံအားပေးမိသော မြန်မာများ ရှိနေမည်ကို များစွာ ရိပ်မိသောကြောင့် ယခုခေါင်းကြီးကို ရေးသားလိုက်ရပါသည်“ လို့ ဆက်လက် ရေးသားထားပြန်ပါတယ်။

အဲဒီခေါင်းကြီးပိုင်းရဲ့ နောက်ဆုံးအပိုဒ်မှာတော့ “ကျွန်ုပ်တို့အားလုံးသည် စနစ်တခု၏သားကောင်များ ဖြစ်ခဲ့ကြပြီး ထိုစနစ်ကို ယခုအခါ ပြင်ဆင်ရန် အခွင့်ရနေချိန်ဖြစ်ရာ စနစ်နှင့် စနစ်အတွင်း ကျရာကဏ္ဍမှ

ဝင်ရောက် သရုပ်ဆောင်ကပြနေသူများကို ခွဲခြားနိုင်ရေးသည် များစွာ အရေးကြီးပါကြောင်း ဖော်ပြလိုက်ရပါသည်“ လို့ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှ ပုဂ္ဂလိကသတင်းမီဒီယာ ၄ ခုကို ယခုနှစ်မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သတင်းရယူနိုင်ဖို့ စီစဉ်ပေးခဲ့တဲ့အတွက် Living Color Media, 7 Day၊ ရန်ကုန်တိုင်းမ်နဲ့ မြန်မာတိုင်းမ် မီဒီယာများမှ သတင်းသမားများ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့ပါတယ်။ ထိုသို့ ရောက်ရှိစဉ် ပြည်တွင်း မြန်မာမီဒီယာများမှ ပုဂ္ဂိုလ်များဟာ မြန်မာစစ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကိုလည်း ရောက်ရှိခဲ့ကြောင်း မျက်မြင်သက်သေများက သတင်းပေးပို့ခဲ့ပါတယ်။ မြန်မာပြည်တွင်းက သတင်းသမားများ အနေနဲ့ ဆန္ဒပြပွဲများကို ထိုသို့ လာရောက်ပြီး အမေရိကန်ပြည်ထောင်စုရောက် မြန်မာများနဲ့ တွေ့ဆုံ အားပေး နှုတ်ဆက်ခဲ့ပေမယ့် ဆန္ဒပြပွဲသတင်းများကိုတော့ သူတို့ရဲ့ မီဒီယာတွေမှာ မဖော်ပြနိုင်ခဲ့ကြပါဘူး။

The Voice Journal အယ်ဒီတာရဲ့ နယူးယောက်က မြန်မာစစ်အစိုးရ ၀န်ကြီးချုပ်ဆိုသူနဲ့ နိုင်ငံခြားရေး ၀န်ကြီးဆိုသူများအား ဆန္ဒပြခဲ့သူများနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ ခေါင်းကြီးပိုင်းအပေါ် ယနေ့မြန်မာ သတင်းဌာနမှ ဦးမြင့်လှိုင်က “ကျွန်တော့်အနေနဲ့ စစ်အစိုးရခေါင်းဆောင်ဆိုသူတွေကို ဖိနပ်နဲ့ ပေါက်မှုဟာ မှန်သလား၊ မှားသလားဆိုတာကို ဝေဖန် သုံးသပ်ခြင်း မပြုလိုပါဘူး။ ဒီဖြစ်ရပ်ကို သုံးသပ်သူတွေဟာ သူတို့ ရှိနေတဲ့နေရာ၊ သူတို့မြင်တဲ့ မြင်ကွင်းကနေ သူတို့ ကြိုက်နှစ်သက်သလို ဝေဖန်ခွင့် ရှိပါတယ်။

ကျွန်တော် ဝေဖန် သုံးသပ်လိုတာက အခု ရေးသားထားတဲ့ ခေါင်းကြီးပိုင်းပါ စာသားတွေကို ဖြစ်ပါတယ်။ ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ထပ် ပြောပါမယ်။ မှန်ဖြင့် ဆောက်မည့်အိမ်၊ စနစ်နှင့် လူများ ဆိုတဲ့ ခေါင်းကြီးပိုင်းမှာ ရေးသားထားတဲ့ စာသားကို ဝေဖန်မှာပါ။ အဲဒီ စာသားရေးတဲ့ ပုဂ္ဂိုလ်ဟာ အခြေအနေ တခုကြောင့် ဒီ ခေါင်းကြီးပိုင်းကို ရေးရတာလည်း ဖြစ်နိုင်တယ်။ သူ ရေးသားထားသလို သူကိုယ်တိုင် ယုံကြည်လို့

ရေးတာလည်း ဖြစ်နိုင်တယ်။ ဒါတွေဟာ ကျွန်တော်တို့ မမြင်ရတဲ့အရာပါ။ ဒါ့ကြောင့် မမြင်ရတဲ့အရာကို မဝေဖန်ပါဘူး။ မြင်ရတဲ့ အယ်ဒီတာဆိုသူရဲ့ စာသားတွေကိုသာ ဝေဖန်မှာ ဖြစ်ပါတယ်။

စ ပြောချင်တဲ့အချက်ကတော့ “အီရတ်နိုင်ငံတွင် သမတဘုရှ်ကို ဆန္ဒပြခဲ့သူတဦးကို အတုယူ၍ အလားတူ လုပ်ဆောင်ခဲ့ခြင်းသည် ကမ္ဘာ့အလယ်တွင် မြန်မာတို့သည် အီရတ်တို့ကဲ့သို့ပင် လူကြီးလူကောင်းမဆန်သော၊ မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုးအဖြစ် သက်သေထူခြင်း ဖြစ်ရာ မြန်မာတဦးအနေဖြင့် များစွာ အရှက်ရမိပါသည်“ စာသားပါ အချက်အလက်နဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ အီရတ်မှာ အမေရိကန်သမတ ဘုရှ်ကို ဆန္ဒပြသူက ဖိနပ်နဲ့ ပေါက်တာ မဟုတ်ပါ။ သတင်းသမားက ဖိနပ်နဲ့ပေါက်တာ ဖြစ်ပါတယ်။ သူက ဖိနပ်နဲ့

ပေါက်သင့်တယ်လို့ ယူဆတဲ့အတွက် ဖိနပ်နဲ့ ပေါက်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက မြန်မာ အယ်ဒီတာ တဦး အနေနဲ့ ဖိနပ်နဲ့ပေါက်တဲ့ အဖြစ်ကို ကြိုက်သလို ရှုံ့ချလို့ ရပါတယ်။ သို့သော်လည်း အီရတ်တို့ကဲ့သို့ပင် လူကြီးလူကောင်းမဆန်သော၊ မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုးအဖြစ် ဆိုတဲ့ အသုံးအနှုန်းကိုတော့ မသုံးနှုန်းသင့်ဘူးလို့ မြင်ပါတယ်။ အဲဒီအသုံးအနှုန်းဟာ အီရတ်လူမျိုးအားလုံးကို စော်ကားလိုက်ခြင်း ဖြစ်ပါတယ်။ The Voice Journal ဟာ မြန်မာပြည် ဒီမိုကရေစီ ကူးပြောင်းရေး အခန်းကဏ္ဍမှာ အုတ်တချပ် သဲတပွင့်အနေနဲ့ ပါဝင်နေပြီး ဒီမိုကရေစီဆိုင်ရာ အတွေးအခေါ်များ ရေးသားနေတဲ့ ဂျာနယ် ဖြစ်ပါတယ်။ ဒ့ါကြောင့်မို့ အခုလို သုံးနှုန်း ရေးသားလိုက်ခြင်းကြောင့် စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်မှုအတွက် ရှေ့ဆောင်လမ်းပြ လုပ်ကိုင်နေသူများဟာ အခြားလူမျိုးတွေကို စော်ကားတတ်တဲ့ လူတွေများလားလို့ စာဖတ်သူတွေနဲ့ ကမ္ဘာ့ပြည်သူတွေ တွေးတော

သွားမိမှာကို အင်မတန် စိုးရိမ်မိပါတယ်။

ဒုတိယအချက်အနေနဲ့ ပြောလိုတာက ထို အပြုအမူမျိုးသည် မြန်မာတို့အနေဖြင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ဖြစ်နိုင်ခြေ ရှိ၊ မရှိ သက်သေထူနေခြင်းလည်း ဖြစ်ပေသည် ဆိုတဲ့ စာသားဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီစာသားတွေကို နားလည်တာကတော့ အဲဒီလို ဖိနပ်နဲ့ ပေါက်တဲ့ အပြုအမူအတွက် မြန်မာတွေဟာ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ဖြစ်နိုင်ခြေ ရှိ မရှိကို The Voice Journal အယ်ဒီတာက ပြန်လည် သုံးသပ်နေပုံပါပဲ။ ဒါဆိုရင် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ခြေတော်ရင်းမှာ ဘုရားသားတော် သံဃာတွေကို တုတ်နဲ့ ရိုက်ဖို့ အမိန့်ပေးသူတွေ၊ တောင်ဥက္ကလာပ ငွေကြာရံဘုန်းတော်ကြီးကျောင်းကို ညအချိန်မှာ ၀င်ရောက် စီးနင်းပြီး သက်တော်ကြီးရင့်ပြီဖြစ်တဲ့ ဆရာတော်ကြီးကို ဖမ်းဆီးကာ ကျန် သံဃာတွေကို ရိုက်နှက် ဖမ်းဆီးဖို့ အမိန့်ပေးသူတွေ ရှိနေတဲ့ လူ့အဖွဲ့အစည်းကိုရော ဘယ်လို သုံးသပ်မလဲ။ အဲဒီလို လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းကိုရော The Voice Journal အယ်ဒီတာအနေနဲ့ ဘယ်လို သုံးသပ်လိုပါသလဲ။ သိချင်ပါတယ်။

ထပ်ရေးထားတာက အသိမဲ့ ထောက်ခံအားပေးမိသော မြန်မာများ ရှိနေမည်ကို များစွာ ရိပ်မိသောကြောင့် ယခုခေါင်းကြီးကို ရေးသားလိုက်ရပါသည် ဆိုတဲ့စာသား ပါ။ လူသားနဲ့ တိရိစ္ဆာန်နဲ့ ကွာခြားတဲ့အချက်ဟာ အသိရှိမှု ကွာဟချက် ဖြစ်ပါတယ်။ ဒီတော့ အခု ဖော်ပြတဲ့ စာသားမှာ ရေးထားတဲ့ အသိမဲ့ ထောက်ခံအားပေးမိသော မြန်မာများ ရှိနေမည်ကို များစွာ ရိပ်မိသောကြောင့် ဆိုတဲ့စာသားက

ဘာကို ဆိုလိုပါသလဲ။ မပြေးသော်လည်း ကန်ရာရှိ ဆိုသလို မြန်မာတွေဟာ သိမြင်တတ်မှု မရှိဘူးလို့ ပြောဆိုတာမျိုး ဖြစ်မနေဘူးလား။

အခုလို ခေါင်းကြီးပိုင်းမှာ မရေးသားလိုက်ရင် အသိမဲ့မြန်မာတွေက The Voice Journal အယ်ဒီတာ ညွှန်းဆိုတဲ့ လုပ်ရပ်ကို ထောက်ခံမိမှာကို စိုးရိမ်တာလား။ ဒါတွေဟာ တွေးတောစရာပါ။

စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ခေါင်းကြီးပိုင်းရဲ့ နောက်ဆုံးစာသားတွေပါ။ အဲဒီစာသားတွေထဲမှာ စနစ်နှင့် စနစ်အတွင်း ကျရာကဏ္ဍမှ ၀င်ရောက် သရုပ်ဆောင်ကပြနေသူများကို ခွဲခြားနိုင်ရေးသည် များစွာ အရေးကြီးပါကြောင်း ဖော်ပြလိုက်ရပါသည် လို့ ရေးသားထားပါတယ်။

အဲဒီ စာသားတွေကို ရှေ့က ဖော်ပြချက်တွေနဲ့ ဆက်စပ် စဉ်းစားတဲ့အခါ မြန်မာပြည်ကို ပြောင်းလဲဖို့ လုပ်နေကြပြီ၊ ဒီလိုအချိန်မှာ အနိမ့်ဆုံးအနေနဲ့ မကောင်းတဲ့စနစ်နဲ့ အဲဒီစနစ်အတွင်း သရုပ်ဆောင်ကပြနေသူများကို ခွဲခြားသိဖို့ အရေးကြီးတယ်ဆိုပြီး ရေးသားထားတာလို့ နားလည်ပါတယ်။ စနစ်ထဲမှာ ကျရာကဏ္ဍကနေ ၀င်ရောက် သရုပ်ဆောင်ကပြနေကြရတယ်ဆိုတာဟာ ဘာသဘောကို ပြောတာပါလဲ။

စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အကြောင်းတခုခုကြောင့် အသိဉာဏ်မဲ့ လုပ်ဆောင်နေကြရတာကို ပြောတာလား။ မဟုတ်ဘူး၊

မမှန်ဘူးဆိုတာကို သိလျက်နဲ့ ဆက်မိုက်နေကြတာလား၊ အဲဒီလို လုပ်ဆောင်နေသူတွေရဲ့ အသိရှိမှုရေချိန်က ဘယ်နားမှာလဲ။ ၀င်ရောက် သရုပ်ဆောင်ကပြနေသူများဟာ အသိရှိမှု ရေချိန် နိမ့်ကျသူတွေ ဖြစ်နေကြရင်ရော မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ လှပနိုင်ပါ့မလား။ ဒါတွေဟာ ဖော်ပြထားတဲ့စာသားတွေ နောက်က စိတ်ဝင်တစား တွေးရမယ့်အချက်တွေ ဖြစ်နေပါတယ်။

သတင်းစာ၊ ဂျာနယ်တွေရဲ့ ခေါင်းကြီးပိုင်းဟာ အင်မတန် အရေးကြီးပါတယ်။ အဲဒီခေါင်းကြီးပိုင်းဟာ သက်ဆိုင်ရာ စာစောင်တွေရဲ့ အာဘော်ကို ပြောနေသလို သဘောထားရပ်တည်ချက်တွေကိုလည်း ထပ်ဟပ်နေတတ်ပါတယ်။ ဒီတော့ အခု ရေးသားထားတဲ့ ခေါင်းကြီးပိုင်းကို ဖတ်မိသူ တယောက်က The Voice Journal ဟာ အခြားလူမျိုးတမျိုးကို စော်ကားတတ်သူများရဲ့ ဂျာနယ်၊ ကိုယ့်လူမျိုးကိုကိုယ် နှိပ်ချကြည့်တတ်သူတွေရဲ့ ဂျာနယ်၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး သူတပါးကို အထင်သေးသူများရဲ့ဂျာနယ် စသည်ဖြင့် စာဖတ်ပရိသတ် တဦးဦးကများ သုံးသပ်မိသွားမလားလို့ စိုးရိမ်မိပါတယ်။

The Voice Journal ဟာ ကျွန်တော် စိုးရိမ်မိသလို စာဖတ်သူ ယူဆရမယ့် ဂျာနယ်မဟုတ်လောက်ဘူးလို့ ထင်ပါတယ်။ တနည်းအားဖြင့် ပြောရရင် မီဒီယာဟာ တိုင်းပြည်ရဲ့ နား၊ မျက်စိ၊ တိုင်းပြည်ရဲ့ အား ပါ။ ဒီအချက်တွေကို The Voice Journal ဖန်တီးသူတွေ ကောင်းကောင်း သိပါလိမ့်မယ်။ ဒါ့ကြောင့် သူတို့တွေဟာလည်း ပြည်သူတွေကို မှားယွင်းတဲ့ အတွေးအခေါ် အသိအမြင်တွေ မပေးပဲ တိုင်းပြည်ရဲ့ အသိအမြင် ဖွံ့ဖြိုးမှုအတွက် ကျရာနေရာက တာဝန်ထမ်းဆောင်မယ်လိမ့်မယ်လို့ ယူဆပါတယ်“ လို့ ဝေဖန်သွားခဲ့ပါတယ်။

0 comments:

Post a Comment