Tuesday, October 13, 2009

အိမ်မြှောင်ပေးတဲ့ သင်္ခန်းစာ

ဒီပုံပြင်က ဂျပန်မှာ တစ်ကယ်ဖြစ်ပွားခဲ့တယ်လို့ ဖတ်ရပါတယ်။
တစ်ခါက လူတစ်ဦးသည် အိမ်ပြင်ရန်အတွက် အိမ်နံရံများကို ဖျက်ချခဲ့သည်။ ဂျပန်စတိုင်လ် အိမ်နံရံများသည် အလယ်တွင် ပျဉ်အရင်ခံပြီး ဘေးနှစ်ဖက်ကို အုတ်ဖြင့် ပြန်စီထားခြင်းဖြစ်သည်။ ထိုကြောင့် နံရံ အလယ်မှာ အခေါင်းပေါက်ဖြစ်နေသည်။

သူသည် နံရံကို ဖျက်ချစဉ် နံရံအတွင်းတွင် အိမ်မြှောင်တစ်ကောင်အား တွေ့မိသည်။ အိမ်မြှောင်၏ အမြီးသည် သံချောင်းတစ်ချောင်းနှင့် ရိုက်မိနေသည်ကို ထူးဆန်းစွာ တွေ့မိသည်။ မလှုပ်သာ မခံသာ သနားစရာ အိမ်မြှောင်အား ရိုက်မိနေသော သံချောင်းကို သူသေချာ ကြည့်လိုက်မိသည်။ ထို သံချောင်းမှာ လွန်ခဲ့သော (၁၀)နှစ် အိမ်ဆောက်စဉ်က ရိုက်ခဲ့သော သံဖြစ်ကြောင်း သူအံသြစွာ တွေ့လိုက်သည်။

(၁၀)နှစ်အတွင်း အိမ်မြှောင်ဘယ်လို အသက်ရှင်ခဲ့သလဲ... မှောင်မဲနေတဲ့ နံရံအတွင်း မသွားနိုင် မလှုပ်နိုင်ဘဲ အသက်ရှင်ဖို့က သိပ်မလွယ်ကူလှပေ။ အိမ်မြှောင် မည်ကဲ့သို့ အသက်ရှင်နေခဲ့သည်ကို သူအရမ်း သိချင်နေမိသည်။ နံရံကို ဆက်မဖျက်တော့ဘဲ (၁၀)နှစ် အတွင်း အသက်ဆက် ရှင်နေသော အိမ်မြှောင်ကို သူစူးစမ်းခဲ့သည်။ သိပ်မကြာလိုက်ပါ... အစာကိုက်ချီထားသော အိမ်မြှောင် နောက်တစ်ကောင်ကို သူ တွေ့လိုက်မိသည်။ သူခဏသာ မင်သက်သွားမိသည်။ (၁၀)နှစ်လုံးလုံး မပျက်မကွက် အစားကိုက်ချီ ကျွေး မွေးခဲ့သော နောက်အိမ်မြှောင်ဟာ ဒီအိမ်မြှောင်နဲ့ ဘာတော်သလဲ... ဒါဟာ ဘယ်လို မေတ္တာမျိုးလဲ.... အဲဒီအိမ်မြှောင်ဟာ သူရဲ့ မိသားစုလား... သူငယ်ချင်းလား... မောင်နှမလား.... ဒါမှမဟုတ်.....

ဒီပုံပြင်ကို ဖတ်မိပြီး ရင်ထဲကို အမည်မသိ ဝေဒနာတခု တိုးဝင်လာခဲ့မိတယ်။
ဒီလောကကြီးဟာ အရာရာ တိုးတက်ပြောင်းလဲ လာသည်နှင့်အမျှ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့ကလဲ လွယ်ကူ မြန်ဆန်လာခဲ့တယ်။ ဒါပေမယ့် တစ်ဦးအပေါ်တစ်ဦးထားတဲ့ မေတ္တာနဲ့ နားလည်မှုစိတ်တွေကတော့ ဝေး.....ဝေး....ဝေး....လို့။

0 comments:

Post a Comment