Sunday, October 25, 2009

ကျေးရွာ ကယက အတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ

ပေါက်ပေါက် / ၂၂ အောက်တိုဘာ ၂၀၀၉
ရှမ်းပြည်မြောက်ပိုင်း၊ နမ်းခမ်းမြို့နယ်၊ နောင်ခန်ကျေးရွာမှ ကျေးရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ကယက) အတွင်းရေးမှူး ဦးစိုင်းညွန့်သည် အမည်မသိ သေနတ်သမားများ၏ လုပ်ကြံသတ်ဖြတ်ခံရကာ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားသည်။

အသက် (၄ဝ) ဝန်းကျင်အရွယ် ဦးစိုင်းညွန့်သည် ယခုလ (၁၇) ရက်၊ ည (၁ဝ) နာရီခန့်၌ သူ့အိမ်သို့ပြန်လာစဉ် လမ်းပေါ်၌ အမည်မသိ သေနတ်သမားများက အနီးကပ် ပစ်ခတ်သတ်ဖြတ်သွားရာ ပွဲချင်းပြီးသေဆုံးသွားသည်ဟု နမ်းခမ်းမှ ကုန်သည်တဦးက ပြောသည်။

၎င်းက “အဲဒီညက ရွာဘုန်းကြီးကျောင်းဇရပ်မှာ အစည်းဝေးတခုရှိတာတဲ့။ အဲဒီကအပြန်မှာ သေနတ်သမားတွေက သုံးလေးချက် အနီးကပ်ပစ်သွားတာ။ သေနတ်သံကြားတော့ ရွာထဲက လူတွေလည်း ထွက်ကြည့်တော့ ပစ်တဲ့သူတွေက ပြေးသွားကြပြီ။ ခေါင်းနဲ့ရင်ဘတ်မှာ ထိသွားတာ။ အလောင်းကို နမ်းခမ်းဆေးရုံကို သယ်လာခဲ့သေးတယ်။ ဒီ နမ်းခမ်းနားက ရွာပဲ။ သိပ်မဝေးဘူး” ဟု ပြောသည်။

ဦးစိုင်းညွန့်သည် နမ်းခမ်းမြို့နယ် မယက၊ ရဲတို့နှင့် ရင်းနှီးကျွမ်းဝင်ပြီး ကျေးရွာလူထုအပေါ် လုပ်အားပေးခိုင်းစေခြင်း၊ ကျေးရွာရှိ နေအိမ်တို့မှ ငွေကြေးများ ကောက်ခံခြင်းကို အဓိကဆောင်ရွက်နေသူဖြစ်၍ လူမုန်းများနေသူလည်း ဖြစ်သည်ဟု အဆိုပါကုန်သည်က ပြောသည်။

၎င်းက “ဒီမှာတော့ နည်းနည်းလေး နာမည်ဆိုးထွက်လာရင် အချခံရမှာပဲ။ ဒီဒေသက ရှမ်းလက်နက်ကိုင် အဖွဲ့တွေရဲ့ နယ်မြေလို ဖြစ်နေတော့ သူတို့တွေကို ဘယ်တပ်ကမှ လာပြီး လုံခြုံရေး ယူပေးနိုင်တာမှ မဟုတ်တာ။ မနှစ်ကလည်း ကြံ့ခိုင်ရေးအသင်း ခေါင်းဆောင် အခုလို အပစ်ခံရသေးတယ်” ဟု ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ထောက်ခံမဲထည့်ရန် နမ်းခမ်းမြို့နယ်အတွင်း ကျေးရွာများတွင် စည်းရုံးရေးဆင်းနေသည့် ညောင်နှစ်ပင် အမျိုးသားညီလာခံ ကိုယ်စားလှယ်လည်းဖြစ်သူ မြို့နယ်ကြံ့ခိုင်ရေး အတွင်းရေးမှူး စိုင်းကျော်မြင့်သည်လည်း ၂ဝဝ၈ ခု၊ မေလ (၄) ရက်တွင် အမည်မသိ သေနတ်သမားများ၏ လုပ်ကြံသတ်ဖြတ်မှု ခံခဲ့ရပြီး ယနေ့အချိန်အထိ တရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။

ယခု နောင်ခန်ကျေးရွာ ကယက အတွင်းရေးမှူးအား လုပ်ကြံသတ်ဖြတ်မှုအပေါ် တရားခံများ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ကွတ်ခိုင် ယာယီစစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး မင်းဦး ကိုယ်တိုင် နမ်းခမ်းမြို့တွင် ရောက်ရှိနေပြီး စစ်ဆေးမှုများလုပ်နေသည်ဟု အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သတင်းရပ်ကွက်နှင့် နီးစပ်သူ မူဆယ်ဒေသခံတဦးက ပြောသည်။

၎င်းက “အဲဒီကိစ္စအတွက် မင်းဦးကို တိုင်းကနေ တာဝန်ပေးထားတယ်။ အခု နမ်းခမ်းမှာ အခြေပြုပြီး ရွာတွေကို ဝင်မွှေနေတယ်။ သူပုန်တွေနဲ့ ဆက်စပ်တဲ့သူတွေ၊ အရင် ရှမ်းတပ်ဖွဲ့ထဲက ပြန်လာတဲ့သူတွေကို လိုက်ရှာနေကြတဲ့ သဘောပေါ့။ အမှုနဲ့မဆိုင်တဲ့ ကြားက ရွာသားတွေ ထုတာ နှက်တာ ခံရမယ့်ပုံပေါ်နေတယ်” ဟု ပြောသည်။

0 comments:

Post a Comment