အသက် ၃၂ နှစ်သာ ရှိသေးသော လူငယ်တဦးသည် တတိုင်းတပြည်လုံးကို ကတိပေးထားသည်။၁၉၄၇ခုနှစ်။ထိုလူငယ်၏ ကတိကိုလည်း တတိုင်းတပြည်လုံးက ယုံကြည်ကိုးစား နိုးကြားတက်ကြွနေကြသည်။သူ၏ကတိမှာ “တနှစ်အတွင်း လုံးဝလွတ်လပ်ရေး ရစေရမယ်”ဟူ ၍ဖြစ်သည်။ကတိပေးသူ လူငယ်ကား.........
ကိုအောင်ဆန်းသည် တွေးနေသည်။သူ့အဖိုး ဗိုလ်မင်းရောင်သည်လည်း အရေးတော်ပုံတွင် ခေါင်းဖြတ်ခံခဲ့ရသည်။ဆရာစံ၏ လယ်သမားသူပုန် ရဲဘော်ကြီးများသည်လည်း ဦးခေါင်းတွေ ဖြတ်ခံခဲ့ရသည်။၁၉၃၅-၃၆ခုနှစ်ကာလက သူ၏ခေတ်ပြိုင်များသည် ကိုအောင်ဆန်းကို မှုန်ဆန်သော လူငယ်တဦးအဖြစ် စတင်တွေ့ရှိကြရသည်။
စာသင်ခန်းထဲမှာလည်း တွေးသည်။အင်းယားကန်ကြီးဘေး လမ်းလျှောက်ရင်းမှာလည်းတွေးသည်။ပဲခူးဆောင်အပေါ်ထပ်မှ ဆံပင်စုတ်ဖွားနှင့် လှေခါးထစ်များကိုနင်း၍ နင်း၍ဆင်းလာနေရင်းမှာပင် တွေးမိနေသေးသည်။
“သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏”
“တက္ကသိုလ်တွင် ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသောမျက်နှာကို ထားခဲ၏။”..တဲ့။ကဗျာအနုပညာရှင် ဒဂုန်တာရာက သူတွေ့ရှိသော ကိုအောင်ဆန်းကို ရုပ်ပုံလွှာတွင် ဖွဲ့နွဲ့သည်။သူ၏ခေတ်ပြိုင်များကမူ ထိုပုံရိပ်တွေကို နောင်သောအခါ လွမ်းမောဖွယ်တွေအဖြစ် ပြန်လည်အောက်မေ့ သတိရခဲ့ကြရသည်။
၁၉၃၆ခုနှစ်က တိုင်းပြည်သည် အောင်ဆန်းဆိုသောအမည်ကို ထိုခေတ်သတင်းစာများတွင် စတင်တွေ့ရှိလိုက်ကြရချိန်မှာ ထိုလုလင်၏ ရင်အုပ်ထဲတွင် သူတို့ခေတ်တခုလုံး၏ အလွမ်းများ အပြည့်အနင့် သယ်ဆောင်ထားသည်ကို လူတို့က အပြည့်အ၀ မသိနိုင်ကြသေး။
သူ့ရှေ့တွင် မြန်မာပြည်တွင် ဆယ်စုတခု နှစ်ခုမက အချိန်မှစ၍ ကိုလိုနီခေတ် ကိုယ်ကျိုးရှာ ၀ါရင့် နိုင်ငံရေးသမားဟောင်းကြီးများက ရှိနေခဲ့ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ကဗျာထဲကအတိုင်း “ငါးထောင်အသပြာစားမာန်ရယ်နဲ့ မာန်ဖီဖီပွား။မယားတောင်ညာခံနှင့် စံသည်တကား”အမည်ထိုက်သည့် ပုဂိုလ်တွေလည်း မြန်မာ့နိုင်ငံရေး ပွဲဦးပွဲကူးထဲမှာ အုတ်အရောေ၇ာ ကျောက်အရောရောပါဝင်။၁၉၃၆ခုနှစ်တွင် ပေးလာသော ကိုအောင်ဆန်းတို့လို အသက် ၂၁နှစ်အရွယ် လူငယ်များ၏ အမျိုးအစားသစ် အမျိုးသားရေး နိုင်ငံရေး လွတ်လပ်ရေး ရည်မှန်းချက်ကို စိမ်းရိုင်းလတ်ဆတ်စွာ ထိတ်ခနဲ တွေ့ကြရသည်။ မည်သို့ အကဲခတ်မလဲ။သမိုင်းခေတ်က လာနေပြီ။၁၉၃၆၊အသက် ၂၁နှစ်။သူပြောပြောနေသော လုံးဝလွတ်လပ်ရေး၊။မင်းငယ်ပါသေးတယ်။ဗြိတိသျှအလိုတော်ရိ ခေတ်အဆက်ဆက် သော့ကိုင်ထားလိုသူ မင်းတိုင်ပင် နိုင်ငံရေးသမားဟောင်းကြီးတွေရဲ့ မဲ့ပြုံး ကြိတ်ပြုံး မလိုတမာ အပြုံးတွေနဲ့ နဖူးတွန့် မျက်စချီ အကြည့်တွေကလည်း အဲဒီခေတ်ထဲမှာ အပြည့်။
သို့သော် ထိုလုလင်များက အမှန်တရားကို ရှာပုံတော် ဖွင့်နေကြပြီ။
တလက်မမှ နောက်ပြန်ဆုတ်ပေးလို့ မရတော့။
ခေါင်းမှာ ဆံပင် ပွယောင်းယောင်း။မျက်နှာက မှုန်ကုပ်ကုပ်။သပ်ရပ်ချောမွေ့မှုမရှိ။ကိုလိုနီ ယန္တရားအကြိုက် အိုင်စီအက် အရာရှိကြီးတွေရဲ့ ရှေ့တော်ပြေး ပုံရိပ်ဖြစ်ရမည့် ပညာတတ် တက္ကသိုလ်ကျောင်းသား အသွင်အပြင်တေါကို သူ့ထံမှာ တွေ့မြင်ရန် ခက်ခဲလှသည်။၁၉၃၆ က ရွှေတောင်ပိုးလုံချည်နှင့် ပြည်တွင်းဖြစ် ဖျငိကြမ်းကို ၀တ်ဆင်ပြီး စင်မြင့်ပေါ်ု၌ စကားပြောသော သူ့ကို ဂျူဗလီဟောတွင် ထိုခေတ်လူငယ်အများက တွေ့မြင်ဖူးကြရသည်။သူ့မှာ လူလတ်တန်းစား ပညာတတ် စရိုက်ဟန်တွေ မတွေ့ရ။သူ့ကိုယ်သူ အတင်းယဉ်ကျေးအောင် သူက ဟန်ဆောင်မလုပ်။ဒါကဖြင့် နာမည်ကျော် ပညာတတ်လူငယ် အိုးဝေမဂဇင်းအယ်ဒီတာပါဘဲလေ။သာမန်လူထဲကလူ.......လမ်းပေါ်မှာ နေရာတကာ တွေ့မြင်နိုင်တဲ့ ပုံသွင်ပါဘဲလေ။ဒါပေမယ့် အဲဒီ ရာဇ၀င်ခေတ်ကြီးရဲ့ သွေးခုန်သံများအားလုံးကို သူဝတ်ဆင်၊သူ့ခေတ်မျိုးဆက်များရဲ့ ပေါင်းရုံးထားတဲ့ စိတ်ဓာတ်စွမ်းအင်များနဲ့ မျက်နှာက ပိုင်းဖြတ်မှုအပြည့်။
၁၉၃၆ခုနှစ် ကိုယ်တိုင်ပင်လျှင် အဲဒီ ၂၁နှစ်အရွယ်လုလင်ရဲ့ သမိုင်းဆန်တဲ့ သွေးခုန်သံတွေဆီက လှပခမ်းနားမှုတွေ ပြန်ရခဲ့ပေါ့။Hell Hound at large(ငရဲခွေးကြီး လွတ်နေပြီ)။နှစ်ဦးကာလ အိုးဝေမဂဇင်းရဲ့ ငရဲခွေးဆောင်းပါက ကိုလိုနီ စိုးမိုးသူ အင်္ဂလိပ်အာဏာပိုင်တွေဆီ လေညင်းကလေးခတ်ပုံက သူတို့ တုန်လှုပ်စရာ။မဂဇင်းစာတည်း မည်သူလဲ။ကိုအောင်ဆန်းပေါ့။ဒီဆောင်းပါး ဘယ်သူရေးသလဲ။မင်း....ပြောပါ။သူ့အဖို့ အကျပ်အတည်းများကို ကျောခိုင်းနောက်လှည့်၍ ရှောင်လွှဲသွားရန် နဂိုကတည်းကပင် သူမကြိုးစားခဲ့။အဲဒီ အညာသား မြန်မာလူငယ်က ငယ်ငယ်ကတည်းကပင် ဒါမျိုးမကြိုးစားခဲ့။နောင်သောအခါ အကြိမ်ကြိမ် ပြန်လည်တသဖို့ ဖြစ်လာခဲ့ရတာပါဘဲ။အားလုံးအကြိုက် ရိုးရိုးစင်းစင်းပါဘဲလေ။၁၉၃၆ခုနှစ်က သူ့အဖြေ။
“မပြောနိုင်ဘူး”
ကိုလိုနီခေတ်ရဲ့ တက္ကသိုလ်မျက်နှာဖြူအာဏာပိုင်တွေက ကိုအောင်ဆန်းကို တက္ကသိုလ်မှ ထုတ်ပယ်ကြောင်ကြေညာ.....။၁၉၂၀ ပထမကျောင်းသားသပိတ်မှ ၁၆နှစ်အကြာ ကိုလိုနီဆန့်ကျင်ရေး ဒုတိယကျောင်းသားသပိတ်ကြီး မွေးဖွားလာပုံအစရဲ့ မဟာသွေးစည်းသံသည် သူ၏ရင်ဘတ်တွင် ပထမ စပေါက်ကွဲခဲ့တာပါဘဲ။
ပဲခူးဆောင် အလယ်ထပ် သူ့အခန်းမှနေ၍ သူသည်အောက်ထပ်သို့ အတွေးဖြင့် ဆင်းလာတတ်၏။၁၉၃၇-၃၈ခုနှစ်က သူ၏ကျောင်းနေဘက်များသည် သူ၏ သပ်ရပ်မှုမရှိ၊သို့သော် စာအုပ်များ ပြည့်နှက် ရှုပ်ပွနေသော သူ့အခန်းကို ပဲခူးဆောင်တွင် တွေ့ဖူးကြသည်မှာ ပြန်တွေးရင် ရာဇ၀င်ကျော် သူရဲကောင်းလုလင်ရဲ့ ဘလွမ်းမောဖွယ်ရာ ကားချပ်တခုပါ။ကံ့ကော်တွေက ဝေလို့။ဆွတ်ပျံ့စိမ်းပြာ အင်းယားရွှေကန်တော်။မြူမှုန်တွေက ပြာရီရီ။သက်ငြိမ်ရှုခင်း အလှအပ။၁၉၃၈ခုနှစ် နှစ်လယ်မှာတော့ အိပ်ရာလိပ်ထမ်းပြီး မြန်မာ့သမိုင်း မုန်တိုင်းထဲဆီ ဇာတ်ဝင်ခန်းတခုကို ရေကျော်ရှိ ဒို့ဗမာ အစည်းအရုံးသို့ သူထွက်ခွာလာခဲ့လေသည်။မိုးစက်တွေက ကျလို့။မဖီးရသေးသော ဆံပင်။အင်္ကျီလျော့ရဲ ကြေမွကိုလည်း မပြင်ဆင်ရသေး။မြန်မာပြည်ရဲ့ ကိုလိုနီ မြေအရိုင်းကို ရင်ဘတ်နဲ့ ထွန်ယက်ဖို့ ဆင်းလာတဲ့အတိုင်းပါဘဲလေ။
အဲဒီခေတ် ဗြိတိသျှ ကိုလိုနီ ဥပဒေပြု လွှတ်တော်ထဲမှာတော့ ရာထူးရာခံနှင့် မြန်မာပြည် ကျွန်ခေတ်မှာ လူရာဝင်ရေး ကိုယ်ကျိုးရှာ ကုလားထိုင်လုပွဲမှာ စီးကရက်မီးခိုးငွေ့များ ယမကာနံ့များဖြင့် ယစ်ဝေကောင်းဆဲပင် ရှိနေသည်။
နောင်.....ဥဒါန်း ဘယ်မကြေစရာ၊
ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ၊
ကဘာတခွင်မှာဖြင့်................
ဗမာအထင်အရှား၊ တို့ခေတ်တွင်မှ......ညံ့ကြတော့မှာလား.............
ကိုအောင်ဆန်းက မြစ်ကို ဖြတ်ကူးသွားသူမဟုတ်။မြစ်ကို အလျားလိုက် စုန်သွားသူ။သူ့တမ်းချင်းတွေကို အဲဒီ ရာဇ၀င် မြစ်ရိုးကြီးအတိုင်း သီဆိုသွားသည်။မြန်မာပြည်သူတွေက နေ့နေ့ညည ကြားနေကြရပြီး စိတ်ထိခိုက်ကာ တမ်းချင်းရှင်ကို ရှာဖွေကြသည်။သို့သော် ရှာစရာ မလိုပါ။တမ်းချင်းရှင်က သူတို့ ရင်အုပ်တွေထဲဆိအထိ သူ့တမ်းချင်းတွေကို ဒက်ဒက်ထိလာဆိုလေသည်။
အခက်အခဲများရှေ့တွင် ကျောခိုင်းပြီး နောက်ပြန်လှည့်မည့် လူစားမျိုးလည်း မဟုတ်ပေ။
I hope for the best but I am prepared for the worst.
အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်တယ်။ဒါပေမယ့် အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း အသင့်ပဲ။(နယူးဒေလီ လေဆိပ်၊၁၉၄၇ခုနှစ်)
၁၉၄၇ခုနှစ်။သူကွယ်လွန်ခါနီးနေရပေပြီ။ရလသာ ကျန်တော့သည်။ထိုနှစ် ဇန်န၀ါရီလသည် ခိုက်ခိုက်တုန် ချမ်းစိမ့်နေပေသည်။သူသည် ကမ္ဘာ့အနောက်ခြမ်း (အင်္ဂလန်)သို့ ခရီးစတင် ထွက်လာခဲ့သည်။အသက် ၃၂နှစ်သာရှိသေးသော ဦးအောင်ဆန်းသည် တိုင်းပြည်ကို တနှစ်အတွင်း လုံးဝလွတ်လပ်ရေး ရစေမယ်ဟု ကတိပေးထားသည်။အသက် ၃၂နှစ်အရွယ် လူငယ်တဦး၏ကတိကို (ထိုခေတ်) သူ၏တိုင်းပြည်ကလည်း မြတ်နိုးမှုတွေအပြည့်နှင့် ယုံကြည်စွဲလမ်းနေကြသည်။အသက်နှင့် မတိုင်းတာ။သူ၏ဖြတ်သန်းမှု သူ၏စိတ်ဓာတ် ရိုးသားမှု သူ၏စွန့်လွှတ်မှု သူ၏သတ္တိ သူ၏သမာဓိ သူ၏ပြည်သူကို ချစ်မြတ်နိုးမှု သူ၏ ကိုလိုနီ ဆန့်ကျင်မှု သူ၏ပြင်းပြစွဲမြဲသော လွတ်လပ်ရေး အသက်ဓာတ်။အမေအိုများက သူတို့သားငယ်လေးဟု ထင်သည်။သူ့ခေတ်ပြိုင် မျိုးဆက်များက သူတို့ရဲ့ သေတူရှင်မကွာ သွေးသောက်ရဲဘော်ဟု တဟုန်းဟုန်းကြွနေသော နိုင်ငံချစ်စိတ်နှင့် ယှဉ်သည့် ကြည်နူးပီတိများ တလှိုက်လှိုက်ဖြစ်ကြရသည်။လူထုက သူတို့ခေါင်းဆောင်ဟု ရာဇ၀င်က မွေးဖွားပေးတာဟု နားလည်နေကြပြီ။လူထုကြီးက သူတို့ရင်ထဲမှာ ကမ္ပည်းထိုးပြီး ခံစားပြီး ဖြစ်သွားကြရပြီ။ခိုင်မာသွားပြီ။“လွတ်လပ်ရေး ဗိသုကာ”ဆိုသော စကားလုံးသည် သမိုင်းခေတ်တွင် နောက်မှ ပေါ်လာသည်။သူ့ကို အကဲဖြတ်လို့ ရသွားပြီ။“နိုင်ငံရေး သုခမိန်”ဆိုသော တန်ဖိုးကို သူကျဆုံးကွယ်လွန်ပြီး ၁၉၅၀ခုနှစ်များတွင်မှ ပညာရှင်များက ကမ္ပည်းတင်ကြသည်။ကနဦးအစတွင် ပြည်သူတို့ကသာ သူတို့ရင်ထဲမှာ အလျင်စောစွာ တလှိုက်လှိုက် စတင်တွေ့ရှိ ခံစား ကမ္ပည်းတင်ခဲ့ရခြင်း။
၁၉၄၇ခုနှစ်မှ ပြန်ငဲ့စောင်း ကြည့်မိသောအခါ သူသည် သူ၂၁နှစ်အရွယ် ၁၉၃၆ခုနှစ်က အဖြစ်များကို ပကတိ ပြန်တေါ့ လွမ်းဆွတ်ရသည်။အိုးဝေမဂဇင်း အယ်ဒီတာ။၁၉၃၈ခုနှစ်က တက္ကသိုလ်ကျောင်းတိုက် ပဲခူးဆောင်မှ သူအိပ်ရာလိပ်နဲ့ထွက်လာပြီး ဒို့ဗမာအစည်းအရုံးသို့ ရှေးရှုထွက်ခွါခဲ့ပုံကို ပြန်ခံစားရသည်။သူ....ကိုလိုနီခေတ်ကြီးထဲမှာ ထန်ပြင်းရိုင်းစိုင်း မာကျောနေသလား။ပင်လယ်ဝါမှာ ခုတ်မောင်းသွားတဲ့ ဟိုင်လီသင်္ဘောကြီးပေါ်မှာ ရုပ်ဖျက်ပုန်းအောင်းပြီး ချစ်လှတဲ့ တိုင်းပြည်နဲ့ ဝေးရာဆီ လျှို့ဝှက်ထွက်ခွါသွားခဲ့ရတာတွေကကော။ထိုသို့ ထွက်ခွါခဲ့ရပုံကို“အရှေ့သို့ ကျွနုပ် ထွက်ခွါလာခဲ့ရသည်မှာ အမှောင်တိုက် အတွင်းသို့ သက်ဆင်းလာခဲ့ရသည်နှင့် တူ၏”ဟု နောင်အခါ ပြန်ရေးခဲ့၏။လူက မှုန်ဆနထန်ပြင်းနေမိရပေမယ့် တိုင်းပြည်ပေါ် ချစ်စိတ်ကိုတော့ ရင်ထဲမှာ နူးနူးညံ့ညံ့ ယုယစွာ ထိန်းလို့။သူ့သစ်စာကို အသက်နဲ့လဲပြီး စောင့်ခဲ့တယ်။သူ့မေတ္တာတရားရဲ့ ချိုမြတဲ့ သင်္ကေတကို ဖော်ပြဖို့တော့ ထွေထွေရာရာ သူ့ဘ၀ တခုလုံးကိုဘဲ အဆုံးတိုင် ပုံပေးထားခဲ့ရလေရဲ့။
အလှည့် အပြောင်းတွေက များလှရဲ့။ထိုအတွင်း သူ့သူငယ်ချင်း ကိုအောင်ကျော်(ဗိုလ်အောင်ကျော်)လည်းဆုံးခဲ့ပြီ။အဲဒီတုန်းက ၁၉၃၈ခုနှစ် အမှောင်တိုက်ထဲမှာ။ကိုအောင်ကျော်လည်း ငယ်ရွယ်လွန်းလှပါသေးသည်။၂၃နှစ်။သူ့ချစ်မိတ်ဆွေ ကိုဗဟိန်း(သခင်ဗဟိန်း)လည်း ၁၉၄၆ခုနှစ်က မန္တလေးတွင် ကွယ်လွ့န်ခဲ့ပြီ။သူသည် လဲလျောင်းငြိမ်သက်နေသော သခင်ဗဟိန်း၏ ရုပ်ကလာပ်ဘေးတွင် စိမ်းစိမ်းမြေ့မြေ့ အောက်မေ့စွာ မိနစ်များစွာ ရပ်တန့်ငေးငိုင် သက်ငြိမ်ရုပ်တုသဖွယ် နေခဲ့မိသည်။သူတို့မျိုးဆက်တွေက ကြွေပွင့်တွေလား။သူ့စိတ်ထဲမှာတော့ သူ့ရဲဘော်များသည် ကြွေလွင့်ကာမှပင် ပိုလို့ မွှေးမြလာပြန်ရဲ့။အချိန်တွေက ကြာသလား။တိုတောင်းသလား။ထိုအတွင်း ဂျပန်ဖက်ဆစ်တော်လှန်ရေးကြီးကိုပင် ခေါင်းဆောင်အဖြစ်နှင့် ဖြတ်သန်းခဲ့ရပြီးပြီ။တမြေ့မြေ့ အောက်မေ့ဖွယ်တွေက များလှပါဘိသည်။သူစာရေးချင်သည်။လွတ်လပ်ရေး ရပြီးလျင် စာရေးဆရာအဖြစ်နှင့်ပင် သူနေတော့မည်ဟု မိတ်ဆေါများကို အကြိမ်များစွာ ပြောမိလေသည်။
အချိန်တွေက သိပ်မရှိတော့ဟု သူထင်နေသည်။အဆက်မပြတ် သူလှုပ်ရှားခဲ့သည်။သမိုင်းမြစ်နဒီကို အလျားလိုက်စုန်ဆန်တုန်း။
ရပ်ကြည့်နေသူတွေ မဲ့သူတွေ ၁၉၃၆ခုနှစ်ကလို မလောက်လေး မလောက်စား သူငယ်လေးလို့ မြင်နေကြဆဲ ၀ါရင့် အလိုတော်ရိကြီးတွေကတော့ အထင်သေး အမြင်သေး စိတ်ဓာတ်အညံ့စားတွေနဲ့ ဆန္ဓစွဲ ရှုမြင်ကြတုန်း။
အခွင့်သာတာနဲ့ သမိုင်းဘီးကို နောက်ပြန်လှည့်ရန်။
သို့သော် ၁၉၃၆ခုနှစ်၊၁၉၃၇ခုနှစ် မဟုတ်တော့။ေ၉၄၇ခုနှစ်ရောက်နေပြီ။၁၀နှစ်အတွင်း လူထုက လုလင်ကို သူတို့ရဲ့ သူရဲကောင်းအဖြစ် ရာဇ၀င်မြောက် မွေးဖွားသန့်စင်မှုကို ဘယ်တော့မှ မမေ့နိုင်ဘဲ ပွေ့ပိုက်ခဲ့ကြရပြီ။
အို....သူတို့ မယုံနိုင်ကြသေးဘူးလား။
ကိုအောင်ဆန်း သခင်အောင်ဆန်း ဗိုလ်ချုပ်အောင်ဆန်း(သို့မဟုတ်)ကိုလိုနီခေတ်ထဲက မြန်မာ့နိုင်ငံရေး ဂန္ထ၀င်ရဲ့ ပုံရိပ်သစ်။
၁၉၄၇ခုနှစ် ဇန်န၀ါရီလ။
နယူးဒေလီမြို့ ၀ယ်လင်တန်လေဆိပ်တွင် ဦးအောင်ဆန်းသည် လောင်းကွတ်ရှည်ကြီးကို ၀တ်ထားရသည်။ဆောင်းလေတွေက အရိုးကွဲအောင် တစိမ့်စိမ့် တိုက်ခတ်နေသည်။နှင်းတွေ တဖွေးဖွေးကျနေသည်။သူသည် အင်္ဂလန်သို့ မြန်မာ့လွတ်လပ်ရေးအတွက် ခရီးထွက်ခဲ့ခြင်း။လုံးဝလွတ်လပ်ရေး.....။တိုင်းပြည်ကိုလည်း သူကတိပေးခဲ့ပြီ။
အာရှတိုက်ဘကီးကို ၀က်ဝံလက်သည်း ဆောင်းရာသီက စူးစူးနစ်နစ် ကုတ်ခြစ်နေသည်။မြောက်ပြန်လေသည် ကတုန်ကယင်။
ကင်မရာ မီးတွေက တဖျတ်ဖျတ်ပွင့်နေသည်။လေဆိပ်တွင် သတင်းစာဆရာများ သတင်းထောက်များက မေးခွန်းတွေ အများအပြားမေးကြသည်။ဦးအောင်ဆန်းကမူ ၁၉၄၇ခုနှစ်အတွက် စိတ်ထဲမှာ တွေဝေစဉ်းစားရန်မရှိ။ရှင်းလင်းပြီးသားဖြစ်သည်။တရားထူထောင်ပြီးသားဖြစ်သည်။သူသည် အနှစ်တရာကျော် ကျွန်ပြုအုပ်စိုးမှုကို အဆုံးသတ်ရန် ရာဇ၀င် အလှည့်အပြောင်းများကို ထိုင်စောင့်နေသူမဟုတ်ဘဲ ကိုယ်တိုင်ရှာဖွေခဲ့သူ ပြုစုခဲ့သူ ဖန်တီးခဲ့သူ တိုက်ပွဲဝင်တော်လှန်ရေးသမား။
အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်တယ်။ဒါပေမယ့် အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း အသင့်ဘဲ။
အကျပ်အတည်းများဆီ သူသွားခဲ့တာလား။အကျပ်အတည်းတွေက သူ့ဆီလာတာလား။
သူက သမိုင်းဖြစ်ပေါ်လှုပ်ရှားမှုဆီ မယိမ်းမယိုင်လာသည်။သမိုင်းခေတ်က သူ့ကို စူးစူးမက်မက် ပြန်ရှာဖွေလေသည်။
သုသည် သမိုင်းခေတ်ကို သယ်ဆောင်သွားသူ ဖြစ်နေပြန်လေသည်။
သူ့အာရုံထဲမှာ တခုတည်းသာရှိသည်။သူ လုလင်ကျောင်းသား ဘ၀ကတည်းက ပဲ့တင်ထပ်အောင် အကြိမ်ကြိမ် အော်ကြီးဟစ်ကြီး ပြောခဲ့ရသောစကား။လွတ်လပ်ရေး။လုံးဝ လွတ်လပ်ရေး။ချစ်လှတဲ့ မြန်မာပြည် လွတ်လပ်ရေး။
သူ့ခေတ်မျိုးဆက်များရဲ့ ဘ၀တွေအားလုံး ပေါင်းရုံးထွေးယှက်ပြီး သူ့ရင်အုပ်ထဲမှာ သိမ်းလိုက်တယ်။လုံးဝလွတ်လပ်ရေး။ဒါကဖြင့် မိုးသောက်ရင် သင် ပိုပြီး လှလာလိမ့်မယ်လို့ သူ့တိုင်းပြည်ကို သူ လွမ်းဆွတိဖွယ် ယုံကြည်မျှော်လင့်ခဲ့ခြင်းပင်ဖြစ်ပေသည်။
မင်းကိုခါး(ကွမ်းခြံကုန်း)
(ဒီဆောင်းပါးထဲမှာ ပါတဲ့ အချက်အလက်တွေကတော့ အားလုံးသိပြီးသားပါ။ဒါပေမယ့် တင်ပြပုံကောင်းတာကြောင့် ခံစားချက် တစုံတရာ ဖြစ်ပေါ်လာမယ်ထင်ပါတယ်။အပြည့်အစုံ ဖတ်ချင်ရင်ဖြင်္င့ ၂၀၀၇ ဇူလိုင်လထုတ် စပယ်ဖြူထဲမှာ ဖတ်နိုင်ပါတယ်။ကျွန်တော်ကတော့ ဒီဆောင်းပါးဖတ်ပြီး မေးခွန်းတခုပေါ်လာပါတယ်။တနှစ်အတွင်း လုံးဝလွတ်လပ်ရေး ရစေရမယ်လို့ ကိုအောင်ဆန်းက ၁၉၄၇ခုနှစ်မှာ တိုင်းပြည်ကို ကတိပေးခဲ့ပါတယ်။ အခုအချိန်မှာလဲ တိုင်းပြည်ကို ကတိပေးနိုင်တဲ့သူ လိုအပ်နေပါတယ်။ဘယ်သူက ကတိပေးနိုင်မှာလဲ။အဖြေရှိပါတယ်။ကျွန်တော်တို့ အားလုံးပါဘဲ။အထူးသဖြင့် ကျွန်တော်တို့ လူငယ်တွေက တိုင်းပြည်ကို ကတိပေးနိုင်ပါတယ်။တိုင်းပြည်ရဲ့ အနာဂတ် ဘယ်လိုဖြစ်နိုင်မလဲဆိုတာ ကျွန်တော်တို့ လူငယ်တွေအပေါ် မူတည်နေပါတယ်။ကျွန်တော်တို့ လူငယ်တွေက တိုင်းပြည်ကို ဘယ်လို ကတိတွေများ ပေးကြမှာလဲ။)
Wednesday, January 13, 2010
လွတ်လပ်ရေး ရွှေသားမီးတိုင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment