Tuesday, July 12, 2011

ကမ္ဘာ့လူဦးရေနေ့နှင့် သန်း ၇ ထောင် ပြဿနာ

မောက္ခ နိုင်ငံတကာသတင်း

E-mail Print PDF

၁၉၈၇ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့တွင် ကမ္ဘာ့လူဦးရေ သန်း ငါးထောင် ပြည့်ခဲ့ပြီးနောက်၊ ကုလသမဂ္ဂက ထိုနေ့ကို ‘Five Billion Day’ ဟု ကြေငြာခဲ့သည်။ နောက်နှစ်နှစ်အကြာမှာ
၎င်း ဇူလိုင် ၁၁ ရက်နေ့ကို ‘ကမ္ဘာ့ လူဦးရေနေ့’ အဖြစ် နှစ်စဉ် သတ်မှတ်သွားမည့်အကြောင်း ထပ်မံကြေငြာခဲ့သည်။
ကမ္ဘာ့လူဦးရေနေ့ ကို အသိအမှတ်ပြုရခြင်းမှာ မိသားစု စီမံကိန်း၊ ကျားမ တန်းတူညီမျှရေး၊ ဆင်းရဲမွဲတေမှု၊ မိခင်နှင့်ကလေး ကျန်းမာရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်မှု စတဲ့ အရေးကြီးတဲ့ ပြဿနာများအပေါ် လူအများသတိပြု ဖြေရှင်းကြဖို့ နှိုးဆော်ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ကုလသမဂ္ဂ ခန့်မှန်းချက်အရ ယခု ၂၀၁၁ အောက်တိုဘာ ၃၀ ရက်နေ့တွင် ကမ္ဘာ့လူဦးရေ သန်း ၇ ထောင် (၇ ဘီလီယံ) ပြည့်မည်ဖြစ်သည်။ နှစ် ၂၀ အတွင်း ၄၀ ရာခိုင်နှုန်း တိုးပွားလာပြီး၊ ၁၉၆၈ ခုနှစ် ကထက် လူဦးရေ နှစ်ဆ ကမ္ဘာဂြိုဟ်ပေါ်တွင် နေထိုင်လာခြင်း ဖြစ်သည်။
၁၈၀၄ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ၁ ဘီလီယံ သာ ရှိခဲ့သည်။ နောက် ၁၂၃ နှစ် ကြာသောအခါ ၂ ဘီလီယံ အထိ တက်ခဲ့သည်။
လူဦးရေ ကျွမ်းကျင်ပညာရှင်များ အဆိုအရ ကမ္ဘာအနှံ့ မွေးဖွားနှုန်း ကျဆင်းနေသော်လည်း၊ ယခု ၂၁ ရာစု အလယ်အထိ ကမ္ဘာ့လူဦးရေ ဆက်တိုးပွားနေဦးမည်ဟု ခန့်မှန်းထားသည်။ အဆက်မပြတ် တိုးပွားနေမှာက ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်သည်။ လူ ၁၀၀ မွေးတိုင်း ၉၇ ယောက် မှာ စားဝတ်နေမှု၊ မညီမျှမှု ပြဿနာပေါင်းစုံ အမြဲတက်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်သည်။  ၂၁၀၀ ခုနှစ် ယခု ရာစုနှစ်အဆုံးတွင် ကမ္ဘာ့လူဦးရေ ၁၀ ဘီလီယံ (သန်း ၁ သောင်း) ထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။



ဆင်းရဲမွဲတေမှု ကိန်းဂဏန်းများ
-ယနေ့ ကမ္ဘာ့ လူဦးရေ ၇ ဘီလီယံ ပြည့်ကာနီးချိန်တွင် အငတ်ဘေးကြုံနေရသူ ၁ ဘီလီယံ (သန်း တစ်ထောင်) ရှိသည်။
-ကမ္ဘာဂြိုဟ်ပေါ်တွင် နေ့စဉ် လူ ၁ ဘီလီယံ ဆာလောင်မွတ်သိပ်နေပြီး၊ ဗိုက်ဟောင်းလောင်းဖြင့် ညများကို ဖြတ်သန်းနေရသည်။
-လူ ၂ ဘီလီယံက တစ်နေ့ ၂ ဒေါ်လာ အောက် ၀င်ငွေဖြင့် နေထိုင်ရသည်။
-၁ ဘီလီယံက သောက်သုံးရေသန့် မရရှိသေး။
-နေ့စဉ် မိခင် ၁၀၀၀ မှာ ကိုယ်ဝန်ဆောင်ရင်း၊ ကလေးမီးဖွားရင်းဖြင့် သေဆုံးနေသည်။
-ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီး ၂၁၅ သန်းတွင် ထိရောက်သည့် မိသားစုစီမံကိန်း မရှိသေး။
-အသက် ၂၅ နှစ်အောက် မှာ တစ်ကမ္ဘာလုံးတွင် ၃ ဘီလီယံ ရှိပြီး၊ ကမ္ဘာ့လူဦးရေရဲ့ ၄၃ ရာခိုင်နှုန်း ဖြစ်သည်။ ၄င်းတို့အနက် ၆၀ ရာခိုင်နှုန်းက ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြသည်။

၇ ဘီလီယံအတွက် ဖြေရှင်းရေး
ယနေ့ ၂၀၁၁ ခုနှစ် ကမ္ဘာ့လူဦးရေနေ့တွင် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က လူ ၇ ဘီလီယံ ကိစ္စ ဖြေရှင်းရေးအတွက် ကြေငြာချက် မက်ဆေ့ခ်ျ ထုတ်ခဲ့သည်။ ၄င်းထဲတွင်
-လူဦးရေနှုန်း လျှော့ချရေး ၀ိုင်းဝန်းဆောင်ရွက်ကြဖို့၊
-ဆင်းရဲမွဲတေမှုနှင့် မညီမျှမှု အဆိုးသံသရာကနေ ဖောက်ထွက်ဖို့၊
-ဂလိုဘယ် နိုင်ငံရေးနှင့် ယဉ်ကျေးမှု ပြောင်းလဲရေးမှာ လူငယ်တွေ အဓိက ပါဝင်လာအောင် ဆောင်ရွက်ဖို့၊
-မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို ကာကွယ်ဖို့၊ ကလေးမွေးဖွားရာမှာ လုံခြုံမှုရှိစေဖို့၊ မွေးဖွားလာသည့် ကလေးတိုင်းကို ၀ိုင်းဝန်းစောင့်ရှောက်ဖို့နှင့် အခွင့်အရေးရစေဖို့၊
-နောက်ထပ် မွေးဖွားလာမည့် ၂ ဘီလီယံမှာ မြို့ကြီးများမှ ဖြစ်တဲ့အတွက်၊ မြို့ပြစီမံကိန်းများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့။
-သက်ကြီးရွယ်အိုများအတွက် စီမံကိန်းများ ချမှတ်ဖို့ စတဲ့အချက်များ ပါဝင်သည်။

၂၀၅၀ နှင့် ၂၁၀၀ ခုနှစ်အတွက် ခန့်မှန်းချက်
နိုင်ငံအချို့အတွက် လက်ရှိ လူဦးရေ၊ ၂၀၅၀ နှင့် ၂၁၀၀ ခုနှစ် လူဦးရေ ခန့်မှန်းချက်တို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
-လက်ရှိ အမေရိကန် လူဦးရေ သန်း ၃၁၀ က ၂၀၅၀ ခုနှစ်တွင် သန်း ၄၀၀ ဖြစ်ပြီး၊ ၂၁၀၀ ခုနှစ်တွင် သန်း ၄၇၈ အထိ မြင့်တက်လာမည်။
-လက်ရှိ ရုရှား လူဦးရေက သန်း ၁၄၂ ရှိပြီး၊ ၂၁၀၀ တွင်  သန်း ၁၁၁ အထိ ကျဆင်းသွားမည်။
-ယခု အာဖဂန်နစ္စတန် သန်း ၃၀ ကျော်က ၂၁၀၀ တွင် သန်း ၁၁၁ (ယခု ရုရှားလူဦးရေ) အထိ တက်လာမည်။
-နိုက်ဂျီးရီးယား လူဦးရေ သန်း ၁၅၀ က ၂၁၀၀ တွင် သန်း ၇၆၀ အထိ တက်လာမည်။
-လက်ရှိ ဆဘ် ဆာဟာရ အာဖရိကရဲ့ လူဦးရေ သန်း ၈၅၆ (ဥရောပထက် အနည်းငယ်များပြီး၊ အာရှရဲ့ ငါးပုံတစ်ပုံ) က ၂၁၀၀ ခုနှစ်တွင် ဥရောပထက် သုံးဆများလာပြီး၊ အာရှ သုံးပုံတစ်ပုံစာ ရှိမည်။ (လက်ရှိ အာရှ လူဦးရေ သန်း ၄ ထောင်)။ အာဖရိကတိုက်တွင် လူဦးရေ အမြန်ဆုံး တိုးပွားနေသည်။
-တရုတ် လူဦးရေမှာ လက်ရှိ လူဦးရေ ၁၃၄၀ သန်းကနေ ၂၀၁၀ နှင့် ၂၁၀၀ ခုနှစ်ကြားတွင် သန်း ၄၀၀ ကျော် လျော့ကျသွားဖွယ် ရှိသည်။
မောက္ခ နိုင်ငံတကာသတင်း
Source: Economist & UNFPA

0 comments:

Post a Comment