*ဟိုတစ်နေ့က နာဂစ်ဆီသို့*
၂၀၀၈ ဟိုတစ်နေ့က
ကျွန်တော်တို့ ဒေသတလွှား
ထူးထူးခြားခြား
ဘာဖြစ်ခဲ့သေးလဲလို့
မေးမေး မမေးမေး
ဖြေချင်ပြောချင်သူပါ။
လူ၊တိရစ္ဆာန်၊အဆောက်အဦ၊သစ်ပင်တွေကို
ရောသမ မွှေသွားတာ
နာဂစ် ဆိုက်ကလုံးမုန်တိုင်းပေပဲ။
တစ်နာရီလျှင် မိုင်၁၃၀နှုန်းတဲ့။
ဒါကြောင့်ပါပဲ
အိမ်တွေကို
သူ့လက်ဖနောင့်ကြီးတွေနဲ့
ဆောင့်ဆောင့်ပြီးတွန်းတော့
တောင့်တဲ့အိမ်ကတော့
အောင့်ခံတယ်
မတောင့်တဲ့ ကျွန်တော်တို့အိမ်စု
တစစီလွင့်
အစ ဘယ်ရှာရ မပ။
ဟ…ဟိုမှာကြည့်ပါဦး
အိမ်ရှေ့အိမ်ပြိုပြီ
အနားကအိမ်တွေ ဘယ်မတုန်း
တို့အိမ်ကော ဘာထူးတုန်း
ပြေးကြရအောင်
ဘယ်ပြေးမလဲ
အားကိုးစရာက ဘုန်းကြီးကျောင်း
ကောင်းပြီ။
ဘုန်းကြီးကျောင်းဆီကို…။
အလို…မုဒ်ဦးဘယ်နားမှာပါလိမ့်။
ပိတ်နေတဲ့ အပင်ကြီးတွေ
ကာနေတဲ့ အကိုင်းကြီးတွေ
”အမေရေ…ဒီဘက်ကလာ”
”ဝေ…ငါ့သားဘယ်မှာလဲ”
”ဗျာ..သားဒီမှာပါ”
ခေါ်သံထူးသံတွေက တညံညံ
သန်းခေါင် ကျော်လောက်တော့ရှိမယ်
တွယ်ကပ်စရာ ကျောင်းဝန်းထဲအရောက်
”ဝေါ
… ဝေါ”
ဟော … ဘာသံပါလိမ့်
”ရေတွေ တက်လာပြီ”တဲ့
ခုမှသိတယ်၊ ဟုတ်ပေသားပဲ
ဒူးလောက်ထိရေတွေ
အမြန်ပင်ကျောင်းမပေါ်အရောက်သွား
ကံသီပေလို့
ကံမသီတဲ့ လူအများ
ကံစီမံရာဘဲ…။
သက်ကြီးအို၊ မိန်းမသားနှင့်ကလေး
အင်မတန် သနားစရာပေပ။
ကူးရင်း၊ခတ်ရင်း၊ တွယ်ရင်း၊ ကပ်ရင်း
သေလေကြသည် အတုံးအရုံးပဲ။
ဒါတင်မကသေးပါ…။
ဗလအင်အား၊ ကြီးမားတဲ့ယောက်ျား
ဖြစ်ပါစေဦးတော့
”လွတ်မြောက်အောင်ပြေးကွ
မလွတ်ရင်သေပြီမှတ်”ဟု ကြိမ်းမောင်း
သူ့ရဲ့မဟာမိတ် ဒီလှိုင်းလုံးကြီးတွေနဲ့
ခြင်္သေ့တစ်ကောင်လို ခုန်အုပ်ပြီး
မိကျောင်း တစ်ကောင်လို မျိုပြစ်သည်မှာ
မနုဿလူသားတွေခမျာ
ရေဇလာ အန္တရာယ်ကြောမှာ
ပက်လက်တင်မက၊ မှောက်ခုံကတစ်ဖုံ
အစုံအညီ မျောကြရပြီ။
သေကြရပြီ။
ဒုက္ခရောက်ကြရပြီ။
သြော် . . . သဘာဝအန္တရာယ်
လွန်ဆန်လို့မရလေတော့
သူ့လက်ခုပ်ထဲကရေပေါ့။
မတွေးချင်တော့ပါ
တွေးကြည့်ရင် …
ဟိုတစ်နေ့က အလား ထင်မှားမိတယ်။
ဆွေ(ကွမ်းခြံကုန်း)
၂၀၀၈ခုနှစ်၊
မေလ၂ရက်နှင့် ၃ရက်နေ့တွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ မြစ်ဝကျွန်းပေါ်ဒေသများသို့
ဝင်ရောက်တိုက်ခက်ခဲ့သော နာဂစ် ဆိုက်ကလုံးမုန်တိုင်းသို့ ပြန်လည်လွမ်းဆွတ်ခြင်း။
0 comments:
Post a Comment