တင်တင်
ခွင့်လွှတ်ခြင်းဆိုတာ သူတစ်ပါးရဲ့ အပြစ်ကို
ဖြေလွှတ်ပေးလိုတဲ့ သဘော ကိုယ့်မှာရှိနေပါမှ သို့မဟုတ် တစ်ဖက်သားအပေါ် အေးချမ်းတဲ့ အမြင်နဲ့
ရှုမြင်သုံးသပ်တတ်မှုကိုယ့်မှာ ရှိနေပါမှ အဆင်ပြေချောမွေ့မှာပါ။
သို့သော် ခွင့်လွှတ်နိုင်ဖို့အတွက်တော့
အရာရာ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ သူကျူးလွန်တဲ့ အပြစ်ဟာ ဘယ်လိုအပြစ်မျိုးလဲ၊ ဘာအကြောင်းကြောင့် ခွင့်လွှတ်သင့်သလဲ၊ ခွင့်လွှတ်ပေးပြီးတဲ့နောက် ဘာအကြောင်းဆက်
အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်သလဲလို့ သဘောထားကြီးမြင့်မှုကို ပြသနိုင်ရမှာ ဖြစ်ပေမယ့်
မစူးစမ်းမဆင်ခြင်ဘဲ ခွင့်လွှတ်မှုဟာ အချို့ကိစ္စတွေမှာ အဆိပ်ပင်ရေလောင်းဖြစ်တတ်တယ်။
တိုင်းရေး ပြည်ရေး နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့
ကိစ္စရပ်တွေ၊ ပြည်သူလူထုတစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေအပေါ်မှာ ဥပဒေစည်းမျဉ်းစည်းကမ်း
မလိုက်နာခြင်း၊ သစ္စာဖောက်ဖျက်ခြင်း၊ အာဏာ အလွဲသုံးစား ပြုခြင်း၊ ကိုယ်ကျိုးစီးပွားအတွက်
အလွဲသုံးစားပြုခြင်း၊ အမြတ်ထုတ်ခြင်း ကိစ္စတွေဟာ ခွင့်လွှတ်ဖို့ မထိုက်တန် သလို ဗိုလ်ကျစိုးမိုးရေးဝါဒစွဲကိုင်သူတွေ
အကြမ်းဖက်ဝါဒစွဲကိုသူတွေ လူလူချင်း စာနာထောက်ထားကင်းမဲ့မှု တွေ၊ ဘယ်သူသေသေ ငတေမာ ပြီးရော
စိတ်ဓာတ်နဲ့ လုပ်ဆောင်သူတွေ အပေါ်မှာမှာလည်း ခွင့်လွှတ်ဖို့ မထိုက်တန်ပါဘူး။
ခွင့်မလွှတ်ထိုက်တဲ့ ကိစ္စရပ်တွေကို မှားယွင်းစွာ
ခွင့်လွှတ်ထားခဲ့ရင် ခွင့်လွှတ်လိုက်သူပါ ခွင့်မလွှတ် ထိုက်တဲ့သူဖြစ်သွားပါလိမ့်မယ်။ မှားယွင်းစွာခွင့်လွှတ်ခြင်းဟာ
နောက်ထပ်အပြစ်ကျူးလွန်ဖို့ ဖိတ်ခေါ်ရာရောက် ပါတယ်။ ဖြောင့်မတ်ခြင်းကို တန်ဖိုးထားရကောင်းမှန်းမသိ။
သစ္စာစောင့်ထိန်းခြင်းကို တန်ဖိုးထားရကောင်းမှန်း မသိ။ တိုင်းပြည် လူမျိုးဘာသာ သာသနာကို
ကာကွယ်စောင့်ရှောက်ရကောင်းမှန်းမသိ။ အဲဒီမသိခြင်းတွေ လူ့စိတ်ဓာတ်မှာ ကိန်းအောင်းလာတာနဲ့
အမျှ ကိုယ့်တိုင်းပြည် ကိုယ်လူမျိုးနဲ့ ပက်သက်ပြီး လေးနက်တဲ့ ခံယူ ချက်တွေ ပျောက်ကွယ်ကုန်မယ်။
အနစ်နာခံချင်စိတ် နည်းပါးလာပြီး အရာရာကို တစ်ကိုယ်ကောင်းအမြင်နှင့် သာကြည့်မြင်သုံးသပ်လာမယ်။
သမာသမတ်ကျကျ ကြိုးစားချင်စိတ် နည်းပါးလာပြီး အသိဥာဏ်တွေ တလွဲနေရာကောင်းဖြစ်ကုန်မယ်။
ဘာပဲလုပ်လုပ် “ရေပေါ်ဆီ” သဘောလောက်သာ အပေါ်ယံပဲ ရွှေမှုန့်ကြဲ သွားတတ်မယ်။ အဲဒီလို လူမျိုးတွေများရင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးဟာ
(Slow Poison) မိသလို တရိရိ တတိတိ ပျက်စီးသွားလိမ့်မယ်။ ဒါ့ကြောင့် အပြစ်ကျူးလွန်သူတွေကို
ဥပဒေနှင့် အညီ တိတိကျကျအရေးယူ အပြစ်ပေးတာပဲ အလိုရှိအပ်ပါတယ်။ အပြစ်ကို ခွင့်လွှတ်ခြင်း၊ လျှောပေါ့ခြင်း၊ ပယ်ဖျက်ခြင်း၊ ထိမ်ချန်ခြင်းတို့ကို
အလိုမရှိအပ်ပါဘူး။ နောက်လာနောက်သားတွေ အတုယူမှားမည့်ကိစ္စရပ်တွေကို ဘာတစ်ခုမှ ခွင့်မလွှတ်သင့်
ပါဘူး။ အဲဒီလို ခွင့်မလွှတ်ထိုက်တဲ့ ကိစ္စရပ်တွေကို ချန်လှပ်ထားခဲ့ပြီး အခြားသော “ခွင့်လွှတ်ခြင်း”
နှင့် ဆိုင်တဲ့ စိတ်ကူးအတွေးတွေကို ဆက်လက်ရေးသားကြည့်ချင်ပါတယ်။
လူလို့ ဆိုလိုက်တာနဲ့ ကိုယ့်အကျိုးလိုလားသူ၊
ကျေးဇူးပြုသူ၊ အနစ်နာခံပေးသူ၊ ချစ်ခင်မေတ္တာထားသူ၊ အဆင့်အတန်းရှိရှိပြုမူဆက်ဆံတတ်သူတွေနဲ့
တွေ့ကြုံဆက်ဆံရမှာ ဖြစ်သလို ကိုယ့်အကျိုးဆုတ်ယုတ်အောင် ပြုမူဆက်ဆံတတ်သူ၊ ကိုယ့်အပေါ်အမြတ်ထုတ်သူ၊
တာဝန်မဲ့ပြုမူပြောဆိုတတ်သူ၊ မေတ္တာစေတနာ အလွဲသုံး ပြုသူ၊ ကျေးဇူးချေဖျက်သူ၊ မိုက်ရိုင်းစော်ကားသူ၊
ပညာရှိနည်းနဲ့ ညှဉ်းဆဲတတ်သူတွေနဲ့လည်း တွေ့ကြုံဆက်ဆံ ရမှာပဲ၊ ဒီအခါမှာ သူသူကိုယ်ကိုယ်
လောကီသားပီပီ အားလုံးစုံ ဖြူစင်နိုင်သူတွေ မဟုတ်တော့ ဘဝအမှားတွေ သူတစ်ပြန် ကိုယ်တစ်ပြန်
ပြုမိကြလိမ့်မယ်၊ ကိုယ်အခွင့်သာရင် သာသလို အခြေအနေပေးလျှင်ပေးသလို နိုင်လို မင်းထက်ပြုခြင်းများလည်းရှိလိမ့်မယ်။
ကိုယ်က ခံရတဲ့ အလှည့်ကျလည်း ဝမ်းနည်းကြေကွဲခြင်း၊ ခံပြင်းခြင်းများ လည်းရှိလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် လူတိုင်းဟာ ကိုယ်ပြုမိခဲ့ဖူးတဲ့
အမှားတွေကို တစ်ချိန်ချိန်မှာ ပြန်လည်သတိပြုမိတတ်တာ ဓမ္ဓတာပါ။ ဒီလိုအချိန်မှာ သတိတမန်
ဥာဏ်မြေကတုတ်စိတ်နဲ့သာ ဆင်ခြင်သုံးသပ်နိုင်ရင် ကျိုးကြောင်းဖြစ်စဉ်နှင့် တကွ ဒါဟာ ကိုယ့်အမှား
ဒါဟာ သူ့အမှားဆိုတာ ထင်ထင်လင်းလင်းသိမြင်လာတတ်တယ်။ လူတွေဟာ ကိုယ့်အမှားအတွက်တော့ ခွင့်လွှတ်နိုင်ဖို့
ဆင်ခြေအမျိုးမျိုး အမြဲရှိတယ်။ ယုတ္တိယုတ္တာ အကြောင်းအမျိုးမျိုးလဲ ပြတတ်တယ်လေ။ ဒါကြောင့်
ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းခွင့်လွှတ်တတ်တယ်။ အခြားလူတစ်ယောက်ယောက် ရဲ့ အမှားအပေါ်မှာတော့
မစာနာတတ်ဘူး၊ ခွင့်မလွှတ်တတ်ဘူး။ ဒါကြောင့် တောင်းပန်သူက တောင်းပန်လာ သည့်တိုင် ကိုယ့်စိတ်ထဲက
ဘယ်လိုပြောနေတတ်သလဲဆိုတော့
“အေး ခွင့်လွှတ်တယ်..။ ဒါပေမယ့် ငါ ဘယ်တော့မှ
မမေ့ဘူး…” တဲ့၊ ဒီစကားဟာ “ငါ မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူးကွ” လို့ ပြောတာနဲ့ အတူတူပဲမဟုတ်ပါလား။
အမှန်က ကိုယ်ရေးကိုယ်တာ ပြဿနာဆိုတာ
အချိန်နှင့်အတူတူ သူအလိုလိုကျေအေးသွားတာ အကောင်းဆုံးပါပဲ၊ ခွင့်လွှတ်နိုင်မှ ကျေအေးရမယ်ဆိုတာ
မဖြစ်သင့်ပါဘူး။ အကယ်၍ ကိုယ်ကအကြောင်း ကြောင်းကို ထောက်ပြီးခွင့်လွှတ်ပေးရမယ့်သူဖြစ်နေတယ်ဆိုပါတော့
တစ်ဖက်လူက ခွင့်မလွှတ်ပါလို့ တောင်းပန် လာပြီလဲဆိုပါတော့ ကိုယ်က ခွင့်လွှတ်သင့် မသင့်ဆုံးဖြစ်ရတော့မယ်။
ရင်ထဲမှာ ကျေကျေလည်လည်မရှိပေမယ့် “ခွင့်လွှတ်တယ်”
လို့ ပြောလိုက်ရတာမျိုးဟာ အကြွင်းမဲ့ ခွင့်လွှတ်မှုမျိုးမဟုတ်ဘူး၊ ကျေနပ်မှုလေး နည်းနည်းရသွားတဲ့
ယာယီခွင့်လွှတ်မှု၊ မကျေနပ်မှု အမှတ်အတေး တွေ အမြစ်မပြတ်တဲ့ ခွင့်လွှတ်မှုပါ။
ဒီအခါ ဘာကို သတိပြုမိသလဲဆိုတော့ ခွင့်လွှတ်ခြင်းကို
ခံယူတတ်ဖို့ ကြိုးစားရန်လိုအပ်သလို ခွင့်လွှတ်ခြင်းဖြင့် လူ့ဘဝရဲ့ မြင့်မြတ်ခြင်းကို
ရယူရန်ကြိုးစားဖို့ လိုအပ်ကြောင်း တွေ့ရတယ်။
ကိုယ်က မှားနေသူဆိုရင် ကိုယ့်အပြစ်ကို
ချေဖျက်နိုင်ဖို့ ကြိုးစားရမယ်။ အမှားကို ပြင်ဆင်ပြီး နောက်ထပ် အမှားမကျူးလွန်ဖို့
ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချရဲရမယ်။ တစ်ဖက်လူရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထား လေးစားစိတ်နဲ့
တောင်းပန်သမှုပြုနိုင်ရမယ်။ ဒီအချက်တွေကို ကိုယ်ရော စိတ်ပါ ခိုင်ခိုင်မာမာ လိုက်နာရင်
ကိုယ့်အမှားအတွက် ခွင့်လွှတ်ခြင်းကို ရယူဖို့ ကြိုးစားခြင်းဟာ မူမှန်တယ်လို့ ယူဆရပါတယ်။
အမှန်တကယ် နောင်တရသူလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုဆိုရင် ကိုယ်ဟာ တစ်ဖက်လူရဲ့ ခွင့်လွှတ်ခြင်းကို
တုံ့ပြန်မှုမရသေး သည့်တိုင်အောင် ကိုယ့်အပြစ်ကို ကိုယ်ချေဖျက်နိုင်စွမ်းရှိသူပဲ။ ကိုယ်ဟာ
သူတစ်ပါးအပေါ် အပြစ်ကျူးလွန်ဖို့ ဘယ်တော့မှ ဇက်ရဲလက်ရဲမဖြစ်တော့ဘူး။
ခွင့်လွှတ်ခြင်းဖြင့် ဘဝရဲ့ မြင်မြတ်မှုကို
ရယူဖို့ ကြိုးစားရန် လိုအပ်ကြောင်း သိမြင်နိုင်စွမ်းရှိပါတယ်။ သူသူကိုယ်ကိုယ် ခွင့်လွှတ်တတ်ဖို့
ကြိုးစာသင်ယူနေဆဲ လူသားတစ်ယောက်ဟာ အသက်အရွယ်အတွေ့ အကြုံအရ အခြား လူတစ်ယောက်အပေါ်မှာ-
“ ငါ ဘယ်တော့မှ ခွင့်မလွှတ်ဘူး…”ဆိုတဲ့
အစွဲကြီး စွဲနေသရွေ့ မီးဖြင့်ပြီးသောဝန်ထုတ်ဝန်ပိုးကြီးကို သယ်ပိုထားရသလို ပူလောင်လေးလံလာတတ်တာလေ။
ပြီးခဲ့တာကို ပြီးပြီလို့ လက်ခံနိုင်ခြင်းမရှိသေားသရွေ့ ဘယ်တော့မှ စိတ်ငြိမ်းချမ်းမှု
မရသေးဘူးဆိုတော့-
“အလကား.. ဘာလုပ်ဖို့လဲ၊ ဒီစိတ်ဒုက္ခတွေ၊
သွားစမ်းပါ…” ဆိုပြီး အမှတ်အတေးတွေ ဖျောက်ဖျက်ပစ်ဖို့ ကြိုစားမိမှာပဲ။
သို့သော် ကံအားလျော်စွာ အဲဒီလိုဖျောက်ဖျက်ပစ်ဖို့
ကြိုးစားရာမှာ ဘဝရဲ့ လှပခြင်းတရားတစ်ခုဟာ ခွင့်လွှတ်နိုင်ခြင်းပဲဆိုတာ သွားတွေ့နိုင်ပါတယ်။
ဘဝဆိုတာ ကိုယ့်အလိုပြည့်မှ(သို့မဟုတ်)ကိုယ်ဖြစ်ချင်တာ ဖြစ်ရမှ(သို့မဟုတ်) ချီးမြှင့်မြှောက်စားခံရ မှ ပျော်နိုင်တာမဟုတ်ပါဘူး။
ကိုယ်ပြုဖူးတဲ့ ပြစ်တွေ ခွင့်လွှတ်ခြင်းခံရရင်လည်း ပျော်တာပါပဲ။ ကိုယ့်ဆီက ခွင့်လွှတ်ပါတယ်ဆိုတဲ့
စကားတစ်ခွန်းကြောင့် တခြားလူတစ်ယောက်ပျော်ရွှင်သွားတာမြင်ရရင်လည်း ကိုယ်ပါ လိုက်ပြီး
ပျော်ရတာပါပဲ။ အဲဒီအပျော်ဟာ အပျော်ချည်းသက်သက်မဟုတ်ဘဲ ကြည်နူးမှုပါတယ်။ လွတ်လပ်မှုပါ
တယ်။ ဒါကြောင့် ဒီအပျော်ဟာ လှပပါတယ်။
ဘဝလောကဓံ အကောင်းအဆိုးကို ပယ်ပစ်လို့လဲ
မရ၊ ဖက်တွယ်ထားလို့လဲ မရပါလားဆိုတဲ့ စိတ်ရဲ့ အသာတကြည်လက်ခံပြီး မှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ်နိုင်မယ်ဆိုရင်
သဘောထားကြီုးမြှင့်မှုတွေပေါ်လာ မှာဖြစ်ပါတယ်။ တစ်ဖက်လူရဲ့ စိတ်ဓာတ်အားနည်းချက်ကို သိမြင်လာသည်ထိ
ဆင်ခြင်နိုင်ရင် ကရုဏာစိတ် တောင်ပေါ်လာနိုင်ပါတယ်။ဒီအခြေဆိုက်ရင် ခွင့်လွှတ်ပေးဖို့ဆိုတာ
ခွန်အားစိုက်ထုတ်ဖို့တောင် မလိုဘဲ ကိုယ့် ပင်ရင်းစိတ်ထားမှာ ခွင့်လွှတ်နိုင်မှုတွေ အလိုလို
လျှံကျလာမှာပါ။
သူကခွင့်လွှတ်ပါလို့ တောင်းပန်သည်ဖြစ်စေ၊
မတောင်းပန်သည်ဖြစ်စေ ပြဿနာရဲ့ အကြောင်းရင်း၊ ဇာစ်မြစ်ကို သိပြီးသား နားလည်းပြီးသား၊
လက်ခံပြီးသားဖြစ်လို့ သူ့ကိုသာမက ဘယ်သူ့ကိုမှ ဘာမှ အပြစ်မတင်တော့ဘူး။ ခွင့်လွှတ်နိုင်သည်သာမက
ဥပေက္ခာပြုဆိုလည်း ဥပေက္ခာပြုနိုင်ပါတယ်။ အဲဒီခွင့်လွှတ်မှု ဟာ အသန့်ရှင်းဆုံး၊ အစင်ကြယ်ဆုံး၊
အလှပဆုံးခွင့်လွှတ်မှုပါ။
တင်တင်
အတွေးအမြင်စာစဉ် အမှတ်(၁၉၉)၊ ၂၀၀၈ အောက်တိုဘာလ
0 comments:
Post a Comment