အတွေးမှန်
အမြင်မှန်
ပင်ကိုယ်သဘောအားဖြင့် အစုအဝေး၊ အသိုင်းအဝိုင်းနှင့်
အပြန်အလှန်အဖော်သဟဲပြုကာ နေထိုင်တတ်ကြသည့် လူသားအချင်းချင်း ညီညီညွတ်ညွတ်စည်းစည်းလုံးလုံး
ရှိကြသည်နှင့်အမျှ လူ့ဘောင် ပတ်ဝန်းကျင်သည်လည်း တိုးတက် ဖွံ့ဖြိုးသာယာနိုင်လိမ့်မည်ဖြစ်သည်။
စည်းလုံးညီညွတ်ခြင်းသည် လူ့အဖွဲ့အစည်း လူ့အသိုင်းအဝိုင်းတို့အတွက် ဆောင်ရွက်မှု များ
မှန်ကန်ဖို့လိုသည်။ စည်းလုံးညီညွတ်မှုရှိကြမှလည်း လူသားတို့၏လုပ်ဆောင်ချက်များသည် ထိရောက်မှုရှိနိုင်မည်
ဖြစ်သကဲ့သို့ အောင်မြင်မှုများလည်း ရရှိနိုင်ကြလိမ့်မည်သာဖြစ်သည်။
သို့သော် “လူတစ်ကိုယ် စိတ်တစ်မျိုး” ဆိုသည့်အတိုင်း
လူ့အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းများအတွင်း စည်းလုံး ညီညွတ်မှုရအောင် တည်ဆောက်ကြရသည်မှာ
လွယ်ကူသည်တော့ မဟုတ်ပေ။ လူအမျိုးမျိုး စိတ်အထွေထွေဖြစ်ရကား လူ့ဘောင်လောက၌ အမြင်ကျဉ်းကြသူများ၊
သဘောထားသေးသိမ်ကြသူများ၊ စေတနာမဲ့ကြသူများ၊ အထင်အမြင် သေးတတ်ကြသူများ၊ မာန်မာနကြီးလွန်းကြသူများကြောင့်
စည်းလုံးညီညွတ်မှု ပျက်ပြားသွားခဲ့ကြရသည့် ဖြစ်ရပ်ပေါင်း များစွာ လူ့သမိုင်းတစ်လျှောက်၌
အထင်အရှားရှိခဲ့သည်။ လူသားအချင်းချင်း တစ်ဦး၏စကားကို တစ်ဦးက နားထောင်၊ တစ်ဦး၏အမြင်ကို
တစ်ဦးက လက်ခံ၊ တစ်ဦး၏သဘောကို တစ်ဦးက နားလည်သဘောပေါက်ကြသဖြင့် လူ့အသိုင်းအဝိုင်း
တစ်ခုလုံး ဖွံ့ဖြိုးစည်ပင်ဝပြောခဲ့သည့်ကာလများ ရှိခဲ့သည်ကိုလည်း သမိုင်းမှတ်တမ်းများ၌
ဖတ်ရှုလေ့လာမှတ်သား မိကြပေလိမ့်မည်။
“အသွင်မတူ အိမ်သူမဖြစ်”ဟု ဆိုကြလင့်ကစား
အသွင်တူတိုင်းလည်း အမြင်တူချင်မှ တူကြပေလိမ့်မည်ဖြစ်ရာ လူလူချင်း တစ်ဦးပေါ်တစ်ဦးအမြင်တူအောင်
အမြင်ကြည်လင်အောင် ကြိုးစားကြဖို့မှာ များစွာအရေးကြီးလှပေသည်။ လူတစ်ဦးနှင့်တစ်ဦး
လူ့အဖွဲ့အစည်း တစ်ခုနှင့်တစ်ခုအကြား သံသယအမြင် ကင်းရှင်းကြရပေလိမ့်မည်။ တောင်ပေါ်က လူနှင့်တောင်အောက်၌ရှိနေကြသူတို့
အမြင်ချင်းသည် မတူနိုင်သလို အမြင်မှန်လည်း မဟုတ်နိုင်ပေ။ အမြင်မှန်ရဖို့ အရှိအတိုင်းကို
မြင်ဖို့တောင်အောက်ကို ဆင်းကြည့်ဖို့လိုသလို တောင်ပေါ်ကိုလည်းတက်ကြည့်ဖို့ လိုပေလိမ့်မည်။
ဤနေရာတွင် တစ်ဦးပေါ်တစ်ဦး အမြင်မှန်ထားရှိဖို့ဆိုရာ၌
လူလူချင်း “မာန် မာန” ကင်းရှင်းရေးသည် အဓိက
နေရာ၌ရှိသည်ဟု ဆိုရပေလိမ့်မည်။ လူတိုင်းတွင် မာနရှိတတ်ကြသည်။ ပညာမာန၊ ဥစ္စာမာန၊ အလှမာန၊
ဂုဏ်မာန၊ ရာထူး ဂုဏ်သိမ်မာနစသည်ဖြင့် အထွေထွေအမျိုးမျိုးသော မာနများဖြစ်သည်။ မာနမရှိသူဟူ၍
လောက၌မရှိပါချေ။ သို့တစေ မာန နည်းပါးသူ၊ မာနကိုချိုးနှိမ်ကြသူ အများအပြားရှိဖို့လိုပေလိမ့်မည်။
မာနဆိုသော ထောင်လွှားခြင်းသည် မှားယွင်းသောအတွေးအမြင်ဖြစ်သည်။
ဂုဏ်မာနထောင်လွှားမှုသည် တဒင်္ဂ သာယာယစ်မူးနေကြခြင်းသာဖြစ်ရာ “တတ်ကြွား မာန မြင့်လွန်းကလည်း၊
လျှောကျနောက်ဆုံး ရှိလိမ့်မည်” ဆိုသည်ကို သတိချပ်သင့်ကြပေသည်။ လူ့လောက၌ ဆင်းရဲချမ်းသာဟူသည့်
လောကဓံတရားသည် လူတို့၏ ဘဝအခြေအနေကို ပြောင်းလဲနိုင်ပေရာ ချမ်းသာရာမှ ဆင်းရဲခြင်းသို့လည်းကောင်း၊
ဂုဏ်ရှိန်မြင့်မားနေသည့်အခြေမှ ဂုဏ်ရှိန်မဲ့သည့် အနေအထားသို့လည်းကောင်း အချိန်မရွေး
ရောက်ရှိသွားနိုင်ပေသည်။
ထိုကြောင့် မာနဟူသော ထောင်းလွှားမှုကို လူ့ပတ်ဝန်းကျင်မှ
ရနိုင်သော သင်ခန်းစာ၊ မိမိတို့၏ ဆင်ခြင်တုံတရား များဖြင့် အစဉ်မပြတ် သတိချပ်နေကြဖို့
လိုနေကြပေလိမ့်မည်။ စိတ်ရင်းစိတ်ကောင်းများ ထားရှိခြင်းအားဖြင့်လည်း လွဲမှား သောမာန်မာနများကို
ချိုးနှိမ်ကြဖို့ လိုပေလိမ့်မည်။ ပညာဉာဏ်အသိတရားများဖြင့် မာနတံခွန်ကို နှိမ့်ချကြရပေလိမ့်မည်။
သို့မှသာ လူသားအချင်းချင်း မာန်မာန ကင်းရှင်းကြပြီး သာယာအေးချမ်းသော၊ စည်ပင်ဖွံ့ဖြိုးသော
လူ့အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းများကို စည်းလုံးညီညွတ်စွာ တည်ဆောက်နိုင်ကြလိမ့်မည်
ဖြစ်သည်။
ထိုကြောင့် အချင်းချင်း ဆက်ဆံပေါင်းသင်းနေထိုင်ကြရာ၌
စိတ်တူကိုယ်တူ ဖြစ်နိုင်သမျှဖြစ်အောင် အပေးအယူ မျှမျှဖြင့် နေထိုင်သွားကြရပေမည်။ စည်းလုံးညီညွတ်မှုရရှိအောင်
ကြိုးပမ်းသွားကြဖို့လည်း လိုသည်။ စည်းလုံးညီညွတ်မှုကို မှန်ကန်သည့် အတွေးအမြင်များဖြင့်
အခြေတည်ကြရမည်ဖြစ်ရာ မိမိတို့၏` အတ္တအကျိုးကို ရှေ့တန်းမတင်ကြဘဲ အများအကျိုးအတွက် မာန်မာနကင်းကင်းဖြင့်
လူသားအချင်းချင်း ဆက်ဆံနေထိုင်ကြဖို့မှာ အလိုအပ်ဆုံးဖြစ်သည်။ သို့မှသာ လူ့အဖွဲ့အစည်း၊
လူ့အသိုင်းအဝိုင်းအတွင်း ညီညွတ်သော၊ စည်းလုံးသော၊ ပေါင်းစည်းသော လူ့ဘောင်ဝန်းကျင်ကို
တည်ဆောက်နိုင်ကြလိမ့်မည် ဖြစ်သည်။
အတွေးအမြင်စာစဉ်(၁၄၇)၊ ဇန်နဝါရီ၊ ၂၀၀၁
0 comments:
Post a Comment