အမြတ်မထွက်ခြင်းနှင့် သည်းခံခြင်း
အခါတစ်ပါး၌ဘုရားရှင်သည် ရဟန်းငါးရာခြံရံလျက်
ရာဇဂြိုလ်ပြည်မှ နာဠန္ဒသို့ ခရီးရှည်ကြွတော်မူသည်။ ထိုအချိန်တွင် သုပ္ပိယပရိဗိုဇ်သည်လည်း
ပရိဗိုဇ်ပရိသတ်ခြံရံလျက် ဘုရားရှင်ပရိသတ်နောက်မှလိုက်ကာ ရာဇဂြိုလ်မှ နာဠန္ဒသို့ပင် ခရီးရှည်သွားလေသည်။
သုပ္ပိယပရိဗိုဇ်က “ရဟန်းဂေါတမဟာ သဗ္ဗညု(အလုံးစုံကို သိသူ)မဟုတ်ဘူး။ ကြံဆပြီး ပြောတာ ဟောတာ”
စသည်ဖြင့် ကဲ့ရဲ့စွပ်စွဲစကား ပြောကြားလျက် နောက်ကလိုက်ပါလာခဲ့လေသည်။
လမ်းခုလတ် သရက်ဥယျာဉ်တွင် နေဝင်ခါနီးနားခိုကြရာ၌လည်း
ဘုရားရှင်အုပ်စုကတစ်ဖက်၊ ပရိဗိုဇ်အုပ်စုက တစ်ဖက် ယှဉ်လျက်နေကြလေသည်။ သုပ္ပိယပရိဗိုဇ်သည်
တစ်ညလုံးရှေးနည်းနှင့် ကဲ့ရဲ့စွပ်စွဲစကားများ ပြောဆို နေပြန်လေသည်။
မိုးလင်းသော် ရဟန်းများက ထိုအကြောင်းကိုပြောဆိုလျှောက်ထား
ကြသည့်အခါ ဘုရားရှင်က “ရဟန်းတို့၊ တစ်ပါးသောသူတို့သည် ငါ ဘုရားကိုမူလည်း ကျေးဇူးမဲ့
ကဲ့ရဲ့စကားပြောဆိုကုန်ရာ၏။ သံဃာတော်ကိုမူလည်း
ကျေးဇူးမဲ့ ကဲ့ရဲ့စကား ပြောဆိုကုန်ရာ၏။ ထိုသူတို့အပေါ် သင်တို့အမြတ်မထွက်ကြကုန်နှင့်။
မဟုတ်မမှန်သည့်စကားကို မဟုတ်မမှန်သည်အဖြစ်ဖြင့်သာလျှင် သင်ပြောသည့်ဤစကားသည် ဤအကြောင်းကြောင့်မမှန်၊
ငါတို့ဘုရားသည် ဤအကြောင်းကြောင့် အလုံးစုံကိုသိသည့် သဗ္ဗညုအစစ်သာတည်း စသည်ဖြင့် ဖြေရှင်းဖယ်ရှားကြရမည်”ဟု
ဟောတော် မူသည်။ (သီလက္ခန်၊ ဗြဟ္မဇာလ သုတ်)
ဤနေရာ၌ ဘုရားရှင်သည် ခန္တီပါရမီရှင်၊ ခန္တီဝါဒဖြစ်တော်မူပါလျက်
“သည်းခံဖို့”မဟောဘဲ “အမျက်မထွက်ဖို့နှင့် ဖြေရှင်းဖယ်ရှားဖို့” ဟောတော်မူခြင်းကို အထူးသတိချပ်အပ်သည်။
သို့ဖြစ်၍ အဋ္ဌကထာဆရာက အမျက်မထွက်ဘဲ ဖြေရှင်းခြင်းနှင့် သည်းခံခြင်းတို့၏ သဘောသဘာဝကွာခြားပုံကို
ရှင်းလင်းဖွင့်ဆိုခဲ့လေသည်။
ကဲ့ရဲ့စွပ်စွဲစကားပြောဆိုရာ၌ အကယ်၍ ဘာမျှပြန်မပြောဘဲ
သည်းခံနေလျှင် ကဲ့ရဲ့စွပ်စွဲသည့်အတိုင်း ဟုတ်မှန် ပါသည်ဟု သံသယဖြစ်ဖွယ်ယူမှတ်နိုင်သည်။
ထိုကြောင့် သပ္ပိယပရိဗိုဇ်၏ ကဲ့ရဲ့စွပ်စွဲပြောဆိုမှုများကို ဘုရားရှင်က သည်းခံဖို့မဟောဘဲ
အမျက်မထွက်စေလျက် အကျိုးအကြောင်းပြော၍ အေးအေးဆေးဆေး ဖြေရှင်းရန် ဟောတော်မူခြင်း ဖြစ်သည်။
ထိုသို့အမျက်မထွက်ဘဲ ကျိုးကြောင်းပြဖြေရှင်းခြင်းကို ပါဠိလို “အက္ကောဓ”ဟု ခေါ်သည်။ အမျက်ထွက်ခြင်း၊
ဒေါသထွက်ခြင်း၊ ကြမ်းတမ်းခြင်းကို “ကောဓ”ဟု ခေါ်သည်။ အမျက်မထွက်ခြင်း၊ ဒေါသမထွက်ခြင်း၊
စိတ်မဆိုးခြင်း၊ မကြမ်းတမ်းခြင်းကို “အက္ကောဓ” ဟု ခေါ်သည်။
“ခန္တီ”ခေါ်
သည်းခံခြင်းကိုကျင့်သုံးရန်မှာ ဆဲရေးကြောင်း ဝတ္ထုဆယ်မျိုးတို့ဖြင့် ပုတ်ခတ်ဆဲရေးခြင်း၊
ရိုက်နှက်ညှဉ်း ဆဲခြင်းတို့နှင့်ကြုံရသည့်အခါ တုံ့ပြန်ခြင်းလုံးဝမပြုဘဲ လျစ်လျူရှုခြင်းဖြစ်သည်။
ထိုသို့သောအဖြစ်မျိုးကြုံရသည့်အခါ ပြန်လည်ဖြေရှင်းခြင်းဖြင့်လည်း အကျိုးမထူးနိုင်။
သို့ဖြစ်၍ လျစ်လျူရှုသည်းခံခြင်းဖြင့် ပြဿနာကိုချုပ်ငြိမ်းစေအပ်သည်။
ကိစ္စများမြောင်
လူတို့ဘောင်၌ ထောင်သောင်းမကများလှစွာသော လူအပေါင်းတို့နှင့် ကြုံဆုံဆက်ဆံနေကြရမည် သာဖြစ်ရာ
အက္ကောဓ အမျက်မထွက်ခြင်းနှင့် ခန္တီ သည်းခံခြင်းတရားနှစ်ပါးကို နေရာဌာနအလိုက် မှန်ကန်သင့်မြတ်စွာ
ကျင့်သုံးခြင်းဖြင့် လောကဓံကို ရင်ဆိုင်နိုင်ကြရာသတည်း။
အတွေးအမြင်စာစဉ်
(၁၂၀)၊ စက်တင်ဘာ၊ ၁၉၉၆
0 comments:
Post a Comment