Wednesday, February 15, 2012

မြှင့်တင်ကြရမည့်စိတ်ဓာတ်(အတွေးအမြင်စာစဉ် (၁၅၁)၊ အောက်တိုဘာ၊ ၂၀၀၁)


မြှင့်တင်ကြရမည့်စိတ်ဓာတ်
         
          စိတ်ဓာတ်သည် လူတို့၏အားမာန်ဖြစ်သည်။ စိတ်ဓာတ်တက်ကြွသည့်အခါ အရာရာကို အားမာန်အပြည့်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိသည်။ စိတ်ဓာတ်ကျသည့်အချိန်၌မူ မည်သည့်အမှုကိစ္စကိုမဆို လုပ်ဆောင်လိုစိတ်ကင်းကာ အားမာန်ကုန်ခန်းသွားတတ်ပေသည်။
            စိတ်တွင် နှစ်မျိုးရှိရာ လူတို့၏အားမာန်ကို ပြည့်ဖြိုးစေသည့်စိတ်နှင့် လူတို့၏အားမာန်ကို ပျက်ပြားစေသည့် စိတ်ဖြစ်သည်။ စိတ်ဓာတ်တက်ကြွပြီး အားမာန်အပြည့်ဖြင့် လုပ်ကိုင်ဆောင်ရွက်လိုက်သည့်အခါ လူတို့၏ အတွေးအခေါ်များသည် တော်တည့် မှန်ကန်နိုင်သည်။ ယုံကြည်ချက်များကို ခိုင်မာစေပြီး မျှော်လင့်ချက်များပေါက်မြောက် အောင်မြင်နိုင်သည်။ တစ်ချိန်တည်းတွင် ရဲစွမ်း သတ္တိများဖြစ်ထွန်းစေနိုင်ပြီး မှန်ကန်သည့်ဆုံးဖြတ်ချက်များကိုလည်း ချမှတ်နိုင်လိမ့်မည်ဖြစ်သည်။ စိတ်ဓာတ်ကျဆင်းသွားသည့်အခါမျိုး တွင်မူ စိတ်အားငယ်ရတတ်သည်။ စိုးရိမ်ပူပန်မှုကြောင့် သောကအထွေထွေကြုံရတတ်သည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းလာတတ်သည်။ အရာရာကိုမှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်ဘဲ ဒွိယ သံသယစိတ်များ ဖြစ်ပေါ်လာကာ တွေဝေသွားတတ် ကြသည်။
            သို့ဖြစ်ရာလူတိုင်းသည် မိမိ၏ စိတ်ဓာတ်အားမာန်ကို ခိုင်မာနေအောင် အစဉ်အမြဲ မြှင့်တင်နေကြရမည်။ စိတ်ဓာတ် ကြံ့ခိုင်နေရေးသည် လူတိုင်းအတွက် အရေးကြီးသည်။ လူတစ်ဦးချင်းစီအလိုက် စိတ်ဓာတ်ကြံ့ခိုင်နေဖို့လိုအပ်သကဲ့သို့ လူသားအားလုံး၊ လူ့အဖွဲ့အစည်းအားလုံးသည်လည်း ကြံ့ခိုင်သည့်စိတ်ဓာတ်မျိုးရှိနေကြဖို့ လိုပေလိမ့်မည်။ စိတ်ဓာတ်ကြံ့ခိုင်နေမှသာ မိမိတို့ကြံစည်၊ လုပ်ကိုင်၊ ပြောဆိုလှုပ်ရှားမှုများသည် တိုးတက်အောင်မြင်ဖြစ်ထွန်းလိမ့်မည်သာဖြစ်သည်။ သို့ကြောင့် အရာရာကို ဇွဲကောင်းကောင်းဖြင့် ကြိုးပမ်းလုပ်ဆောင်နေနိုင်ကြမည်ဆိုပါက မအောင်မြင်စရာ အကြောင်းမရှိနိုင်ပေ။

            “ယောက်ျားတံခွန် လူရည်ချွန်က၊ ကောင်းကင်တစ်မွတ်၊ ကြယ်ကိုဆွတ်လည်း၊ မလွတ်စတမ်း၊ ရမြဲလမ်း”ဆိုသော စကားသည် လူတို့၏ စိတ်ဓာတ်အားမာန်ကို မြှင့်တင် တွန်းအားပေးနေသည့်စကားဖြစ်ရာ “ငါလုပ်လျှင်ဖြစ်ရမည်။ ငါကြိုးစားလျှင် အောင်ရမည်” ဟူသော ယုံကြည်ချက်ကို မွေးမြူထားဖို့လိုပေသည်။
            ဤတွင် လူတိုင်းလူတိုင်း မိမိ၏စိတ်ရင်းစိတ်ထားရှင်းနေမှ မိမိလုပ်ကိုင်ဆောင်ရွက်နေသည့်အလုပ်သည် ရှင်းရှင်းလင်းလင်း ရှိရှိမည်ဆိုသည်ကို သတိမူကြဖို့လိုသည်။ စိတ်တွေဝေမှု၊ ပျံ့လွင့်မှု၊ ထိုင်းမှိုင်းမှု၊ စိတ်မရှင်းမှုများကြောင့် အလုပ်အကိုင်၊ အကြံအစည်၊ အပြောအဆိုများ အမှားများသည်လည်း ဖြစ်နိုင်သဖြင့် ဘဝခရီးလမ်းတွင် တိုးတက်မှုများထက် ဆုတ်ယုတ်မှုများနှင့်သာ ကြုံတွေ့ရဖွယ် ရှိပေသည်။
            သို့ဖြစ်ရာ မိမိ၏ကြံစည်၊ လုပ်ကိုင်၊ ပြောဆို၊ နေထိုင်ပြုမူမှုများအတွက် အမြင်ကြည်လင်ဖို့က အရေးကြီးသည်။ ပြတ်သားကြဖို့ လိုသည်။ အတွေးအမြင်များလည်း မှန်ကန်ကြရပေလိမ့်မည်။ ထိုကြောင့် မိမိဘဝအတွက်၊ မိမိ မိသားစုအတွက်၊ မိမိနိုင်ငံနှင့်လူမျိုး အတွက် အကျိုးယုတ်စေမည့် အတွေးအခေါ် အကြံအစည်များကို ဖယ်ရှားပစ်ကြဖို့ လိုသည်။
            စိတ်ထားကောင်းမှ လူကောင်းမည်။ စိတ်ထားမှန်မှ လူမှန်ဖြစ်နိုင်လိမ့်မည်။ လူကောင်းလူမှန်ဖြစ်နေမှ မိမိ၏လုပ်ရပ်သည် ကောင်းလာလိမ့်မည် ဖြစ်သည်ကို ကောင်းစွာ သတိမူသင့်လှပေသည်။
            လူ့လောကတွင် လူတိုင်း၌ရည်မှန်းချက်ကိုယ်စီရှိကြသည်ဖြစ်ရာ ထိုရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်လိုသည်ချည်း ဖြစ်သည်။ နိုးနိုးကြားကြား တက်တက်ကြွကြွမလုပ်ကြသမျှ မည်သည့်အခါတွင်မှ အောင်မြင်ပေါက်မြောက်လိမ့်မည်မဟုတ်ပေ။ နိုးကြားတက်ကြွခြင်းသည် ကိုယ်ရောစိတ်ပါ အားတက်နေခြင်း၊ တစ်နည်းအားဖြင့်ဆိုသော် စိတ်ဓာတ်မြင့်မားနေခြင်းပင်ဖြစ်၍ ထိုနိုးကြားသော ကိုယ်စိတ်စွမ်းအားဖြင့် အရာရာအောင်ပန်းဆင်နိုင်မည် ဖြစ်သည်။
            လူတို့၏အစွမ်းသတ္တိသည် ဦးနှောက်ဉာဏ်ရည်၌သာ တည်နေသည် မဟုတ်။ စိတ်ဓာတ်တွင်လည်း များစွာ တည်မှီနေသည် ဖြစ်၍ လူတိုင်း လူတိုင်းသည် စိတ်ဓာတ်ခိုင်မာနေကြမည်ဆိုပါက မိမိတို့မျှော်မှန်းထားသော အောင်ပန်းသည် လက်တစ်ကမ်းတွင်သာ ရှိနေလိမ့်မည်ဖြစ်သည်။
            ထို့ကြောင့် လူ့လောက၌ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ဦးတည်လျှောက်လှမ်းကြရာ၌ အောင်ပွဲအလီလီ ရယူလိုသူတို့သည် သေးသိမ်သောစိတ်ထား၊ အားငယ်နေသည့် စိတ်ဓာတ်တို့ကို ဖယ်ရှားသွားကြပြီး မွန်မြတ်သော စိတ်ဓာတ်ကို အစဉ်အမြဲ မြှင့်တင်ထား ကြကာ စိတ်ရှည်ရှည် ဇွဲကောင်းကောင်းထားကြဖို့လိုကြောင်း ရေးသားလိုက်ရပေသည်။

အတွေးအမြင်စာစဉ် (၁၅၁)၊ အောက်တိုဘာ၊ ၂၀၀၁


0 comments:

Post a Comment