Thursday, February 9, 2012

မြန်မာနိုင်ငံကြီး တကယ်ပြောင်းလဲဖို့


မြန်မာနိုင်ငံ တကယ်ပြောင်းလဲဖို့
ယနေ့မြန်မာနိုင်ငံမှာ အပြောင်းအလဲနဲ့ပတ်သက်ပြီး တော်တော်လေးပြောဆိုရေးသားလာကြသည်။ တချို့ကလည်း မြန်မာနိုင်ငံကြီး ပြောင်းလဲလာပြီလို့ပြောကြသည်။ တချို့ကလည်း မပြောင်းလဲသေးဘူးလို့ ပြောကြ၊ရေးကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြောင်းလဲလာပြီ၊ မပြောင်းလဲ သေးဘူး စသည်ဖြင့် အသံတွေကျယ်သည်ထက်ကျယ်လာသည်။ ဘယ်သူတွေဘာတွေပင်ပြောပြော အရေးကြီး သည်က မြန်မာနိုင်ငံသားအများစုကြီးရဲ့ နှလုံးသားများ တကယ်ပြောင်းလဲပြီလား၊ မပြောင်းလဲ သေးဘူးလား။ ဒါဟာအရေးကြီးပါသည်။
မြန်မာနိုင်ငံသည် ၁၉၆၂ခုနှစ် မတ်လ(၂)ရက်မှ ယနေ့ ၂၀၁၂ခုထိ နှစ်ပေါင်း၅၀ကြာအောင် စစ်အာဏာရှင်တွေက သူတို့လို အဆိုးတွေ၊ အကြမ်းတွေ၊ အရိုင်းတွေ၊ အငြိုးတွေ၊ အာဃာတတွေ၊ ယုတ်မာမှုတွေ၊ ကောက်ကျစ်မှု တွေ၊ မသမာမှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ၊ တကိုယ်ကောင်းဆန်မှုတွေ၊ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုပြီး ဖြတ်စားလာဘ်စားမှုတွေ စသည့် အဆိုးပေါင်းများစွာလက်ထပ်သင်ပြပေးခဲ့သည်။ 

မြန်မာနိုင်ငံသားအများစုရဲ့နှလုံးသားများမှာ မကောင်းမှုအာဏာမှိုင်းများ အစွဲခံခဲ့ရသည်။ ဖုံးလွှမ်းခံခဲ့ ရသည်။ ထိုအာဏာမှိုင်းများသည် ဘာသာရေးခေါင်းဆောင် မဟနဆရာတော်ကြီးများအထိ အလွတ်မပေး ဖုံးလွှမ်းထားခဲ့သည်။ ထိုအဖုံးလွှမ်းခံထားကြရသော အာဏာမှိုင်းများကို ပယ်ဖျက်နိုင်ကြဖို့အရေးကြီးသည်။ မိမိတို့နှလုံးသားများကို ပြန်လည်စစ်ဆေးဖို့လိုသည်။ မိမိနှလုံးသားသည် အရင်ကလိုဘဲ အာဏာမှိုင်းအဖုံးခံ ထားရတာကိုကြိုက်ပြီး ဆိုးမြဲဆိုးနေသေးလား၊ အဆိုးကနေအကောင်းဘက်ကို ပြောင်းလာပြီလား။ မိမိကိုယ်ကို မိမိ သေချာစစ်ဆေးဖို့လိုပါသည်။
မြန်မာနိုင်ငံကြီးသည် မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများဖြင့် တည်ဆောက်ထားသော နိုင်ငံကြီးဖြစ်ပါသည်။ အားလုံး တက်ညီ လက်ညီဖြင့် ၀ိုင်းဝန်း ကြိုးစားပြောင်းလဲမှသာလျှင် တကယ့်အပြောင်းအလဲကို မြင်ရမည်ဖြစ်သည်။
အရင်ကလိုပဲ အာဏာရှင်ပေးထားတဲ့ အမွေဆိုး၊ အာဏာမှိုင်းတွေကို မခွါချပဲ ဆိုးမြဲဆိုးနေမည်၊ ငြိုးမြဲ ငြိုးနေကြမည်၊ သူ့ကြောင့်ငါ့ကြောင့်၊ သူ့လူမျိုးကြောင့်ငါ့လူမျိုးကြောင့်လို့ လွှဲချပြီး ရန်တွေဆက်ဖြစ်နေကြမည် ဆိုလျှင် ဘယ်တော့မှ အပြောင်းအလဲကို မြင်ရမည်မဟုတ်ပါ။
အာဏာရှိသူတွေကလည်း မိမိအာဏာအားကိုးဖြင့်ဆက်လက်မမိုက်သင့်ပါ။တကယ့်ပြုပြင်ပြောင်းလဲ ရေးမှာမိမိတို့ကိုယ်တိုင်ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ပါသည်။မိမိတို့ရဲ့နှလုံးသားများကိုဖြူစင်သန့်ရှင်းအောင် ကြိုးစားစေချင်ပါသည်။အာဏာရှိအာဏာမဲ့၊ ချမ်းသာ ဆင်းရဲ၊ ပညာတတ် ပညာမတတ် ၀ိဝါဒမကွဲပြားစေလိုပါ။ အချင်းချင်းနားလည်ခွင့်လွတ် ကူညီဖေးမ စောင့်ရှောက်ကြပါ။
ဒါကြောင့် အရေးကြီးသည်မှာ တကယ့်အပြောင်းအလဲသည် အပြင်ကမလာပါ။ အတွင်းကသာ လာပါသည်။ မိမိရင်တွင်း အဇ္ဈတ္တအတွင်းသဏ္ဍာန်နှလုံးသား အကောင်းဘက်၊ ဖြူစင်သည့်ဘက်သို့ မပြောင်းနိုင် သရွေ့ တကယ့်အပြောင်းအလဲမဖြစ်နိုင်ပါ။
ယနေ့မြန်မာနိုင်ငံသားအများစုကြီးမျှော်လင့်နေကြသည့် တကယ့်အပြောင်းအလဲတစ်ရပ်ဖြစ်ဖို့ ယနေ့မှ စကာ မိမိတို့ကိုယ်တိုင်ကြိုးစားပြောင်းလဲကြပါ။ စာတွေဖတ်ကြပါ။ စာပေ၀ိုင်းတွေ စာကြည့်တိုက်တွေ၊ စာသင်ကျောင်းတွေ၊ ပရဟတိအသင်းတွေထောင်ပြီးကူညီကြပါ။ အချင်းချင်းမေတ္တာတရားတွေထားကာ ချစ်ချစ်ခင်ခင်ပေါင်းသင်းဆက်ဆံကြပါ။ တိုးတက်ပြောင်းလဲရေး အတွေးအခေါ်အယူအဆကောင်းများ ထွန်းကားအောင် စာပေးများရေးသားပြောဆိုဖြန့်ဝေပေးကြပါ။ ပြီးခဲ့သည့် ၂၀၁၁ခုနှစ် မိမိဘ၀နှင့် ယခု ၂၀၁၂ခုနှစ် မိမိဘ၀ ဘာတွေတိုးတက်ပြောင်းလဲလာပြီလည်းသေချာစွာ စီစစ်ပါ။ မနေ့ကငါနဲ့ ဒီနေ့ငါ ဘာတွေတိုးတက်ပြောင်းလဲလာသလဲဆိုတာကို သေချာစွာ မေးကြပါ။ တိုးတက်ပြောင်းလဲအောင်ကြိုးစား အားထုတ်ပါ။ မြန်မာနိုင်ငံသားအများစုကြီး တကယ်တိုးတက်ပြောင်းလဲချင်သော နှလုံးသားများဖြင့် ကြိုးစားကြမည်ဆိုလျှင် တကယ့်အပြောင်းအလဲကို မကြာတော့မည့် အချိန်တွင် တွေ့မြင်ရမည်ဖြစ်ပါကြောင်းကို စကားလက်ဆောင် ပါးရင်း . . . . .
မြန်မာပြည်သူပြည်သားများအားလုံး စိတ်နှလုံးဖြူစင်စွာဖြင့် တိုင်းပြည်တိုးတက်ပြောင်းရေး အတွက် ၀ိုင်းဝန်းကူညီ ကြိုးစားဆောင်ရွက်နိုင်ကြပါစေ………..   
                                                                        မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
         

0 comments:

Post a Comment