http://www.maukkha.org/index.php?option=com_content&view=article&id=1580:2011-05-02-04-53-12&catid=120:2010-10-11-07-37-22&Itemid=374

ဂျာကာတာ။ မေဒေးနေ့
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ လမ်းများပေါ်တွင် အလုပ်သမား ၅
သောင်းကျော်က ‘လုပ်ခ၊ အလုပ်၊ အိမ်မြေ’ စတဲ့ ကြွေးကြော်သံများနှင့်အတူ
သမ္မတနှင့် ဒုသမ္မတ နှုတ်ထွက်ပေးရေး
တောင်းဆိုခဲ့ကြသည်။ နှစ်စဉ် မေ ၁ ရက်နေ့တိုင်း အင်ဒိုနီးရှား အလုပ်သမားများက မပျက်မကွက် ဆန္ဒပြကြခြင်း ဖြစ်သည်။
သမ္မတ အိမ်တော်ဆီ ချီတက်လာတဲ့
လူအုပ်ကြီးနဲ့ ရဲများ လမ်းတွင် ထိပ်တိုက်ပဋိပက္ခဖြစ်ခဲ့သည်။ နောက်ဆုံး ဆန္ဒပြ
အလုပ်သမားများ သမ္မတ အိမ်တော်ဝင်းရှေ့ ရောက်ရှိခဲ့ပြီး ကားတာယာများကို
မီးရှို့ခဲ့ကြသည်။ အလုပ်သမားအဖွဲ့ ၆၆ ဖွဲ့က ဆန္ဒပြသူများနှင့်
ထပ်မံပေါင်းစည်းခဲ့သည်။
အလုပ်သမားများက အနိမ့်ဆုံး
လုပ်ခလစာ(minimum wages) ကို တိုးမြှင့်သတ်မှတ်ပေးဖို့၊ ကုမ္ပဏီတွေမှ
ပြင်ပအလုပ်သမား ငှားရမ်းလုပ်ကိုင်မှု လျှော့ချဖို့၊ သမဂ္ဂများများရဲ့
အခွင့်အရေး ရရှိဖို့၊ အင်ဒိုနီးရှား နိုင်ငံသားအားလုံး အတွက်
လူမှု့ဘ၀လုံခြုံရေး စနစ် ဥပဒေအတိုင်း အကောင်အထည် ဖော်ပေးဖို့
တောင်းဆိုခဲ့ကြသည်။ ဆက်ပြီး သမ္မတ ယဒ်ဟိုယိုနို နှင့် ဒုသမ္မတ ဘိုအာဒီယိုနို
တို့ နှုတ်ထွက်ပေးရေးကို တောင်းဆိုခဲ့သည်။
အင်ဒိုနီးရှားတွင် တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် အလုပ်သမားများအတွက် အနိမ့်ဆုံးလစာ သတ်မှတ်ထားချက်မရှိ။
ပြည်နယ် ခရိုင်အသီးသီးက တစ်ကျောင်းတစ်ဂါထာ ပုံစံဖြင့် လာစာနှုန်း
သတ်မှတ်ထားမှုသာ ရှိသည်။ တနင်္ဂနွေ မေဒေးနေ့ ဆန္ဒပြမှု အတွက် အစိုးရက
လုံခြုံရေးရဲ ၇၀၀၀ ကျော် ချထားခဲ့သည်။

အေသင်
ဂရိနိုင်ငံ အေသင်မြို့တွင်လည်း သမဂ္ဂများမှ
ထောင်ပေါင်းများစွာသော အလုပ်သမားတွေက အစိုးရရဲ့ ဘတ်ဂျက် ခြိုးခြံ
ချွေတာရေး အစီအစဉ်များကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ သင်္ဘောနှင့် ရထား
ဝန်ထမ်းများ ပါဝင်ဆန္ဒပြခဲ့သောကြောင့် သယ်ယူ ပို့ဆောင်ရေးများ
ရပ်ဆိုင်းသွားခဲ့သည်။
ဂရိအစိုးရမှာ အကြီးအကျယ် လိုငွေပြမှုကို
ဖြေရှင်းဖို့ အတွက် ၂၀၁၀ တွင် ဥရောပ ယူနီယံနှင့် IMF မှ ၁၆၃ ဘီလီယံ ဒေါ်လာ
ချေးငှားခဲ့ရသည်။ အကျိုးဆက်အဖြစ် ၀န်ထမ်းများ အရေအတွက် လျှော့ချမှု၊
လူမှု့ထောက်ပံ့မှုများ ဖြတ်တောက်မှုများ လုပ်ဆောင်နေသည်။ ဆန္ဒပြသူများအနက်
၁၀ လ တိတိ အလုပ်အကိုင်မရှိသူများ ဦးဆောင်ပါဝင်ခဲ့သည်။

လစ္စဘွန်း
ပေါ်တူဂီမြို့တော်တွင် အလုပ်သမားများက
အစိုးရရဲ့ ဘတ်ဂျက် လျှော့ပေါ့ရေး အစီအစဉ်များ၊ ကမ္ဘာ့ဘဏ်နဲ့ IMF မှ
ကိုယ်စားလှယ်များကို ဆန္ဒပြခဲ့ကြသည်။ အလုပ်အကိုင် ရရှိရေး၊ လုပ်ခလစာ
တိုးမြင့်ရေး၊ လုပ်ငန်းခွင် အခြေအနေများ ကောင်းမွန်ရေးအတွက် အလံများ
ပိုစတာများ ကိုင်ဆောင် ဆန္ဒပြခဲ့သည်။
ပေါ်တူဂီ အစိုးရက လိုငွေပြမှု ကယ်တယ်ဖို့
ကမ္ဘာ့ဘဏ်နှင့် IMF မှ ၁၂၀ ဘီလီယံ ဒေါ်လာ ချေးငှားထားတဲ့အတွက်၊ အခွန်များ
တိုးမြှင့်မှုနဲ့ အသုံးစရိတ် လျှော့ချမှုများ လုပ်ဆောင်နေသည်။

အစ္စတန်ဘူလ်
တူရကီမြို့တော် ရင်ပြင်တွင် မေဒေးနေ့
အလုပ်သမား ၂ သိန်းခန့ှ် စုဝေးပြီး အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်။ ရဲများရဲ့
ပစ်ခတ် မှုကြောင့် လူအုပ်ပိပြီး ၃၄ ဦး သေဆုံးခဲ့သည်။

ဗလန်စီယာ
စပိန်နိုင်ငံမှာ ဥရောပနိုင်ငံများအနက်
အလုပ်လက်မဲ့ ၂၁.၃ ရာနှုန်းဖြင့် မထင်မှတ်ဘဲ အများဆုံး ဖြစ်နေသည်။ မေဒေးနေ့က
အရှေ့ဘက် ဆိပ်ကမ်းမြို့ ဗလန်စီယာ တွင် အလုပ်သမားများက အစိုးရရဲ့
အလုပ်အကိုင် ဖန်တီးဆောင်ရွက်မှု ညံ့ဖျင်း ပျက်ကွက်မှုအပေါ် ဆန္ဒပြခဲ့ကြသည်။

မော်စကို
ရုရှားနိုင်ငံ မော်စကိုတွင်
ကွန်မြူနစ်ဟောင်းများနှင့် လက်ဝဲယိမ်း အယူအဆရှိသူများ ၅၀၀၀ ကျော်
စုပေါင်းပြီး အနီရောင် အလံများဖြင့် မေဒေးနေ့ကို အစဉ်အလာ နိုင်ငံတကာ
အလုပ်သမား အားလပ်ရက်အဖြစ် သတ်မှတ် ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် ကရင်မလင်ပါတီ
ထောက်ခံသူများကလည်း မော်စကိုရှိ စက်ရုံများမှ အလုပ်သမား ၂၅,၀၀၀ ကို
ဦးဆောင် ဆန္ဒပြခဲ့သည်။

ဆိုးလ်
တောင်ကိုရီးယား ဆိုးလ်မြို့တွင် အလုပ်သမား
အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု မြှင့်တင်ပေးရေးအတွက် အလုပ်သမား
၅သိန်းကျော် ဆန္ဒပြခဲ့သည်။ အစိုးရမှ ငွေကြေးဖောင်းပွမှု ထိန်းချုပ်ပေးဖို့၊
လောင်စာဆီဈေး ကျဆင်းစေဖို့ တောင်းဆို ခဲ့ကြသည်။

မနီလာ
ဖိလစ်ပိုင် မနီလာမြို့တွင် အလုပ်သမား ၃၀၀၀
ကျော်က လုပ်ခလစာ တိုးမြှင့်ပေးဖို့ အတွက် မနီလာ ရင်ပြင်တွင်
ဆန္ဒပြခဲ့ကြသည်။ ဇိမ်ခံကားကြီးပေါ်မှာ သွားများပေါ်အောင် ပြုံးဖြဲနေတဲ့
သမ္မတရဲ့ ရုပ်ပုံများကို မီးရှို့ အော်ဟစ်ကြသည်။ ဖိလစ်ပိုင် လူထု
တစ်နေ့ဝင်ငွေ တစ်ဒေါ်လာအောက် ရောက်နေချိန်တွင်၊ လက်ရှိ သမ္မတ အကွီနို က
မနှစ်က အပျံစား Porsche ကားသစ်ကြီး ၀ယ်စီးခဲ့ခြင်းကြောင့် ဝေဖန်ခံခဲ့ရသည်။

ထိုင်ဝမ်၊ ဟောင်ကောင်
ထိုင်ပေမြို့တွင် အလုပ်သမား ၂၀၀၀ ကျော်
စုဝေပြီး ၀င်ငွေကွာဟချက် ကြီးမားမှုပြဿနာနှင့် လုပ်ငန်းခွင် အခြေအနေများ
တိုးတက်ကောင်းမွန်မှု ရရှိဖို့အတွက် အစိုးရကို တောင်းဆိုခဲ့သည်။
ဟောင်ကောင်တွင်လည်း အလုပ်သမား ၃၀၀၀ ခန့် အစိုးရကို ဆန္ဒပြခဲ့သည်။
မောက္ခ နိုင်ငံတကာသတင်း
Source: CNN & Al Jazeera
0 comments:
Post a Comment