Monday, May 30, 2011

ဆွန်ယက်ဆင် (၁၈၆၆-၁၉၁၂)

မူရင်းဆောင်းပါးရှင် ကျန်းလန်ရှင်းသည် တရုတ် နိုင်ငံသားဖြစ်ပြီး၊ ဗဟိုပညာရေးသိပ္ပံ အင်စတီကျု ၏ အယ်ဒီတာဘုတ်အဖွဲ့ဝင်၊ ပညာရေးသမိုင်း လေ့လာမှု တွဲဖက်ဒါရိုက်တာ၊ အကြီးတန်း သုတေသန ပညာရှင် ဖြစ်သည်။ ဆွန်ယက်ဆင်၏ ပညာရေး အမြင်များကို ပြုစုရေးသားရာတွင် ထွန်းတောက်ခဲ့သော တော်လှန်ရေးခေါင်းဆောင်ဘ၀၊ ဒီမိုကရေစီနှင့် သိပ္ပံနည်းကျ ပညာရေး၊ ဆွန်ယက်ဆင်၏ ပညာရေးဆိုင်ရာ တော်လှန်သော အယူအဆများ၊ ပြည်ပမှ ကျောင်းသားများကို ညီညွတ်စေခြင်း၊ ပညာရေး တန်းတူညီမျှမှု၊ ပညာရေးနှင့် ဖွံ့ဖြိုးရေး၊ ဆွန်ယက်ဆင်၏ ပညာရေးရှုထောင့်စုံ ဟူ၍ ခေါင်းစဉ်ငယ်များဖြင့် တင်ပြခဲ့ပါသည်။ ဘာသာပြန်သူအနေဖြင့် အပိုင်းလေးပိုင်း ခွဲတင်ပြမည်ဖြစ်ရာ အပိုင်း ၁ အဖြစ် ဆွန်ယက်ဆင်၏ ထွန်းတောက်ခဲ့သော တော်လှန်ရေး ခေါင်းဆောင်ဘ၀ အပိုင်းကို ဦးစွာ ဖော်ပြလိုက်ရပါသည်။ ဘာသာပြန်ဆိုသူ)


ဒေါက်တာဆွန်ယက်ဆင်သည် တရုတ်နိုင်ငံ မော်ဒန်ခေတ်သမိုင်း၏ မျိုးချစ်ပုဂ္ဂိုလ်ကြီး တစ်ဦး လည်းဖြစ်၊ ဒီမိုကရေစီတော်လှန်ရေး၏ ခေါင်းဆောင်ကြီး တစ်ဦးလည်း ဖြစ်လေသည်။ ချင်မင်းဆက် ၏ သက်ဦးဆံပိုင် ဘုရင်စနစ်ကို တွန်းလှန်ဖယ်ရှားရာတွင် တရုတ်ပြည်သူများ အား ဆွန်ယက်ဆင်က ဦးဆောင်ခဲ့သည်။
အနောက်ကမ္ဘာမှ သိပ္ပံနည်းကျ အသိသုတများနှင့် တရုတ်တို့အား မိတ်ဆက်ပေးခဲ့ပြီး၊ ပညာရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် အရည်အချင်း မြင့်မားသော ပညာရေးသမား မြောက်များစွာကို ပေါက်ဖွားစေခဲ့သူလည်း ဖြစ်သည်။ သူ၏ အတွေးအခေါ်များသည် တရုတ်နိုင်ငံ၏ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ မြှင့်တင်ရာတွင် ယနေ့ထက်တိုင် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိသည်။
ထွန်းတောက်ခဲ့သော တော်လှန်ရေးခေါင်းဆောင်ဘဝ
ဆွန်ယက်ဆင်အဖြစ် ကြီးပြင်းလာမည့် လူငယ်လေးတစ်ဦးဖြစ်သော ဆွန်ဝမ်ကို ကွမ်းတုန်ပြည်နယ်၊ ရှန်းဆန်းစီရင်စု (ယနေ့ခေတ်တွင် ကျုံးရှန်းစီရင်စုဟု ခေါ်ဝေါ်သည်) အတွင်းရှိ ချွေဟန်းရွာကလေးတွင် ဖွားမြင်ခဲ့သည်။ သူသည် ဆင်းရဲသော တောင်သူ မိသားစုအတွင်း မွေးဖွားလာခဲ့ရခြင်း ဖြစ်လေရကား အသက်ဆယ်နှစ်ခန့် ထိတိုင် ကျေးရွာရှိ ပုဂ္ဂလိက စာသင်ကျောင်းသို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိချေ။
သူ၏ ကြိုးစားလေ့လာဆည်းပူးမှုနှင့် ဥာဏ်ရည်ထူးချွန်မှုတို့ကြောင့် သူသည် တရုတ်ရှေးဟောင်း ကျမ်းစာများဖြစ်သော `စန်းကျီးကျင်း´နှင့် `ချန်းကျီးဝမ်´တို့အား မကြာမီတွင်ပင် ဒိုးဒိုးဒေါက်ဒေါက် ရွတ်ဆိုနိုင်ခဲ့သည်။ တရုတ်ဂန္ထ၀င် စာပေများဖြစ်သည့် (မဟာဆည်းပူးမှု၊ မျှတမှုလမ်းစဉ်၊ ကွန်ဖြူးရှပ်စာပေ လက်ရွေးစဉ် နှင့် မိန်းရှပ်စာပေ လက်ရွေးစဉ် တို့ပါဝင်သော) လေးစောင်တွဲကို လည်းကောင်း၊ (တေးသံကျမ်း၊ သမိုင်းကျမ်း၊ ယီကျမ်း၊ နီတိကျမ်း နှင့် နွေနှင့်ဆောင်းရာသီ ဘွဲ့ကျမ်း တို့ပါဝင်သော) ဂန္ထ၀င် ငါးစောင်တွဲကို လည်းကောင်း ကြိုးစားလေ့လာခဲ့ သော်လည်း သူ့အဖို့ နားလည်နိုင်စွမ်း မရှိသည်ကို တွေ့ရသဖြင့် ယင်းတို့အား လေ့လာခြင်းသည် အဓိပ္ပါယ်မရှိဟု သတ်မှတ်ခဲ့လေသည်။
တောကျေးလက်တွင် နေထိုင်ရသည် ဖြစ်သောကြောင့် ဆင်းရဲနုံချာသော တောင်သူ လယ်သမားများ၏ ဒုက္ခဘ၀များကို တွေ့မြင်ခဲ့ရပြီး၊ တရုတ်နိုင်ငံတွင် ကလေးငယ်တိုင်းသည် ဖိနပ်နှင့် ထမင်း ရှိစေရမည်၊ ဆင်းရဲဒုက္ခများကို ခံစားကြရခြင်း မရှိစေရဟူသော ခံစားမှု သူ့တွင် ဖြစ်ပေါ်လာသည်။ စာသင်ကျောင်း တက်ရောက်ခြင်း ပြီးမြောက်သည့်အခါ ဟွန်းရှုးကျွမ်နှင့် ယန်ရှူကင်းတို့၏ အကြောင်း ရှေးဟောင်း နှောင်းဖြစ်များကို တိုင်ပင်းတော်လှန်ရေးတွင် ပါဝင်ခဲ့သည့် တော်လှန်ရေးသမားဟောင်းကြီးများက ပြန်လည်ပြောဆိုမှုများကို ကြားရလေသည်။ သို့ဖြင့် သူ၏ နုနယ်သော နှလုံးသားထဲသို့ တော်လှန်ရေး မျိုးစေ့ ပေါက်ရောက်ဖွံ့ဖြိုးမှု စတင်ခဲ့လေသည်။
၁၈ရ၈ ခုနှစ်တွင် သူသည် ဇာတိရပ်ရွာကို စွန့်ခွာပြီးနောက် ဟိုနိုလူလူ၊ ကွမ်းကျိုးနှင့် ဟောင်ကောင်မြို့များသို့ ခရစ်ယာန်အသင်းအဖွဲ့တစ်ခု၏ သာသနာပြုစာသင်ကျောင်း၌ ပညာဆည်းပူးရန် ထွက်ခွာခဲ့သည်။ ၁၈၉၂ ခုနှစ်တွင် သူသည် ဟောင်ကောင်ရှိ တရုတ်ဆေးကောလိပ်မှ ဘွဲ့ကို ရရှိခဲ့လေသည်။ ၁၄ နှစ်တာ လေ့လာဆည်းပူးခဲ့ပြီးနောက် သူသည် အနောက်ကမ္ဘာ၏ ဒီမိုကရေစီစနစ်နှင့် သိပ္ပံပညာတို့ အတွင်းမှ စနစ်ကျနသော ပညာရေး တစ်ရပ်ကို ရရှိခဲ့သည်။
အထူးသဖြင့် သူသည် အေဘရာဟမ်လင်ကွန်း၊ ဂျော့ဝါရှင်တန်နှင့် အခြားပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများအား ဖတ်ရှုရခြင်းကို နှစ်သက်လာသည်။ သူသည် ဥရောပနှင့် အမေရိကန်နိုင်ငံများနှင့် ဒီမိုကရေစီ တော်လှန်ရေး ခေါင်းဆောင်များကို များစွာနှစ်ခြိုက်ပြီး၊ ထိုအတိုင်း အတုယူကျင့်သုံးရန်လည်း ကြိုးစားလာသည်။ ကိုလိုနီဝါဒကို ဆန့်ကျင်သော ဒီမိုကရေစီတော်လှန်ရေး ပြုလုပ်ရန်နှင့် နိုင်ငံလွတ်လပ်ရေး ရရှိရန်ဟူသော အယူအဆများသည် သူ့အသိဥာဏ်ထဲတွင် ဖူးငုံစ ပြုလာလေသည်။
ယင်းနှင့်ပတ်သက်၍ - "ကျွန်တော်ငယ်စဉ်က တိုင်းတစ်ပါးတွင် ပညာဆည်းပူးခဲ့ရသည်။ အနောက်တိုင်း၏ ဘာသာစကား၊ စာပေ၊ နိုင်ငံရေးနှင့် ဓလေ့ထုံးတမ်းများ၊ နက္ခတ္တဗေဒ၊ ပထ၀ီဝင်၊ ရူပဗေဒနှင့် ဓာတုဗေဒတို့ကို ကျွန်တော် ကျွမ်းဝင်လာခဲ့သည်။ ထို့ပြင် ကျွန်တော်တို့တိုင်းပြည်အား ပိုမိုသာယာဝပြောလာစေရန်၊ စစ်ရေးအင်အား တည်ဆောက်နိုင်ရန်၊ ပြည်သူအများအား ပညာပေး၍ ဓလေ့ထုံးတမ်းများကို ပြင်ဆင်ရန်တို့အား ကျွန်တော် အရေးပေးလေ့လာခဲ့သည်။ နိုင်ငံရေးအခြေအနေများ မှန်းဆရခက်ခြင်းနှင့် ကောင်းမွန်သော အိမ်နီးချင်းနိုင်ငံပီသမှု ဟန်ပန်တို့၏ အကြောင်းရင်းများကို ကိုယ့်နည်းကိုယ့်ဟန်နှင့် ယဉ်ပါးလာခဲ့ရသည်" ဟု သူကိုယ်တိုင် ရေးသားခဲ့ဖူးသည်။
၁၈၈၄ ခုနှစ်၌ တရုတ်-ပြင်သစ်စစ်ပွဲ စတင်ဖြစ်ပွားခဲ့သည်။ အချို့သော တရုတ်တပ်များက တိုက်ပွဲငယ်အချို့ကို စစ်မြေပြင်တွင် အောင်မြင်မှု ရရှိခဲ့သော်လည်း၊ ယိုယွင်းလျက်ရှိသော ချင်မင်းဆက်၏ အစိုးရသည် ပြင်သစ်တို့ထံ လက်နက်ချအညံ့ခံကြောင်း စာချုပ်ကို လက်မှတ် ရေးထိုးပေးခဲ့လေသည်။ ထိုအဖြစ်ကို စိတ်ပျက်သွားသော ဆွန်ယက်ဆင်က တရုတ်နိုင်ငံ၏ မျက်မှောက်အခြေအနေသည် အန္တရာယ် ကြီးလှသည် ဖြစ်သောကြောင့် မိမိတို့ ကိုယ်ကိုယ် ကယ်တင်ကြရလိမ့်မည်ဟု ဆိုခဲ့သည်။ ထိုအတွက် ချင်မင်းဆက်ကို ဖြုတ်ချရမည်ဖြစ်ရာ တော်လှန်ရေးလှုပ်ရှားမှုများတွင် ဆွန်ယက်ဆင်သည် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ စာသင်ကျောင်းများအား ၀ါဒဖြန့်ချိရေးအတွက် ကိရိယာများသဖွယ် အသုံးပြုခဲ့ပြီး၊ သူတတ်ကျွမ်းခဲ့သော ဆေးပညာသည်လည်း လူ့အဖွဲ့အစည်းနှင့် ဆက်ဆံရာတွင် ကြားခံတစ်ခု အဖြစ် အဆင်ပြေခဲ့ လေသည်။
၁၈၉၄ ခုနှစ်တွင် သူသည် လျို့ဝှက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရှင်းကျုံးအဖွဲ့အစည်းကို ဟိုနိုလူလူမြို့တွင် ထူထောင်ခဲ့သည်။ ၁၉၀၅ ခုနှစ်တွင်မူ ချင်မင်းဆက်အား လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြုတ်ချနိုင်ရန်အတွက် တုန်မင်းအဖွဲ့အစည်းအား ချင်မင်းဆက်ကို မလိုလားသည့် အခြားသော မဟာမိတ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဖွဲ့စည်းခဲ့ပြန်ရာ ထိုအဖွဲ့တွင် ဥက္ကဋ္ဌဖြစ်လာသည်။ "နိုင်ငံခြားသားများကို နှင်ထုတ်နိုင်ဖို့၊ တရုတ်နိုင်ငံကို ပြန်လည်ထူထောင်ဖို့၊ သမ္မတနိုင်ငံတစ်ခု ထူထောင်ရန်၊ မြေယာပိုင်ဆိုင်မှုကို မျှတစေဖို့" ဟူသည့်အချက်များကို ကိုင်စွဲလျက် သူသည် `ပြည်သူ့မူဝါဒ သုံးရပ်´ဖြင့် ရှေ့ဆက်လာခဲ့လေသည်။
ယင်းမှစ၍ ပြည်တွင်းနှင့် ပြည်ပတို့တွင် တော်လှန်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ပြီး၊ ပင်လယ်ရပ်ခြားနိုင်ငံများမှ တရုတ်လူမျိုး အဖွဲ့အစည်းများနှင့် အင်အားသစ်များကို စုစည်း ညီညွတ် စေခဲ့လေသည်။ သူသည် အောင်မြင်မှုမရရှိသော လက်နက်ကိုင် ထကြွမှုများကို ဆက်တိုက်ဆောင်ရွက်ခဲ့သည်။ အောင်မြင်မှုမရရှိခဲ့သော သူတို့၏ လက်နက်ကိုင် တော်လှန်ရေးများ ဆယ်ကြိမ်မြောက် သည့်နောက် ၁၉၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက် ၀ူချန်လူထုအုံကြွမှုတွင် အောင်မြင်မှု ရရှိခဲ့လေသည်။ ချန်မင်းဆက်သည် နောက်ဆုံးတော့ နန်းကျသွားခဲ့ရပြီ။
၁၉၁၁ ခုနှစ် ဒီဇင်ဘာလတွင်မူ ဆွန်ယက်ဆင်သည် တရုတ်သမ္မတနိုင်ငံ၏ ကြားဖြတ်အစိုးရ သမ္မတကြီးအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ယင်းနောက်တွင်မူ တော်လှန်ရေးသမားများနှင့် စစ်ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ယွမ်ရှီခိုင်တို့အကြား စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ဆွန်ယက်ဆင်အား ရာထူးမှ ဖယ်ရှားပစ်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ဆွန်ယက်ဆင်သည် တရုတ်နိုင်ငံ ခေတ်မီရေးအတွက် လှုံ့ဆော် ဆောင်ရွက်မှုများကို စတင်ပြုလုပ်ခဲ့ပြီး၊ နိုင်ငံအား စက်မှုထွန်းကားစေရေး အတွက် အစီအစဉ်များ ချမှတ်ရေးဆွဲရာတွင် သူ၏ဘ၀ကို မြှုပ်နှံထားခဲ့သည်။ သို့ရာတွင် နယ်ချဲ့များ နှင့် ကံကြွေးချ မြေပိုင်ရှင်အချို့တို့ ရှိနေဆဲဖြစ်သောကြောင့် သူ၏အားထုတ် ကြိုးပမ်းမှုများမှာ ခဲလေသမျှ သဲရေကျ ဖြစ်ခဲ့ရသည်။
၁၉၂၄ ခုနှစ်တွင် သူသည် တရုတ်ကွန်မြူနစ်များ၏ ပါဝင်မှုကြောင့် ကူမင်တန်ပါတီအား အသိအမှတ်ပြုခဲ့ပြီး၊ "ရုရှားနှင့် ညီညွတ်ရေး၊ ကွန်မြူနစ်ပါတီနှင့် ညီညွတ်ရေး၊ အလုပ်သမား၊ လယ်သမားများအား ကူညီရေး"ဟူသော မူဝါဒကြီးသုံးရပ်ကို ချမှတ်ပေးခဲ့သည်။ ထိုအခါမှသာ တရုတ်နိုင်ငံ၏ တော်လှန်ရေးသည် လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။ သို့သော် အရေးပါသော တိုးတက်မှုများ ရရှိအောင်ဆောင်ရွက်နေဆဲတွင် အလုပ်အလွန် အကျွံလုပ်ရာမှ မကျန်းမမာဖြစ်ကာ ၁၉၂၅ ခုနှစ် မတ်လ ၁၂ ရက်တွင် ဆွန်ယက်ဆင် ကွယ်လွန်ခဲ့လေသည်။ ထိုအချိန်တွင် သူ့အသက်သည် ၅၉ နှစ်သို့ ရောက်ရှိပေပြီ။
နောင်အခါ သူရေးသားပြုစုခဲ့သည်တို့ကို "ဆွန်ယက်ဆင် လက်ရာပေါင်းချုပ်"ဟူ၍ အတွဲ ၁၁ တွဲဖြင့် စုစည်းနိုင်ခဲ့သည်။ ယင်းတို့သည် တရုတ်နိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေးအတွက် ဆွန်ယက်ဆင်၏ တစ်သက်တာ အားထုတ်ကြိုးပမ်းမှုများအဖြစ် တန်ဖိုးထားခြင်းကို ခံရလေသည်။
ဆွန်ယက်ဆင်သည် တော်လှန်ရေးလှုပ်ရှားမှုများအတွက် သူ၏ သက်တမ်း နှစ်ပေါင်း ၄၀ ခန့်ကို ကုန်ဆုံးစေခဲ့ချိန်အတွင်း ပညာရေးအား လျှော့တွက်ခဲ့သည်ဟု မရှိချေ။ မူလကမူ သူသည် စာသင်ကျောင်းများအား တော်လှန်ရေးသီဝရီများကို ၀ါဒဖြန့်ချိရာ၊ တော်လှန်ရေးသမား ကေဒါများကို လေ့ကျင့်ပေးရာ အခြေစိုက် စခန်းများအဖြစ် မှတ်ယူခဲ့သည်။ ပညာရေးနှင့် ပတ်သက်၍ သီးသီးသန့်သန့် ရေးသားပြုစုခဲ့ခြင်း မရှိသော်လည်း၊ သူ၏ မိန့်ခွန်းများနှင့် `ပြည်သူ့လမ်းစဉ်သုံးရပ်´၊ `အမျိုးသားပြန်လည် ထူထောင်ရေးစီမံကိန်း´စသည့် အရေးအသား များထဲတွင် သူ၏ပညာရေး အမြင်များကို ခြေရာကောက် ကြည့်နိုင်သည်ကို တွေ့ရသည်။
သူ၏ လက်ရာများထဲတွင် ပညာရေးနှင့်ပတ်သက်ပြီး ဘက်စုံထောင့်စုံမှ ချဉ်းကပ်ထားသည်ကို တွေ့မြင်နိုင်သည်။ သူ၏ အဆိုပြုချက်များထဲတွင် ပညာရေးစနစ် ချဉ်းကပ်ပုံအသစ်တစ်ခု ကျင့်သုံးရန်နှင့် တရုတ်နှင့်အနောက်တိုင်းဓလေ့ထုံးတမ်းများကို ရောနှောနိုင်ရန် အချက်တို့ ပါဝင်သည်။ ယင်းတို့သည် ယနေ့ခေတ် တရုတ်နိုင်ငံ၏ ပညာရေးအရ ခေတ်မီတိုးတက်မှုနှင့်ပါ ကိုက်ညီဆီလျော်ဆဲ ဖြစ်သည်။
၁၉၁၁ ခုနှစ် တော်လှန်ရေးကာလအတွင်းက ပညာရေးကို  လူအများအား စည်းရုံးလှုံ့ဆော်ရန် နည်းလမ်းတစ်ရပ် အဖြစ်သာ မှတ်ယူခဲ့သည်။ သူ၏ အရင်းခံပညာရေး ဆောင်ရွက်မှုများတွင်
(က) ပြည်တွင်းနှင့် ပြည်ပတွင် တော်လှန်ရေး သတင်းစာနှင့် စာစောင်များ ထုတ်ဝေနိုင်ရန် ထူထောင်ခြင်း
(ခ) ယင်းတို့ကို အသုံးပြုခြင်းအားဖြင့် သူ၏ တော်လှန်ရေးအယူအဆများကို ၀ါဒဖြန့်နိုင်ပြီး၊ ကံကြွေးချ မြေပိုင်ရှင်စနစ်ကို ဆန့်ကျင်သည့် လှုပ်ရှားဆောင်ရွက်မှုများကို လူအများ သတိပြုမိလာစေခြင်း
(ဂ) တော်လှန်ရေးသမားများအား လေ့ကျင့် ပျိုးထောင်ပေးနိုင်မည့် စာသင်ကျောင်းပုံစံသစ်များကို ထူထောင်ခြင်း
(ဃ) ပြည်ပတွင် ပညာဆည်းပူးနေကြသော ကျောင်းသားများ၏ သတိပြုလာမှုမှတဆင့် သူတို့၏ မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာပြီး တော်လှန်ရေး လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင် လာကြစေခြင်း
(င) ကံကြွေးချ မြေပိုင်ရှင်တို့ကပေးသော အာဏာရှင်ဆန်သည့် ပညာရေးအား တော်လှန်ရေးသမားများမှ ဆန့်ကျင်ဆန္ဒပြ လာကြစေခြင်း နှင့်
(စ) တော်လှန်ရေးကို အရှိန်ုမြှင့်တင်နိုင်မည့် ပညာရေးဆိုင်ရာ တွေးခေါ်မှုများသို့ ပြုပြင်ပြောင်းလဲယူခြင်း တို့ ပါဝင်သည်။
(ဆက်လက်ဖတ်ရှုပါရန်)
ဝဏ္ဏစိုး

0 comments:

Post a Comment