Tuesday, January 17, 2012

စစ်ထောက်လှမ်းရေးခေတ်က အဖမ်းခံရတဲ့ ဦးရာဇဓမ္မ နဲ့ အင်တာဗျူး

 
ဇန်န၀ါရီ ၁၅၊ ၂၀၁၂ ဇန်န၀ါရီ ၁၃ ရက်နေ့ သာယာဝတီ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဦးရာဇ ဓမ္မ


“အစိုးရအနေနဲ့ ရိုးသားဖို့လိုတယ်။ ပွင့်လင်းဖို့လိုတယ်။ အပြောင်းအလဲကို ရဲရဲတင်းတင်းဖော်ဆောင်ဖို့လိုတယ်”

တိုင်းပြည်အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်များ မင်းကျင့်တရား ဆယ်ပါးနှင့်ညီစေဖို့ စာပေရေးသား ဖြန့်ဝေတဲ့ ဦးရာဇဓမ္မ ကို ၂၀၀၃ ခုနှစ်မှာ အမှုနဲ့ ဖမ်းဆီးပြီး ပုံနှိပ်ဥပဒေ ၁၇၊ အရေးပေါ် စီမံချက် အက်ဥပဒေ ၅ (ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် ၁၉ နှစ် အပြစ်ပေးခံခဲ့ရပါတယ်။
ထောက်လှမ်းရေးခေတ်မှာ အစိုးရကို ဝေဘန်ရေးသားတဲ့ အတွက်ကြီးလေးတဲ့ အပြစ်ဒဏ် ချမှတ်ခံရတဲ့ သံဃာတပါးဖြစ်ပါတယ်။
၈ နှစ်ကျော် အကျဉ်းကျခံရပြီးနောက် ယမန်နေ့က အကျဉ်းသား ၆၅၁ ဦးလွတ်ပေးရာမှာ သာယာဝတီ အကျဉ်းထောင်မှ လွတ်မြောက်လာပါတယ်။ ဦးရာဇဓမ္မနဲ့ YPI က မေးမြန်းထားတာကို ဖေါ်ပြပေးလိုက်ပါတယ်။)

ဝိုင်ပီအိုင်။ ။ဦးဇင်းရဲ့မွေးသက္ကရာဇ်နဲ့ သာသနာ့ဘောင်စ၀င်တဲ့အချိန်ကိုသိပါရစေ။
ဦးရာဇဓမ္မ။ ။ ၁၉၇၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ စစ်ကိုင်းမှာ မွေးတယ်။ ကိုးနှစ်သားကစပြီး သာသနာ့ဘောင်ကို ၀င်ရောက်ခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာ ဓမ္မာစရိယစာမေးပွဲပြီးတယ်။ ပြီးတဲ့နေ့မှာပဲ ဒီအမှုနဲ့ တရားစွဲခံခဲ့ရတယ်။
ထောင်ထဲမှာအစာငတ်ခံ ဆန္ဒပြတဲ့ အထဲပါပြီး သာယာဝတီထောင်ကို ရောက်ခဲ့တယ်။
ဝိုင်ပီအိုင်။ ။ဘယ်လိုအမှုနဲ့ ပြစ်ဒဏ်ချခံခဲ့ရတာလဲဘုရား။
ဦးရာဇဓမ္မ။ ။ ဦးဇင်းက တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို မင်းကျင့်တရားဆယ်ပါးနဲ့ အညီ အုပ်ချုပ်ဖို့ ဆိုပြီးတော့ စာပေရေးသား ဖြန့်ဝေတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဦးဇင်းကို ပုံနှိပ် ၁၇၊ ၅ (ည) ပုဒ်မတွေနဲ့ ထောင်ဒဏ်
၁၉ နှစ် အချခံရတယ်။ အခု ၈ နှစ်နဲ့ ၃ လောက် နေပြီးတော့ ပြန်လွတ်လာတာ။
ဝိုင်ပီအိုင်။ ။ဦးဇင်းကို ဘယ်သူက ရဟန်းအသွင်အပြင်ကနေ ပြောင်းစေခဲ့တာလဲ။
ဦးရာဇဓမ္မ။ ။ ပထမဆုံးဖမ်းတာက ထောက်လှမ်းရေးက ဖမ်းတာ။ ထောက်လှမ်းရေး ဌာနချုပ်ရောက်တော့ ဦးဇင်းကို ပထမဆုံး သိက္ခာချဖို့လုပ်တယ်။ ဦးဇင်းက သိက္ခာအချမခံတော့ သင်္ကန်းကို အတင်းချွတ်ပြီး သူတို့ဆီမှာရှိတဲ့ ပုဆိုးပိုင်းတစ်ခုကို ပတ်ပေးတယ်။ သိက္ခာချတယ်ဆိုတာ ဦးဇင်းရဲ့ ဆန္ဒ မပါဘဲ လုပ်လို့မရဘူး။ သိက္ခာချတဲ့နေရာမှာ အင်္ဂါခြောက်ပါး စုံဖို့ လိုတယ်။ အဲဒီခြောက်ပါး မစုံဘဲနဲ့ ဘယ်သူကမှ သိက္ခာချလို့မရဘူး။ သိကြားမင်း လာလုပ်တောင် မရဘူး။ ဘုရားဟောမှာကိုက အဲဒီလိုရှိတယ်။ ထောင်ထဲမှာလည်း ဦးဇင်းက ရဟန်းတစ်ပါးလိုပဲ သီလဆောက်တည်ပြီး နေခဲ့တယ်။
ဝိုင်ပီအိုင်။ ။ဦးဇင်းကို သိက္ခာချဖို့ လုပ်တဲ့အခါ အခြား ဘယ်ဦးဇင်းတွေနဲ့ သိက္ခာချစေတာလဲ။
ဦးရာဇဓမ္မ။ ။ သူတို့အပိုင် ဖြစ်တဲ့ သံဃာ့ နာယကက ဦးဇင်းတွေ ခေါ်ပြီး သိက္ခာချခိုင်းတာပါ။ အဲဒီဘုန်းကြီးတွေကိုလည်း ဦးဇင်းက စာပေအကြောင်း ပြောပြတယ်။ အဲဒီဘုန်းကြီးတွေကလည်း လက်ခံလိုက်ရတယ်။ သူတို့လည်း ဘုရားဟောကို ကျော်လို့ မရဘူးလေ။
ဝိုင်ပီအိုင်။ ။သင်္ဃန်းကို အတင်းချွတ်တယ်ဆိုတာ ဘယ်လိုနည်းနဲ့ ချွတ်တာလဲ။
ဦးရာဇဓမ္မ။ ။ သင်္ကန်းကိုသူတို့က ချွတ်ပေမယ့် ကိုယ်က ဒီ သာသနာမှာ စိတ်ကိုနှစ်ထားတဲ့အတွက် ရဟန်းအဖြစ်ပဲ ရှိသေးတယ်။ သင်္ကန်းချွတ်တဲ့နေရာမှာတော့ အတင်းကာရောလုပ်တာ မဟုတ်ပေမယ့် မချွတ်ရင် ဘာလုပ်မယ် ညာလုပ်မယ်နဲ့ ခြိမ်းခြောက်ပြောဆိုတယ်။
ဝိုင်ပီအိုင်။ ။နှိပ်စက်ခံခဲ့ရတာမျိုး ရှိပါသလား။
ဦးရာဇဓမ္မ။ ။ နှိပ်စက်တယ်ဆိုတာ ရိုက်နှက်မှမဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုမျိုးတွေ၊ အစားအသောက်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေ ရှိတယ်။ထမင်းကျွေးတယ်ပဲ ထားအုံး၊ ပဲဟင်းထဲမှာ ခဲတွေလည်း ထည့်၊ သဲတွေလည်း ထည့်တယ်။ ထမင်းဆိုလည်း တစ်လုံးချင်းကိုင်ပြီး ပစ်လို့ရတဲ့ အနေအထားမျိုးပေါ့၊ မာတယ်။ အဲလိုမျိုးတွေပေါ့။ ၂၀၀၃ ခုနှစ်က အနေအထားက တော်တော်လေးကို ဆိုးဆိုးဝါးဝါး အနေအထားပဲ။ အဲလိုမျိုး ကြုံခဲ့ရတယ်။
“—ဦးဝင်းမြ တို့ သူတို့တွေ အင်းစိန်ထောင်ထဲ သွားကြည့်တာမျိုး ရှိတယ်။ ဒါပေမယ့် ဒါတွေက ၀င်တုန်းခဏနဲ့ ရုပ်ပြအနေနဲ့ပဲ လုပ်တာများတယ်။ သူတို့လာတုန်း ထမင်းအဖြူလေးတွေ ကျွေးပြတာ ရှိမယ်—”
ဝိုင်ပီအိုင်။ ။အရင်အစိုးရလက်ထက်နဲ့ အခုအစိုရးလက်ထက် အကျဉ်းထောင်ထဲမှာ ဘာတွေ ပြောင်းလဲမှုရှိပါသလဲ။
ဦးရာဇဓမ္မ။ ။ စစ်အစိုးရ လက်ထက်မှာ ကိုယ့်ရှင်သန်မှုအတွက် မနည်းရုန်းကန်ပြီ်း နေခဲ့ရတယ်။ အစိုးရသစ်တက်ပြီး နောက်ပိုင်း အပေါ်ထပ် အဆောက်အအုံအရ အတိုင်းအတာတစ်ခုအထိ ပြုပြင် ပြောင်းလဲတယ်လို့ ပြောပေမယ့် အောက်မှာတော့ ပြုပြင်စရာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်။ အနေအထားပြောင်းလဲမှု ဆိုတဲ့နေရာမှာ သူတို့က ဦးဇင်းတို့ကို ၀ါဒဖြန့်ချိရေး အနေအထားအရ အခြေခံ အဆောက်အအုံတွေကို လုပ်ပေးတယ်။
နောက်တစ်ခုက ဦးဝင်းမြ တို့ သူတို့တွေ အင်းစိန်ထောင်ထဲ သွားကြည့်တာမျိုး ရှိတယ်။ ဒါပေမယ့် ဒါတွေက ၀င်တုန်းခဏနဲ့ ရုပ်ပြအနေနဲ့ပဲ လုပ်တာများတယ်။ သူတို့လာတုန်း ထမင်းအဖြူလေးတွေ ကျွေးပြတာ ရှိမယ်။ တကယ်တန်း သူတို့ပြန်တဲ့ အနေအထားမှာတော့ ပုံမှန်အတိုင်း ပြန်ဖြစ် သွားတာပဲ။ အခုလည်း အဲဒီလို ကြုံတွေ့ခဲ့ရတာပဲ။
ဝိုင်ပီအိုင်။ ။အကျဉ်းထောင်ထဲမှာ ရေသန့်ရရှိမှုအခြေအနေဘယ်လိုရှိပါသလဲဘုရား။
ဦးရာဇဓမ္မ။ ။ ထောင်ထဲမှာ သောက်ရေကတော့ သန့်တယ်။ ချိုးရေကတော့ ဖြစ်သလိုပဲ။ တစ်ခါတစ်လေ ရေက လာချင်မှတောင်လာတယ်။ အဲဒါမျိုးကြုံရတယ်။ သောက်ရေသန့်တယ် ဆိုတာ ရေသန့်စက် ရှိတယ်။
ဝိုင်ပီအိုင်။ ။အကျဥ်းသားတွေ စိတ်ဓာတ် သိမ်မွေ့လာအောင် တရားစခန်းတွေ ဖွင့်ပေးတယ် ဆိုတဲ့အပေါ် ရဟန်းတပါး အနေနဲ့ ဘယ်လို မြင်ပါသလဲဘုရား။
ဦးရာဇဓမ္မ။ ။ အဓိကကတော့ အကျဉ်းသားတွေ ပြုပြင် ပြောင်းလဲဖို့ထက်စာရင် သူတို့ ထောင်မှာအုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ထောင်အရာရှိပိုင်း ဆိုင်ရာတွေရဲ့ စိတ်ဓာတ်ကို ပြောင်းလဲအောင် လုပ်သင့်တယ်။ ထောင်ထဲမှာ သဘောထား
ခံယူချက် ရေးတော့လည်း ဒါတွေပဲ ရေးခဲ့တယ်။ သူတို့စနစ်ပြောင်းတယ် ဆိုရင် အဲဒီစနစ်နဲ့ လျော်ညီတဲ့ စိတ်ထားလေးတွေ ထားသင့်တယ်။ အုပ်ချုပ်သင့်တယ်။
ဝိုင်ပီအိုင်။ ။အကျဉ်းထောင်ထဲမှာ အဂတိလိုက်စားမှုတွေ များနေတယ်ဆိုတာ တကယ်လား။
ဦးရာဇဓမ္မ။ ။ အဂတိလိုက်စားမှုက ထောင်ထဲမှာ ကော်ဖီတစ်ထုပ် နှစ်ထုပ်ကစပြီးတော့ ပိုက်ဆံ သိန်းချီပြီး တောင်းနေကြတယ်။ ဒီလိုသွားနေကြတာ။ ပုံသဏ္ဍာန်မျိုးစုံနဲ့ သွားနေတာရှိတယ်။ ထောင်ထဲက ထမင်းဘုတ်ကိုင် နေရာမျိုးတွေ၊ တန်းကြီးချုပ်လို နေရာမျိုးတွေ အဲဒီလို သက်သာတဲ့ နေရာတွေရဖို့ သိန်းချီပေးရတယ်။ ရဲဘက် မလိုက်ချင်ရင် ဘယ်လောက်ပေးရမယ် ဆိုတာမျိုး၊ ဘယ်စခန်း သွားချင်ရင် ဘယ်လောက်ပေးရမယ် ဆိုတာမျိုး အင်းစိန် အကျဉ်းထောင်မှာတုန်းက ကြုံဖူးတယ်။
ဝိုင်ပီအိုင်။ ။ထောင်ထဲမှာ မိလ္လာစနစ်သန့်ရှင်းမှု ရှိပါသလား။
ဦးရာဇဓမ္မ။ ။ ပိတ်ချိန်ဖွင့်ချိန်ရှိတယ်။ ပိတ်ချိန်မှာ ဂန်ဖလားနဲ့ သုံးတယ်။ ဖွဲပြာနဲ့ သုံးတယ်။ ညဆိုလည်း အဲဒီလိုပဲ သုံးရတယ်။ ဒါပေမယ့် ဖွင့်ပေးတဲ့အချိန်မှာ အိမ်သာ ရှိတယ်။ သိပ်အကောင်းကြီးတော့ မဟုတ်ဘူး၊ ရေလောင်းအိမ်သာတော့ ရေလောင်းအိမ်သာပဲ။ ဒါပေမယ့် သန့်ရှင်းမှုပိုင်းဆိုင်ရာ အားနည်းတယ်။ မိလ္လာစနစ်က မသန့်ရှင်းဘူး။
ဝိုင်ပီအိုင်။ ။အခုလိုလွတ်မြောက်လာပြီးနောက်ဘာဆက်လုပ်ဖို့ရှိပါသလဲ။
ဦးရာဇဓမ္မ။ ။ အခုလို လွတ်မြောက်လာပြီးနောက် သင်္ကန်းပြန်ဝတ်မယ်။ သာသနာ့အကျိုးနဲ့ တိုင်းပြည်အကျိုးကို ကိုယ်တတ်နိုင်သလောက် ဆောင်ရွက်ပေးမယ်။
ဝိုင်ပီအိုင်။ ။ လက်ရှိအစိုးရကို ဘာများပြောချင်ပါသလဲ။
ဦးရာဇဓမ္မ။ ။ အစိုးရအနေနဲ့ ရိုးသားဖို့ လိုတယ်။ ပွင့်လင်းဖို့ လိုတယ်။ အပြောင်းအလဲကို ရဲရဲတင်းတင်းဖော်ဆောင်ဖို့ လိုတယ်။
ဝိုင်ပီအိုင်။ ။အခုလို ပြန်လည်ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုရား။ ။
http://moemaka.com/2012/01/talk-with-u-yaza-dama/

0 comments:

Post a Comment