Tuesday, January 3, 2012

လယ်တီဆရာတော်ဘုရားကြီးမှ ဘီးလင်းရှိ ရသေ့(သုံး,လေးဦး) အား ဆုံးမစကား

အေး….. ကောင်းပေတယ်။ သတ္တ၀ါတွေကို ကယ်ဖို့ အထူးလုပ်နေရတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ကုန်းပေါ် အရင်ရောက်အောင် ကယ်တင် ကူးမြောက်ပြီးမှ နစ်နေတဲ့လူကို ကယ်နိုင်တာ။ ခုလို ကိုယ့်တရား ကိုယ်အားထုတ်နေတာဟာ သတ္တ၀ါတွေကို ကယ်နေတာပဲ။ ဒါပေမယ့် နည်းလမ်းအခြေခံ မှန်ဖို့လိုတယ်။ ဒကာ ရသေ့ပြောတဲ့ သီလ, သစ္စာ အစရှိတဲ့ တရားတွေဟာ အခြေခံမဓာန ပါရမီတရားကောင်းကြီးတွေပဲ။  အသံအမည် တူသော်လည်း အစစ်အမှန်ဖြစ်ဖို့ မလွယ်ဘူး။

အစစ်အမှန်ဖြစ်စေဦး “ ပဏီဟိတ” မမှန်ရင်လဲ အကျိုးမများဘူး။ ပဏီဟိတဆိုတာ ရည်ရွယ်မှန်းထားတာကို ခေါ်တယ်။ နိဗ္ဗာန်ကို ရည်ရွယ်ပြီး လုပ်မှသာ သမ္မာပဏီဟိတ ဖြစ်ပြီး ဒုက္ခခံရကျိုး သာသနာနဲ့တွေ့ရကျိုး နပ်တယ်။ သတ္တ၀ါတွေအတွက်ဟု ဆို၍ မြင့်မြတ်တဲ့သဘောလက္ခဏာ ဆောင်စေကာမူ ၀ဋ္ဋဘိရတ လောကိယနယ်၌သာ တစ်စုံတစ်ခုသော တန်ခိုးအထူးဖြင့် ငြိတွယ်စေပြီး ၀ဋ်နွယ်ရှည်စေမယ့် သီလ, သစ္စာ, မေတ္တာအဓိဋ္ဌာန်နဲ့ အာနပါန တွေဖြစ်နေလျှင် ၀ဋ်ဘ၀ကူးမြောက်ကြောင်း ပါရမီဆိုတဲ့စကားနဲ့ တခြားစီ ဖြစ်တယ်။ အသံမျှသာ တူတယ် ဦးရေသ့။ အစွမ်းထက်လှတဲ့ ၀ရဇိန်လက်နက်ကို မုဆိုးလိုက်ရုံ သုံးသလို ဖြစ်နေတယ်။

သတ်သတ်လွတ်၊ မီးလွတ် စားတဲ့အကျင့်လဲ သာသနာတော်ကျင့်ထုံးမဟုတ်၊ သီလကအစ သမာဓိအဆုံး ဒါတွေအားလုံးဟာ “စရဏ” ပဲ။ ဒီစရဏမမှန်ရင် ၀ိဇ္ဇာညဏ် မရနိုင်ဘူး။ ဒီစရဏ ပါရမီ မှန်မှန်နဲ့ သက်စွန့်ကြိုးပမ်း ကမ္မဋ္ဌာန်းအားထုတ်သူများပင်လျှင် နိဗ္ဗာန်ကို လိုချင်ကာမတ္တနဲ့ မရနိုင်ဘူး။ “ပတိတတ္တော” (နိဗ္ဗာန်သို့ စေလွှတ်အပ်သောစိတ်) အမြဲရှိနေရမယ်လို့ ဟောတော်မူတာ။ ဒီဘ၀နဲ့ ဒီအလုပ်ပဲလို့ တစ်ခါထည်း ငုတ်ရိုက်ထားထားတာကို “ပဟိတ္တ” လို့ ခေါ်တာပဲ။


  • ဓာတ်လုံးဝါသနာသန်တဲ့ ပုဂ္ဂိုလ်ဟာ သွားလဲဒီစိတ်။ စားလဲ ဒီစိတ်၊ အိပ်လဲ ဒီစိတ် ရှိနေသလို ရှိနေရမယ့်ကွဲ့။ အခြေပါဒ စရဏကလဲ မခိုင်မာ၊ ရည်ရွယ်မှန်းထားချက်ကလည်း “သမ္မာပဏီဟိတ” မဖြစ်။ ပဏီဟိတ စိတ်ကလည်း မစွဲမြဲလျှင် မည်သို့ပင် ခြိုးခြံခေါင်းပါးစွာ အနှစ်တရာ၊ အထောင် ကျင့်ကြံသော်လည်း ပဋိဝေဓသို့ မဆိုက်ရောက်နိုင်ဘူး။ ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ သာသနာတော်ရိုးရာ စားဝတ်နေ ခြိုးခြံတာတွေပင်လျှင် တဒင်္ဂပဟာန်မျှသာ ဖြစ်၍ ဥပါဒါန် လွတ်မြောက်နိုင်သော အလုပ်မျိုးမဟုတ်။ တောချုံပုတ်ကို ခုတ်ထွင်ခြင်းသည် အသစ်တစ်ဖန် စည်ပင်ရန် ဖြစ်သလို နောက်ဘ၀အတွက် ဥပါဒါန်ချုံပုတ်ကြီးကို ပိုပြီး စည်ကားရန် ပြုသလို ဖြစ်နေတယ်။


  • အသက်ရာထောင်ချီပြီး ရှည်တဲ့နည်းကတော့ သာသနာ ပြင်ပမှာလဲ ရှိနိုင်တယ်၊ သာသနာတော်မှာလဲ ဣဒ္ဓိပါဒ်ဆိုတာ ရှိတယ်၊ ဒါပေမယ့် သစ္စာလေးပါးကို မြင်ကြတဲ့ အရိယာ သူတော်ကောင်းကြီးတွေဟာ တစ်ရက်နေရရင် တစ်ရက် ဒုက္ခခံရတာပဲလို့ မြင်တော်မူကြလို့ ပရိနိဗ္ဗာန် စံဝင်ရတာကို အလွန်ဝမ်းသာလေ့ရှိကြတယ်၊ အသက်ရှည်တာကို လိုလားတော်မမူကြဘူး၊ ဆံချည်မျှင်ဟာ လက်ဝါးပေါ်ကပ်နေရင် မသိသာပေမယ့် မျက်စိထဲ ၀င်ရင် အလွန်သိသာသလို ပုတုဇဉ်နဲ့ အရိယာတွေဟာ သင်္ခါရဒုက္ခကို မြင်ရာမှာ သည်မျှမက ကွာခြားတယ်။


  • အသက်ရှည်တဲ့ ၀ါဒ၊ အရိမေတ္တယျအထိ အချိန်ဆွဲတဲ့ ၀ါဒဟာလည်း မမှန်ကန်ဘူး။အရိယာ ၀ိဇ္ဇာဆိုတာလဲ ဝေါဟာရတူပေမယ့် ၀ိဇ္ဇာ, ဇော်ဂျီတွေ လမ်းစဉ်နဲ့ ဖြစ်နိုင်တာမျိုးမဟုတ်ဘူး၊ `` ပိလိန္ဒ၀စ္ဆ ´´ နဲ့ တခြားစီ မယောင်ပါနဲ့။


  • အင်းနဲ့၊ ဆေးနဲ့ ဓာတ်နဲ့ ထွက်ကြတယ်ဆိုတဲ့ ၀ိဇ္ဇာကြီးတွေ လောကမှာ အ၇ိယာဖြစ်ဖို့ဆိုတာ အလွန်မစပ်တဲ့ စကားပဲ၊ ဒါပေမယ့် သူတို့ကိုယ်သူတို့ အထင် ခံကြတယ်။ ဒါသည်ပင် အရိယလို့ ထင်နေတာလဲ ဖြစ်နိုင်တယ်။ ကမ္မဋ္ဌာန်းတွေလဲ ဟောတတ်ကြတယ်။ သမထလောက်ပဲ သူတို့လိုချင်တယ်။ သံသရာက ထွက်ရမှာကို ကိုယ်တိုင်က ကြောက်တယ်။ သူများထွက်တာကိုလဲ မလိုလားကြဘူး။


  • စစ်စစ်တော့ ဦးရသေ့.... မြတ်စွာဘုရားရဲ့ အနတ္တသာသနာ တော်ကြီးကို မှေးမှိန်အောင် သတ္တ၀ါတွေအကြိုက် ဘန်းပြပြီး ဆွဲဆောင်နေကြတာ။ ၀ိဇ္ဇာလိမ်းစဉ်ဟာ အတ္တ၀ါဒါ ကြီးပဲ။


  • အရိယာ ၀ိဇ္ဖာဆိုတာ မဂ်ဥာဏ် ဖိုလ်ဥာဏ်ကိုသာ ခေါ်တယ်။ တကယ့်သီလကို အခြေခံမှ ၇တာ၊ တန်ခိုးပြတဲ့နေ၇ာမှာ ဆင်တူ၇ိုးမှား ၇ှိသော်လည်း အခြေခံကအစ လုံးဝမတူကြဘူး၊ အတ္တ၀ါဒုပါဒါန်ကြီး တန်းလန်းနဲ့ နေကြ၇တဲ့အတိုင်း အသက်ရှည်တန်ခိုးပြတဲ့ ``လောကယတ´´ (သံသရာနယ်ချဲ့) လမ်းစဉ်မှားကြီးကို ပရိယတ် အသိဥာဏ် နည်းလျှင် နည်းသလောက် အားကိုးမှားမိရှာကြတယ်။


  • အချို့ ထွက်ရပ်ပေါက် ၀ိဇ္ဇာဆရာကြီးများသည် ``၀ိဇ္ဇာကို အားမကိုးကြနဲ့.. မ `မ´ နိုင်ဘူး´´ ဟု လေသံပစ်ကာ အထင်ကြီးအောင် တန်ခိုးပြလျက် နောက်ဆုံး သူတို့ ၀ါဒဘက်ကိုသာ ဆွဲဆောင်သွားကြ၏။ သို့ရာတွင် ရိုးဖြောင့်ဖြူစင်၍ ဗဟုသုတအမြင် ကြီးမားကြသော ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကြီး တော်တော်များများကမူ.....


`ငါတို့ကို အားမကိုးကြနဲ့၊ သူများကို ကယ်တင်တာ အရိယာအဖြစ်နဲ့ နိဗ္ဗာန်စံဝင်ရမယ်ထင်ပြီး ဂန္ဓာရီလမ်းလိုက်မိခဲ့တာ မှားကုန်ပြီ၊ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ် အခုတော့ သူတို့
(မိမိထက် ကြီးသော တန်ခိုးရှင်များ) ခိုင်းရာ လုပ်နေရတယ်၊ မင်းတို့ မမှားကြလေနဲ့´´ ဟု


နောင်တကြီးစွာ ကရုဏာကြီးစွာဖြင့် ပွင့်ပွင့်လင်းလင်းကြီး ပြောဆိုနေကြသည်ကို မကြခဏ ကြားနေရသည်။ ကျေးဇူးတင်ထိုက်လေစွ...


  • ကောက်ကျစ်စဉ်းလဲသော လောကိဝိဇ္ဇာဓိုရ်ကြီးများသည် သူတို့၏ ရုပ်ပြောင်းရုပ်လွဲ တန်ခိုးအမျိုးမျိုးပြ၍ နဂါးကို ဂဠုန်သုတ်သကဲ့သို့ အုံပြုတောင် စုပ်ယူနေကြသည်။ အရိယာဝိဇ္ဖာမဖြစ်ကြသေးသည့်အတွက် စိတ္တ၀ိပလ္လာသ ဖုံးအုပ်နေကြသောကြာင့် ခံနေကြရပေသည်။ သို့အတွက် အရိယာဝိဇ္ဇာအစစ် ``သောတပန်´´ စသည်ဖြစ်အောင် အားထုတ်ကြကုန်.......။........................ အို ...သူတော်ကောင်းအပေါင်းတို့.......


ကမ္ဘာ့အရိုးစွဲ အတ္တ၀ါဒကြီးနှင့် ယင်းတို့  အမာခံထားသော မဟာယာန ၀ိဇ္ဇာဓရ ဘေးကြီးကား ကြောက်ဖွယ်ကောင်းလေစွ။။။

0 comments:

Post a Comment