Thursday, February 24, 2011

သူတို့တွေနဲ့ မတူချင် (နန္ဒာသိန်းဇံ )



သူတို့တွေနဲ့ မတူချင် (နန္ဒာသိန်းဇံ )

ပင်လယ်ရေပြင်ကျယ်ကြီးနားရောက်တော့ လေပြင်းမုန်တိုင်းတွေ ၊ သင်္ဘောပျက်တာတွေကိုလည်း မြင်ယောင်ကြည့်ဖြစ်နေတယ်။ သဘောင်္ပျက်လို့ ဖောင်တစ်ခုပေါ်ရောက်နေတဲ့ လူတစ်စုအကြောင်းကိုလည်း အမှတ်ရပါရဲ့ ။ မသေမပျောက်ဘဲ ဖောင်ပေါ်ရောက်တဲ့အတွက် ကံကောင်းတယ်လို့ ယူဆရမှာလား .. ။

ဖောင်ပေါ်မှာက လူခုနှစ်ဦး .. ။ အဲဒီခုနှစ်ဦးထဲက တစ်ဦးကတော့ ကံကောင်းလို့ ဖောင်ပေါ်ရောက်နေတယ်လို့ မြင်ပုံမရဘူး။ သူက တစ်လောကလုံးကို အမြဲပဲအဆိုးမြင်နေတတ်တဲ့ အဆိုးမြင်ဝါဒီ Pessimist ဖြစ်တယ်တဲ့။ လောကမှာ ကောင်းမြတ်ပါပေတယ်ဆိုတဲ့ အရာတွေဟာ တကယ်တော့ လူကို ဒုက္ခပိုရောက်အောင် ဆွဲဆောင်လှည့်စားနေတာတွေဖြစ်တယ်။ ဒီတော့ .. ကောင်းမြတ်ပါပေတယ် ဆိုတာတွေဟာ တကယ်တော့ ကောင်းမြတ်တာတွေ မဟုတ်ဘူးလို့ သူကမြင်တယ်။ အခုလည်း သင်္ဘောပျက်ပြီး ဖောင်ပေါ်ရောက်နေတာဟာ ကံကောင်းလို့ ရောက်နေတာမဟုတ်ဘူး။ ဒုက္ခများများ လူမှာရောက်ဖို့အတွက် အချိန်ဆွဲထားတဲ့ သဘောပဲလို့ သူမြင်တယ်။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ အတ္တဗဟိုပြုသမား Egocentric အတ္တဗဟိုပြုဝါဒီဖြစ်တယ်။ သူ့ရဲ့ လက်သုံးစကားကတော့ ဒီကနေ့မှာ ရနိုင်သမျှ ကာမဂုဏ်အာရုံတွေကို ခံစားသာယာပစ်လိုက်ဆိုတာပဲတဲ့။ အခုလို ဖောင်ပေါ်ရောက်နေတုန်းမှာလည်း သက်သက်သာသာလေး နေလို့ရရင် သက်သက်သာသာပဲ နေလိုက်မယ်လို့ သူက သဘောထားတယ်။ အတ္တသမားပီပီ ဖောင်ပေါ်မှာ သူ့အတွက် သက်သက်သာသာ နေလို့ရအောင် ၊ သူများတွေထက် နေရာကျယ်ကျယ်ရအောင် ၊ ထိုင်နိုင် အိပ်နိုင်အောင် ယူထားတယ်။

ဖောင်ပေါ်မှာ နောက်တစ်ဦးကတော့ အကောင်းမြင်သမား Optimist ဖြစ်တယ်။ သူက အကောင်းမြင်သမားပီပီ မိုးကုပ်စက်ဝိုင်းဆီ လှမ်းမျှော်ပြီး ကမ်းကိုမြင်ရတော့မှာပါလို့ ပြောနေတယ်။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ စူးစမ်းလေ့လာရေးသမား Observer ဖြစ်တယ်။ စူးစမ်းလေ့လာရေးသမားပီပီ သူကတော့ ပင်လယ်ရဲ့ အနေအထား ၊ လှိုင်းလေတွေရဲ့ အတိုးအဆုတ် ၊ ဖောင်ပေါ်က လူတွေရဲ့ အပြုအမူ ၊ အစာငတ် ရေငတ်ဖြစ်နေကြပုံ ၊ ဖောင်ရဲ့ ပျက်စီးလုနီးနီး အခြေအနေ .. ဒါတွေကို မှတ်တမ်းတင်ဖို့ ကြိုးစားနေတယ်။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ အများအကျိုး ဆောင်ရွက်တာကောင်းတယ်လို့ ယူဆတဲ့ ပရဟိတ၀ါဒီ Altruist ဖြစ်တယ်တဲ့ .. ။ ငါဟာ သူတစ်ပါးကို အကူအညီမပေးဘဲ မနေသင့်ဘူး။ သူတစ်ပါးအကျိုးကို ရွက်ဆောင်သင့်တယ်ဆိုတဲ့ အယူအဆ ခိုင်လုံဖို့အတွက် ဆင်ခြင်ဆင်လက်တွေကို သူကရှာနေတယ်တဲ့။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ အဆိုးအကောင်းဟူသမျှကို ကြိတ်မှိတ်ပြီး ခံတတ်သူ Stoic ဖြစ်တယ်။ သူက ဘာကိုမှ မယုံကြည်ဘူး။ သူယုံကြည်တာက ပင်လယ်ထဲခုန်ချပြီး ဘ၀ကို မြန်မြန်အဆုံးစီရင်ပစ်လိုက်တော့မယ် .. ဆိုတဲ့စိတ်ဖြစ်လာတိုင်း ခုန်မချဖြစ်အောင် အဆုံးမစီရင်ဖြစ်အောင် ငြင်းဆန်နေတဲ့ သူ့ရဲ့ ငြင်းဆန်ချက်ကိုတော့ မှန်တယ်လို့ ယုံကြည်နေတာတဲ့ .. ။

ဖောင်ပေါ်က နောက်ဆုံးတစ်ဦးကတော့ လောကကြီးအကြောင်း ဘာဆိုဘာမှမသိတဲ့ ကလေးငယ်ကလေးဖြစ်တယ်။ ဖောင်ရဲ့ မခိုင်ခံ့တော့တဲ့အဖြစ် ၊ ညအမှောင်ထု ဖုံးလွှမ်းလာတော့မယ့် အဖြစ်ကို စိုးရိမ်ရကောင်းမှန်းလည်းမသိ။ မုန်တိုင်းလာတော့မယ့် အတိတ်နိမိတ်တွေကိုလည်း ကလေးငယ်ဟာ ကြောက်ရကောင်းမှန်း မသိဘူး။ ကလေးငယ်အတွက်တော့ ဖောင်ပျက်ရင်လည်း ပျက်တဲ့အထဲပါမယ် ၊ ပင်လယ်ရေထဲကျမယ် ၊ ဒီအတွက် ကလေးငယ်ဟာ တွေးလည်းမတွေးတတ်ဘူး။ ဒီတော့ ကြောက်ရကောင်းမှန်းလည်း မသိဘူး။ စိုးရိမ်ထိတ်လန့်မှုလည်း မရှိဘူး။ အခြေအနေပေးရင်လည်း မိုးလင်းတဲ့အခါ ကမ်းခြေကို ဖောင်ဆိုက်မယ်။ ကလေးငယ်ဟာ ကမ်းပေါ်ရောက်မယ်။ ကလေးငယ်ရဲ့ ဘ၀ဟာ ၊ အခြေအနေတွေဟာ ဖန်တီးတဲ့အတိုင်း ဖြစ်မှာပဲ။

ဖောင်ပေါ်က လူခုနှစ်ဦးဟာ လောကမှာရှိတဲ့ လူတွေမှာ ဖြစ်တတ်တဲ့ သဘောထားခုနှစ်မျိုးကို ရည်ညွှန်းထားတာ ၊ လောကနဲ့ ဘ၀ကို အကောင်းမြင်တဲ့လူရှိတယ်။ အကောင်းမြင်ပေမယ့် လက်တွေ့မှာ ကောင်းတာ ၊ မှန်တာတွေကို မလုပ်နိုင်သူ မဖြစ်ဖို့လည်း လိုမှာပဲ။ လောကနဲ့ဘ၀ကို အဆိုးဘက်က ကြည့်မြင်တဲ့လူလည်း ရှိတာပဲ။ အဆိုးမြင်ရာကနေပြီး စိတ်ဓာတ်တွေကျဆင်း ပြိုကွဲသွားသူမျိုး မဖြစ်ဖို့လည်း လိုလိမ့်မယ် .. ။ ပြီးတော့ လူ့လောကမှာ အတ္တဗဟိုပြုသမားတွေလည်း ရှိတယ်။ ဒီလူတွေကတော့ ဘယ်သူသေသေ ၊ ငါတေမာရင်ပြီးရော .. ဆိုတာလို သူတစ်ပါးတွေ ဘယ်လိုဒုက္ခတွေ ရောက်ရောက် ၊ ငါကောင်းစားချမ်းသာရင် ပြီးရောဆိုပြီး သဘောထားတယ်။ ဒီသဘောထားနဲ့ ကိုယ့်အကျိုး ကိုယ့်စီးပွားကိုပဲ ရှာရင်း လောကကြီးကို အရုပ်ဆိုးအောင် လုပ်ကြတယ်။

ပရသမားကတော့ အများအကျိုးသယ်ပိုးခြင်းဟာ ကောင်းတယ်လို့မြင်တယ်။ ဒါပေမယ့် ပရသမား အရေအတွက်ဟာ လူ့လောကမှာ အရေအတွက်အားဖြင့် သိပ်ကိုနည်းတယ်ဆိုတာ တွေ့နိုင်တယ်။

ဖောင်ပေါ်က ကလေးငယ်လို ဘာကိုမှ အလေးအနက်မသိသူ ၊ ဘာကိုမှ အလေးအနက်မထားသူ .. ဖြစ်သလို ကြုံသလို နေသူတွေလည်းရှိမယ်။ ဖြစ်ချိန်တန်ဖြစ် ၊ ပျက်ချိန်တန်ပျက် ၊ သူ့သဘော သူဆောင်သွားလိမ့်မယ်လို့ သဘောထားသူတွေလည်း ရှိမယ်။ အများကြီးရှိနေလိမ့်မယ်လို့ .. တွေးရင်း .. ဖောင်ပေါ်က လူအမျိုးအစား ခုနှစ်မျိုးထဲမှာ ငါ .. ဘယ်အမျိုးအစားမှာ ပါသလဲ .. လို့တွေးတယ်။ ဘယ်အမျိုးအစားထဲမှာမှ မပါချင်ဘူးလို့ စိတ်ထဲမှာ ပြောလည်းပြောလိုက်ရော .. ကျောက်ဆောင်ကို ရိုက်လိုက်တဲ့ လှိုင်းကနေ စင်လာတဲ့ ရေတွေက တစ်ကိုယ်လုံးကို တုပ်တုပ်နစ်အောင် ရွှဲစိုသွားတယ်။ ပြန်လှည့်ဆင်းသွားတဲ့ ပင်လယ်ရေရဲ့အသံဟာ တဟားဟားရယ်မောသွားသလိုပဲ


နန္ဒာသိန်းဇံ ( အင်တာဗျူး ဂျာနယ် ၊ အမှတ်-၁၂၁ ၊ ၀၃-၀၄-၂၀၀၂ )



ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ စာစုများ ၁

၁.စိတ်ဆိုးနေတဲ့ အခါ ကောင်းတဲ့စိတ်နဲ့ လဲ လိုက်ပါ၊ ရှုပ်နေရင် ရှင်းတဲ့ စိတ်၊ ပူနေရင် အေးတဲ့ စိတ်၊ နောက်နေရင် ကြည်တဲ့ စိတ်နဲ့ ချက်ချင်း လဲလိုက်ပါ။
၂.ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့ လူ၊ မကောင်းတာကို လုပ်ဖို့ လွယ်တယ်ဆိုရင် ဘယ်လိုလူဆိုတာ သိလိုက်ပါ။
၃.သူများ ပေးစာ ကျွေးစာ တစ်ထောင်ဖိုး စားရတာထက် ကိုယ့်လုပ်စာ တစ်ကျပ်ဖိုးက ပိုပြီး မြိန်တယ်။
၎.လေးစားထိုက်သူရဲ့ စကားကိုမှ နားထောင်ကြတာ။ ကိုယ့်စကား နားထောင်စေချင်ရင် လေးစားထိုက်အောင် နေပေါ့။
၅.၀မ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ။ ၀မ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ။ ဘာမျှ မယ်မယ်ရရ မရှိခဲ့ပါဘူး၊ အသိဥာဏ်တိုးပြီး လူဖြစ်ကျိုးနပ်တယ် ဆိုလို့ တော်သေးတာပေါ့။
၆.ငါ အတော်ဆုံး လို့ ထင်နေရင် အဖျင်းဆုံး အဆင့်ကို ရောက်သွားပြီ။
၇.တခြားပစ္စည်းတွေကို ရောင်းလိုက်ရင် အရှုံးမဟုတ် အမြတ်ရသေးတယ်၊ စိတ်ချမ်းသာမှုကို ရောင်းစားရင် အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်။ စိတ်ချမ်းသာမှုကို ဘာနဲ့မျှ ရောင်းမစားပါနဲ့။
၈.ကောင်းတဲ့အလုပ်ဟာ နောက်ကျတယ် ဆိုတာ မရှိပါဘူး၊ လုပ်ငန်း မစရသေးတာပဲရှိတယ်။
၉.စေတနာကောင်းနဲ့ ပြည့်ပြည့်စုံစုံ ကျွေးလိုက်ရလို့ ၀မ်းသာတယ်ဆိုရင် သူစားနိုင်သလောက် စားတာကိုလည်း ကျေနပ်နိုင်ပါစေ။
၁၀.မမှားသော ရှေ့နေ မသေသော ဆေးသမား တဲ့၊ ဒီဖြေဆေးဟာ ဆေးယဉ် သွားရင် ရောဂါကျွမ်းတတ်တယ်၊ မမှားတာ အကောင်းဆုံးပဲ။
၁၁.အမြင့်ရောက်မှ အမြင် ကျယ်တာထက် အမြင်ကျယ်လို့ အမြင့်ရောက်တာက ပိုကောင်းတယ်။
၁၂.ဘေး ကို ကြည့်လွန်းအားကြီးရင် ဘေး တွေ့တတ်တယ်။
၁၃.ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့ ဖြစ်နိုင်တာတွေပါ ဆုံးရှုံးလိုက်ရပြီ။ ဖြစ်နိုင်တာကိုသာ ဦးစားပေးရင် ဖြစ်ချင်တာတွေပါ အားလုံး ဖြစ်လာမယ်။
၁၄.လုပ်သင့်တာကို မလုပ်မိရင် မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်။
၁၅.တစ်ခါမှားမိရင်ပဲ ပေးဆပ်ရတဲ့ အကြွေးက တိုး ရင်းပေါင်း များလှပါတယ်။ ပေးဆပ်လို့ မရနိုင်တဲ့ အမှားမျိုးကတော့ အဆိုးဆုံးပဲ။
၁၆.အထွတ်အထိပ်ကို ရောက်သွားသူတိုင်း အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှား ခဲ့ရတာတွေချည်းပါပဲ။
၁၇.မြင်တဲ့ အတိုင်း အမှန် ဖြစ်မှ အမှန် အတိုင်း မြင်တယ် ခေါ်တယ်။ မြင်တဲ့ အတိုင်း မှန်, မမှန် ကြားတဲ့ အတိုင်း မှန်, မမှန် ဆန်းစစ်ရမယ်။
၁၈.အရာရာကို အောင်မြင်နိုင်ဖို့ မိမိရဲ့ အရာရောက်မှုကို မြှင့်တင်ပေးရမယ်။
၁၉.အဟုတ်ပါလား လို့ ထင်ထားသမျှတွေဟာ လွဲနေတတ်သလို မဟုတ်ဘူးလို့ မြင်သမျှတွေကလည်း မှန်နေတတ်ပြန်တယ်။
၂၀.ကိုယ့်စကားကို နားထောင်စေချင်ရင် သူ့စကားကို အရင် သေသေချာချာ နားထောင်ပေးလိုက်ပါဦး။




ကမ္ဘာကျော်တို့ရဲ့ တန်ဖိုးရှိသောစကားများ.......

.....လူသားတို့သည် မိမိတို့၏ နေ့စဉ်ဘ၀များတွင် ကိုယ်.စိတ်နှစ်ပါး ကျန်းမာချမ်းသာစေရေးအတွက် အာဟာရဓါတ်ပြည့်ဝရန်အရေးကြီးပါတယ်. ရုပ်ပိုင်းဆိုင်ရာတွင် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အစားအစာကို သင့်တင့်မျှတစွာ စားသောက်မှု.ရာသီအလိုက် ဂရုတစိုက်နေထိုင်တတ်မှုတို့ လိုအပ်ပါတယ်. စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း စိတ်အားဖြည့်ဓါတ်စာ စာပေဗဟုသုတများနှင့် ပြည့်စုံရန် လိုအပ်ပါတယ်.မိမိ၏ စိတ်ဓါတ်ကို ခိုင်မာစေရန်. တည်ငြိမ်ရင့်ကျက်စေရန်
.စိတ်ဓါတ်ခွန်အားမြင့်မားစေရန်နှင့် သင့်တင့်လျောက်ပတ်စွာ တွေးခေါ်မျှော်မြင်တတ်စေရန်အတွက် စာကောင်းပေကောင်းများ.တန်ဖိုးရှိသောစာပေများကို အထူးလေ့လာမှတ်သားရမှာ ဖြစ်ပါတယ်.
.....သုတေသီဘုန်းမြင့်သွေး ပြုစုထားတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ အတွေ့အကြုံ.ဗဟုသုတ.အခက်အခဲများကြားမှ ပေါ်ထွက်လာတဲ့ ဒဿနတွေဟာ မှတ်သားနာယူဖွယ် ကောင်းလှပါတယ်. ဒီစာစုလေးတွေကို နှစ်သက်လို့ ကမ္ဘာသစ်မှ သူငယ်ချင်းများလည်း လိုက်နာကျင့်သုံးနိုင်ရန်နဲ့ စဉ်းစားတွေးခေါ်နိုင်ရန် ရေးသားတင်ပြပေးလိုက်ပါတယ်.....


(၁) ဗဟုသုတသည် ရတနာတစ်ပါး လေ့လာခြင်းသည် ရတနာသိုက်ကို ဖွင့်ရန်.........သော့။

(၂) ပြန်လည်စဉ်းစား တွေးခေါ်ခြင်းမပြုဘဲ စာဖတ်နေခြင်းဟာ ချေဖျက်မှုမရှိဘဲ အစာစားနေခြင်းနှင့်တူသည်။
( အီမန်ဘတ်ခ် )

(၃) အောင်မြင်မှု၏ လျို့ဝှက်ချက်မှာ ရည်ရွယ်ချက်၌ တစိုက်မတ်မတ်လုပ်ခြင်းပင်ဖြစ်သည်။
( ဘင်ဂျမင်ဒစ်ဆရေလီ )

(၄) အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့် တန်ဖိုးရှိသောသူဖြစ်အောင်ကြိုးစားပါ။
( အယ်ဘတ်အိုက်စတိုင်း )

(၅) လူတစ်ယောက်၏ ကံကြမ္မာသည် သူ၏စိတ်ထားပင်ဖြစ်သည်။
( ဘင်ဂျမင်ဒစ်ဆရေလီ )

(၆) လူသားတို့၏ ဘ၀တွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိသည်ကို သတိရပါ။ ထို့ကြောင့် အဆင်ပြေသည့်အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌ အလွန်အမင်း စိတ်ဓါတ်ကျခြင်း မဖြစ်ပါနှင့်။ ( ဟင်းရစ်အစ်ဆန် )

(၇) ကျွန်ုပ်၏ခွန်အားသည် လူဆယ်ယောက်၏ ခွန်အားနှင့် ညီမျှတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်ုပ်၏ နှလုံးသားမှာ ဖြူစင်နေသောကြောင့်ဖြစ်တယ်။ ( အဲဖရက်တင်နီဆင် )

(၈) ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်ရဲ့ သင်္ကေတဖြစ်တယ်။
( အီစွတ် )

(၉) မိမိကိုယ်မိမိယုံကြည့်ခြင်းက သူရဲကောင်းပီသမှုရဲ့ အနှစ်သာရဖြစ်တယ်။
( အေဘရာဟင်လင်ကွန်း )

(၁၀) အောင်ပွဲဆိုတာ အစွဲမြဲဆုံးလုပ်ဆောင်သူနဲ့သာ ဆိုင်သည်။
( နပိုလီယန်ဘိုနာပက် )

(၁၁) စာဖတ်ခြင်းဟာ ပြည့်ဝသောလူတစ်ယောက်ဖြစ်စေတယ်. ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ်. မှတ်သားခြင်းက တိကျသော လူတစ်ယောက်ဖြစ်စေတယ်.
( ဆာဖရန်စစ်ဘေကွန် )

(၁၂) တိုးတက်မှုဆိုသည်မှာ ယနေ့လုပ်ဆောင်မှုများဖြစ်၍ နက်ဖြန်အတွက် သေချာမှုပင်ဖြစ်တယ်။
( လီယိုနာဒိုဒါဗင်ချီ )

(၁၃) လွတ်လပ်ခြင်းကို မြတ်နိုးတာဟာ လူသားတွေကိုမေတ္တာထားခြင်းပဲဖြစ်တယ်. အာဏာကို ချစ်မြတ်နိုးတာကတော့ ကိုယ့်ကိုယ်ကို ချစ်ခြင်းပါဘဲ။ ( ၀ီလျမ်ဟိုဇက်လစ် )

(၁၄) ရိုးသားခြင်းက အကောင်းဆုံးမူဝါဒဖြစ်တယ်။
( ဆာဗန်တီ )

(၁၅) လူများသည် ခွန်အားလိုအပ်နေခြင်း မဟုတ်၊ စိတ်ဓါတ်အင်အား လိုအပ်နေကြခြင်းဖြစ်တယ်။
( ဗစ်တာဟူဂို )

(၁၆) သူတစ်ပါးကို ထိခိုက်နာကျင်စေခြင်းထက် မိမိကအနစ်နာခံလိုက်သည်က ပိုကောင်းတယ်။
( ချားဒါဝင် )

(၁၇) မိမိကိုယ်မိမိအောင်နိုင်ခြင်းဟာ အောင်ပွဲများအနက် အကြီးမားဆုံးသောအောင်ပွဲပင်ဖြစ်တယ်။
( ပလေတို )

(၁၈) စာဖတ်နည်းအတတ်မှာ လေ့လာဆည်းပူးခြင်းအတတ်ကဲ့သို့ပင်ဖြစ်တယ် လိုအပ်သည်များကို မှတ်သားရန်နှင့် မလိုအပ်သည်များကို မေ့ပစ်ရန်ဖြစ်တယ်။ ( အဒေါ့ဟစ်တလာ )

(၁၉) စရိုက်၌လည်းကောင်း၊ အပြုအမူ၌လည်းကောင်း၊ ဟန်၌လည်းကောင်း၊ အရာအားလုံး၌လည်းကောင်း အဓိကအကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်တယ်။ ( လောင်ဖဲလိုး )

(၂၀) စိတ်ထားပြည့်ဝကောင်းမွန်သောသူတွင် မနာလိုစိတ်မရှိ။ ( ပလေတို )

(၂၁) ဘာသာတရားများစွာ ရှိသော်လည်း၊ ကိုယ်ကျင့်တရားတစ်ခုသာရှိတယ်။ ( ဂျွန်ရပ်(စ်)ကင်း )

(၂၂) လောက၌ အဆင်မပြေသောအရာများကို တွေ့သောအခါ ရယ်မောခြင်းဖြင့် ခွင့်လွတ်နိုင်ပါစေ။
( ပလေတို )

(၂၃) သင်ကံဆိုးခြင်းသည် ရုပ်ဖျက်ထားသော ကံကောင်းခြင်းပင်ဖြစ်၏။
ထို့ကြောင့် ဒုက္ခကြုံတွေ့ပါလျှင် ဒုက္ခထဲမှ အမြတ်ထွက်အောင် ကြိုးပမ်းရမည်။
သံပုရာသီးရလာလျှင် ချဉ်လှချေလားဟု ပြောနေမည့်အစား သံပုရာဖျော်ပါဟု ပြောလိုက်ပါ။
( ဒေးလ်ကာနက်ဂျီ )

(၂၄) အောင်မြင်နေသူများသည် စိတ်မညစ်၊ စိတ်မပျက်ဘဲ ဇွဲမလျော့သူများသာဖြစ်သည်။ ( အဂ္ဂါး )

(၂၅) စိတ်မချမ်းမြေ့ မကြည်သာရခြင်း၏ အကြောင်းရင်းမှာ သင့်ကိုယ်သင် ပျော်သည် မပျော်သည်ကို
စစ်ဆေးနေဖို့ အချိန် အပိုရနေခြင်းကြောင့်ဖြစ်သည်။ ( ဘားနတ်ရှော )

(၂၆) အမှန်တရားသည် စကားလုံးမဟုတ်၊ တကယ်တမ်းကျင့်သုံးမှု၌သာ တည်ရှိလေသည်။ ( မဟတ္တမဂန္ဒီ )

(၂၇) သင်၏စိတ်၌ ကြီးကျယ်မြင့်မြတ်သော စိတ်ကူးစိတ်သန်းတို့ဖြင့် အစဉ်ပြည့်လျှမ်းနေပါစေ။
( ဘင်ဂျာမင်ဒစ်ရေလီ )

(၂၈) စိတ်ကို တည်ငြိမ်အောင်ထိန်းပါ။ ကြံ့ခိုင်မှုနှင့် သည်းခံခြင်းစိတ်ဓါတ်ကို မွေးဖွားပါ။
ဒုက္ခမှန်သမျှကို သတ္တိရှိစွာ ရင်ဆိုင်ပါ။ အစွမ်းအစတုံးခြင်းနှင့် အသိဥာဏ်ခေါင်းပါးခြင်း အတွေးအခေါ်ဟူသမျှကို
လုံးဝ လက်မခံပါနှင့်။
( ဒေါက်တာဝီလျံအိုစလာ )

(၂၉) ထာဝရ နုပျိုနေပါစေ၊ ရဲရဲလုပ်ပါ၊ သတ္တိရှိစွာနေထိုင်ပါ၊ ဘ၀ဟူသည် မွေးဖွားခြင်းကစသည်ဟု မယူဆအပ်။
တစ်နည်းအားဖြင့် မိမိ၏ဘ၀မိမိဖန်တီးနေသည်မှ စတင်ခြင်းဖြစ်လေသည်။ အချိန်ကိုမဖြုန်းပါနှင့်၊
သင့်ကိုယ်သင်လည်း နှစ်အသင်္ချေနေရမည့်သူကဲ့သို့ ကျင့်မနေပါနှင့်။ အခွင့်အရေးရလျှင်ရသလိုယူပါ၊
ကြောက်ရွံ့သောစိတ်ကို ဖျောက်ပစ်ပါ။ လောကတွင် ဒုစရိုက်မှတစ်ပါး သင်မလုပ်ရဲသောအလုပ်ဟူ၍
မရှိပါစေနှင့်။ အလုပ်ဖြင့် သင့်ဘ၀ကို တည်ဆောက်ပါ။
( မာကပ်စ်သြဂီုလီးယပ်စ် )

(၃၀) ဒုက္ခတွေ့လာပါစေ၊ ဖယ်ကျဉ်ခြင်းခံရပါစေ၊ စိတ်သောကဖြစ်ဖွယ်ရာတွေနှင့်လည်း ကြုံကြိုက်ပါစေ၊
ကျွန်ုပ်တို့ ရင်ဆိုင်ရမည်သာဖြစ်၏။ ခံနိုင်ရည်ရှိဖို့သာလိုသည်။ ထိုအခါ ကျွန်ုပ်တို့သည် အမှောင်စိတ်၏
လွှမ်းမိုးခြင်းကို ခံရတော့မယ်မဟုတ်ပေ။
( အမည်မသိစာဆို )

(၃၁) တန်ဖိုးရှိသောသူသာလျှင် လူ၌ရှိသောတန်ဖိုးကို သိရှိနိုင်လေသည်။
( သောမတ်စ်ကာလိုင်း )

(၃၂) မိမိစိတ်ကို အမြဲပျော်ရွှင်ကြည်လင်အောင် လုပ်ထားပါ။ ရယ်မောပျော်ရွှင်ရခြင်းသည် အဖိုးတန်ဆုံးသောဆုလာဒ်ကြီးဖြစ်၏။ အစွမ်းထက်သောဆေးတစ်ဖုံလည်းဖြစ်သည်။
( အမည်မသိစာဆို )

(၃၃) ဘ၀ကိုမြတ်နိုးလျှင် အချိန်မဖြုန်းပါနှင့်၊ အချိန်ဖြင့်သာ ဘ၀ကိုတည်ဆောက်ပါလေ။
( ဘင်ဂျမင်ဖရန်ကလင် )

(၃၄) မကောင်းမှုပြုလုပ်ရန် အခွင့်အလမ်းကို တစ်နေ့လျှင် အကြိမ်တစ်ရာ ကြုံတွေ့ရသော်လည်း
ကောင်းမှုပြုရန် အခွင့်အလမ်းကား တစ်နှစ်လျှင် တစ်ကြိမ်ခန့်သာ ကြုံတွေ့ရ၏။
( ဗောလတဲယား )

(၃၅) လူကိုဦးကျိုးစေပြီး လူ၏တက်ကြွသောစိတ်ဓါတ်ကျဆင်းစေသည့်အရာများကား
ပူပန်ခြင်း၊ သံသယစိတ်ဖြစ်ပေါ်စေခြင်း၊ ကိုယ့်ကိုယ်ကို မယုံကြည်ခြင်း၊ ကြောက်တတ်ခြင်းနှင့်
စိတ်ပျက်ခြင်းတို့သာဖြစ်သည်။ ( မက်အာသာ )

*** စိတ်ကြည်လင်ချမ်းသာအောင်မြင်ရေးအတွက်ဆရာတော်ဦးဇောတိက၊မဟာမြိုင်တောရ၏ လမ်းညွှန်သြ၀ါဒများအား ဆရာသုတေသီဘုန်းမြင့်သွေးရဲ့စုစည်းပူဇော်ခြင်းကို ကမ္ဘာသစ်ဓမ္မမိတ်ဆွေ.
သူငယ်ချင်းများအားလုံးစိတ်နှလုံးချမ်းမြေ့စေဖို့ အတွက် မျှဝေပေးလိုက်ပါတယ်ရှင်...
(၁) အတွေးစိတ်မှာ
...*တကယ်ကြီးကျယ်တဲ့၊ ထိရောက်တဲ့၊ ကိုယ့်အတွက် စိတ်ကျေနပ်မှု အများဆုံးရတဲ့အလုပ်၊ကိုယ့်အရည်အချင်း တွေလည်း အများဆုံးထုတ်ပြီးသုံးရတဲ့အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှားအဆိုးတွေကို တွေးဖို့မသင့်ဘူး။
(စိတ်နှလုံးရွှင်လန်းစေဖို့မှ)

(၂) မနေတတ်ရင် စိတ်ဆင်းရဲမယ်
...*လူ့လောကမှာလှုပ်ရှားသွားလာနေတဲ့အခါ အဆင်မပြေတာ မတွေ့ရအောင်ကတော့ နေလို့ကို မရပါဘူး။
လောကရဲ့ သဘာဝကိုက အဆင်မပြေတာအမြဲရှိနေတာဘဲ။
လောကကြီးဟာ ကိုယ်စိတ်တိုင်းကျ ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူး။
အဲဒီလို စိတ်တိုင်းကျမဖြစ်တာကိုဘဲ ကိုယ်ကမနေတတ်လို့ရှိရင်အများကြီးစိတ်ပင်ပန်းမယ်။
အဲဒီတော့ နေတတ်ဖို့ဘဲ လိုပါတယ်။
(အရှုပ်ထဲမှာ ရှင်းအောင်နေ တရားတော်မှ)

(၃) စိတ်ဓါတ်ပြည့်ဝမှသာ
...*အောင်မြင်မှုဆိုတာ မှန်ကန်တဲ့စိတ်ထား၊ အောင်မြင်မှုဆိုတာ စိတ်ဓါတ်အရည်အသွေးပြည့်ဝသူတွေသာ ရရှိ
ပိုင်ဆိုင်နိုင်တယ်။

(၄) စိတ်နေသဘောထားမြင့်လာအောင်
...*လုပ်သမျှကိစ္စတွေကို သတိကပ်ပြီးတော့ လုပ်တဲ့အလေ့အကျင့်ကို များများလုပ်လာရင် စိတ်နေသဘောထား
အဆင့်အတန်းမြင့်လာမယ်။
အသိဥာဏ်တွေ ပိုပြီးတော့ လေးနက်ရင့်ကျက်လာမယ်။ လုပ်တဲ့အလုပ်တွေလည်း
အရည်အသွေးပိုပြီး ကောင်းလာမယ်။ ဒါမှ ဘ၀ကို ပိုပြီးကျေနပ်မှု ရမယ်။ ဘ၀ရဲ့ အဓိပ္ပါယ်လည်း
လေးနက်မှု ပိုရှိလာမယ်။ (ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန် သတိဖြင့် နေထိုင်ခြင်းမှ)


(၅) ကိုယ့်စိတ်ကိုယ့်အတွေးကြောင့်
...*ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင် လုပ်တာဟာသူများမဟုတ်ပါဘူး။ ကိုယ့်စိတ်ပါ။
ကိုယ့်အတွေးပါ။ ကိုယ့်သဘောထားမှားနေလို့၊ ကိုယ့်အတွေးအခေါ်တွေမှားနေလို့၊ ကိုယ့်စိတ်ကို နားမလည်လို့၊
ကိုယ့်စိတ်ကို ကိုယ် တည်ငြိမ်အောင်၊ အေးချမ်းအောင် မထားတတ်လို့ အဲဒီစိတ်က အမျိုးမျိုးတွေးပြီးတော့
ကိုယ့်ကိုယ်ကိုယ် ပြန်နှိပ်စက်တာပါ။

(၆) တရားသည် စိတ်၏နားခိုရာ
...*လှတာဟာစိတ်ကိုအနားရစေတယ်။ စိတ်ဟာ လှတဲ့နေရာမှာ အနားယူတယ်။ တရားဟာလည်း
စိတ်ရဲ့နားခိုစရာ တစ်ခုဖြစ်ပါတယ်။ (အလှတရားမှ အမှန်တရားသို့)

(၇) အမြင့်မားဆုံး စိတ်ထားဆုံးရှုံးရင်
...*ပစ္စည်းဥစ္စာဆုံးရှုံးတာ၊ ရာထူးဆုံးရှုံးတာဟာ အကြီးမားဆုံး ဆုံးရှုံးမှု မဟုတ်သေးဘူး။ ကိုယ့်ရင်ထဲကအမြင့်မြတ်ဆုံးစိတ်ထားဆုံးရှုံးသွားတာကမှ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်။
(သိစရာတွေးစရာ၊ နှာ-၃)

(၈) စိတ်ကျေနပ်မှုထဲမှာ
...*ကိုယ့်အရည်အချင်းတွေ၊ကိုယ့်ပါရမီဓာတ်ခံတွေ၊ ကိုယ့်စွမ်းရည်သတ္တိတွေကို အကောင်အထည်ဖော်လိုက်ရင်
ဖော်လိုက်သလောက်ပဲ လူသားတွေအနေနဲ့ ရရှိခံစားနိုင်တဲ့ စိတ်ကျေနပ်မှုထဲမှာ အလေးနက်ဆုံး
ကျေနပ်မှုမျိုးကို ခံစားရမယ်။ (သိစရာတွေးစရာ၊ နှာ-၅၉)

(၉) စိတ်ထားမပြောင်းရင်
...*ကိုယ့်စိတ်ထားနဲ့ ကိုယ့်လုပ်ပုံကိုင်ပုံ မပြောင်းနိုင်ရင် ကိုယ်တွေ့နေကျအခက်အခဲကို တွေ့နေဦးမှာဘဲ။
(သိစရာ တွေးစရာ၊နှာ-၁၆)

(၁၀) စိတ်ပိုင်းကို ပိုပြီးတော့အလေးထား
...*ဘ၀ကိုအောင်အောင်မြင်မြင်နေသွားချင်တယ်ဆိုရင် ရုပ်ပိုင်းကို
အဓိကထားတတ်တဲ့သဘောထားကို ကျော်လွန်ပြီးတော့ စိတ်ပိုင်းကို
ပိုပြီး အလေးထားတတ်တဲ့ အကျင့်ကိုလုပ်ရမယ်။ (သိစရာ တွေးစရာ၊နှာ-၄)

(၁၁) အရင်တုန်းကစိတ်ဥာဏ်ထက်သာအောင်
...*အရင်တုန်းကထက် စိတ်ထားတွေ၊ သဘောထားတွေ၊ အသိဥာဏ်တွေသာတဲ့လူတစ်ယောက်ဖြစ်လာအောင်
လုပ်နေတာကိုကကိုယ့်လိုအပ်ချက်ကို ကိုယ်ဖြည့်ဆည်းနေတာဘဲ။ (သိစရာ တွေးစရာ၊နှာ-၆၀)

ပေးပို့လာသူ ကိုညီညီအောင်အားကျေးဇူးတင်ပါသည်။
 အားလုံးကျန်းမာကြပါစေ

0 comments:

Post a Comment