Thursday, October 8, 2009

ဖမ်းဆီးသံဃာများ ပြန်လွှတ်ရန် တောင်းဆိုစာများ စစ်တွေတွင် ဖြန့်ဝေ

ငြိမ်းချမ်း
အင်္ဂါနေ့၊ အောက်တိုဘာလ 06 ရက် 2009 ခုနှစ် 18 နာရီ 13 မိနစ်
ဒါကာ (မဇ္ဈိမ)။ ။ ဖမ်းဆီးသံဃာများ ပြန်လွှတ်ပေးရန် တောင်းဆိုစာများ ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြီးခဲ့သည့် စနေနေ့တွင် လိုက်လံ ဖြန့်ဝေ ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

သီတင်းကျွတ် လပြည့်နေ့နှင့် သံဃာတော်များက တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်သည့်နေ့တွင် အမည်မသိ လူငယ်များက လူစည်ကားရာ စစ်တွေမြို့ ဆရာတော်ဦးဥတ္တမ ပန်းခြံ၊ ဈေးကြီး၊ ဆေးရုံကြီးလမ်းဆုံနှင့် ကျောင်းများ၌ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

“အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေကို အမြန်ဆုံး လွှတ်ပေးဖို့၊ ၂၀၀၇ ခုနှစ် စက်တင်ဘာလ မေတ္တာပို့ ဆုတောင်းပွဲ ကာလမှာ သံဃာတော်တွေကို ဖမ်းဆီးသတ်ဖြတ်ထားတဲ့အပေါ် နအဖ စစ်အစိုးရက သံဃာတော်တွေကို တောင်းပန်ဖို့၊ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုပြီး ရေးထားတယ်” ဟု စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်မှ မျက်မြင်တွေ့ရှိခဲ့သူ ရခိုင်လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

အစောပိုင်းတွင် ကြဲဖြန့်သွားခဲ့သည့် အဆိုပါ စာရွက်များကို နောက်ပိုင်းတွင် ရဲများက လိုက်လံ သိမ်းဆည်းခဲ့သည်။

“စာရွက်က A4 အရွယ်အစားနဲ့ ကွန်ပြူတာနဲ့ ရိုက်ထားတာပါ။ စာရွက်တွေကတော့ ၄-၅-၁၀ လောက် ရှိမယ်။ ဘယ်သူမှတော့ မကောက်ရဲကြ ဘူးလေ။ ရဲတွေက လိုက်သိမ်းနေတာ” ဟု ဆရာတော် ဦးဥတ္တမ ပန်းခြံအနီးကို ရောက်ရှိခဲ့သူ မြို့ခံအိမ်ရှင်မ တဦးက ပြောသည်။

ကြေညာချက်ဖြန့်ဝေပြီး နောက်ရက်မှ စတင်ကာ စစ်တွေ၌ လုံခြုံရေးများ တင်းကျပ်စွာ ချထားလာသည်။

“လုံခြုံရေးက အင်အား ၂၀ လောက်က အရပ်ဝတ်နဲ့ရော ယူနီဖောင်းနဲ့ရော ရှိတယ်။ ရဲနဲ့ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေး) တွေ ဖြစ်တယ်။ ကျောင်းအနီးတဝိုက်မှာလေ။ ကျောင်းက ထွက်တာနဲ့ ဘယ်သွားမလို့လဲ၊ ဘာလုပ်မှာလဲ မေးနေတော့ တော်ရုံတန်ရုံ ကိစ္စလောက်နဲ့ အပြင်မထွက် ကြတော့ဘူးလေ'' ဟု ပုသိမ်ကျောင်းမှ သံဃာတပါးက မဇ္ဈိမကို မိန့်သည်။

ထို့အပြင် တောင်ကုတ်မြို့ရှိ ဖောင်တော်ဦး ကျောင်းတွင်မူ သံဃာတော် ၈ ပါးသည် ပြီးခဲ့သည့် စနေနေ့က ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲကို လျှို့ဝှက် စွာ ကျင်းပခဲ့ကြောင်း သိရသည်။

“နေ့လည် ဆွမ်းစားပြီးချိန်မှာ စတာပါ။ အချိန်ကတော့ တနာရီလောက် ကြာပါတယ်” ဟု ဖောင်တော်ဦးကျောင်းမှ သံဃာတော်တပါးက မိန့်ဆိုသည်။

ကံဆောင်ရခြင်းမှာ စစ်အစိုးရအနေဖြင့် သံဃာတော်များကို ညှဉ်းပမ်းနှိပ်စက်မှု၊ သာသနာရေး လုပ်ငန်းများကို ပိတ်ဆို့မှု၊ နိုင်ငံအတွင်း ငြိမ်းချမ်းရေးမဲ့ပြီး ဒကာ၊ ဒါယိကာမများ ဒုက္ခ ပင်လယ်ဝေနေမှုများ လျော့ကျစေရန်သာ ဖြစ်ကြောင်း ဖောင်တော်ဦးကျောင်းမှ အခြား သံဃာတော်တပါးက မိန့်သည်။

“ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်းက မြတ်စွာဘုရား သက်တော်ထင်ရှား ရှိကတည်းက ချမှတ်ခဲ့တဲ့ လမ်းစဉ်တခုပါ။ သာသနာတော်ကို ဖျက်ဆီးသူတွေ၊ သံဃာ သင်းခွဲသူတွေ၊ ဘာသာခြားတွေကို အန္တရာယ် ပြုသူတွေဆီကနေ အလှူကို လက်ခံ မခံဖို့ ဖြစ်ပါတယ်” ဟု ဦးဇင်းက ဆက်လက်ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် သံဃာတော်များ၏ သွားလာလှုပ်ရှားမှုကို အာဏာပိုင်များက စောင့်ကြည့်ခြင်း၊ ဘုန်းကြီးကျောင်းများတွင် လုံခြုံရေး ချထား ခြင်းနှင့် တယ်လီဖုန်းလိုင်းများ ကြားဖြတ်နားထောင်ခြင်း အပါအဝင် လုံခြုံရေး တင်းကျပ်မှုများကို ပြီးခဲ့သည့်လကတည်းက စတင်ခဲ့ပြီး၊ နိုင်ငံတဝှမ်း မြို့နယ်အချို့မှ သံဃာအပါး ၂၀ ထက် မနည်းလည်း ဖမ်းဆီးခံ ခဲ့ရသေးသည်။

၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် လှုပ်ရှားမှု ကာလအတွင်းနှင့် နောက်ပိုင်းတွင် အာဏာပိုင်များက သံဃာနှင့် သီလရှင် ပေါင်း ၂၀၀ ကျော် ဖမ်းဆီးကာ၊ ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ထို့ကြောင့် စစ်အစိုးရအနေဖြင့် သံဃာထုကို ယခုလ ၂ ရက်နေ့ နောက်ဆုံးထား၍ ဝန်ချတောင်းပန်ရန်နှင့် မလိုက်နာပါက နောက်ရက်မှ စတင်၍ ဘာသာရေးအရ အဆက်အဆံ မပြုလုပ်မည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ဆင်နွှဲသွားမည်ဟု ပြည်တွင်းပြည်ပရှိ သံဃာအဖွဲ့ကြီး များက ထုတ်ပြန် ကြေညာခဲ့ကြသည်။

0 comments:

Post a Comment